← Chapters

ကိုယ်ပွားအသင်္ချေ

Vol. 1 Ch. 400

ကိုယ်ပွားအသင်္ချေ

Vol. 1 Ch. 400

ကောင်းကင်အသိအမြင်ဟူသည့် ကျင့်စဉ်ကို ဖတ်ပြီးနောက် ကျန်းရီ၏ တက်ကြွနေသော စိတ်အစုံမှာ ချက်ချင်းပြန်ငြိမ်သွားခဲ့သည်။ ကောင်းကင်အသိအမြင်ကို နားလည်ရန် အလွန်လွယ်ကူသော်လည်း အားကောင်းသည့်စိတ်ဝိဉာဉ်မရှိဘဲ အသုံးပြု၍မရပေ။ ကျင့်စဉ်တွင်ပါသည်မှာ ထိုမှော်ပညာကို အသုံးပြုရန် စိတ်ဝိဉာဉ်သည် အနည်းဆုံး တတိယအဆင့်သို့ ရောက်ရမည်ဖြစ်သည်။ သို့သော်လည်း ကျန်းရီ၏စိတ်ဝိဉာဉ်မှာ ဒုတိယအဆင့်တွင်သာ ရှိသေးသည်။

ကျန်းရီသည် နောက်ကျင့်စဉ်တစ်ခုကို ဆက်ဖတ်လိုက်သည်။ ဒုတိယတစ်ခုမှာ ကျန်းရီနှင့်ရင်းနှီးပြီးသားဖြစ်သည်။ ၎င်းသည် ရွှံ့လူသားများဖန်တီးခြင်းဖြစ်သည်။ ဤတစ်ခုမှာ နောက်ဆုံးအကြိမ်က သူဖတ်ခဲ့သည့် ကျင့်စဉ်အမှားနှင့် အတော်ကွာခြားလေသည်။ ကျန်းရီသည် ထိုတစ်ခုကို ခဏလေးဖတ်ရုံနှင့် မှတ်မိသွားသော်လည်း ကျင့်ကြံမနေနိုင်ပေ။ ကျင့်စဉ်များအားလုံးကို အရင်မှတ်မိအောင်လုပ်ခြင်းက ပိုကောင်းပေလိမ့်မည်။

သူသည် တတိယမြောက်ကျင့်စဉ်ကိုလည်း မြင်ဖူးလေသည်။ ၎င်းမှာ ယွင်ဖေးတတ်မြောက်ထားသည့် သစ်ပင်ဝိဉာဉ်များနှင့် ဆက်သွယ်ခြင်း ဖြစ်လေသည်။ ဤကျင့်စဉ်၏ အင်အားကို သူကိုယ်တွေ့မြင်ဖူးခဲ့သည်။ သူသာ တောအုပ်တစ်အုပ် သို့မဟုတ် သစ်ပင်များ၏အနီးသို့ ရောက်နေပါက ထိုအစွမ်းကိုသုံး၍ တိုက်ပွဲတွင် အသာစီးရနိုင်လေသည်။

လေးခုမြောက်ကျင့်စဉ်မှာ အတော်လေးစိတ်ဝင်စားစရာ ကောင်းလေသည်။ ၎င်းကို 'ရေပြင်ကိုဖြတ်ကျော်ခြင်း'ဟုခေါ်သည်။ ထိုစွမ်းအားကို အသုံးပြုပါက ရေပြင်ပေါ်တွင် ကုန်းမြေအလား လမ်းလျှောက်နိုင်မည်ဖြစ်သည်။ ၎င်းအား ရေဓာတ်တာအိုမှ ဖန်တီးထားခြင်း ဖြစ်ရမည်။

ငါးခုမြောက်ကျင့်စဉ်သည် သူ့အား အတော်လေး စွဲဆောင်နိုင်စွမ်းရှိသည်။ သူ့အမြင်အရ ထိုကျင့်စဉ်သည် နားလည်ရန် အလွယ်ဆုံးဖြစ်ပေလိမ့်မည်။ ကျင့်စဉ်ကို 'ကိုယ်ပွားအသင်္ချေ'ဟု ခေါ်လေသည်။ ကျင့်စဉ်ထဲတွင် ဖော်ပြထားခြင်းမရှိသော်လည်း ၎င်းအား လေဓာတ်တာအို၏ လေပြည်အသင်္ချေမှ ဖန်တီးထားခြင်း ဖြစ်ရမည်ဟု ကျန်းရီခံစားနေမိသည်။ သူသည် ထိုတာအိုကို နားလည်ထားပြီးဖြစ်ရာ ကျင့်ကြံရန် မခက်ခဲလောက်ပေ။

ကျန်းရီသည် ခုနှစ်ခုမြောက်ကျင့်စဉ်ကိုလည်း စိတ်ဝင်စားလေသည်။ ၎င်း၏အမည်မှာ 'ကောင်းကင်ဖျက်မီး' ဖြစ်သည်။ ၎င်းသည် မီးဓာတ်တာအိုမှ အခြေခံဖန်တီးထားခြင်းဖြစ်ကြောင်း အထူးတလည် ပြောနေစရာမလိုပါချေ။ မီးဝိဉာဉ်ပုလဲနှင့် ကမ္ဘာ့မီးလျှံတို့ကြောင့် ကျန်းရီသည် မီးဒြပ်စင်ကို အမြဲသဘောကျခဲ့သည်။ သူသည် ထိုကျင့်စဉ်အား မှတ်မိသွားသော် မဖြစ်မနေ တတ်မြောက်အောင် ကျင့်ကြံရမည့်ကျင့်စဉ်ဟု တေးမှတ်ထားလိုက်သည်။

ကျန်းရီသည် နောက်ပိုင်းကျင့်စဉ်များကို မမှတ်မိနိုင်ပေ။ ၎င်းတို့သည် အလွန်ခက်ခဲ၍ စာဖတ်သလို ဖတ်၍မရပေ။ ကျန်းရီသည် ရွေးချယ်စရာမရှိဘဲ ၎င်းတို့ကို နှုတ်တိုက်အလွတ်ကျက်ရတော့သည်။ ကျင့်စဉ်ဆယ်ခုလုံးကို မှတ်မိရန်အတွက် သူနှစ်ရက်အချိန်ယူခဲ့ရသည်။

သူမှတ်ထားသည်များမှာ မမှားယွင်းကြောင်း သေချာအောင် စစ်ဆေးလိုက်ပြီးနောက် ကျန်းရီသည် လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။

"စုန်းနတ်ဘုရား...ကျွန်တော်အားလုံးကို မှတ်မိသွားပြီ"

"ကောင်းတယ်။ မှတ်ထား...မင်ဒီကျင့်စဉ်တွေကို ယွင်မျိုးဆက်တွေကလွဲပြီး ဘယ်သူ့ကိုမှ သင်မပေးရဘူး"

စုန်းနတ်ဘုရား၏ အသံသည် ထပ်မံထွက်ပေါ်လာခဲ့ပြီး သူ့အား သတိပေးလာခဲ့သည်။

"ပြီးတော့ မင်း ကျင့်စဉ်တွေကို စာရွက်ပေါ် မှတ်တမ်းတင်ထားလို့ မရဘူး။ တစ်နည်းပြောရရင် မင်းတစ်ယောက်ယောက်ကို သင်ပေးပြီးသွားတာနဲ့ ကျင့်စဉ်စာအုပ်ကို ချက်ချက်း မီးရှို့ပစ်ရမယ်။ ဒါတွေက ငါတို့ယွင်ဂိုဏ်းရဲ့ ဘိုးဘေးတွေထားခဲ့တဲ့ စည်းမျဉ်းတွေပဲ။ ငါတို့က ငါတို့ဘိုးဘေးတွေ တီထွင်ခဲ့တဲ့ ကျင့်စဉ်တွေကို အပြင်လူတွေဆီ ပေါက်ကြားခံမယ့်အစား အဆုံးရှုံးပဲခံလိုက်မယ်"

"အင်း...အင်း"

ကျန်းရီသည် ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း သူ၏ကောင်းလွန်းလှသော ကံကို အံ့အားသင့်နေခဲ့သည်။ ယွင်မိသားစုတွင် ဤနှစ်များအတွင်း ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ရှိလျှင် သို့မဟုတ် ပါရမီရှင်များထဲမှ တစ်ယောက်ယောက်သည် စွန့်စားရဲခဲ့လျှင် သို့မဟုတ် စုန်းနတ်ဘုရား၏ ဝိဉာဉ်အပိုင်းအစသည် မကြာခင် ပျောက်ကွယ်သွားတော့မည့် အခြေအနေ မရောက်ခဲ့လျှင် ဤစွမ်းအားမြင့်မှော်ကျင့်စဉ်များကို သူဆက်ခံရန် အခွင့်အရေး ရလိမ့်မည်မဟုတ်ပေ။

ဤကျင့်စဉ်များသည် အဆင့်အမြင့်ဆုံးသော မှော်ကျင့်စဉ်များဖြစ်သည်။ ၎င်းတို့တွင် အခြားအဆင့်နိမ့် သိုင်းကျင့်စဉ်များနှင့် မတူဘဲ တာအိုများ၏ အနှစ်သာရများ ပါဝင်နေလေသည်။ ဤကျင့်စဉ်များကို လေ့လာခြင်းဖြင့် တာအိုများကို မှားယွင်းစွာ နားလည်သွားနိုင်ချေအား လျှော့ချနိုင်သည်။

စုန်းနတ်ဘုရားသည် ဆက်ပြောလာခဲ့သည်။

"ငါက ချမ်းသာမှုကိုရော၊ ဂုဏ်ဒြပ်တွေကိုရော ဂရုမစိုက်ဘဲ တာအိုကို လေ့လာခြင်းမှာပဲ စိတ်မြှုပ်ထားခဲ့တယ်။ ဒါကြောင့် ငါ ဒီနှစ်တွေအတွင်းမှာ အကာအကွယ်အစီအရင်တွေ အများကြီးကို နားလည်နိုင်ခဲ့တယ်။ အစီအရင်တွေကို လေ့လာရတာက တကယ်ရှုပ်ထွေးပြီးတော့ အချိန်တွေ အများကြီး လိုအပ်တယ်။ အဲ့ဒါကို စလေ့လာဖို့ လွယ်ပေမယ့် သေသေချာချာ ကျွမ်းကျင်သွားဖို့က အနည်းဆုံး နှစ်တွေရာချီပြီး ကြာလိမ့်မယ်"

"မင်းသာ အစီအရင်တွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် လေ့လာရင် တာအိုတွေကို နားလည်ဖို့ လွယ်လာလိမ့်မယ်။ အားကောင်းလွန်းတဲ့ အစီအရင်တွေက ဗာဂျရာအဆင့်တွေကိုရော၊ ကောင်းကင်ဧကရာဇ်အဆင့်တွေကိုရော ပိတ်လှောင်နိုင်တယ်"

"ငါနားလည်ထားတဲ့ အစီအရင်တွေနဲ့ ပတ်သက်တာတွေကို ညာဘက်နံရံရဲ့ လျှို့ဝှက်အခန်းထဲမှာ ထားခဲ့တယ်။ မင်းသင်ယူချင်ရင် ဖြည်းဖြည်းချင်းလေ့လာ၊ မင်းမသင်ချင်ရင်လည်း ယွင်မိသားစုရဲ့ အရည်အချင်းရှိတဲ့ မျိုးဆက်တစ်ယောက် ရှားပြီး လက်ဆင့်ကမ်း လွှဲပြောင်းပေးလိုက်"

ထိုအခိုက်အတန့်တွင် ညာဘက်မှ နံရံသည် အလင်းရောင်များ တောက်ပလာခဲ့ပြီး အခန်းငယ်တစ်ခုကို ဖော်ပြလာခဲ့သည်။ ကျန်းရီသည် အတွင်းဘက်သို့ ကြည့်လိုက်ပြီးနောက် မှင်တက်သွားခဲ့သည်။ အခန်းသည် မကျယ်လွန်းသော်လည်း အထဲတွင် စာအုပ်များ ပြည့်နေခဲ့သည်။ စာအုပ်အရေအတွက်သည် ထောင်ပေါင်းများစွာ ရှိလောက်သည်။

ထိုစာအုပ်များ အကုန်လုံးကို နားလည်ရန်နေနေသာ၊ ဖတ်ရန်အချိန်ကပင် နှစ်ပေါင်းများစွာ လိုအပ်လိမ့်မည်။

"အရင်ဆုံးသိမ်းထားလိုက်၊ မင်းမလေ့လာချင်ရင် ယွင်မိသားစုရဲ့ မျိုးဆက်တွေဆီ လွှဲပြောင်းပေးလိုက်"

ကျန်းရီသည် အခန်းတွင်းသို့ လျှောက်သွားလိုက်ပြီး စာအုပ်များအားလုံးကို မီးဝိဉာဉ်ပုလဲထဲသို့ ထည့်လိုက်သည်။ ထို့နောက် စုန်းနတ်ဘုရားသည် စကားဆက်ပြောလာခဲ့သည်။

"မှော်ကျင့်စဉ်တွေကို ကျင့်ကြံကြည့်တော့၊ နောက်ဆုံးလေးခုကို မကျင့်ကြံနဲ့ဦး။ အဲ့ဒါတွေကို ကျင့်ကြံဖို့ မင်းရဲ့ ကျင့်ကြံဆင့်က နိမ့်နေသေးပြီး စိတ်ဝိဉာဉ်ကလည်း အားနည်းလွန်းနေတယ်။ ပထမဆုံးခြောက်ခုကိုပဲ မင်းအရင်ကျင့်ကြံကြည့်သင့်တယ်။ မင်းမှာ မေးစရာရှိတယ်ဆိုရင် ငါ့ကို အချိန်မရွေးခေါ်လိုက်"

"ကောင်းပြီ"

ကျန်းရီသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး မှော်ကျင့်စဉ်များကို နားလည်ရန်သာ အာရုံစိုက်ထားလိုက်သည်။ ပထမဆုံးတစ်ခုမှာ စိတ်ဝိဉာဉ်သန်မာရန် လိုသဖြင့် သူလေ့လာရန် မလိုအပ်သေးပေ။ ရွှံ့ရုပ်သေးများ ဖန်တီးခြင်းမှာလည်း သိပ်အသုံးမဝင်ချေ။  သစ်ပင်ဝိဉာဉ်များနှင့်ဆက်သွယ်ခြင်း နှင့် ရေပြင်ကိုဖြတ်ကျော်ခြင်းမှာလည်း သစ်ပင်များနှင့် ရေတို့ မရှိပါက အလကားသာဖြစ်သည်။ သို့နှင့် ထိုအချက်များကို ထည့်သွင်းစဉ်းစားလိုက်သော် သူ့အာရုံသည် ကောင်းကင်ဖျက်မီးနှင့် ကိုယ်ပွားအသင်္ချေထံတွင်သာ ရောက်ရှိသွားခဲ့သည်။

ကိုယ်ပွားအသင်္ချေ...ကိုယ်ပွားအသင်္ချေ ပုံရိပ်ဖန်တီးခြင်း...

၎င်းတို့သည် ပုံရိပ်များသာ ဖြစ်သော်လည်း ကောင်းကင်စိတ်အာရုံ အားမကောင်းသူများသည် ပုံရိပ်နှင့် လူအစစ်၏ ကွာခြားချက်ကို ပြောနိုင်ကြမည်မဟုတ်။ ၎င်းသည် တိုက်ခိုက်ရာတွင်ရော ထွက်ပြေးရာတွင်ပါ အသုံးဝင်နိုင်သည်။

ကောင်းကင်အသိအမြင်သည် ကျန်းရီ၏ တတ်မြောက်ချင်သည့်စာရင်းတိင် နံပါတ်တစ်ဖြစ်သော်လည်း လက်ရှိအချိန်တွင် စိတ်ဝိဉာဉ်အားကောင်းစေသည့် ဆေးပင်များကို သူမရှာနိုင်သေးပေ။ ထို့ကြောင့် ကိုယ်ပွားအသင်္ချေကို ကျင့်ကြံခြင်းတစ်ခုတည်းသာ သူရွေးစရာ ကျန်တော့သည်။

***

လူတစ်ယောက်သည် ကျင့်ကြံနေချိန်တွင် အချိန်ကုန်သည်ကို မခံစားမိတတ်ပေ။ ကျန်းရီသည်လည်း မှော်ကျင့်စဉ်ထံတွင်သာ စိတ်နှစ်ထားသည့်အတွက် အချိန်ကို မေ့လျော့သွားခဲ့သည်။ သူသည် ဗိုက်ဆာလွန်းနေသည့်အချိန်မှသာ သတိဝင်လာခဲ့သည်။ သူသည် အစာအချို့နှင့်ရေကို ဖြစ်သလို စားသောက်ပြီးနောက် ဆက်လက်ကျင့်ကြံလိုက်သည်။

သူထင်ထားသည့်အတိုင်း ကိုယ်ပွားအသင်္ချေသည် လေပြည်အသင်္ချေမှ ဆင့်ကဲ၍ ဖန်တီးထားခြင်း ဖြစ်သည်။ သူသည် ငါးရက်၊ ခြောက်ရက်ခန့်နှင့်ပင် အသင့်အတင့် တတ်မြောက်နေပြီဖြစ်သည့်အတွက် အတော်လေး စိတ်တက်ကြွနေခဲ့သည်။

နောက်သုံးရက်ကြာပြီးနောက် အလင်းတန်းတစ်ခုသည် ကျန်းရီကိုယ်မှ ဖျပ်ခနဲ လင်းလက်လာခဲ့သည်။ သူ့အတွင်းအားများသည် ရူးသွပ်စွာလှည့်ပတ်လာကြပြီး ပတ်ဝန်းကျင်မှ လေအပေါ် လွှမ်းမိုးလာခဲ့သည်။ ထို့နောက်တွင် ရင်းနှီးနေသော လမ်းကြောင်းအတိုင်း လေများသည် သူ့ထံစီးဆင်းလာကြသည်။

ရုတ်တရက် လေထဲတွင် အလင်းရောင်တစ်ချက်နှင့်အတူ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ကျန်းရီနှင့် တစ်ပုံစံတည်းတူသည့် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တစ်ဆက်တည်းတွင် သူ့ကိုယ်သည် အနည်းငယ် ဝေဝါးလာခဲ့ပြီး ပုံရိပ်နှင့် တစ်ပုံစံတည်း ဖြစ်သွားခဲ့သည်။ လူပုံရိပ်နှစ်ခုသည် ထပ်တူညီလွန်းရာ စုလောရွှယ်ပင် အတုအစစ် မခွဲခြားနိုင်လောက်ပေ။

မျက်စိတစ်မှိတ်စာအတွင်းတွင် ညာဘက်ခြမ်းရှိ လေများမှာ စတင်တိုက်ခတ်လာခဲ့သည်။ သူ့ကိုယ်ပွား ပုံရိပ်သည် ဖြည်းဖြည်းချင်း ပြယ်လွင့်သွားခဲ့ပြီး အရာအားလုံး ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

"မဆိုးဘူး...ဆယ်ရက်မပြည့်သေးခင်မှာ မင်းက ကိုယ်ပွားအသင်္ချေရဲ့ မိတ်ဆက်ကို တတ်မြောက်သွားပြီ။ မင်းဆက်ပြီး ကျင့်ကြံမယ်ဆိုရင် ကိုယ်ပွားအရေအတွက် များများနဲ့ အချိန်ပိုကြာအောင် ဖန်တီးနိုင်လိမ့်မယ်။ တစ်ရက်ကြာခံတဲ့ ကိုယ်ပွားတစ်သောင်းကို ဖန်တီးနိုင်ပြီး သူတို့ကို ကြိုက်သလို ရွေ့လျားသွားလာဖို့ ထိန်းချုပ်နိုင်တဲ့အခါ ကိုယ်ပွားအသင်္ချေရဲ့ သဘာဝလွန်အဆင့်ကို မင်းရောက်ပြီ"

"စိတ်ထဲမှာ သေချာမှတ်ထား...မင်းရဲ့ ကိုယ်ပွားတွေကို လွတ်လွတ်လပ်လပ် ရွေ့လျားစေပြီး ရန်သူကို လှည့်စားချင်တယ်ဆိုရင် အလုပ်တွေအများကြီးကို မင်းတစ်ပြိုင်တည်း လုပ်ရမှာ...အဲ့ဒါမှ ရန်သူကို မင်းလှည့်စားနိုင်မယ်"

"မင်းရဲ့ စိတ်ဝိဉာဉ်က အားနည်းလွန်းနေသေးတယ်။ ကိုယ်ပွားအသင်္ချေကို နောက်မှ ကျင့်ကြံသင့်တယ်။ မင်းအပြင်ကို ပြန်ထွက်တဲ့အခါကျရင် စိတ်ဝိဉာဉ်နဲ့ပတ်သက်တဲ့ ဆေးပင်တစ်ချို့ ဒါမှမဟုတ် စိတ်ဝိဉာဉ်ကို အဆင့်မြှင့်ပေးနိုင်တဲ့ ကျင့်စဉ်တစ်မျိုးရှာကြည့်သင့်တယ်။ မင်းရဲ့လက်ရှိ စိတ်ဝိဉာဉ်အင်အားနဲ့ဆိုရင် သဘာဝလွန်အဆင့်ကို လုံးဝရောက်မှာ မဟုတ်ဘူး"

စုန်းနတ်ဘုရား၏ အသံသည် ထပ်မံထွက်ပေါ်လာခဲ့ရာ ကျန်းရီသည် သေချာနားထောင်နေလိုက်သည်။ ကျန်းရီသည်လည်း သူ့စိတ်ဝိဉာဉ်မှာ အလွန့်အလွန်အားနည်းကြောင်း သိလေသည်။ သူသည် စိတ်ဝိဉာဉ်နှင့်ပတ်သက်သည့် ဆေးပင်အချို့ ရှာရန် သို့မဟုတ် စုလောရွှယ်အား စိတ်ဝိဉာဉ်ကျင့်ကြံသည့် ကျင့်စဉ်တစ်ခုခု သင်ပေးခိုင်းရန် စိတ်ဆုံးဖြတ်လိုက်သည်။ စိတ်ဝိဉာဉ်ကို ကျင့်ကြံကြသည်မှာ စုဂိုဏ်း၏ အစဉ်အလာပင် မဟုတ်ပါလော။

စုန်းနတ်ဘုရား၏ ဝိဉာဉ်အပိုင်းအစသည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်အတွက် သူ့တွင် အချိန်အများကြီးမရပေ။ ကျန်းရီသည် ထိုအကြောင်းကို အများကြီး စဉ်းစားပြီး အချိန်ဖြုန်းမနေရဲပေ။ သူသည် အလျင်အမြန် စားသောက်ပြီးနောက် ကောင်းကင်ဖျက်မီးကို စတင်ကျင့်ကြံလိုက်သည်။

ကောင်းကင်ဖျက်မီး...ထိုကျင့်စဉ်မှာ အလွန်အားပြင်းသည့် ကျင့်စဉ်ဖြစ်သည်။ အမြင့်ပိုင်းအဆင့်များသို့ ရောက်သွားလျှင် ဗာဂျရာအဆင့်များကိုတောင် ထိုမှော်ပညာဖြင့် သတ်ဖြတ်နိုင်သည်။ ၎င်းကို ကောင်းကင်နှင့်မြေကြီး၏ မှော်မီးလျှံဖြင့် တွဲဖက်အသုံးပြုပါက ကောင်းကင်ဧကရာဇ်အဆင့်များကိုတောင် လောင်ကျွမ်းစေနိုင်စွမ်း ရှိလေသည်။

"ကောင်းကင်နဲ့မြေကြီးရဲ့ မှော်မီးလျှံ"

ကျန်းရီသည် ကျင်းရှန်နိုင်ငံ၏ ဝိဉာဉ်ပျောက်တောင်ကြားမှ တစ္ဆေမီးလျှံများကို သွားအမှတ်ရမိသည်။ သူသည် စိတ်လှုပ်ရှားလာခဲ့သည်။ ဤကျင့်စဉ်ကို သူနားလည်၍ သဘာဝလွန်အဆင့်သို့ရောက်ပါက နယ်မြေတစ်ခုလုံးမှလူများ သူ့ရန်သူဖြစ်သွားကြလျှင်တောင် သူကြောက်စရာမလိုတော့ပေ။

*****

All Chapters