ယခုအချိန်က ထိုအမျိုးသား အားနည်းနေသည့်အချိန်မှန်း သူမ သိသည်
Vol. 12 Ch. 146
ချီရှောင်ပိုင်၏ အတွေးထဲတွင် ခန့်မှန်းချက်မျိုးစုံ ဖြစ်ပေါ်နေသည်။
သူ ကျောင်းတွင် အမှားပြုလုပ်မိထားသဖြင့် ကျောင်းအုပ်ကြီးက သူမကို ခေါ်တွေ့လိုက်သည်လား။
သို့မဟုတ် သူ့ဖခင်နှင့် ရန်ဖြစ်စကားများသည်လား။
တစ်ခုမှ ဖြစ်ဟန် မတူပေ။
ချီရှောင်ပိုင်က သူ့အပြုအမူများကို ပြန်လည်သုံးသပ်လိုက်သည်။
သူ့အင်္ဂလိပ်စာအမှတ်က တိုးလာကာ သိပ္ပံဘာသာရပ် အမှတ်များက တည်ငြိမ်နေသည်။
သူအားနည်းသည့် တရုတ်ဘာသာသည်ပင် အမှတ်များ တိုးလာသေးသည်။
မိထွေးဖြစ်သူနှင့် သူ့ဖခင် ရန်ဖြစ်ကြသည်လား။
ချီရှောင်ပိုင်က မဖြစ်နိုင်သည်များကို ပိုတွေးတောခဲ့သည်။
သူ့ဖခင်က မည်သူနှင့်မှ စကားမများဖူးပေ။ သူ၏ မျက်နှာထားက အေးတိအေးစက်နှင့် ချေချေမိုးမိုးသာ နေသည်။
သူ့အမြင်တွင် အကယ်၍ မိထွေးနှင့်ဖခင် စကားများလျှင်တောင် မည်သူက ရန်စကြောင်းပြောရန်ခက်သည်။
သူ့ဖခင်က ပို၍ တိတ်ဆိတ်ကာ မျက်နှာကြီးဆူပုတ်နေမည်ဖြစ်သည်။
ချီရှောင်ပိုင်က စက္ကန့်အနည်းငယ်အတွင်းပင် အတွေးများစွာ တွေးလိုက်သည်ကို ရှန်းမူမူ မသိခဲ့ပေ။
သူမက မေးခွန်းတွေ ပြည့်နှက်နေသည့် လူငယ်လေး၏ မျက်နှာကို ကြည့်လိုက်သည်။
သူမ၏ နှုတ်ခမ်းများ လှုပ်ခတ်သွားသော်လည်း ချီရှောင်ပိုင်ကို အမှန်အတိုင်း ဖွင့်မပြောနိုင်ခဲ့ပေ။
“ဘာမှ မဖြစ်ပါဘူး၊ အလုပ်ပင်ပန်းနေလို့ပါ။” သူမက ထိုစကားသာ ပြန်ပြောလိုက်သည်။
သူမက အားတင်းကာ ပြုံးပြလိုက်သည်။
ချီရှောင်ပိုင်၏ သံသယမျက်ဝန်းတွေကို ရှောင်ဖယ်ပြီး သူမက မီးဖိုခန်းထဲ ဝင်သွားခဲ့သည်။
ရှန်းမူမူသည် အလိမ်အညာကို ပိုမိုပီသစေရန်အတွက် သူမက တွေ့ရာ သရေစာများကိုယူပြီး ခြေလှမ်းမမြန်စေရန် သတိထားပြီး အပေါ်ထပ်ကို တက်ခဲ့သည်။
ချီရှောင်ပိုင်က ဧည့်ခန်းအလယ်တွင် ရပ်ကာ မျက်မှောင်ကြုတ်ပြီး သူမ၏ နောက်ကျောကို ကြည့်နေသည်။
သူမ အဆင်ပြေနေသည့်ပုံကိုမြင်မှ ချီရှောင်ပိုင်၏ သံသယများ ကျဆင်းသွားခဲ့သည်။
ချီရှောင်ပိုင်သည် စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းပြီးသည့်နောက်တွင် သူက ပခုံးတွန့်လိုက်သည်။
မကြာသေးမီက စာအလွန်လုပ်နေရသဖြင့် သူအတွေးလွန်နေပုံရသည်။
ချီမော့ အိမ်ပြန်ရောက်သည့်အချိန်က ညဆယ်နာရီ ရှိပြီဖြစ်သည်။
အခန်းတံခါးဖွင့်လိုက်သည့်အခါ ချီမော့ တောင့်ခဲသွားလေသည်။
အခန်းမီးများ လင်းထိန်မနေဘဲ ခပ်မှိန်မှိန်မီးတစ်ခုသာ ထွန်းထားသည်။
ရှန်းမူမူက ပြတင်းပေါက်နားက ဆိုဖာတွင် ထိုင်နေသည်။
သူမက စာရွက်တချို့ကို ကိုင်ထားပြီး ပြတင်းပေါက်အပြင်ကို ငေးနေကာ သူမရဲ့ ပုံစံက အလွန်စိတ်ဓာတ်ကျနေပုံပေါ်သည်။
တက်တက်ကြွကြွ နေတတ်သည့် ရှန်းမူမူကို ယခုလိုပုံစံဖြင့် သူ တစ်ခါမှ မတွေ့ဖူးပေ။
ချီမော့က သူမအနား လျှောက်သွားခဲ့သည်။
သူက စတင်ကာ စကားစလိုက်သည်။ “ကိုယ် ပြန်ရောက်ပြီ၊ ဘာလို့ အခန်းမီးတွေ ဖွင့်မထားတာလဲ။”
သူ့အသံကြားတော့ ရှန်းမူမူက မော့ကြည့်ခဲ့သည်။
သူမဘေးနားမှ လေထုက ထိုင်းမှိုင်းနေပုံရသည်။
ချီမော့က ငုံ့ကြည့်လိုက်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။
ပထမဆုံးအနေဖြင့် သူက စာရွက်စာတမ်းကို သတိမထားမိဘဲ ခရမ်းပုတ်ရောင်ဖြစ်နေသည့် ရှန်းမူမူ၏ လက်ဖဝါးကိုသာ သတိထားမိခဲ့သည်။
ချီမော့က မျက်ခုံးတွန့်ပြီး ဆောင့်ကြောင့်ထိုင်ကာ သူမရဲ့ လက်ဖဝါးကို ယူလိုက်သည်။
သူက လက်ချောင်းများဖြင့် သူမရဲ့လက်ဖဝါးကို နူးညံ့စွာ ပွတ်သပ်ခဲ့သည်။
သူက လက်ဖဝါးကို နူးညံ့စွာ နှိပ်ပေးရင်း မေးမြန်းလာခဲ့သည်။ “ဘယ်လိုလုပ်ပြီး လက်ကို ထိခိုက်လာတာလဲကွာ။”
ချီမော့က ဆောင့်ကြောင့်ထိုင်ထားသဖြင့် သူက ရှန်းမူမူထက် နိမ့်နေသည်။
ရှန်းမူမူ၏ အမြင်တွင် ချီမော့၏ မျက်ဝန်းအိမ်က မည်းနက်နေကာ သိမြင်နိုင်ရန် ခက်သည်။
ရှန်းမူမူက အသံတိတ်နေကာ လက်ကို ကိုင်ခွင့်ပြုထားသည်။
ရှန်းမူမူက သူမရဲ့ အတွေးတွေကို စုစည်းပြီးသည့်နောက်တွင် ပြောလိုက်သည်။ “ဒီနေ့ ဒေါက်တာကျန်းဆီ သွားခဲ့တယ်၊ အဖွားရဲ့ ဆေးစစ်ရလဒ် ရပြီ။”
သူမက စစ်ဆေးမှုရလဒ်စာရွက်ကို ကမ်းပေးလိုက်သည်။
“အဖွားရဲ့ ဦးနှောက်ထဲမှာ အသားပို ရှိနေတယ်။”
သူမရဲ့ စကားဆုံးသည်နှင့် သူမရဲ့ လက်ဖဝါးကို နှိပ်ပေးနေသည့် လက်တစ်စုံက ရပ်တန့်သွားခဲ့သည်။
ချီမော့က သူမကို စူးရှစွာ ကြည့်လိုက်သည်။ သူ့ပခုံးတွေက အနည်းငယ် တုန်ယင်နေကာ သူ့မျက်ဝန်းတွေက ပို၍ မည်းနက်သွားသည်။
ရှန်းမူမူက သူမ ထပ်ပြောချင်သည့် စကားတွေကိုပင် မေ့သွားခဲ့သည်။
ချီမော့၏ မျက်နှာထက်တွင် စိတ်ပူပန်မှုနှင့် ကူကယ်ရာမဲ့သည့် အသွင် ဖြစ်ပေါ်နေသည်ကို သူမ ယခုမှ ကြုံတွေ့ဖူးခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ ရှန်းမူမူ၏ နှလုံးသား ဆွဲညှစ်ခံလိုက်ရသကဲ့သို့ နာကျင်သွားကာ မွန်းကြပ်သွားစေခဲ့သည်။
ချီမော့၏ အသံက တိုးနေသည်။ “အသားပိုက အန္တရာယ်အဆင့်လား၊ အခုမှ စတာလား။”
ရှန်းမူမူက သူ့ကို တည့်တည့်ကြည့်လိုက်သည်။ “အခုမှ အစပါ၊ ကုသလို့ရသေးတယ်။”
ထိုစကားကြောင့် ချီမော့က အနည်းငယ် စိတ်အေးသွားသော်လည်း သူ့မျက်နှာ ပျက်ယွင်းနေမှုကို မဖုံးကွယ်ထားနိုင်ပေ။
ရှန်းမူမူက ချီမော့ထံက သူမရဲ့ လက်ကို ဆွဲယူလိုက်သည်။
ထို့နောက် ရှန်းမူမူက ချီမော့၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
သူမရဲ့ အသံက တည်ငြိမ်နေသည်။ “ဒေါက်တာကျန်းရဲ့ စီနီယာအစ်ကိုရဲ့ ပရော်ဖက်ဆာက ဦးနှောက်အသားပို ကုသတဲ့ နေရာမှာ ကျွမ်းကျင်တယ်၊ အဲဒါ ကုသဖို့ ဂျာမနီကို ( ၂ ) လ သွားနေရမယ်၊ ဆေးကုတဲ့အချိန် ဒေါက်တာကျန်းက အဖော်အဖြစ် လိုက်ပေးမယ်တဲ့။”
ရှန်းမူမူ၏ သေးငယ်သည့် လက်လေးက ချီမော့လို အမျိုးသားကို ပွေ့ဖက်ရန် မစွမ်းသာပေ။
သူမက ချီမော့ စိတ်အေးစေရန် စကားလုံးများဖြင့် နှစ်သိမ့်ပေးခဲ့သည်။
ချီမော့က သူမကို မမှိတ်မသုန် စိုက်ကြည့်နေသည်။
သူ့လက်ဖမိုးထက်က နွေးထွေးမှုကို ခံစားနေရသည်။
သူက ပြောလိုက်သည်။ “ကိုယ်လည်း လိုက်သွားမယ်။”
ထိုစကားလုံးတွေက မှော်စွမ်းအင် ရှိနေပုံရသည်။
ချက်ချင်းပင် ချီမော့၏ လည်ချောင်း တင်းကြပ်သွားကာ သူ့နှာခေါင်း တစ်ခုလုံး စူးရှသွားသလို ခံစားလိုက်ရသည်။
အဖွားအို၏ ကျန်းမာရေးအကြောင်း ကြားသိလိုက်ရသည့်အချိန်က သူ ပြိုလဲတော့မလို ခံစားခဲ့ရသည်။
သို့ပေမယ့် လက်တစ်စုံက သူ့ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလာခဲ့သည်။
သူက နူးညံ့စွာ ပြုံးပြနေသည့် ရှန်းမူမူကို မော့ကြည့်လိုက်သည်။
ထို့နောက် သူမကို ရင်ခွင်ထဲ ဆွဲဖက်ခဲ့သည်။
ရှန်းမူမူ မတုံ့ပြန်နိုင်သေးခင်မှာပင် သူမ၏ ခေါင်းက ချီမော့၏ ရင်ဘတ်နှင့် ကပ်နေပြီဖြစ်သည်။
သူ့ကိုယ်သင်းရနံ့က သူမကို လွှမ်းခြုံနေသည်။
သူမ၏ ခေါင်းအနောက်ဘက်ကို လက်တစ်စုံက ဖိကိုင်ထားကာ သူမကို ရင်ခွင်ထဲထိအောင် ထည့်ထားချင်နေပုံရသည်။
သူမ၏ ခေါင်းထက်တွင် ချီမော့၏ မေ့စေ့ ဖိထားသည့် ခံစားချက်ကို သေချာ ခံစားနေရသည်။
ချီမော့၏ အသံက ဩရှနေသည်။ “ကျေးဇူးပါ မူမူ။”
အကယ်၍ သူမသာ အဖွားအိုကို စစ်ဆေးမှုများစွာ ပြုလုပ်ရန် မတိုက်တွန်းခဲ့ပါက ဖြစ်လာမည့် အကျိုးဆက်ကို ချီမော့ မတွေးရဲပေ။
သူ ငယ်စဉ်က အစ်မဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်က ယခုထိတိုင် နာကျင်နေဆဲ ဖြစ်သည်။
နွံထဲမှ သူ့ဘဝကို အဖွားအိုက ဆွဲထုတ်ပေးပြီး ယုံကြည်မှုရှိအောင် ပြန်လည်တည်ဆောက်ပေးခဲ့သူ ဖြစ်သည်။
အဖွားအိုနှင့် ပတ်သက်သည့် သတင်းဆိုးများကို သူ ခံနိုင်ရည် မရှိပေ။
ရှန်းမူမူက အသက်ရှူရုံသာ ရှူနိုင်တော့သည်။
သူမက ချီမော့၏ အရိုးထဲပင် နစ်ဝင်မတတ်ဖြစ်နေသည်။
ချီမော့၏ ရင်အုပ်က တောင့်တင်းနေကာ မှီရန် အဆင်မပြေပေ။
သို့သော် သူမက တွန်းမထုတ်ဘဲ ပေးဖက်ထားခဲ့သည်။
ချီမောက ယခုအခါ ထိခိုက်လွယ်နေသည့် အခြေအနေဖြစ်ကြောင်း သူမ သိသည်။
သူက တည်ငြိမ်ကာ အေးတိအေးစက်နှင့် သန်မာသည့် ဥက္ကဌချီ ဖြစ်သော်လည်း ယခုအချိန်မှာတော့ သူက အဖွားအိုကို စိုးရိမ်နေသည့် မြေးတစ်ဦး ဖြစ်သည်။
ပွေ့ဖက်မှုကို တောင့်တသည့်လူတစ်ဦးက တစ်စုံတစ်ခုကို ဆုံးရှုံးရမှာ ကြောက်သည့်လူဖြစ်သည်။
အသံတိတ်ကာ သူနှင့် အတူတူ ရှိနေပေးခြင်းက လုံလောက်သည်။
ရှန်းမူမူက ချီမော့၏ နှလုံးခုန်သံကိုပင် ကြားနေရသည်။
ပြတင်းပေါက် အပြင်ဘက်တွင် လမင်းကြီးက ထိန်ထိန် သာနေခဲ့သည်။
သူတို့၏ အရိပ်များက မှုန်ဝါးကာ ငွေရောင်လဲ့နေသည်။
***