ရှင့်အတွက် ကောင်းတာပေါ့၊ အရှုံးသမား
Vol. 12 Ch. 144
ရှန်းမူမူက ကွက်ရှင်မတ် ပြန်ပို့လိုက်သည်။
“????”
အနောက်တိုင်းဝတ်စုံအပြည့် ဝတ်ဆင်ထားသည့်လူက ဖုန်းကိုကြည့်ကာ မျက်လုံးများ လင်းလက်နေသည်။
သူမက အိပ်နေရင်း ရွက်လှေအကြောင်း ပြောသည်လား အီကြာကွေးကြော် အကြောင်း ပြောသည်လားကို သူ မသေချာပေ။
ထို့ကြောင့် သူက နှစ်ခုလုံး ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်သည်။
ယခု အခြေအနေကို ကြည့်ရခြင်းဖြင့် ရွက်လှေကို ပြောခြင်းတော့ မဟုတ်နိုင်ကြောင်း သိနိုင်သည်။
ရှန်းမူမူက တွေးတောလေလေ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိခဲ့သည်။
ရုတ်တရက်ပင် သူမက တစ်စုံတစ်ခုကို တွေးလိုက်မိပြီး စာရိုက်လိုက်လေသည်။
“ကျွန်မ ရွက်လှေ သဘောကျတယ်လို့ တစ်ခါမှ မပြောဖူးပါဘူး၊ ရှင်ပိုက်ဆံဖြုန်းချင်ရင်လည်း ပြောပေါ့၊ ကျွန်မကို ဆင်ခြေအဖြစ် အသုံးပြုမနေနဲ့၊ ဆန်ကုန်မြေလေး သူဌေးသားလို ပိုက်ဆံကို ဖြုန်းချင်တိုင်း ဖြုန်းတီးနေတော့တာပဲ။”
သူမက အွန်လိုင်းပေါ်က ဗီဒီယိုအတိုများကို တွေ့ဖူးသည်။
ကောင်လေးက ကောင်မလေးဖြစ်သူအတွက် ဖိနပ်ဆိုဒ် ( ၄၃ ) ကို လက်ဆောင်ဝယ်ပေးခဲ့ပြီး ကောင်မလေးနှင့် မတော်သဖြင့် သူကိုယ်တိုင်သာ စီးလိုက်လေသည်။
အကုန်လုံးက အလိမ်အညာတွေ ဖြစ်သည်။
ချီအုပ်စု၏ ဂုဏ်သိက္ခာ ကြီးမားသည့် ဥက္ကဌချီက ယခုလို ကလေးဆန်သည့် နည်းလမ်းကို အသုံးပြုလာလိမ့်မည်ဟု သူမ မထင်ထားမိခဲ့ပေ။
ထိုမက်ဆေ့ချ်ကိုရတော့ ချီမော့က မျက်မှောင်ကြုတ်ပြီး ရှန်းမူမူ၏ မက်ဆေ့ချ်ကို ထပ်ခါထပ်ခါ ဖတ်ခဲ့သည်။
ရုတ်တရက်ပင် သူ့မျက်ဝန်းထဲ အလင်းတန်းများ ထင်ဟပ်သွားကာ မျက်လုံးများ ကွေးညွှတ်အောင် ပြုံးလိုက်သည်။
သူမ၏ မက်ဆေ့ချ်များထံမှ နူးညံ့သည့် ချိုမြိန်မှုကို ခံစားနေရသည်။
သူက စာပြန်ပို့လိုက်သည်။
ချီမော့။ “ကောင်းပါပြီ၊ နောက်ဆိုရင် ပိုက်ဆံကို မဖြုန်းတော့ပါဘူး၊ နောက်တစ်ခါဆို မင်းကို အရင် အသိပေးပါ့မယ်။”
တစ်ဖက်ရှိ ရှန်းမူမူက ဖုန်းကိုကြည့်ရင်း တောင့်ခဲသွားခဲ့သည်။
အား။
နူးညံ့လှတဲ့ ပြန်စာလေး။
သူက တောင်းပန်နေဟန်တူသည်။
အစောပိုင်းက သူမရဲ့ စကားတွေက နည်းနည်းလောက် လွန်သွားလား။
သူမ၏ စိတ်ထဲ အပြစ်မကင်းစိတ် ဖြစ်ပေါ်လာခဲ့လေသည်။
သူမက နဖူးကို ဖြန်းကနဲ အသံမြည်အောင် ရိုက်လိုက်သည်။
အာ... မဖြစ်သင့်ဘူး။
သူမ၏ ပုံရိပ်က နိုင့်ထက်စီးနင်းပြုကာ မတရားပြုမူသူအဖြစ် ပြောင်းလဲသွားမည်လား။
ရှန်းမူမူက ကိစ္စရပ်တွေကို ရင်ထဲကြာကြာ မထားတတ်ပေ။
သူမ အလုပ်ပြီးသည့်အခါ ထိုကိစ္စကို မေ့သွားခဲ့သည်။
“ငါသူ့ကို ဆန်ကုန်မြေလေး သူဌေးသားလို့ မခေါ်သင့်ဘူး။” ဟူသော အတွေးမှ “သူတောင် ဒီလောက် ဖြုန်းသေးတာပဲ ငါလည်း ဖြုန်းမှာပဲ။” ဟူသော အတွေးသို့ ပြောင်းလဲသွားလေသည်။
အိမ်ပြန်လမ်းတွင် သူမက ဈေးဝယ်ထွက်ခဲ့သည်။
သူမက ရနံ့အသစ်ထွက်သည့် ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် အမွှေးဖယောင်းတိုင်များ ဝယ်ခဲ့သည်။
သူမက အိတ်ခပ်ကြီးကြီးနှစ်လုံးကိုသယ်ကာ ပျော်ရွှင်စွာ အိမ်ပြန်သွားခဲ့သည်။
သူမက ထိုပစ္စည်းများကို ရေချိုးခန်းထဲ သေချာစီထားခဲ့သည်။
သူမ ရေးချိုးသည့်အခါမှ ပစ္စည်းများကို အလှည့်ကျ အသုံးပြုမည် ဖြစ်သည်။
ပစ္စည်းများစီနေရင်း သူမက ရပ်တန့်လိုက်သည်။
သူမက စင်ထက်က ဘူးခွံအလွတ်များကို ကြည့်လိုက်သည်။ သူမက မမျှတဘူးဟု ခံစားရကာ မျက်မှောင်ကြုတ်လိုက်သည်။
ထိုလူက အဘယ်ကြောင့် သိန်းထောင်ချီသုံးကာ ရွက်လှေကို ဝယ်ခဲ့သနည်း။
သူမကတော့ ရေချိုးဆပ်ပြာ အသစ် ဝယ်လာသည့်တိုင်အောင် အဟောင်းကို သုံးနေဆဲ ဖြစ်သည်။
အဓိပ္ပာယ်ကို မရှိပေ။
ရှန်းမူမူသည် မခံမရပ်နိုင်ဖြင့် အတွေးထဲနစ်မြုပ်နေတုန်း ရေချိုးခန်းတံခါး ဖွင့်ထားသည်ကို သူမ သတိမထားမိပေ။
ချီမော့က အလုပ်က ပြန်ရောက်နေပြီ ဖြစ်သည်။
ရေချိုးခန်းတံခါးက ပွင့်နေကာ အထဲမှ အသံများ ကြားနေရသဖြင့် ချီမော့က လှမ်းကြည့်လိုက်သည်။
သူက နက်ကတိုင်ကို ဖြေလျှော့ကာ ရေချိုးခန်းဘက် ကြည့်လိုက်သည်။
ရုတ်တရက်ဆိုသလိုပင် ချီမော့က မျက်လုံးများ မှေးကျဉ်းသွားလေသည်။
သူ့ရှေ့တွင် ရှန်းမူမူက ဘူးတွေသယ်ကာ ရေချိုးသည့် နေရာသို့ သွားနေသည်။
ရေချိုးခန်းဧရိယာက ကျယ်ဝန်းကာ ရှန်းမူမူက ရေချိုးကန်ကိုသုံးပြီး သူက ရေပန်းဖြင့် ရေချိုးသည့် နေရာကို အသုံးပြုသည်။
ယခုအချိန်တွင် ရှန်းမူမူက ရေပန်းဖြင့် ရေချိုးသည့်နေရာကို သွားနေခြင်း ဖြစ်သည်။
သူမကို တစ်စုံတစ်ယောက် ကြည့်နေသည်ဟု ထင်လိုက်သဖြင့် ရှန်းမူမူက လှည့်ကြည့်လိုက်သည်။
ရေချိုးခန်းတံခါးတွင် အရပ်ခပ်မြင့်မြင့် ပုံရိပ်တစ်ခုကိုမြင်တော့ သူမ၏ ခန္ဓာကိုယ်က တောင့်ခဲသွားခဲ့သည်။
သူမက တစ်ဝက်ကျန်သည့် ရေချိုးဆပ်ပြာဘူးများကို ပွေ့ဖက်ထားပြီး တစ်ဘူးက လွတ်ကျသွားကာ ကြမ်းပြင်ထက် လှိမ့်နေကာ ရေချိုးခန်းထဲ ပဲ့တင်သံ ထွက်ပေါ်သွားသည်။
ရှန်းမူမူ။ “....”
ချီမော့က မျက်မှောင်ကြုတ်လိုက်သည်။
သူမကို စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်နေသည်။
ရှန်းမူမူ။ “.....”
သူမက ပစ္စည်းများကို ယခင်ကတည်းက အကြိမ်ပေါင်းများစွာ ခိုးယူအသုံးပြုဖူးသည်။
ယခုလိုမျိုး လက်ပူးလက်ကြပ် အမိခံလိုက်ရသည်မှာ ယခုက ပထမဆုံးအကြိမ် ဖြစ်သည်။
သူမက ရှက်ရွံ့သွားခဲ့သည်။
ရှန်းမူမူက မချိပြုံး ပြုံးလိုက်သည်။
“အမ်… ခေါင်းလျှော်ရည်က ကုန်တော့မယ်ထင်တယ်။”
ချီမော့က ပြုံးလိုက်သည်။
သူက လက်ကောက်ဝတ်အားကို အနည်းငယ် သုံးပြီး နက်ကတိုင်ကို ဖြုတ်လိုက်သည်။
ချီမော့က သူ့အပြုံးတွေကို ဖုံးကွယ်ရန်အတွက် ခေါင်းငုံ့ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ “အင်း၊ ကုန်တော့မှာ။”
ရှန်းမူမူ။ “အင်း... ဟုတ်တယ်၊ ကျွန်မ ရှင့်ကို လဲပေးမယ်။”
ချီမော့က ပြုံးကာ ပြောလိုက်သည်။ “ကောင်းပါပြီ။”
သူ့စကားသံကိုကြားမှ ရှန်းမူမူက စိတ်အေးသွားခဲ့သည်။
သူမက ဆပ်ပြာရည်ဘူးများကို စီပေးပြီးသည့်အခါ ချီမော့ကို ခိုးကြည့်လိုက်သည်။
ချီမော့က ပျင်းရိစွာဖြင့် ရေချိုးခန်းထဲဝင်လာပြီး မှန်ရှေ့ ရပ်လိုက်သည်ကို တွေ့လိုက်ရသည်။
သူက ခေါင်းငုံ့ကာ အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး သူ့အမူအရာက အလျင်လိုခြင်း မရှိပေ။
ချီမော့ကို ဘေးတိုက်မြင်ရသည့် သူ့ပုံစံက ပျင်းရိပျင်းတွဲနိုင်သော်လည်း သူ့ပုံရိပ်က ပြီးပြည့်စုံကာ ဆွဲဆောင်မှုရှိသည်။
သူက အင်္ကျီလက်ကို ခေါက်တင်ပြီးသည့်အခါ ဘေစင်နား ငုံ့ကိုင်းပြီး မျက်နှာသစ်လိုက်သည်။
ထို့နောက် ချီမော့က အေးဆေးစွာပင် ပဝါဖြင့် မျက်နှာသုတ်လိုက်သည်။
ထို့နောက် ရေချိုးခန်းထဲမှ ထွက်သွားလေသည်။
သူ့မျက်နှာက ပုံမှန်အနေအထားသာ ရှိပြီး သူ့ပစ္စည်းများ ယူသုံးသည့်အပေါ် မလိုလားသည့် အရိပ်အယောင် မပြပေ။
ချီမော့က နှုတ်ခမ်းကော့တက်အောင် ပြုံးလိုက်သည်ကိုပင် သူမ တွေ့ခဲ့သည်။
သူပျော်နေတာလား။
ထိုအရာက ရှန်းမူမူ၏ မလုံမလဲစိတ်ကို ပိုတိုးသွားစေခဲ့သည်။
သူမက မသက်မသာ ခံစားနေရသည်။
မနက်က ကိစ္စပါ ပေါင်းလိုက်သည့်အခါ ချီမော့၏ အမြင်တွင် သူမက နိုင့်ထက်စီးနင်းပြုမူသည့် ဇနီးမှတစ်ဆင့် ကပ်စေးနည်းသည့် ဇနီးအဖြစ် ထပ်မံ ပြောင်းလဲသွားပြီ ဖြစ်သည်။
သူမ မည်သို့ လုပ်သင့်သနည်း။
***