တိုးညင်းသော ချစ်သီချင်းနှင့် တိုးညှင်းသော ရေသံ
Vol. 12 Ch. 116
လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ မီးဖိုချောင်တွင်သိမ်းဆည်းပြီး ထွက်လာကြသောအခါ စုန့်ရှောင်ချင်းသည် အိပ်ပျော်နေသော ချန်းချန်းလေးဘေးတွင် မှီလျက် ဖုန်းကြည့်နေသည်။
ကျန်းဆူရှင်းက “မျက်နှာက ဖုန်းနဲ့ ထိတော့မယ်။ မျက်စိပျက်မှာ မကြောက်ဘူးလား” ဟု မေးလိုက်သည်။
စုန့်ရှောင်ချင်းက မတ်မတ်ထိုင်လိုက်ပြီး ကျန်းဆူရှင်းကို မျက်စောင်းထိုးကာ “နင်က ငါ့အမေမှ မဟုတ်တာ၊ ဘာလို့ လာဂရုစိုက်နေတာလဲ” ဟု ပြန်ပြောသည်။
ကျန်းဆူရှင်းက ရယ်ရင်း “မဖြစ်နိုင်တာမှ မဟုတ်တာ။ နင်ပဲ ချန်းချန်းကို ‘မမ’ လို့ ခေါ်ခိုင်းချင်တာ မဟုတ်လား”
စုန့်ရှောင်ချင်းက “လျှောက်မပြောနဲ့၊ နင့်ယောင်္ကျား ရှိနေသေးတယ်လေ” ဟု ဟန့်လိုက်သည်။ ပြောရင်းနှင့် သူမသည် လုအန်းကျီကို မသိမသာ လှမ်းကြည့်မိပြီး တစ်ခုခုကို တွေးမိကာ မျက်နှာလေး နီမြန်းသွား၏။
လုအန်းကျီက ပြုံးလျက် “ရပါတယ်၊ နင်တို့နှစ်ယောက် နောက်နေကြတာပဲ။ ဒါပေမဲ့ ဒီလို ‘မျိုးရိုးစဉ်ဆက်’ ဆိုင်ရာ ပြက်လုံးမျိုးတွေကို ငါတို့ယောကျ်ားတွေပဲ ကြိုက်တယ် ထင်နေတာ၊ မိန်းကလေးတွေလည်း နောက်တတ်မှန်း အခုမှ သိတော့တယ်” ဟု ဆိုလိုက်သည်။
စုန့်ရှောင်ချင်းက “မဟုတ်တာ နင့်မိန်းမ တစ်ယောက်တည်း အဲ့လိုဖြစ်နေတာ နင့်မိန်းမကို ဆုံးမလိုက်ဦး” ဟု လွှဲချလိုက်သည်။
ကျန်းဆူရှင်းက စုန့်ရှောင်ချင်းကို ဖိထားပြီး “လျှောက်မပြောနဲ့တော့” ဟု ဆို၏။
ချန်းချန်း အိပ်နေသဖြင့် သူမတို့နှစ်ယောက်လုံး နိုးသွားမှာ စိုးရိမ်ကြသည်။ ထို့ပြင် လုအန်းကျီ ကြည့်နေသဖြင့် အရမ်းမစနောက်ကြတော့ပေ။
လုအန်းကျီက ချန်းချန်းကို ချီပြီး ကုတင်ပေါ် တင်ပေးလိုက်သည်။ ကျန်းဆူရှင်းက ကလေးအောက်ခံပြား ခင်းပေးပြီး၊ ချန်းချန်း လဲလျောင်းပြီးနောက် စောင်ခြုံပေးလိုက်သည်။
စုန့်ရှောင်ချင်းက “အခုထိ ဒါကို သုံးနေတုန်းပဲလား” ဟု မေးသည်။
ကျန်းဆူရှင်းက “ဒါမသုံးရင် ဘာသုံးရမလဲ သူ သေးပေါက်ရင် စောင်တွေ၊ အိပ်ရာခင်းတွေ၊ မွေ့ရာတွေကိုပါ လိုက်လျှော်နေရမှာပေါ့။ တော်တော် အလုပ်ရှုပ်တာ ငါက နင်တို့လို ပစ္စည်းတစ်ခုခု မကောင်းတော့ရင် အသစ်လဲပစ်တတ်တဲ့ သူဌေးမလေး မဟုတ်ဘူးလေ”
စုန့်ရှောင်ချင်းက စိတ်တိုတိုဖြင့် “နင်က ဒီနေ့ ငါ့ကို ဘာလို့ လိုက်တိုက်ခိုက်နေတာလဲ ငါက တော်တော်လေး ချွေတာတတ်တဲ့သူပါနော်” ဟု ဆိုလိုက်သည်။
ကျန်းဆူရှင်းက “ငါတော့ သတိမထားမိပါဘူး” ဟု ပြန်ပြော၏။
စုန့်ရှောင်ချင်းက နှာမှုတ်လိုက်ပြီး ဘာမှမပြောတော့ပေ။ သူမသည် လျန်ကျယ်အကြောင်းကို ထပ်မတွေးချင်တော့ဘဲ၊ ယခုဆိုလျှင် စိတ်အခြေအနေက တော်တော်လေး ပြန်ကောင်းလာပြီဖြစ်သည်။
သူမ ထရပ်လိုက်ပြီး “ကဲ နေ့လယ်စာလည်း စားပြီးပြီ၊ ချန်းချန်းလည်း အိပ်နေပြီ။ နင်တို့နှစ်ယောက်ပဲ ချန်းချန်းကို စောင့်ရင်း လွတ်လွတ်လပ်လပ် စကားပြောကြတော့။ ငါ သွားတော့မယ်။ ငါ ဒီမှာ ဆက်နေရင် ကျန်းဆူရှင်း နင် ငါ့ကို ဘယ်လို ထပ်နှောက်ယှက်ဦးမလဲ မသိဘူး” ဟု ဆိုလိုက်သည်။
ကျန်းဆူရှင်းက အမြန်တောင်းပန်သည် - “တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ ငါ ထပ်မစတော့ဘူး။ မသွားပါနဲ့ဦး။ ဧည့်ခန်းထဲမှာ ခဏလောက် အိပ်လိုက်ဦးလေ။ မနေ့ညကလည်း နင် ကောင်းကောင်းမအိပ်ရဘူးမလား၊ နေ့ခင်းဘက်ဆိုတော့ ငိုက်တတ်တယ်လေ။ ဘာလို့ လျှောက်သွားနေမှာလဲ”
စုန့်ရှောင်ချင်းက သွားချင်သေးသော်လည်း လုအန်းကျီနှင့် ကျန်းဆူရှင်းတို့က ဝိုင်းဖျောင်းဖျကြသဖြင့် လက်လျှော့လိုက်ပြီး ဧည့်ခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
အိပ်ခန်းထဲတွင် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ နှစ်ယောက်တည်း ကျန်ခဲ့ကာ ချန်းချန်းလေးကို စောင့်ကြည့်နေကြသည်။ သူတို့က ကုတင်တစ်ဖက်တစ်ချက်မှာ ထိုင်နေရင်း အိပ်ချင်စိတ် မရှိသေးသဖြင့် စကားစမြည် ပြောဖြစ်ကြသည်။
ကျန်းဆူရှင်းသည်လည်း သူမဖုန်းထဲတွင် နိုင်ငံတကာဘဏ္ဍာရေး တရုတ်သတင်းစာထုတ်ဝေမှု၏ ‘စာရေးဆရာသူဌေးစာရင်း’ အကြောင်းကို ရှာကြည့်နေသည်။ သူမက ဖုန်းကြည့်ရင်း - “တကယ်ရှိတာပဲ၊ ဘဏ္ဍာရေးရဲ့ နောက်ဆုံးထုတ်မှာ ပါနေတယ်။ ငါတို့ရပ်ကွက်အဝင်က စာအုပ်ဆိုင်မှာ ဒီမဂ္ဂဇင်း ရောင်းတာ မှတ်မိတယ်။ အပြင်သွားရင် တစ်အုပ် ဝယ်လိုက်ဦးမယ်”
လုအန်းကျီက “အဲ့ဒီမဂ္ဂဇင်းကို ဘာလို့ ဝယ်မှာလဲ ခဗျားက ဘဏ္ဍာရေးအကြောင်း လေ့လာတာမှ မဟုတ်တာ။ အလှကြည့်ဖို့ ဝယ်တာလား” ဟု မေးသည်။
ကျန်းဆူရှင်းက ရယ်မောကာ “အမှတ်တရ သိမ်းထားချင်လို့လေ သူတို့ခန့်မှန်းတဲ့ ရှင့်ရဲ့ စာမူခက မမှန်ပေမဲ့၊ ရှင်က နံပါတ် ၃ ချိတ်ထားတာပဲလေ”
လုအန်းကျီက “ဒါဆို ကိုယ်တို့က ဖုန်းမြည်သံဇယားမှာလည်း ထိပ်ဆုံး ၁၀ ယောက်ထဲ ပါနေတာပဲလေ။ အဲ့ဒီစာရင်းကိုပါ ပရင့်ထုတ်ပြီး သိမ်းထားမလား”
ကျန်းဆူရှင်းက “အဲ့ဒါတော့ မလုပ်တော့ပါဘူး။ တရုတ်မိုဘိုင်းလ်ကသာ ဇယားတွေနဲ့ မဂ္ဂဇင်းထုတ်ခဲ့ရင်တော့ ဝယ်ဖြစ်မှာပေါ့”
လုအန်းကျီက “ခဗျား အတွေးတွေလွန်နေပြီနော်” ဟုစနောက်ကျီစယ်ကာ ဆိုလိုက်သည်။ တရုတ်မိုဘိုင်းလ်က အလုပ်အားမှသာ မဂ္ဂဇင်းထုတ်ပါလိမ့်မည်။
“ဟွန့်”
ကျန်းဆူရှင်းက လုအန်းကျီကို မျက်စောင်းထိုးလိုက်သည်။
ကုတင်ပေါ်က ချန်းချန်းလေးက ဟိုဘက်လှည့်လိုက်ရာ သူမ၏ လက်ကလေးခြေကလေးတွေက လုအန်းကျီပေါ် ရောက်လာသည်။ ကလေးလေးက နွေးထွေးပြီး အသားလေးတွေက အိအိလေးမို့ တော်တော်လေး ကိုင်လို့ ကောင်းလှသည်။
လုအန်းကျီက မလှုပ်ဘဲ ချန်းချန်းလေးကို သူ့အပေါ်မှီပြီး အိပ်ပါစေဟု လွှတ်ထားပေးလိုက်သည်။
ကျန်းဆူရှင်းက တိုးတိုးလေး မေးသည် - “ရှင် တခြားလူတွေအတွက် သီချင်းတကယ် မရေးပေးတော့ဘူးလား အခုဆိုရင် ကျွန်မထက် ရှင့်ဆီမှာ သီချင်းလာတောင်းတဲ့သူတွေ ပိုများနေပြီ”
လုအန်းကျီက “မရေးပေးတော့ဘူး။ ကိုယ့်သီချင်းတွေကို တခြားသူတွေဆီ ပေးလိုက်ရတာက နှမြောစရာကြီး။ မင်းပဲ ဆိုပါ။ မင်း အသံသွင်းသွားရင် ငါလည်း မင်းနဲ့အတူ တစ်ပုဒ်နှစ်ပုဒ်လောက် သွင်းမယ်၊ ဒါပေမဲ့ တခြားသူတွေအတွက်တော့ မဆိုပေးဘူး”
“တကယ်ကို ဘဝင်မြင့်တာပဲ”
ကျန်းဆူရှင်းက သူမ၏ နှာခေါင်းလေးကို ရှုံ့လိုက်ရင်း ပြောလိုက်သည်။ လုအန်းကျီတွင် ဤသို့ ဘဝင်မြင့်စရာ အရည်အချင်းရှိမှန်း သူမ သိသော်လည်း မှတ်ချက်လေးတော့ ပေးချင်နေမိသည်။
လုအန်းကျီက “ဘာလဲ၊ မင်းက မဆိုချင်ဘူးလား”
ကျန်းဆူရှင်းက “ဆိုမှာပေါ့! ဘာလို့ မဆိုရမှာလဲ နောက်ရက်ကြရင်ရှင့်ရဲ့ ‘ထောင်စုနှစ်အချစ်’ ကို သွားသွင်းမယ်”
လုအန်းကျီက “အိုကေ၊ ဒါဆိုရင် ကိုယ်လည်း အတူ သီချင်းတစ်ပုဒ် သွင်းမယ်လေ”
ကျန်းဆူရှင်းက မေးသည် - “ဘာသီချင်း သွင်းမှာလဲ ‘ကျွန်တော့်ရဲ့ ကလေးလေး’ လား”
လုအန်းကျီက “မဆုံးဖြတ်ရသေးဘူး၊ အလျင်မလိုပါဘူး၊ အဲ့အချိန်ကျမှ ပြောကြတာပေါ့”
ကျန်းဆူရှင်းက “ဒါနဲ့ မနေ့ညက သီချင်းနှစ်ပုဒ် သင်ပေးမယ်ဆိုပြီး အခုထိ မသင်ပေးရသေးဘူးနော်”
လုအန်းကျီက “ဒါဆို အခု သင်ပေးမယ်လေ”
ကျန်းဆူရှင်းက “ချန်းချန်း အိပ်နေတယ်လေ”
လုအန်းကျီက “တိုးတိုးလေး ဆိုကြတာပေါ့”
ကျန်းဆူရှင်း မငြင်းတော့ပေ။
ထို့ကြောင့် လုအန်းကျီက တိုးညှင်းစွာ စဆိုလိုက်သည် - “ကျွန်တော့်ရဲ့ကလေးလေး”
ဤရိုးရှင်းသော သီချင်းလေးမှာ လုအန်းကျီက တစ်ကြောင်းဆို၊ ကျန်းဆူရှင်းက တစ်ကြောင်းလိုက်ဆိုရန် မလိုပေ။ လုအန်းကျီ စလိုက်သည်နှင့် ကျန်းဆူရှင်းက သံစဉ်ကို ချက်ချင်းလိုက်နိုင်ပြီး သူတို့နှစ်ဦး တိုးတိုးလေး အတူတူ သီဆိုလိုက်ကြသည်။
ဧည့်ခန်းထဲတွင် စုန့်ရှောင်ချင်းသည် ကုတင်ပေါ်မှာ လဲလျောင်းနေရင်း အိပ်ပျော်ခါနီးအချိန်မှာ ဆီးသွားချင်စိတ် ပေါ်လာ၏။ သူမ တော်တော်လေး ပင်ပန်းနေပြီး မထချင်သော်လည်း မတတ်နိုင်ပေ။
သူမ အားယူကာ ထလိုက်ပြီး အိမ်သာသွားရန် ထွက်လာခဲ့သည်။ ထိုစဉ် ဘေးက အိပ်ခန်းထဲမှ သီချင်းဆိုသံ သဲ့သဲ့လေး လွင့်ပျံ့လာသည်ကို ကြားလိုက်ရသည်။
အိပ်ခန်းတံခါးက အနည်းငယ် ဟနေသည်။ စုန့်ရှောင်ချင်း အိပ်ခန်းထဲမှ ထွက်လာစဉ်က တံခါးပိတ်သံက ချန်းချန်းကို နိုးသွားမှာ စိုးသဖြင့် တံခါးကို အနည်းငယ် ဟရုံသာ ထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အထဲမှ တိုးညင်းသော သီချင်းဆိုသံလေးက အပြင်သို့ လွင့်ထွက်လာသည်။ အသံမကျယ်သော်လည်း တံခါးနားမှာ ရပ်နေသော စုန့်ရှောင်ချင်းကတော့ သေချာကြားနေရ၏။
“ဝါး လား လား လား လား ကျွန်မရဲ့ ကလေးလေး၊ အခုအချိန်မှာတော့ ရှင့်အနားမှာ အဖော်ရှိနေပြီ။ အိုက် ယာ ယာ ယာ ယာ ယာ ကျွန်မရဲ့ ကလေးလေး ၊ ရှင်ဟာ အလှဆုံးဆိုတာကို သိပါစေ ”
သီချင်းဆိုသံမှာ တိုးညှင်းပြီး ချိုမြိန်လှသည်။ အထူးသဖြင့် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့၏ အသံများဖြင့် ဆိုထားခြင်းဖြစ်ရာ ပို၍ ရင်ထဲထိပြီး နားထောင်လို့ ကောင်းလှသည်။
“အလို နင်တို့နှစ်ယောက် ငါ့ကွယ်ရာမှာ ခိုးပြီး သီချင်းဆိုနေကြတာပေါ့”
ပြီးတော့ ငါတစ်ခါမှ မကြားဖူးတဲ့ သီချင်းပဲ
တော်တော်လေးလည်း အချိုတွေ စမ်းနေတာပဲ
စုန့်ရှောင်ချင်း သွားကြိတ်လိုက်မိသည်။
ဒီ ‘ကလေးလေး’ ဆိုတဲ့ သီချင်းက သူမအတွက်တော့ အခုအချိန်မှာ အချစ်တွေကို ကြွားဝါပြနေသလို ခံစားရပြီး သွားတွေတောင် ကျိန်းသွားသလိုပင်။
ဒါပေမဲ့ သူမက မရည်ရွယ်ဘဲ ကြားမိတာဖြစ်ရာ ဘာမှတော့ ပြန်မလုပ်နိုင်ပေ။ သူမသည် အိပ်ခန်းဘက်ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး အိမ်သာထဲသို့ ခြေဖျားထောက်ကာ ဝင်သွားတော့သည်။
“ဆိုကြပါ ဆိုကြပါ”
စုန့်ရှောင်ချင်းသည် အိမ်သာထဲတွင် တွေးနေမိသည်။
သူမ ထလိုက်သောအခါ အိမ်သာရေဆွဲသံက “ဝေါကနဲ ” နှင့် ထွက်ပေါ်လာသည်။ အိမ်သာထဲမှ ထွက်လာပြီး အိပ်ခန်းရှေ့က ဖြတ်အသွားတွင် အထဲမှာ တိတ်ဆိတ်နေသည်ကို သတိထားမိသည်။ သွားပြီ ငါ အိမ်သာသွားရင်း ခိုးနားထောင်တာကို သူတို့ သိသွားပြီ ထင်တယ် ဟု တွေးကာ ခြေလှမ်းကို သွက်သွက်လှမ်းလိုက်သည်။
သို့သော် သူမ လှမ်းထွက်သွားသည်နှင့် အထဲမှ သီချင်းသံ ပြန်ထွက်လာပြန်သည် -
“ကျွန်တော့်ရဲ့ ကလေးလေးကို နမ်းပါရစေ၊ တောင်တန်းတွေကို ဖြတ်ကျော်ပြီး ပျောက်ဆုံးနေတဲ့ နေမင်းကြီးကို ရှာချင်တယ်၊ ပျောက်ဆုံးနေတဲ့ လမင်းကြီးကို ရှာချင်တယ်”
စုန့်ရှောင်ချင်း ခြေလှမ်းတွေ ရပ်သွားပြီး အိပ်ခန်းဘက်ကို လှည့်ကြည့်လိုက်မိသည်။
“ဒီနှစ်ယောက် ငါတို့မသိအောင် အချင်းချင်း ချစ်သီချင်းတွေ ဘယ်နှစ်ပုဒ်တောင် ဆိုခဲ့ကြပြီလဲ သူတို့တွေက အမြဲတမ်း ဒီလိုပဲ သီချင်းတွေနဲ့ အချစ်ကို ဖော်ပြနေကြတာလား” ဟု တိတ်ဆိတ်စွာ ရေရွက်မိလိုက်သည်။