← Chapters

အရှက်ရနေသော ဘုရင်လေး

Vol. 12 Ch. 120

အရှက်ရနေသော ဘုရင်လေး

Vol. 12 Ch. 120

ဝမ်ကျန်းဖင်သည် သူ့အသိဆီသို့ ဖုန်းဆက်လိုက်သည်။

ဝမ်ကျန်းဖင် ဖုန်းပြောနေစဉ် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့သည် အိမ်သာသို့ သွားကြသည်။

ပြီးခဲ့သည့်တစ်ခေါက်ကလည်း သူတို့သည် အိမ်သာသွားရင်း စကားပြောခဲ့ကြဖူးသဖြင့် ယခုလည်း လမ်းလျှောက်ရင်း စကားပြောဖြစ်ကြပြန်သည်။

ကျန်းဆူရှင်းက စိတ်ဆိုးချင်ယောင်ဆောင်ကာ “ရှင် တခြားသူတွေအတွက် သီချင်းမရေးပေးတော့ဘူးဆို အခုကျတော့ ဘာလို့ ကျွန်မကိုမ‌မေးဘဲ ဒီအလုပ်ကို လက်ခံလိုက်တာလဲ” ဟု မေးလိုက်သည်။

အမှန်တော့ သူမ တကယ်စိတ်ဆိုးနေခြင်း မဟုတ်ဘဲ အကြောင်းရှာကာ စလိုက်ခြင်းသာ ဖြစ်သည်။

လုအန်းကျီကလည်း ကျန်းဆူရှင်း တကယ်စိတ်မဆိုးမှန်း သိသဖြင့် ပြုံးလျက် - “ကိုယ် ဒီအလုပ်ကို ယူတယ်ဆိုရင်တောင် ကိုယ်ကိုယ်တိုင် ဆိုလို့ရတာပဲလေ၊ တခြားသူကို ပေးရမယ်လို့ မဆိုလိုပါဘူး။ ကိုယ် ဆရာဝမ်ကျန်းဖင်ကို ပြောခဲ့တဲ့ အချက်ကို သူတို့ သဘောတူမှ ကိုယ် ဒီအလုပ်ကို လက်ခံမှာပါ” ဟု ရှင်းပြသည်။

သူက အလေးအနက် ပြန်ဖြေလိုက်သဖြင့် ကျန်းဆူရှင်းမှာ သူမ၏ “အကျိုးအကြောင်းမရှိ ဂျီကျမှု” အတွက် အရှက်ရသွားသည်။ သူမ ခဏမျှ စဉ်းစားပြီးမှ အလေးအနက် ပြန်ပြောသည် - “တကယ်တော့ ရှင့်မှာရှိတဲ့ သီချင်းတိုင်းကို သိမ်းထားဖို့ မလိုပါဘူး။ တကယ်လို့ ရှင့်သီချင်းက ကျွန်မဆိုဖို့ မသင့်တော်ဘူးဆိုရင် တခြားသူကို ပေးဆိုလိုက်လည်း ရပါတယ်။ မဟုတ်ရင် အလကားဖြစ်သွားမှာ နှမြောစရာကြီး”

သူမ ခေတ္တရပ်ကာ ဆက်ပြောသည် - “ဒါပေမဲ့ ရှင်က ဒီလောကထဲမှာ အလုပ်မလုပ်ချင်လို့ တခြားသူကို မပေးချင်တာ၊ ဒီလိုအလုပ်တွေ မလုပ်ချင်တာဆိုရင်တော့ အတင်းမလုပ်ပါနဲ့။ ရှင် ပျော်သလိုပဲ နေပါ”

လုအန်းကျီက သူ့ရဲ့ အဓိကအလုပ်က ဝတ္ထုရေးတာလို့ ပြောခဲ့ဖူးသဖြင့် သူ့ကို သီချင်းရေးဖို့ အတင်းအကျပ် မတိုက်တွန်းချင်ပေ။

ချန်းချန်းရဲ့ အဖေက သီချင်းရေးတဲ့နေရာမှာ ပါရမီရှိတာ မှန်ပေမဲ့၊ သူက ဘက်စုံတော်တဲ့အပြင် ပိုက်ဆံလည်း မရှားတော့ ဘာလို့ အပင်ပန်းခံနေမှာလဲဟု ကျန်းဆူရှင်းက တွေးမိလိုက်သည်။

လုအန်းကျီက ခေါင်းညိတ်ပြီး “စိတ်မပူပါနဲ့၊ ကိုယ့်မှာ အစီအစဉ် ရှိပါတယ်။ အခြေအနေပေါ် မူတည်ပြီး လုပ်မှာပါ၊ ဒါပေမဲ့ အဓိကကတော့ ကိုယ့်ရဲ့ လက်ရာတွေကို ကိုယ်ကိုယ်တိုင် ထိန်းချုပ်နိုင်ဖို့ပဲ” ဟု ဆိုသည်။

သူသည် အရင်ဘဝက အကောင်းဆုံး လက်ရာတွေကို ပြန်လည် ကူးယူနေခြင်းဖြစ်သဖြင့် ပို၍ပင် ဂရုစိုက်ရမည်ဟု သူသိသည်။

ထိုအရာများသည် သူ့မှတ်ဉာဏ်ထဲက တန်ဖိုးအရှိဆုံး အရာများဖြစ်ရာ တခြားသူတွေ ဖျက်ဆီးပစ်တာကို သူ ဘယ်လိုမှ ခွင့်မပြုနိုင်ပေ။

‘ပန်းပင်လယ်’၊ ‘နှစ်တစ်ထောင်ကြာပြီးနောက်’ နှင့် ‘ခရစ်တော်မပေါ်မီက အချစ်’ သီချင်းတွေကို ကျုံ့ပေါ် ကို ပေးခဲ့ခြင်းမှာ ပထမအချက်အနေဖြင့် ကျုံ့ပေါ် ၏ အသံက သင့်တော်သောကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ကျုံ့ပေါ် က ပွင့်လင်းကာ သီဆိုခွင့်ကိုသာ ဝယ်ယူခြင်းဖြစ်ပြီး မူပိုင်ခွင့်ကို မဝယ်ခြင်းကြောင့် ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလက်ရာတွေ ထိခိုက်မှာ မဟုတ်ပေ။

ကျန်းဆူရှင်းက “အင်း ကောင်းပြီလေ။ ဒါဆို ရှင့်ဘာသာပဲ ဆုံးဖြတ်တော့” ဟု ဆိုသည်။

လုအန်းကျီက “ကိုယ့်သဘောတစ်ခုတည်းနဲ့တော့ မရဘူး၊ ဆရာဝမ်ရဲ့ အသိကလည်း သဘောတူရဦးမယ်။ သူ တောင်းဆိုချက်ကို လက်ခံမလားဆိုတာ မသေချာသေးဘူး” ဟု ဆိုသည်။

စကားပြောနေရင်း သူတို့နှစ်ဦး အိမ်သာရှေ့ ရောက်သွားကြသည်။

ခဏအကြာတွင် လုအန်းကျီ အပြင်ထွက်လာရာ ကျန်းဆူရှင်းက သူ့ထက်အရင် ရောက်နေပြီး လက်ဆေးကန်နားမှာ စောင့်နေသည်ကို တွေ့လိုက်ရသည်။

လုအန်းကျီ လက်ဆေးပြီးနောက် လှည့်ကြည့်လိုက်ရာ ကျန်းဆူရှင်း၏ မျက်နှာက မကျေမနပ် ဖြစ်နေသည်ကို သတိထားမိသည်။

“ဘာဖြစ်လို့လဲ”

လုအန်းကျီ မေးလိုက်သည်။

သူ အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။ ဝမ်ယွမ် ပါဗီလီယံ က ထွက်လာတုန်းက ကျန်းဆူရှင်း စိတ်ထဲ တစ်မျိုးဖြစ်နေသလို ထင်ရသော်လည်း လမ်းမှာ စကားပြောတော့ စိတ်ကြည်သွားပုံရသည်။ အခုမှ ဘာလို့ ပြန်ပြီး စိတ်ကောက်နေရတာလဲ။

သူမရဲ့ ဓမ္မတာလာချိန် မို့လို့လား။

သူက ကျန်းဆူရှင်း ရှက်မှာစိုးသဖြင့် မမေးရဲပေ။

“ဘာမှမဖြစ်ပါဘူး၊ ပြန်ရအောင်”

ကျန်းဆူရှင်းသည် နောက်ဆုံးတော့ ပေါက်ကွဲမထွက်ခဲ့ပေ။ သို့သော် ဝမ်ယွမ် ပါဗီလီယံသို့ ပြန်သည့်လမ်းတွင်တော့ တိတ်ဆိတ်နေသည်။

လုအန်းကျီကတော့ စိုးရိမ်တကြီးဖြင့် ဘေးက လိုက်လာသည်။ သူ ကျန်းဆူရှင်းကို ဒီလိုပုံစံမျိုး တစ်ခါမှ မမြင်ဖူးသဖြင့် မိန်းကလေးတွေက တကယ်ကို စိတ်ပြောင်းလွယ်တာပဲ ဟု တွေးမိသည်။

ဝမ်ယွမ် ပါဗီလီယံနား ရောက်ခါနီးတွင် ကျန်းဆူရှင်းက မအောင့်နိုင်တော့ဘဲ ရပ်လိုက်သည်။

လုအန်းကျီလည်း ချက်ချင်းရပ်လိုက်ရာ ကျန်းဆူရှင်းက လှည့်ကြည့်ပြီး မေးသည် - “အရင်က တို့ ရှင့်ကို ရှင့်ဆိုင်နာမည် ‘စန်းဝေ့ စာအုပ်ဆိုင်’ ရဲ့ အဓိပ္ပာယ်ကို မေးတုန်းက ရှင် တို့ကို မပြောပြခဲ့ဘူးနော်။ အခု ဆရာဝမ် မေးတော့ကျတော့ ရှင်က အကုန်ရှင်းပြတယ်၊ တို့မေးတုန်းကကျ ဘာလို့ ဘာမှမပြောတာလဲ”

လုအန်းကျီ၏ မျက်နှာမှာ ဖြူလျော့သွားပြီး အသည်းအသန် ပြန်စဉ်းစားလိုက်သည်။ ခဏအကြာတွင် သူ အမြန်ပြောလိုက်သည် “မင်း အဲ့တုန်းက အဓိပ္ပာယ်ကို မမေးခဲ့ပါဘူး၊ ဆိုင်နာမည်က ကောင်းလား မကောင်းလားပဲ မေးခဲ့တာလေ”

ကျန်းဆူရှင်း ခဏမျှ ကြောင်သွားပြီး “ဟုတ်လို့လား” ဟု ပြန်မေး၏။

လုအန်းကျီက အားတက်သရော ခေါင်းညိတ်ပြသည် - “ဟုတ်ပါတယ်၊ တကယ် အဲ့လိုပဲ မေးခဲ့တာ”

ကျန်းဆူရှင်း ချက်ချင်းပင် အရှက်ရသွားပြီး လုအန်းကျီကို မကြည့်ရဲတော့ဘဲ

“ဒါဆို တို့ ရှင့်ကို မှားပြီး စွပ်စွဲမိတာပေါ့”

ဟု ပြောကာ တံခါးဖွင့်ပြီး အခန်းထဲ ဝင်သွားတော့သည်။

လုအန်းကျီက ကျန်းဆူရှင်း၏ ကျောပြင်ကို ကြည့်ကာ မပြုံးဘဲ မနေနိုင်ပေ။ ကျန်းဆူရှင်း အရှက်ရနေသည့် ပုံစံလေးက တော်တော်လေး ချစ်ဖို့ကောင်းနေသည်ဟု သူ ခံစားလိုက်ရသည်။

သူတို့နှစ်ဦး အထဲဝင်ပြီး ထိုင်လိုက်သောအခါ ဝမ်ကျန်းဖင်က ဖုန်းပြောပြီးသွားပြီ ဖြစ်သည်။ “ရောက်လာကြပြီလား၊ ငါ မေးကြည့်ပြီးပြီ၊ သူ သဘောတူတယ်။ လက်ရာက ကောင်းပြီး သူ့ဇာတ်လမ်းနဲ့ ကိုက်ညီမယ်ဆိုရင် သီချင်းပိုင်းကို ခဗျားသဘောအတိုင်း လုပ်လို့ရတယ်တဲ့”

လုအန်းကျီက “သူက အဲ့ဒီလောက်အထိ အခွင့်အရေး ပေးတာလား” ဟု မေးသည်။

သူ သိသလောက်တော့ ဇာတ်လမ်းတစ်ခုမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ ဒါရိုက်တာ သို့မဟုတ် ထုတ်လုပ်သူတွေက ဇာတ်လမ်းအပေါ် ထိန်းချုပ်ချင်စိတ် အရမ်းပြင်းပြတတ်ကြသည်။

ဝမ်ကျန်းဖင်က “အဲ့ဒီလူက အမြဲတမ်း အဲ့လိုပဲ။ သူက အခွင့်အရေး ပေးတယ်လို့ ပြောပေမဲ့ အမှန်တော့ မဟုတ်ဘူး။ ခဗျားလုပ်တဲ့အရာက သူ့ကို စိတ်ကျေနပ်စေရမယ်၊ နောက်ဆုံး ဆုံးဖြတ်ချက်က သူ့လက်ထဲမှာပဲ ရှိတာ။ အဲ့ဒီလူကို စိတ်ကျေနပ်အောင် လုပ်ဖို့ တော်တော် ခက်တဲ့သူပဲ၊ မဟုတ်ရင်”

လုအန်းကျီက “မဟုတ်ရင် ဘာဖြစ်လဲ”

ဝမ်ကျန်းဖင်က အနည်းငယ် နေရခက်စွာ ပြုံးပြီး အမြန်ပြောသည် - “မဟုတ်ရင် စိတ်ကူးတွေ ခန်းခြောက်သွားအောင်အထိ ပြောပါလိမ့်မယ်”

သူက အမြန် ဆက်ပြောသည် - “ဒါနဲ့ ငါ မေးဖို့ မေ့နေတာ၊ ခဗျားအနေနဲ့ သိုင်းကားပုံစံ တူရိယာသီးသန့် တေးဂီတ မျိုးကို ဖန်တီးနိုင်မလား၊ အဲ့ဒီလူကြီးက သိုင်းလောက အငွေ့အသက်အပြည့်ပါတဲ့ ဂန္ထဝင် သိုင်းကား နောက်ခံတေးမျိုး လိုချင်နေတာ၊ အဲ့ဒါက တော်တော် ခက်ခဲတယ်။ တကယ်လို့ ခဗျား မလုပ်နိုင်ဘူးဆိုရင် တခြားတစ်ယောက်ကို ရှာကြည့်ပေးမယ်”

လုအန်းကျီက “လိုအပ်ချက်က ဒီလောက်မြင့်နေမှတော့ ဈေးနှုန်းကကော ဘယ်လိုလဲ”

ဝမ်ကျန်းဖင်က “စိတ်မပူပါနဲ့၊ ထိပ်တန်းဈေး ရမှာပါ။ ငါကတော့ အဲ့ဒီလူကြီးကို ပြောထားပြီးသား၊ ရှင်က ဇယားတွေကို စိုးမိုးထားတဲ့ ‘ဖုန်းမြည်သံ ဘုရင်’၊ ထိပ်တန်း ဖန်တီးရှင်တစ်ယောက်ပဲ၊ ဈေးနည်းနည်းပေးရင် ခဗျားကို စော်ကားသလို ဖြစ်မှာပေါ့လို့”

လုအန်းကျီက ပြုံးပြီး “ဖုန်းမြည်သံ ဘုရင်က ဘယ်လိုလုပ် ထိပ်တန်း ဖန်တီးရှင် ဖြစ်မှာလဲ၊ အခု အွန်လိုင်းမှာ ကျွန်တော့်ကို လှောင်နေကြတဲ့သူတွေ အများကြီးပဲလေ”

ဝမ်ကျန်းဖင်က “အဲ့ဒါက အပြင်လူတွေ နားမလည်လို့ပါ။ စိတ်မပူပါနဲ့၊ အဲ့ဒီလူကြီးကလည်း အပြင်လူပဲ ဆိုပေမဲ့ အနည်းဆုံးတော့ ငါ့စကားကို နားထောင်ပါတယ်။ ဒါနဲ့ ခဗျား လုပ်နိုင်မလား၊ နောက်ခံတေးအတွက် တခြားလူ ရှာပေးဖို့ လိုမလား”

လုအန်းကျီက “ကျွန်တော် အရင် ကြိုးစားကြည့်ပါ့မယ်”

“ကောင်းတယ်၊ မိုက်လိုက်တာ၊ ဆရာလုနဲ့ တကယ်မိုက်တယ်၊ ယုံကြည်ချက် အပြည့်ပဲ”

ကျုံ့ပေါ်က လက်ခုပ်တီးပြီး အော်လိုက်သည်။

လုအန်းကျီမှာ ကျုံ့ပေါ် ၏ အလွန်အကျွံ မြှောက်ပင့်သံတွေကို နားမထောင်နိုင်တော့သဖြင့် မကြားချင်ယောင်ဆောင်ကာ - “ကျွန်တော့်ကို အခု ပြောပြလို့ ရမလား၊ ဆရာ့အသိက ဘယ်သူလဲ၊ ပြီးတော့ သူက ဘယ်သိုင်းကားကို ရိုက်ကူးနေတာလဲ” ဟု မေးလိုက်သည်။

ဝမ်ကျန်းဖင်က “ဂုရုယုံ အကြောင်း ကြားဖူးတယ်မလား?ကြားဖူးတယ်မလာ၊ သူက အရင်က သိုင်းကားတွေပဲ အဓိကရိုက်တဲ့ ဒါရိုက်တာလေ၊ နောက်ပိုင်းကျတော့ ထုတ်လုပ်သူအဖြစ် ပြောင်းသွားတာ၊ အခုထိ သိုင်းကားတွေကိုပဲ ဇောက်ချလုပ်နေတာ”

ကျုံ့ပေါ်ကတော့ ဒါကို ကြိုသိနေပုံရပြီး ဘာမှ အံ့သြပုံမပြပေ။

လုအန်းကျီကတော့ ဒီကမ္ဘာက ရုပ်သံအစီအစဉ်တွေကို သိပ်စိတ်မဝင်စားသဖြင့် သိပ်မသိပေ။

ကျန်းဆူရှင်းကတော့ အံ့သြသွားပြီး မျက်လုံးလေးတွေ ဝိုင်းသွားသည်။ သို့သော် သူမသည် လုအန်းကျီဘက်မှာ ငြိမ်ငြိမ်လေးထိုင်နေပြီး ဘာမှတော့ ဝင်မပြောပေ။

ထိုအခါ ကျုံ့ပေါ် က ထပ်ပြီး မြှောက်ပြန်သည် - “ဂုရုယုံ နာမည်ကို ကြားတာတောင် မျက်တောင်တစ်ချက် မခတ်တဲ့ ဆရာလုအန်းကျီကတော့ တကယ့်ကို ဆရာကြီးရဲ့ အရှိန်အဝါ ရှိနေတာပဲ”

လုအန်းကျီ စကားလုံးများ ပါးစပ်ထဲ၌ပျောက်ဆုံး‌သွားတော့သည်။

All Chapters