ထူးချွန်သူများ စုစည်းရာ၊ မုန်လာဥဖြူ ညီလာခံ
Vol. 12 Ch. 147
နောက်တစ်နေ့တွင် ချီမော့နှင့် ရှန်းမူမူက အဖွားအိုအား သူမ၏ အခြေအနေအားလုံးကို ရှင်းပြခဲ့သည်။
အဖွားအိုက တစ်နေ့လျှင် ယခုလို ဖြစ်လာလိမ့်မည်ဟု ကြိုတင်တွက်ဆထားပုံရသည်။
သူမ၏ မျက်နှာထက်တွင် အံ့အားသင့်မှုက အချိန်ခဏသာ ထင်ကျန်ခဲ့ပြီး ပြန်ပျောက်ကွယ်သွားခဲ့သည်။
သူမက အသားပိုက ကုသလို့ရနေဆဲကို သိရသည့်အခါ ပို၍စိတ်အေးသွားခဲ့သည်။
သို့သော် သူမ ကုသမှုခံယူရန်အတွက် သူမ၏ မြေးဇနီးမောင်နှံက လိုက်ပါအဖော်ပြုမည်ကို သိလိုက်တော့ သူမက စားပွဲကို အားဖြင့် ရိုက်ချလိုက်သည်။
“မရဘူး၊ နင်တို့လိုက်ရင် ငါမသွားဘူး။”
ရှန်းမူမူက ကူကယ်ရာမဲ့စွာဖြင့် ချီမော့ကို ကြည့်လိုက်သည်။
အဖွားအို ယခုလို တုံ့ပြန်လိမ့်မည်ဟု ချီမော့ ကြိုတင်တွက်ဆပြီးသားဖြစ်သည်။ သူက စိတ်မပူနဲ့ ဟူသော အကြည့်တစ်ချက် ပြန်ပေးလိုက်လေသည်။
“အဖွား၊ ကျွန်တော်….”
“ဘာမှမပြောနဲ့၊ နင်ပြောမယ့်စကားကို ငါသိတယ်။” ချီမော့ စကား မဆုံးသေးခင်မှာပင် အဖွားအိုက လေသံမြင့်ကာ ဖြတ်ပြောလိုက်သည်။ “ငါက မရဘူးဆိုရင် မရဘူးပဲ။”
ယခုလို အသက်အရွယ်အထိ ရှင်သန်လာပြီးမှ လူငယ်တွေ၏ အမူအရာကို သူမ မသိဘဲ မနေပေ။
သူမ၏ မြေးဇနီးမောင်နှံ၏ စိတ်ထားလေးကြောင့် သူမ ရင်ထဲထိသွားခဲ့သော်လည်း သူမလို သက်ကြီးရွယ်အိုအတွက် သူတို့ကို ဝန်မပိစေလိုပေ။
လူတိုင်းက ကိုယ်ပိုင်ရှင်သန်ခွင့် ရှိသည်။
ယခင်ကဆိုလျှင် သူမက အိမ်အကူများ၊ စောင့်ရှောက်ပေးသည့်လူများနှင့် ယွဲ့မြို့တွင် တစ်ယောက်တည်း နေထိုင်ပြီး သူမ အားလပ်သည့်အခါ သက်ကြီးရွယ်အိုများ တက်ရောက်သည့် အတန်းများ သွားတက်ခဲ့သည်။
ယခုက ကျင်းမြို့တွင် ယာယီ နေထိုင်ခြင်းသာ ဖြစ်သည်။ သူမကို မြေးဇနီးမောင်နှံက နေ့တိုင်း ပြုစုစောင့်ရှောက်ရမည်ဆိုလျှင် သူမအတွက် သက်သောင့်သက်သာ ရှိမည် မဟုတ်ပေ။
“ကျန်းအာလေးပဲ လိုက်ရင် ရပြီ၊ နင်တို့ အကုန် လိုက်လာရင် ငါက အရမ်းနာမကျန်းဖြစ်နေတဲ့လူနဲ့ တူနေမယ်။”
ချီမော့က ဘာမှထပ်မပြောတော့ပေ။ အဖွားအို ခေါင်းမာပါက မည်သူမှ နားချလို့မရကြောင်းကို သူသိသည်။
အဖွားအိုက ထိုင်ချလိုက်ရင်း တစ်စုံတစ်ခုကို သတိရသွားကာ သူမ အမူအရာက လေးနက်သွားသည်။ “ဘာပဲဖြစ်ဖြစ် ငါ့မြေးငယ်လေးကို မပြောပြနဲ့၊ သူက အရေးကြီးတဲ့ အထက်တန်း တတိယနှစ်ကို ရောက်နေပြီ။”
ချီမော့က ချော့မော့သည့် လေသံဖြင့် ပြောလိုက်သည်။ “ဟုတ်ကဲ့၊ မပြောပါဘူး။”
“အင်း။” အဖွားအိုက ကျေနပ်စွာ ခေါင်းငြိမ့်ပြခဲ့သည်။
ချီမော့နှင့် ရှန်းမူမူက အဖွားအိုအား နည်းမျိုးစုံဖြင့် နားချရန် ကြိုးပမ်းခဲ့သေးသည်။
သူတို့လင်မယားက အဖွားအိုကို အသနားခံလိုက်၊ အကျိုးအကြောင်း ရှင်းပြလိုက်၊ မြှောက်ပင့်ပြောဆိုလိုက်ဖြင့် ကြိုးစားခဲ့သည်။
ချီမော့က စိတ်ရှည်စွာဖြင့် အကျိုးသင့် အကြောင်းသင့် ရှင်းပြခဲ့သည်။
ရှန်းမူမူက လက်မောင်းလေးအား ဖက်တွယ်ကာ ချစ်စဖွယ် ပြုမူခဲ့သည်။
သို့သော် ခြောက်ပြော၍လည်း မရ၊ ချော့ပြော၍လည်း မရခဲ့ပေ။
အဖွားအိုက တစ်ခုတည်းသောကိုသာ အခိုင်အမာ ပြန်ဖြေခဲ့သည်။
“နင်တို့ လိုက်လာရင် ကုသမှု မခံယူဘူး။”
နောက်ဆုံးတွင်တော့ ခေါင်းမာသည့် အဖွားအိုအား သူတို့ လက်လျှော့လိုက်ရသည်။
ဂျာမနီကိုထွက်ခွာရန်အတွက် နောက်တစ်ပတ်အတွင်း စီစဉ်ထားခဲ့သည်။
ထိုတစ်ပတ်အတွင်း အဖွားအို ဂျာမနီတွင် နေထိုင်ရန်အတွက် ချီမော့က အသေးစိတ် အကုန်ပြင်ဆင်ပေးခဲ့သည်။
ရှန်းမူမူက ခရီးထွက်နေသည့် ယောက္ခမဖြစ်သူ ဖုန်းယောင်ချင်အား အကျိုးအကြောင်း ရှင်းပြခဲ့သည်။
အဖွားအို၏ ဆန္ဒအရ ချီရှောင်ပိုင်အား အမှန်အတိုင်း မသိစေလိုကြောင်းကိုလည်း ပြောပြခဲ့သည်။
ချီရှောင်ပိုင်ကို အဖွားအို ကိုယ်တိုင်ပြောမည်ဖြစ်သည်။
“အခုအသက်အရွယ်အထိ လောကကြီးကို မမြင်ဖူးသေးတော့ အင်အားရှိတုန်းလေး တစ်ယောက်တည်း ခရီးထွက်ကြည့်ချင်တယ်။” ဟူသော အကြောင်းပြချက်ကို ပေးခဲ့သည်။
ချီရှောင်ပိုင်က ပြန်ဖြေခဲ့လေသည်။ “အဖွားမသွားနဲ့ဦး၊ ကျွန်တော် တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးရင် အဖော်လိုက်ပေးမယ်လေ။”
သက်တမ်းရင့်သည့် ချင်းက ပိုစပ်တယ်ဟူသော စကားလိုပင် အဖွားအိုက အဆင်ပြေချောမွေ့စွာပင် လိမ်ခဲ့သည်။ “နင် ကလေးတုန်းကလည်း ကစားကွင်းလိုက်ပို့ပေးဖို့ ပူဆာခဲ့တယ်၊ အခု ကြီးလာတော့လည်း ခေါ်လည်ခိုင်းပြန်ပြီ၊ မရှက်ဘူးလား။”
ချီရှောင်ပိုင်က ဆွံ့အသွားခဲ့သည်။ “....”
တစ်ပတ်ကြာပြီးသည့်နောက်တွင်ဖြစ်သည်။
ဒေါက်တာကျန်း၊ အိမ်အကူများ၊ စောင့်ရှောက်ပေးသူများနှင့်အတူ အဖွားအိုက ဂျာမနီသို့ ထွက်ခွာသွားခဲ့သည်။
သူမကို လိုက်ပို့ပြီးနောက်တွင် ချီမော့၊ ရှန်းမူမူနှင့် ချီရှောင်ပိုင်တို့ ကားထဲဝင်သည့်အချိန်မှာပင် ဖုန်းများ တုန်ခါလာခဲ့လေသည်။
ချီမော့က ကားမောင်းနေသဖြင့် ဖုန်းကို ယူမကြည့်ခဲ့သော်လည်း ရှန်းမူမူနှင့် ချီရှောင်ပိုင်၏ စကားများထံမှ ဖြစ်ကြောင်းကုန်စဥ်ကို သိနိုင်သည်။
ချီရှောင်ပိုင်က အံ့ဩစွာပြောလိုက်သည်။ “အဖွားက မိသားစု ဂရုချက် ထောင်လိုက်ပြီ။”
ရှန်းမူမူက ဝီချက်ကို ဖွင့်မကြည့်ဘဲ ရယ်ကာ ပြောလိုက်သည်။ “ဂရုချက်နာမည်က ဘာလဲ၊ ချစ်စဖွယ် မိသားစုလား။”
“မဟုတ်ဘူး။” ချီရှောင်ပိုင်က ပြောလိုက်သည်။ “ထူးချွန်သူများ စုစည်းရာ၊ မုန်လာဥဖြူ ညီလာခံတဲ့၊ ဘာအဓိပ္ပာယ်လဲ။”
ရှန်းမူမူက ရယ်လိုက်သည်။ ထိုစကားက သူတို့အတူကြည့်ခဲ့သည့် ဟာသဇာတ်လမ်းက စကားလေး ဖြစ်သည်။
သူမက ချီရှောင်ပိုင်ကို မရှင်းပြဘဲ သက်ပြင်းရှိုက်လိုက်သည်။ “အသက်ကွာတာ ဒါတွေပဲ။”
ထို့နောက် သူမက ချီမော့ကို လှည့်ကြည့်လိုက်သည်။ “ဒီနေ့ခေတ် ကလေးတွေက ဘာမှ မသိဘူးနော်။”
ချီမော့က ကားကို အာရုံစိုက်ကာ မောင်းနေပြီး ချီရှောင်ပိုင်အား နောက်ကြည့်မှန်မှ ကြည့်လိုက်သည်။ “အင်း ဘာမှ မသိဘူး။”
သူ့ဖခင်နှင့် မိထွေးက နှစ်ယောက်ပေါင်းကာ သူ့ကို အမြဲတမ်း ညှပ်ချနေကြဖြစ်သဖြင့် အသားကျနေပြီဖြစ်ကာ ပြန်လည်ချေပပြောမနေတော့ဘဲ ဖုန်းကိုသာ ကြည့်နေခဲ့သည်။
ရုတ်တရက်ပင် သူ့အမူအရာက ပြောင်းသွားခဲ့သည်။
“မကောင်းတော့ဘူး၊ ဂရုချက်နာမည်က ပြောင်းလဲဖို့ အန္တရာယ်များနေပြီ။”
ရှန်းမူမူက ထိုစကားကြောင့် ဂရုချက်ကို ဖွင့်ကြည့်လိုက်သည်။
(ထူးချွန်သူများ စုစည်းရာ၊ မုန်လာဥဖြူ ညီလာခံ)
ဖုန်းယောင်ချင် - “အမေ နာမည်က ဘယ်လိုကြီးလဲ၊ ကျွန်မတို့ မိသားစုရဲ့ နွေးထွေးမှုကို ထင်ဟပ်နေအောင် ချစ်စဖွယ် မိသားစုလို့ နာမည်ပြောင်းရမှာပေါ့။”
ချောင်လီ - “အန်တီ လမ်းပေါ်က လူဆယ်ယောက်ကို ခေါ်မေးရင်တောင် အနည်းဆုံးတော့ လူတစ်ဝက်ရဲ့ မိသားစု ဂရုချက်နာမည်က ချစ်စဖွယ် မိသားစု ဖြစ်နေမှာပဲ၊ အဲ့တာက ရိုးလွန်းတယ်။”
ဖုန်းယောင်ချင် - “ဒါဆိုလည်း ချောင်လီက နာမည်လေးတွေ ပြောဦးလေ၊ ဆံပင်တောင် အစိမ်းရောင် ဆိုးရဲသေးတာပဲ၊ နာမည်တော့ ခေတ်နောက်မကျလောက်ပါဘူး (ဟန်ဆောင်အပြုံးအီမိုဂျီ)။”
ရှန်းမူမူက စပ်ဖြဲဖြဲလုပ်ကာ ဖုန်းကြည့်နေသည်။
သူမ ယောက္ခမက ယခင်တစ်ခေါက် ချောင်လီအား ဘားတွင် ဆံပင်ခဲစိမ်းရောင်ဆိုးထားသည်ကို မြင်ပြီး အမြင်မကြည်ဖြစ်နေသည်။
ယခုအခါမှာတော့ သူမက အခွင့်အရေးကို အမိအရယူကာ သူမက ချောင်လီကို ထေ့ငေါ့နေသည်။
နောက်ဆုံးတွင် ထည့်ထားသည့် ဟန်ဆောင်အပြုံးအီမိုဂျီက သူမ အကျင့်အရ သုံးခြင်း ဖြစ်သော်လည်း ယခုအခါတွင်တော့ ချောင်လီအား ထေ့ငေါ့နေခြင်း ဖြစ်သည်။
သူမက အူလိုက်သည်းလိုက် ရယ်လိုက်သည်။
ချီမော့ကလည်း အပြုံးတွေ ကူးစက်သွားကာ သူမအား မျက်စိထောင့်ကပ်ကြည့်ရင်း ပြုံးလိုက်လေသည်။
ချောင်လီ - “အာ… အဖွဲ့က လေ့ကျင့်ဖို့ ခေါ်နေပြီ။ နောက်မှ ဆက်ပြောမယ်နော်။”
ချီရှောင်ပိုင် - “ချောင်လီ သတ္တိနည်းလိုက်တာ။”
ချောင်လီ - “ချီရှောင်ပိုင် နင်က အားအင်တက်ကြွတဲ့လူငယ်ဆိုပြီး ငါမရိုက်နိုင်ဘူး မထင်နဲ့နော်၊ အနည်းဆုံးတော့ နင် ငါ့ကို ဝမ်းကွဲအစ်မလို့ခေါ်စမ်း။”
ချီရှောင်ပိုင် - “....”
ရှန်းမူမူက စနောက်သည့် မျက်နှာထားဖြင့် ချီရှောင်ပိုင်ကို ကြည့်လိုက်သည်။
“ချီအာ၊ အိမ်မပြန်သေးဘဲ ဈေးဝယ်စင်တာသွားပြီး ဝင်ပေါက်မှာ ပုလင်းခါပြီး “ကျွန်တော့်အဖေရဲ့ တူမ” ဆိုတဲ့စကား ပြောတတ်အောင် လေ့ကျင့်ပေးရမလား။”
ချီရှောင်ပိုင် - “.....”
သူ အလွန် ဆွံ့အနေသည်။
လေယာဉ်ပေါ်တွင် ဖြစ်သည်။
မြေးဖြစ်သူတွေ စနောက်ပြောဆိုနေသည်ကို အဖွားအိုက ဖုန်းကိုင်ထားကာ ကြည့်နေပြီး သူမ မျက်နှာက ပြုံးနေသည်။
ထို့နောက် သူမက လက်ရေးဖောင့်ဖြင့် ရေးကာ သူမရဲ့ အသုံးပြုသူ နာမည်ကို ပြင်လိုက်သည်။
ထို့နောက် ဂရုထဲကို ပထမဆုံး မက်ဆေ့ချ် ပို့လိုက်သည်။
ချီအာရဲ့ ဖွားဖွား - “ဂရုနာမည်ကို ကြိုက်သလို ပြောင်းလို့ ရတယ်။”
ချီရှောင်ပိုင် - “အဖွားက အကောင်းဆုံးပဲ။”
ရှန်းမူမူ - “ခွေးလေးခုန်နေသည့်ပုံ။”
ချောင်လီ - “နာမည်က လှပါတယ်။”
ဖုန်းယောင်ချင် - “ဒီနာမည်က လှပါတယ်၊ ဒီတိုင်းပဲ ထားရအောင်။”
ချီအာရဲ့ဖွားဖွား - “အရူးတစ်သိုက်ပဲ။”
အဖွားအို နိုင်ငံခြားသွားရောက်ပြီးနောက် ဒုတိယအပတ် ဖြစ်သည်။
ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်းက တတိယနှစ် အထက်တန်းများအတွက် အချိန်ဇယား ပြန်ညှိခဲ့သည်။
ယခင်က ကိုယ်ပိုင်စာကြည့်ချိန် ပြီးဆုံးသည့်အချိန်က ည ၈ နာရီ ၃၀ မိနစ် ဖြစ်သော်လည်း ယခုတွင် ည ၁၀ နာရီသို့ ပြောင်းလဲလိုက်သည်။
ထိုနေ့တွင် ဖြစ်သည်။
ချီရှောင်ပိုင်က အားနည်းနေသည့် ကိုယ်ခန္ဓာကိုသယ်ကာ အိမ်ပြန်လာခဲ့သည်။ အိမ်တံခါးဝရောက်သည့်အခါ သူ့ကိုယ်ခန္ဓာက တောင့်ခဲသွားခဲ့သည်။
သူက မေးပင့်ကာ အနံ့ခံလိုက်သည်။
ချီရှောင်ပိုင်က ရင်းနှီးသည့် ရနံ့တစ်ခုကို သူ ရလိုက်လေသည်။
သူက မျက်လုံးများ ပြူးကျယ်သွားကာ အနံ့ရသည့် နေရာသို့ ခြေလှမ်းများကို ဦးတည်လိုက်သည်။
ထိုအနံ့က အဖွားအို ပြုလုပ်ပေးသည့် အသားလုံးကြော်အနံ့ ဖြစ်သည်။
အဖွား ပြန်ရောက်နေတာလား။
ထိုသို့ တွေးလိုက်ရုံဖြင့် သူ အလွန်ပျော်သွားခဲ့သည်။
သူ မီးဖိုချောင် မရောက်ခင်မှာပင် အသံတစ်သံ ထွက်လာခဲ့သည်။
“အဖွားလား။”
“ချီအာ ပြန်လာပြီလား။” မီးဖိုခန်းထဲမှ ရှင်းလင်းသည့် အသံတစ်ခု ထွက်လာခဲ့လေသည်။
ချီရှောင်ပိုင်က နေရာတွင် ရပ်သွားခဲ့သည်။
ထိုအသံ အဖွား၏ အသံ မဟုတ်ပေ။
သူ့ကို ချီအာလို့ ခေါ်သူက သူ့မိထွေးဖြစ်သည်။
ထိုအချိန်မှာပင် ရှန်းမူမူက မီးဖိုချောင်တံခါးကို တွန်းဖွင့်၍ အပြင်ထွက်လာခဲ့သည်။
သူမက အသားလုံးကြော် ထည့်ထားသည့် ပန်းကန်ပြားကို စားပွဲပေါ်တွင်ပြီး သူ့ကို လက်ဝေ့ယမ်းပြခဲ့သည်။
“စားကြည့်ဦး။ အဖွားလုပ်ပေးတဲ့ဟာနဲ့ ဘာကွာလဲလို့ မြည်းကြည့်ပေးဦး။”
ချီရှောင်ပိုင်က ခဏလောက် စိုက်ကြည့်နေပြီးမှ ထိုင်ခုံကို ဆွဲထုတ်လိုက်သည်။ သူက လက်မဆေးဘဲ တစ်ခုယူကာ တစ်ကိုက်ကိုက်လိုက်သည်။
ထို့နောက် သူ၏ ဝံ့ကြွားသော မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက ပြောလိုက်သည်။ “အဖွား လုပ်ပေးတဲ့ဟာနဲ့ တစ်ပုံစံတည်းပဲ။”
ရှန်းမူမူက မျက်ခုံးပင့်ကာ နှုတ်ခမ်းကော့တက်အောင် ပြုံးလိုက်သည်။ “ဒါပေါ့။ အဖွားကိုယ်တိုင် သင်ပေးခဲ့တာလေ။”
ချီရှောင်ပိုင် အငမ်းမရ ငုံ့စားနေသည်ကိုမြင်တော့ ရှန်းမူမူက ပြုံးပြီး သူမ၏ အတွေးတွေက လွန်ခဲ့သည့် နှစ်ပတ်ကို ပြန်ရောက်သွားခဲ့သည်။
အဖွားအို ပြည်ပ မထွက်ခွာခင်အချိန်က သူမကို မီးဖိုခန်းထဲ ခေါ်လာခဲ့သည်။
“မူမူ အဖွား နင့်ကို အသားလုံးကြော်လုပ်နည်း သင်ပေးမယ်၊ တကယ်လို့များ ငါ တစ်ခုခု ဖြစ်သွားခဲ့ရင်….”
အဖွားအိုက တုံ့ဆိုင်းသွားပြီး သူမရဲ့ မျက်နှာထက်တွင် စိတ်မကောင်းခြင်း အမူအရာများ ဖြတ်ပြေးသွားပြီး လျင်မြန်စွာ ပြန်ပျောက်ကွယ်သွားခဲ့သည်။ သူမက စကားကိုဆုံးအောင် ဆက်ပြောလိုက်သည်။ “ငါ့မြေးလေးကို ဒီအရသာလေး ဆက်စားစေချင်လို့ပါ။”
***