ငါ့မှာ အလုပ်တစ်ခုရှိတယ်၊ မင်းယူမလား
Vol. 12 Ch. 119
“စန်းဝေ့ စာအုပ်ဆိုင်ပါ။ ဟိုင်တူးမြို့ရဲ့ ကျုံ့အမ်းလမ်းမှာ ရှိပါတယ်”
လုအန်းကျီက ဆရာ ဝမ်ကျန်းဖင်ကို သူ့ဆိုင်နာမည်နဲ့ တည်နေရာကို ပြောပြလိုက်သည်။
“ကောင်းတယ်၊ နာမည်ကောင်းလေးပဲ”
ကျုံ့ပေါ်က လက်ခုပ်တီးပြီး ချီးကျူးလိုက်သည်။
ဝမ်ကျန်းဖင်က ပြုံးပြီး မေးသည် - “ဘာလို့ ကောင်းတာလဲ”
“အဲ”
ကျုံ့ပေါ် ခဏလောက် ငြိမ်ကျသွားပြီးမှ - “ကောင်းလို့ ကောင်းတာပေါ့၊ ကြားရတာ နားဝင်ချိုတယ်၊ တော်တော်လေး ယဉ်ကျေးမှုရှိတဲ့ ပုံစံမျိုးပဲ” ဟု ဆိုသည်။
ဝမ်ကျန်းဖင်က “မင်းကလည်း ငါ့ကို လန့်အောင်လုပ်လိုက်တာပဲ! မင်းက အဲ့ဒီအဓိပ္ပာယ်ကိုတောင် သိနေပြီလားလို့”
ကျုံ့ပေါ်က တခစ်ခစ် ရယ်ရင်း - “ကျွန်တော်က ဘယ်သိပါ့မလဲခင်ဗျာ၊ ကျွန်တော့်မှာ အဲ့လို အရည်အချင်း ဘယ်ရှိပါ့မလဲ။ ဆရာဝမ်ပဲ ကျွန်တော်တို့ကို ရှင်းပြပေးပါဦး”
မမျှော်လင့်ဘဲ ဝမ်ကျန်းဖင်က ခေါင်းခါယမ်းကာ - “ငါလည်း မသိဘူး” ဟု ပြောလိုက်သည်။
ကျုံ့ပေါ် ခဏမျှ ကြောင်သွားပြီးမှ ပြန်မြှောက်လိုက်သည် - “ပွင့်လင်းလိုက်တာ၊ ဒါမှဆရာဝမ်အစစ်ပဲ”
ဝမ်ကျန်းဖင်က ခေါင်းခါပြီး ရယ်မောလိုက်ကာ ကျုံ့ပေါ်ကို ကြည့်ပြီး ဆွံ့အသွားရသည်။
လုအန်းကျီနှင့် ကျန်းဆူရှင်းတို့လည်း တော်တော်လေး နေရခက်သွားကြသည်။ ဒီလူကတော့ ဖားတဲ့နေရာမှာ တကယ့်ကို အောက်ခြေလွတ်နေပြီး အရှက်အကြောက်လည်း မရှိတော့ပေ။
လုအန်းကျီ ရုတ်တရက် နားလည်သွားသည်မှာ - ဒီလူ ဘာလို့ ထွန်းတောက်လာတဲ့ ကြယ်ပွင့်တစ်ပွင့် ဖြစ်လာလဲဆိုတာ မဆန်းတော့ပါ။
သူ့ရဲ့ အရည်အချင်းနဲ့ ရုပ်ရည်က ဒုတိယပဲ ဖြစ်ပါလိမ့်မည်။ ဒီလို ဖားတတ်တဲ့ အစွမ်းကမှ သူ့ရဲ့ တကယ့် အရည်အချင်း အစစ်အမှန် ဖြစ်ပါလိမ့်မည်။
ဝမ်ကျန်းဖင်က မေးသည် - “အန်းကျီ ငါ့ကို ရှင်းပြပေးပါဦး၊ စန်းဝေ့ စာအုပ်ဆိုင်က ‘စန်းဝေ့’ ဆိုတာ ဘာအဓိပ္ပာယ်လဲ”
လုအန်းကျီက “ဒီ ‘စန်းဝေ့’ အတွက် အတိအကျ သတ်မှတ်ထားတဲ့ အဓိပ္ပာယ်တော့ မရှိပါဘူး။ စုန့်မင်းဆက်တုန်းက ဆိုရိုးတစ်ခုရှိတယ်၊ ‘စာအုပ်တွေရဲ့ အရသာက ခမ်းနားတဲ့ အစားအစာကြီးလိုပဲ၊ သမိုင်းကတော့ ယဇ်ပူဇော်တဲ့ အစားအစာလိုပဲ၊ ဒဿနိကဗေဒကတော့ ချဉ်စပ်ဆော့စ်လိုပဲ’ တဲ့။ နောက်ပြီး ‘သုံးပြည်ထောင်မှတ်တမ်း’ ထဲမှာလည်း ‘ဆောင်းရာသီဟာ တစ်နှစ်တာရဲ့ ပိုလျှံမှု၊ ညဟာ နေ့တစ်နေ့ရဲ့ ပိုလျှံမှု၊ မိုးဟာ အချိန်ရဲ့ ပိုလျှံမှု’ ဆိုတဲ့ ဆိုရိုးရှိပါတယ်။ ဒီနှစ်ခုလုံးနဲ့ ရှင်းပြလို့ ရပါတယ်”
ကျုံ့ပေါ်က ချက်ချင်း ဝင်မြှောက်ပြန်သည် - “ဆရာလုနဲ့ တကယ်တော်ပါပေသည် ၊ ဒီလောက်များတဲ့ အဓိပ္ပာယ်တွေကို တွေးမိတာ။ ဆရာသာ မပြောရင် ကျွန်တော်ကတော့ ဒီ ‘စန်းဝေ့’ ကို အတွင်းစိတ်ထဲက အရသာတစ်ခုခုလို့ပဲ ထင်နေမှာ”
လုအန်းကျီက “မင်းပြောတာလည်း မှန်ပါတယ်၊ ‘အတွင်းစိတ်အရသာ’ ထဲက ‘စန်းဝေ့’ ကိုလည်း ‘စာအုပ်တွေရဲ့ အရသာက အစားအစာကြီးလို၊ သမိုင်းက ယဇ်ပူဇော်စာလို၊ ဒဿနိကက ဆော့စ်လို’ ဆိုတာနဲ့ ရှင်းလို့ရပါတယ်။ ဒါပေမဲ့ နောက်ထပ် ရှင်းပြချက်တစ်ခု ရှိသေးတယ်၊ အဲ့ဒါက ပိုကောင်းမယ်လို့ တို့ထင်တယ်”
“ဘယ်လို ရှင်းပြချက်လဲ”
ဝမ်ကျန်းဖင်နှင့် ကျုံ့ပေါ်တို့ နှစ်ယောက်လုံး မေးလိုက်ကြသည်။
လုအန်းကျီက “ရိုးရှင်းတဲ့ အဝတ်အစားက နွေးထွေးတယ်၊ ဟင်းသီးဟင်းရွက် အမြစ်တွေက မွှေးကြိုင်တယ်၊ ကဗျာနဲ့ စာအုပ်တွေရဲ့ အရသာကတော့ ကြာရှည်ခံတယ်” ဟု ဆိုသည်။
ကျုံ့ပေါ်က ချက်ချင်း ချီးကျူးသည် - “မိုက်တယ်၊ တကယ်မိုက်တယ်၊ ကြားရတာ တော်တော်လေး နက်နဲတယ် ဆရာလုနဲ့ တကယ်တော်ပါပေတယ် ”
ဝမ်ကျန်းဖင်ကတော့ ခေါင်းခါပြီး ရယ်နေတော့သည်။
ကျန်းဆူရှင်း၏ အကြည့်ကတော့ လုအန်းကျီအပေါ်မှာပဲ ကျရောက်နေပြီး သူမမျက်လုံးထဲမှာ လုအန်းကျီကိုပဲ မြင်နေရသည်။ စာအုပ်ဆိုင်လေးတစ်ခုရဲ့ နာမည်မှာ ဒီလောက်အထိ အဓိပ္ပာယ်တွေ အများကြီး ရှိလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။ ချန်းချန်းရဲ့ အဖေကတော့ ဝတ္ထုရေးဆရာဆိုတော့လည်း ဒါတွေအကုန် သိနေတာ မဆန်းပါဘူးလေ။
နေဦး
သူမ ဒီမေးခွန်းကို လုအန်းကျီအား အရင်က မေးခဲ့ဖူးသလိုပဲ
အဲ့တုန်းက သူ ဘယ်လို ပြန်ဖြေခဲ့သလဲ။
သူ ဘာမှမဖြေခဲ့ဘဲ ဝတ်ကျေတမ်းကျေ စကားနဲ့ပဲ လွှဲဖယ်လိုက်ပုံရသည်။
ဒီလူကတော့ တခြားသူတွေကို ရှင်းပြတဲ့အခါကျတော့ ဒီလောက်အထိ တက်တက်ကြွကြွရှိပြီး၊ သူမကျတော့ လျစ်လျူရှုတယ်ပေါ့၊ ဒါက ဘာသဘောလဲ၊ သူမရဲ့ ယဉ်ကျေးမှု အဆင့်အတန်းက နိမ့်လွန်းလို့ သူက ရှင်းမပြချင်တာလား ဆိုပြီး
ကျန်းဆူရှင်း၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ထိုင်းမှိုင်းသွားသော်လည်း၊ သူစိမ်းတွေရှေ့မှာ စိတ်မကောင်းဖြစ်နေတာကို မပြချင်သဖြင့် တစ်ယောက်တည်း စိတ်ကောက်ကာ ထိုင်နေတော့သည်။
ဝမ်ကျန်းဖင်က “ရိုးရှင်းတဲ့ အဝတ်အစားက နွေးထွေးတယ်၊ ဟင်းသီးဟင်းရွက် အမြစ်တွေက မွှေးကြိုင်တယ်၊ ကဗျာနဲ့ စာအုပ်တွေရဲ့ အရသာက ကြာရှည်ခံတယ် အန်းကျီ၊ မင်းက ဒီစကားလုံးတွေနဲ့ မင်းရဲ့ ရည်မှန်းချက်ကို ဖော်ပြနေတာပဲ။ နှမြောစရာပဲ”
“ဘာ နှမြောစရာ ရှိလို့လဲဗျ” ဟု ကျုံ့ပေါ်က ဝေခွဲမရစွာ မေးသည်။
ဝမ်ကျန်းဖင်က သက်ပြင်းချကာ - “ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်က ရှင်းပါတယ်။ ရိုးရှင်းတဲ့ ဘဝလေးမှာပဲ ကျေနပ်နေထိုင်မယ့် သဘောပဲ။ အန်းကျီရဲ့ အခြေအနေကို ကြည့်ပြီး တို့ကတော့ သူသာ ဒီလောကထဲ ခြေစုံပစ်ဝင်လာရင် တော်တော်လေး အောင်မြင်မှာပဲလို့ တွေးပြီး သူ့ကို တိုက်တွန်းမလို့ပါ။ ဒါပေမဲ့ သူ့ရဲ့ ဒီဆောင်ပုဒ်ကို မြင်တော့ ဘာမှမပြောတာပဲ ကောင်းမယ်လို့ ထင်သွားတယ်”
ကျုံ့ပေါ်ကလည်း သက်ပြင်းချသည် - “ကျွန်တော်လည်း ဒါကို ဆရာလုကို အရင်က ပြောဖူးပါတယ်။ အမဖန်းကတောင် ဆရာ့ကို ကျွန်တော်တို့ ကုမ္ပဏီထဲ ဆွဲသွင်းချင်နေတာ၊ ဒါပေမဲ့ ဆရာက ငြင်းလိုက်တယ်လေ”
လုအန်းကျီက “ကျွန်တော် အခုလို နေရတာ အဆင်ပြေပါတယ်။ အစားအသောက် အဝတ်အစားအတွက်လည်း မပူရဘူး၊ သီချင်းထုတ်ချင်တဲ့အခါ ထုတ်မယ်၊ သွားချင်တဲ့နေရာ သွားမယ်။ တကယ်လို့ အမဖန်းသာ ကျွန်တော့်ကို ဆွဲသွင်းလိုက်ရင် ကျွန်တော် တစ်နေကုန် အလုပ်ရှုပ်နေမှာ၊ အပြင်ထွက်ရင်လည်း မျက်မှန်တွေ နှာခေါင်းစည်းတွေ တပ်နေရဦးမယ်။ ကျွန်တော် အဲ့ဒီလို ဘဝမျိုးနဲ့ မနေတတ်ဘူး”
ဝမ်ကျန်းဖင်က လုအန်းကျီရဲ့ စကားတွေကို ဆောင်ပုဒ်တစ်ခုလို နားလည်သွားသဖြင့် သူလည်း ထပ်ပြီး ရှင်းမပြတော့ပေ။
တကယ်တော့ ထိုစကားလုံးများသည် သူ့အရင်ဘဝက ‘စန်းဝေ့ စာအုပ်ဆိုင်’ ရဲ့ တရားဝင် ရှင်းလင်းချက်သာ ဖြစ်ပြီး အရင်ဘဝက လက်ဆောင်တွေအနေဖြင့် သူ့ခေါင်းထဲ ရောက်လာခြင်းဖြစ်သည်။
သို့သော်လည်း “ရိုးရှင်းတဲ့ အဝတ်အစားက နွေးထွေးတယ်၊ ဟင်းသီးဟင်းရွက် အမြစ်တွေက မွှေးကြိုင်တယ်၊ ကဗျာနဲ့ စာအုပ်တွေရဲ့ အရသာက ကြာရှည်ခံတယ်” ဆိုသည့် စကားမှာ လုအန်းကျီ၏ လက်ရှိ စိတ်နေစိတ်ထားနှင့် ကွက်တိပင် ဖြစ်သည်။ ဒါကို ဆောင်ပုဒ်အဖြစ် သုံးစွဲခြင်းကလည်း မဆိုးလှပေ။
ဝမ်ကျန်းဖင်က “လူတိုင်းမှာ ကိုယ်စီ ရည်မှန်းချက် ရှိကြတာပဲလေ၊ ဇွတ်လုပ်လို့ မရပါဘူး” ဟု ဆိုသည်။
ကျုံ့ပေါ်က “အဓိကကတော့ ဆရာလုက အရမ်းတော်လို့ပါ။ ကျွန်တော့်အဆင့်နဲ့သာ ဆရာလုလို နောက်ကွယ်မှာပဲ နေမယ်ဆိုရင်တော့ ငတ်သေမှာ သေချာတယ်။ အရည်အချင်း မရှိတော့လည်း အဆိုတော်အဖြစ်ပဲ ပွဲထွက်ရတော့တာပေါ့” ဟု ပြောသည်။
ဒီလူကတော့ လူကို မြှောက်ပင့်တဲ့နေရာမှာ တကယ့်ကို အကန့်အသတ် မရှိတော့ဘဲ၊ လုအန်းကျီရဲ့ နားလည်နိုင်စွမ်းကို အကြိမ်ကြိမ် ချိုးဖျက်နေတော့သည်။
လုအန်းကျီက မတတ်နိုင်တော့ဘဲ - “အဲ့လိုလည်း မပြောပါနဲ့၊ ခဗျားလည်း တော်တော်လေး တော်ပါတယ်” ဟု ဆိုလိုက်သည်။
ကျုံ့ပေါ် ချက်ချင်း မျက်နှာပွင့်သွားပြီး ရယ်မောကာ - “ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာလု။ ဆရာက အဲ့လိုပြောလိုက်တော့ ကျွန်တော် လေထဲ လွင့်နေသလို ခံစားရတယ်”
လုအန်းကျီ ပြောစရာ စကားပျောက်သွားစကားပျောက်သွား၏။
ကျုံ့ပေါ်ရဲ့ မြှောက်ပင့်သံတွေ အဆုံးမရှိမှာ စိုးသဖြင့် သူ ဘာမှ ထပ်မပြောတော့ဖို့ ဆုံးဖြတ်လိုက်သည်။
ဝမ်ကျန်းဖင်က “နောက်ကွယ်မှာ နေတာလည်း ကောင်းပါတယ်။ ငါ့လိုပဲလေ၊ လွတ်လွတ်လပ်လပ်ပဲ။ ပိုက်ဆံလိုရင် တခြားသူတွေအတွက် သီချင်းရေးပေးပြီး ရှာမယ်၊ ပုံမှန်ဆိုရင်တော့ စားမယ် သောက်မယ် ပျော်ပျော်နေမယ်။ အဲ့ဒါက ဘယ်အရာနဲ့မှ မလဲနိုင်ဘူးလေ ”
ကျုံ့ပေါ်က “ဟုတ်ပါတယ်၊ မှန်ပါတယ်။ ဆရာဝမ်ကလည်း ဆရာလုလိုပဲ ပါရမီရှင်ကြီးပါပဲ” ဟု ဆိုသည်။
“ကဲပါ၊ တော်ပါတော့၊ မြှောက်မနေနဲ့တော့၊ မင်းကတော့ တစ်နေကုန် ဒီလိုတွေပဲ ပြောနေတာပဲ”
ဝမ်ကျန်းဖင်က လက်ကာပြကာ ကျုံ့ပေါ်ကို ဟန့်လိုက်ပြီးမှ လုအန်းကျီဘက် လှည့်ကာ - “နောက်ကွယ်က အလုပ်အကြောင်း ပြောရရင်၊ တို့ဆီမှာ မကြာသေးခင်က အလုပ်တစ်ခု ရောက်လာတယ်။ ဒါပေမဲ့ တို့နဲ့ သိပ်မကိုက်ဘူးလို့ ခံစားရလို့။ စိတ်ကူးလည်း သိပ်မထွက်တာနဲ့ အချိန်တွေ တော်တော် ကြာသွားပြီ”
“သူတို့က တို့ကို အမြဲတမ်း လာပူဆာနေကြတာ၊ တခြားသူကို အကြံပေးဖို့လည်း ပြောနေကြတယ်။ ဘယ်လိုလဲ စိတ်ဝင်စားလား”
လုအန်းကျီက ပြုံးပြီး - “ဆရာဝမ် ဆရာ့ရဲ့ စကားလမ်းကြောင်းပြောင်းတာက နည်းနည်း သိသာလွန်းနေပြီနော်။ ကျွန်တော့်ကို ဒီမှာ စောင့်နေတာလား” ဟု မေးလိုက်သည်။
ဝမ်ကျန်းဖင်ကတော့ တစ်စက်ကလေးမှ ရှက်ပုံမရဘဲ ရယ်မောကာ - “တို့အကြံကို မင်း ရိပ်မိသွားတာပဲ။ ဘယ်လိုလဲ စဉ်းစားကြည့်ချင်လား”
လုအန်းကျီက ခေါင်းခါပြီး - “မလုပ်တော့ပါဘူး။ ဆရာဝမ်တောင် ရေးမထွက်ဘူးဆိုရင် လိုအပ်ချက်က တော်တော် မြင့်မှာပဲ။ ကျွန်တော့်မှာ အဲ့ဒီလောက် အရည်အချင်း မရှိပါဘူးဗျာ”
ဝမ်ကျန်းဖင်က “လိုအပ်ချက်က မမြင့်ပါဘူး၊ အလုပ်ပမာဏက များတာပါ။ ဒါက သိုင်းကားတစ်ခုအတွက်ပါ။ ဇာတ်ဝင်သီချင်း၊ နောက်ခံတေးဂီတ အကုန်လုံးကို ငါ့ကို အပ်ထားတာ”
“ဒါရိုက်တာကလည်း ငါ့ရဲ့ အသိမို့လို့ သူက ငါ့ကိုပဲ ဇွတ်အပ်နေတာ။ ဒါပေမဲ့ ငါကလည်း အိုပြီလေ၊ ဦးနှောက်က အရင်လို မသွက်တော့ဘူး၊ စိတ်ကူးတွေကလည်း အလွယ်တကူ မပေါ်တော့ ဘာမှ ရေးမထွက်ဘူး။ ဒီအလုပ်ကို လုံးဝငြင်းပစ်ဖို့ကျတော့လည်း အဆင်မပြေဘူး၊ အဲ့ဒါကြောင့် မင်း လုပ်နိုင်မလားလို့ မေးကြည့်တာပါ”
ကျုံ့ပေါ်ကတော့ တစ်ခုခုကို တွေးမိပုံရပြီး မျက်လုံးတွေ တောက်ပလာသည်။
လုအန်းကျီကတော့ မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားပြီးမှ - “ကျွန်တော် လက်ခံမယ်ဆိုရင်တော့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီအလုပ်ကို ယူမယ်ဆိုရင် သီချင်းတွေကို ဘယ်သူဆိုမလဲဆိုတာကအစ အကုန်လုံးကို ကျွန်တော်ပဲ ဆုံးဖြတ်ခွင့် ရရမယ်”
“တကယ်လို့ ကျွန်တော်ကိုယ်တိုင် ဆိုမယ်ဆိုရင်တောင် လူလုံးမပြဘဲ နောက်ကွယ်ကနေပဲ ဆိုမှာကို သူတို့ သဘောတူရမယ်။ ဆရာဝမ် ဆရာ့အသိ ဒါရိုက်တာကို အဲ့ဒါ သဘောတူနိုင်မလားလို့ မေးပေးပါဦး”
ကျုံ့ပေါ်၏ မျက်နှာရိပ်မျက်နှာကဲ အနည်းငယ် ပြောင်းလဲသွားသည်။
ဝမ်ကျန်းဖင်က “ကောင်းပြီ၊ ဒါဆို ခဏစောင့်ဦး၊ ငါ သူ့ကို အခုပဲ မေးလိုက်မယ်” ဟု ပြောသည်။