← Chapters

ရှင်က ဆင်းရဲတဲ့သူမှ မဟုတ်တာ

Vol. 12 Ch. 114

ရှင်က ဆင်းရဲတဲ့သူမှ မဟုတ်တာ

Vol. 12 Ch. 114

လုအန်းကျီ ထပ်ကြည့်လိုက်တော့ နောက်ထပ် မက်ဆေ့ချ်တစ်ခု ထပ်ဝင်လာသည် - “သူတို့ဘက်က အတည်ပြုပြီးတာနဲ့ ကျန်တဲ့ဝန်ထမ်းတွေက ကျွန်မဆီ ချက်ချင်းဆက်သွယ်လာတယ်။ ကျွန်မက အရင်စာအုပ်တွေတုန်းက ချုပ်ခဲ့တဲ့ စာချုပ်မူကြမ်းကို နည်းနည်းပြင်ပြီး ပြလိုက်တာ၊ သူတို့က ဒီလောက်မြန်မြန် သဘောတူလိမ့်မယ်လို့ မထင်ထားဘူး”

“ဒီလောက်တောင် မြန်လား”

လုအန်းကျီ အနည်းငယ် အံ့အားသင့်သွားပြီး ကျူကျူကနေ မေးလိုက်သည် - “အဲ့ဒါ ဘယ်ကုမ္ပဏီလဲ၊ ဆုံးဖြတ်ချက် တော်တော်ပြတ်သားတာပဲ”

ကူးကူးက စာပြန်သည် - “ကျီကျီ နည်းပညာကုမ္ပဏီတဲ့။ သိပ်တော့လည်း နာမည်မကြီးပါဘူး၊ အရင်က ဂိမ်းတစ်ခု ထုတ်ဖူးပေမယ့် ရှုံးသွားတယ်။ ဆရာဘီ၊ ဂိမ်းထုတ်လုပ်တဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေ ရှိလား၊ ရှိရင်တော့ ကျွန်မတို့ တခြားကုမ္ပဏီတွေကို ထပ်ရှာကြည့်ပြီး ပိုပြီးနာမည်ကောင်းရှိတဲ့ ကုမ္ပဏီကို ရွေးလို့ရတယ်”

အင်တာနက် လုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ ဂိမ်းလောကထဲ ခြေစုံပစ်ဝင်လာသူတွေ အများကြီးရှိနေသည်။ အယ်ဒီတာ ကူးကူးက ဒီလိုပြောတယ်ဆိုလျှင် တခြားရွေးချယ်စရာတွေ ရှိနေမှာ သေချာသည်။ အခု ဒီကုမ္ပဏီအကြောင်း ပြောရခြင်းက ကျီကျီနည်းပညာက ဈေးအမြင့်ကြီး ပေးထားသောကြောင့်ဖြစ်သည်။

လုအန်းကျီက စာပြန်ပို့လိုက်သည် - “မလိုပါဘူး၊ ငါ့မှာ ဂိမ်းထုတ်တာကို လိုက်ကြည့်ဖို့ အချိန်မရှိဘူး။ ငါ့ဝတ္ထုရဲ့ အရည်အသွေးကို ထိန်းသိမ်းနိုင်ရင် ရပြီ”

သူသာ ဂိမ်းလောကကို စီမံချင်ရင် ဟိုးအရင်ကတည်းက လုပ်ခဲ့မှာပါ။ အရင်ဘဝတုန်းကလည်း သူက ဂိမ်းဝါသနာအိုးတစ်ယောက်ဖြစ်ပြီး ဂိမ်းတွေကို ကစားရတာ နှစ်သက်သူဖြစ်သည်။

အရင်ဘဝက လက်ဆောင်တွေထဲမှာ သူ့ကို ပျော်ရွှင်မှုပေးခဲ့တဲ့ ဒီဂိမ်းတွေလည်း ပါဝင်သည်။ ထို့ပြင် အရင်က သူရေးခဲ့တဲ့ လက်ရာနှစ်ခုရဲ့ မူပိုင်ခွင့်ရောင်းတုန်းကလည်း အချို့သော ဂိမ်းကုမ္ပဏီတွေနဲ့ ဆက်သွယ်ခဲ့ဖူးသည်။

သူသာ ဂိမ်းထုတ်လုပ်ရေးမှာ ပါဝင်ချင်လျှင် အစောကြီးကတည်းက လုပ်လို့ရသော်လည်း၊ အခုတော့ ဝတ္ထုရေးတာနဲ့ သီချင်းရေးတာနဲ့တင် ပိုက်ဆံတွေ အများကြီး ရနေပြီဖြစ်ရာ ထိုလောကထဲ ပြန်ဝင်ပြီး ရုန်းကန်နေရန် သူ ပျင်းနေမိ၏။

ဂိမ်းလုပ်တာက ဖုန်းမြည်သံ သီချင်းလုပ်တာနဲ့ မတူပါ။ ဖုန်းမြည်သံက သီချင်းအနည်းငယ်ကို ကူးရုံသာဖြစ်သော်လည်း၊ ဂိမ်းလုပ်ခြင်းက အစအဆုံး ပါဝင်ပတ်သက်ရန် လိုအပ်ပေသည်။ သူက အကြံဉာဏ်တွေ ပေးခဲ့လျှင်တောင် အသေးစိတ်ကိစ္စတွေကို လိုက်လံထိန်းချုပ်နေရဦးမည်ဖြစ်သည်။

သူ အဲ့ဒီလောက် အပင်ပန်းမခံချင်ပါ။

ဒါကြောင့် သူ အများကြီး ဝင်မစွက်ဖက်တော့ဘဲ၊ ဒီကမ္ဘာကလူတွေ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ဂိမ်းလောကထဲမှာ ဘယ်လိုအသုံးချမလဲဆိုတာပဲ လွှတ်ထားပေးလိုက်တော့မည်။ အဲ့ဒီနောက်မှ သူတို့က သူ့ကို အရင်ဘဝကနဲ့မတူတဲ့ ဘယ်လိုဂိမ်းအတွေ့အကြုံသစ်တွေ ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမည် ဟုလုအန်းကျီ စိတ်ထဲမှ တွေးနေမိသည်။

ဖုန်းထဲက ကျူကျူမှာ ကူးကူးက ပြန်ဖြေလာသည် - “ကောင်းပါပြီ၊ ဒါဆို မူပိုင်ခွင့်စာချုပ်ကို ကျွန်မ ဆက်လုပ်လိုက်မယ်နော်။ ပိုက်ဆံကလွဲရင် ကျန်တာတွေက အရင်အတိုင်းပဲ ထားလိုက်မယ်ဆိုရင် အဆင်ပြေမလား”

လုအန်းကျီက “ပြဿနာမရှိဘူး” ဟုစာရိုက်လိုက်သည်

ကူးကူးက “အိုကေ” ဟု ပြန်ပို့ပြီး သတိပေးရန်လည်း မမေ့ခဲ့ပေ။

“ဆရာ ဘီ၊ ဟုန်ပေါင်း မမေ့နဲ့ဦးနော်”

လုအန်းကျီ - “စိတ်ချပါ၊ ခင်ဗျားအတွက် ပါပါတယ်”

ကူးကူးက ချစ်စဖွယ် အီမိုဂျီလေး တစ်ခု ပို့လာသည်။ လုအန်းကျီကတော့ ကူးကူးကို ဝမ်းနည်းနေတဲ့ ပန်ဒါမျက်နှာလေး ပို့ချင်သော်လည်း ကံမကောင်းစွာဖြင့် ထိုအီမိုဂျီက ဒီကမ္ဘာမှာ မရှိသေးပေ။

သူ ကားမောင်းထွက်လာပြီး ကျူးယွမ် ရပ်ကွက်သို့ ရောက်သောအခါ၊ အဆောက်အဦးထဲဝင်၊ ဓာတ်လှေကားစီးပြီး ကျန်းဆူရှင်း၏ တံခါးဝသို့ ရောက်သည့်အခါ သူ၏ သော့ကိုထုတ်ကာ တံခါးဖွင့်လိုက်သည်။

သို့သော် တံခါးပွင့်သွားသည်နှင့် အထဲမှ ချန်းချန်း၏ စိတ်မရှည်သလို အော်သံလေး ထွက်ပေါ်လာသည်။

“တံခါးကို မြန်မြန်ပြန်ပိတ်၊ ပြန်ပိတ်၊ ချန်းချန်းကို ဖွင့်ခိုင်းပါ ဖေဖေက ဘာလို့ ဒီလောက် မြန်မြန် ဖွင့်ရတာလဲ”

တံခါးနောက်မှ စုန့်ရှောင်ချင်း၏ အသံ ထွက်လာပြီး တံခါးကို “ဂျုန်း” ခနဲ ပြန်ပိတ်လိုက်သည်။

ထိုအခါမှ တံခါးအထဲမှ ချန်းချန်း၏ စိတ်ဆိုးသံလေး တိတ်သွားသည်။

“ကျွီး”

တံခါး ပြန်ပွင့်လာပြီး ချန်းချန်း၏ ရှက်ပြုံးလေးနှင့် ခေါင်းလေးက တံခါးကြားမှ ထွက်လာသည်။ လုအန်းကျီမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။

အဆုံးမှာတော့ ကျန်းဆူရှင်းဆီက အပိုသော့ ရထားသော်လည်း သူကိုယ်တိုင် တံခါးမဖွင့်နိုင်သေးပါ။

အိမ်မှာ တံခါးဖွင့်ပေးဖို့ စောင့်နေတဲ့ အလုပ်ကြိုးစားတဲ့ ကလေးမလေး ရှိနေသရွေ့၊ သူ သော့သုံးခွင့်ရဖို့ဆိုတာ အဲ့ဒီကလေးမလေး တံခါးဖွင့်ပေးရတာကို ငြီးငွေ့သွားတဲ့အချိန်ကျမှပဲ ဖြစ်ပါလိမ့်မည်။

စုန့်ရှောင်ချင်းက ချန်းချန်းနောက်မှာ ရပ်ပြီး ရယ်နေသည် - “ကျွန်မကို အပြစ်မတင်နဲ့နော်၊ ဒီကလေးမလေးက သူကိုယ်တိုင် ဖွင့်မယ်ဆိုပြီး ဇွတ်လုပ်နေတာ”

“ရပါတယ်”

လုအန်းကျီက ချန်းချန်းကို ချီလိုက်ပြီး တံခါးနောက်က သော့ပေါက်ထဲက သော့ကို ပြန်ထုတ်ကာ ပြုံးလျက် “မွ”

ချန်းချန်းက လုအန်းကျီကို ရုတ်တရက် အလစ်အငိုက် နမ်းလိုက်ပြီး သူမ၏ လက်ဖဝါးလေးနှစ်ဖက်ဖြင့် လုအန်းကျီ၏ မျက်နှာကို ကိုင်ကာ “အို။ မုတ်ဆိတ်မွှေး မရှိဘူး” ဟု ဆိုသည်။

လုအန်းကျီက ပြုံးပြီး မေးလိုက်သည် - “ဘာလဲ၊ ချန်းချန်းလေးက မုတ်ဆိတ်မွှေးနဲ့ အစူးခံချင်လို့လား”

“အင်း”

ကလေးမလေးက ခေါင်းကို တရစပ်ခါယမ်းရင်း - “ဟင့်အင်း မလိုချင်ပါဘူး” ဟု ပြောသည်။

လုအန်းကျီ တဟားဟား ရယ်မောလိုက်သည်။

“တံခါးဝမှာ ရပ်မနေနဲ့၊ မြန်မြန်ဝင်လာပြီး ထမင်းစားကြစို့”

ကျန်းဆူရှင်း၏ အသံ ထွက်ပေါ်လာသည်။ သူမက မီးဖိုချောင်ထဲမှ ထမင်းပန်းကန်များကို သယ်လာ၏။

ဒါကို မြင်တော့ စုန့်ရှောင်ချင်းက ကူညီရန် အမြန်သွားလိုက်သည်။

လုအန်းကျီက ချန်းချန်းကို အောက်ချပေးပြီး ဖိနပ်လဲကာ အထဲဝင်ပြီး ရေချိုးခန်းမှာ လက်ဆေးလိုက်သည်။

ဒီနေ့ နေ့လယ်စာကတော့ ထမင်းနဲ့ ဟင်းသုံးမျိုး ဖြစ်သည်။

ဟင်းနှစ်မျိုးကတော့ ကျန်းဆူရှင်း ချက်ထားခြင်းဖြစ်သည်။ သူမက ဒီနေ့ သူမရယ်၊ လုအန်းကျီရယ်၊ ချန်းချန်းရယ် သုံးယောက်ပဲ ရှိမယ်လို့ ထင်ထားခဲ့တာပါ။ ချန်းချန်းလေးကလည်း အများကြီး မစားနိုင်တော့ သူမနဲ့ လုအန်းကျီအတွက် ဟင်းနှစ်မျိုးဆိုလျှင် လုံလောက်သည်ဟု ယူဆခဲ့သည်။

ဒါပေမဲ့ စုန့်ရှောင်ချင်းက မစားရသေးဘဲ နောက်မှ ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဒါကြောင့် ကျန်းဆူရှင်းက နောက်ထပ် ဟင်းတစ်မျိုး ထပ်ချက်ဖို့ ပြင်သော်လည်း၊ စုန့်ရှောင်ချင်းက သူမဘာသာ ချက်မည်ဟု ဇွတ်ပြောသဖြင့် စုန့်ရှောင်ချင်းကို မီးဖိုချောင် လွှဲပေးလိုက်ရသည်။

မမျှော်လင့်ဘဲ စုန့်ရှောင်ချင်းက ဟင်းတစ်မျိုး ချက်ပြီးသွားသောအခါ သူမ၏ စိတ်အခြေအနေက တော်တော်လေး ပြန်ကောင်းလာခဲ့သည်။

ထမင်းစားဖို့ ထိုင်ကြသောအခါ စုန့်ရှောင်ချင်းက လျန်ကျယ်အကြောင်းကို စတင်ပြောပြပြီး သူမ၏ ချိန်းတွေ့မှုအကြောင်းကို လုအန်းကျီအား ပြန်လည်ပြောပြနေ၏။

ထိုအခါမှ လုအန်းကျီသည် ကျီကျီနည်းပညာကုမ္ပဏီကို စုန့်ရှောင်ချင်းနှင့် ချိန်းတွေ့ခဲ့သည့် လျန်ကျယ်က ထောင်ထားမှန်း သိလိုက်ရတော့သည်။

“ဒါဆို အဲ့ဒီကျီကျီနည်းပညာက ငါ့ရဲ့ ‘နဂါးမျိုးနွယ်’ ဂိမ်းမူပိုင်ခွင့်ကို ၁၁ သန်းနဲ့ ဝယ်တာက အငြိုးတေးနဲ့ သုံးဖြုန်းတာပေါ့လေ”

လုအန်းကျီ ခဏမျှ ဆွံ့အသွားရသည်။ စုန့်ရှောင်ချင်းက သူ့ရဲ့ စာရေးဆရာ အထောက်အထားကို သိသွားတာနဲ့ ပတ်သက်ပြီးတော့ သူကတော့ အေးအေးဆေးဆေးပါပဲ။

ပြောင်းပြန်အနေဖြင့် စုန့်ရှောင်ချင်းကသာ ဒီကိစ္စနဲ့ ပတ်သက်ပြီး နေရခက်နေကာ၊ မနေ့က သူမ အသေအလဲ မယုံကြည်ခဲ့တာတွေကို ပြန်တွေးမိပြီး လုအန်းကျီရှေ့မှာ တော်တော်လေး ရှက်နေမိသည်။

“ဖြစ်နိုင်တာပေါ့၊ ဒါထက် ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့ အဖြေမရှိတော့ဘူး။ သူက ရှင့်တို့ရဲ့ ပတ်သက်မှုကို သိနေတာလည်း မဟုတ်သလို၊ ရှင်တို့ ဘယ်လောက်အထိ ရင်းနှီးလဲဆိုတာလည်း မသိနိုင်ဘဲ ရှင့်ကိုသုံးပြီး ကျွန်မကို ဖားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ ၁၁ သန်းအထိ သုံးပြီး ဖားဖို့ဆိုတာ ပိုတောင် စိတ်ကူးယဉ်လို့ မရသေးဘူး။ ကျွန်မသာ အဲ့ဒီလို တွေးခဲ့ရင် ကျွန်မက တော်တော်လေး ဘဝင်မြင့်ရာ ကျနေလိမ့်မယ်”

စုန့်ရှောင်ချင်းက ဒါကို ပြောနေစဉ် ဘေးနားက ကျန်းဆူရှင်းက သူမကို ခိုးကြည့်နေတာကို သတိမထားမိလိုက်ပါ။ ကျန်းဆူရှင်းကတော့ ဘာမှမပြောဘဲ ထမင်းကိုသာ ငုံ့စားနေပြီး ချန်းချန်းရဲ့ ပါးစပ်ကိုသာ သုတ်ပေးနေသည်။

ကျန်းဆူရှင်းကတော့ စုန့်ရှောင်ချင်း စောစောက ပြောခဲ့တာတွေကို မှတ်မိနေဆဲဖြစ်ပြီး၊ ဒီမိန်းမကတော့ စဉ်းစားမနေဘဲ ပါးစပ်ထဲ ရှိတာတွေ ပြောချင်ရာပြောပြီး ခုနက ပြောခဲ့တာတွေကိုတောင် မေ့နေပြီလို့ တွေးနေမိသည်။

လုအန်းကျီ သက်ပြင်းချလိုက်ပြီး - “ချမ်းသာတာ တကယ်ကောင်းတာပဲ၊ စိတ်ကြိုက် သုံးလို့ရတာပဲ”

စုန့်ရှောင်ချင်းက လုအန်းကျီကို ကြည့်ကာ - “ရှင်လည်း ပိုက်ဆံမရှိတဲ့သူ မဟုတ်ပါဘူး နိုင်ငံတကာ ဘဏ္ဍာရေး ရဲ့ တရုတ်သတင်းစာထုတ်ဝေမှုမှာ ကြေညာထားပြီးပြီလေ၊ ရှင်က ပြည်တွင်း စာရေးဆရာ သူဌေးစာရင်းမှာ နံပါတ် ၃ ချိတ်နေတာလေ”

“အဲ့ဒါက ဘာကြီးလဲ”

လုအန်းကျီ တစ်ခါမှ မကြားဖူးပါ။ စုန့်ရှောင်ချင်း ပြောပုံအရဆိုလျှင် အဆင့်သတ်မှတ်ချက်လိုမျိုး ဖြစ်ပုံရသည်။ ဒါပေမဲ့ ဘဏ္ဍာရေးပိုင်းကိုပဲ အဓိကထားပြီး သူဌေးစာရင်းတွေကိုပဲ သတ်မှတ်တာဖြစ်ကာ၊ စာရေးဆရာတွေအတွက် သီးသန့် သူဌေးစာရင်းဆိုတာမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးပေ။

အခြားတစ်ဖက်မှာလည်း တရုတ်ပြည်မှာ နောက်ပိုင်းတွင် စာရေးဆရာ သူဌေးစာရင်းဆိုတာ ရှိလာသော်လည်း ၎င်းက ဘဏ္ဍာရေး မဂ္ဂဇင်းတွေနဲ့ ဘာမှမဆိုင်ခဲ့ပါ။

ဒီနှစ်ခုကို ပေါင်းစပ်ထားတဲ့ အရာက ဘယ်လိုဟာမျိုး ဖြစ်နေပါမည်နည်း။

All Chapters