ငါ့ကိုယ်စား နင့်ခင်ပွန်းကို တောင်းပန်ပေးပါ
Vol. 12 Ch. 112
စုန့်ရှောင်ချင်း၏ မျက်နှာ ဖြူလျော်သွားသည် - “ဒုက္ခပါပဲ ငါ့မိဘတွေနဲ့ ဖုန်းပြောတုန်းက ဒေါသထွက်တာပဲ အာရုံရောက်နေလို့ ဒါကို လုံးဝမေ့သွားတယ်”
သူမသည် ဖုန်းကို အမြန်ထုတ်ကာ နံပါတ်တစ်ခုနှိပ်ပြီး နားမှာကပ်လိုက်သည်။ ခဏအကြာတွင် ဖုန်းဝင်သွားပြီး “မေမေ...” ဟု ခေါ်လိုက်သည်။
သူမ “မေမေ” ဟု ခေါ်လိုက်ရုံရှိသေး၊ တစ်ဖက်မှ သူမမိခင်၏ အသံက အလျင်အမြန် ထွက်ပေါ်လာသည် - “ဘာဖြစ်လို့လဲ ရှောင်ချင်း ချိန်းပြီးပြီလား သူ့ကို ထပ်တွေ့ချင်လို့လား”
စုန့်ရှောင်ချင်းက ကမန်းကတန်းပြောလိုက်သည် - “ချိန်းပြီးပြီ။ မနက်ဖြန် တွေ့မှာ။ ဒါပေမဲ့ အဲ့ဒါကို အခုခဏထားဦး။ သမီးရဲ့ သီချင်းအကြောင်း မေးချင်လို့။ မေမေနဲ့ ဖေဖေ တခြားဘယ်သူ့ကိုမှ မပြောရသေးဘူးမလား”
ဖုန်းထဲမှ အသံက ပြန်ဖြေသည် - “အဖွားရယ်၊ ဦးလေးရယ်၊ ဒေါ်ဒေါ်တွေကိုပဲ ပြောပြလိုက်တာပါ။ တခြားဘယ်သူ့မှ မပြောပါဘူး”
စုန့်ရှောင်ချင်း - “...”
ဖုန်းထဲမှ အသံက မေးသည် - “ဘာဖြစ်လို့လဲ”
စုန့်ရှောင်ချင်း - “ဘာမှမဟုတ်ပါဘူး... ဖုန်းချလိုက်ပြီနော်...”
ဖုန်းထဲမှ အသံက “အနားယူဦး။ မနက်ဖြန် သူ့ကိုတွေ့ဖို့ သဘောတူထားပြီးမှတော့ သေချာသွားတွေ့ပါ။ ဟန်ပြပဲ မလုပ်နဲ့ဦး။ မဟုတ်ရင်လည်း မတွေ့နဲ့တော့” ဟု မှာကြားလိုက်သည်။
စုန့်ရှောင်ချင်း - “...”
ဖုန်းချပြီးနောက် စုန့်ရှောင်ချင်းသည် တစ်ကိုယ်လုံး တောင့်တင်းကာ ထိုင်နေမိသည်။ သူမ၏ ဘဝမှာ အလွန်ပင် မျှော်လင့်ချက်မဲ့နေသလို ခံစားလိုက်ရသည်။
ကျန်းဆူရှင်းလည်း ဘာပြောရမှန်းမသိသဖြင့် သက်ပြင်းသာချလိုက်ပြီး ဆိုဖာပေါ်မှထကာ “နင် ခဏထိုင်နေဦး။ ငါ သစ်သီးသွားလှီးပေးမယ်” ဟု ဆိုသည်။
ထိုညက ကျန်းဆူရှင်းသည် စုန့်ရှောင်ချင်းကို အိမ်ပြန်မလွှတ်တော့ဘဲ သူမအိမ်မှာပင် အိပ်ခိုင်းလိုက်သည်။
စုန့်ရှောင်ချင်း၏ စိတ်လေနေသည့် အခြေအနေအရ သူမကို တစ်ယောက်တည်း ကားမောင်းပြန်ခိုင်းရန် ကျန်းဆူရှင်း စိတ်မချနိုင်ပါ။
တကယ်တော့ အမျိုးတွေ သိသွားတာက ကိစ္စကြီးမဟုတ်သော်လည်း စုန့်ရှောင်ချင်းက ‘ကြောင်လေးလို ကတာသင်ယူမယ်’ သီချင်းကို အထင်မကြီးသည့်အပြင် သူမ၏ သိက္ခာကို အလွန်တန်ဖိုးထားသူဖြစ်သည်။ သူမအတွက်တော့ ဒီကိစ္စက နောင်တွင် အမျိုးတွေရှေ့ ဘယ်လိုမျက်နှာပြရမလဲဆိုသည့်အထိ အလွန်အရေးကြီးသော ကိစ္စဖြစ်နေသည်။
ကျန်းဆူရှင်းအိမ်တွင် တစ်ညအိပ်ပြီးနောက် နောက်တစ်နေ့ နိုးလာသောအခါ စုန့်ရှောင်ချင်း၏ အခြေအနေက အနည်းငယ် ပြန်ကောင်းလာသည်။
မွန်းတည့်ခါနီးတွင် သူမသည် ကျန်းဆူရှင်းအိမ်မှ ထွက်လာပြီး လွန်ခဲ့သည့်တစ်ခေါက် လျန်ကျယ်နှင့် တွေ့ဆုံခဲ့သည့် စားသောက်ဆိုင်သို့ တန်းသွားလိုက်သည်။
လျန်ကျယ်က အလွန်တက်ကြွနေသည်။ သူသည် စားသောက်ဆိုင်တွင် သပ်ရပ်လှပသော ဝတ်စုံဖြင့် ကြိုရောက်နေသည်။ စုန့်ရှောင်ချင်း ဝင်လာသောအခါ သူက ယဉ်ကျေးစွာဖြင့် ထိုင်ခုံကို ဆွဲထုတ်ပေးသည်။
စုန့်ရှောင်ချင်းက ထိုင်ခုံနောက်ကျောကို အမြန်လှမ်းကိုင်လိုက်ပြီး “ရပါတယ်၊ ကျွန်မဘာသာပဲ လုပ်ပါ့မယ်” ဟု ဆိုကာ ကိုယ်တိုင်ဆွဲထုတ် ထိုင်လိုက်သည်။
သူမထိုင်ပြီးနောက် လျန်ကျယ်က စားပွဲထိုးကို ခေါ်ကာ စုန့်ရှောင်ချင်းကို မှာခိုင်းသည်။ စုန့်ရှောင်ချင်းက “ကျွန်မ မမှာတတ်ဘူး။ ရှင်ပဲ မှာလိုက်ပါ။ ရိုးရိုးရှင်းရှင်း တစ်ခုခုဆို ရပါပြီ” ဟု ပြောသော်လည်း လျန်ကျယ်က အလွန် ခမ်းနားသော နေ့လယ်စာကို မှာလိုက်သည်။
ထို့နောက် လျန်ကျယ်က စကားစသည် - “အန်တီပြောတာတော့ မင်းက စာဖတ်တာနဲ့ ဂီတကို ဝါသနာပါတာပဲ။ ဂီတပိုင်းကတော့ ကျွန်တော် သိပါတယ်။ မင်းရဲ့သီချင်းက ဖုန်းမြည်သံဇယားမှာ ထိပ်ဆုံးကရှိနေပြီး တခြားသီချင်းသုံးပုဒ်ကလည်း ထိပ်တန်းနှစ်ဆယ်ထဲမှာ ပါနေတာပဲ။ တကယ့်ကို အံ့သြဖို့ကောင်းပါတယ်”
စုန့်ရှောင်ချင်း သည်းမခံနိုင်တော့ဘဲ ‘ကြောင်လေးလို ကတာ သင်ယူမယ်’ ကိစ္စကို ချက်ချင်း ရှင်းပြချင်လာသည်။ ရှေ့ကလူကို သူမ ဒီသီချင်းကို မုန်းကြောင်းနှင့် သူ့ဘာသာ လျှောက်မတွေးဖို့ ပြောချင်နေ၏။
သို့သော် သူမ စကားမပြောရသေးမီ လျန်ကျယ်က ဆက်ပြောသည် - “မင်း စာဖတ်ဝါသနာပါတာကိုတော့ အရင်က မသိခဲ့ဘူး။ အန်တီပြောပြမှ မင်းက ဒိုရာဘီဒရင်ရဲ့ ဝတ္ထုတွေကို အရမ်းကြိုက်တယ်ဆိုတာ သိရတာ...”
စုန့်ရှောင်ချင်း၏ နှုတ်ခမ်းဖျားမှ စကားလုံးများမှာ ရုတ်တရက် ပြန်ဝင်သွားသည်။
လျန်ကျယ်က ဆက်ပြောသည် - “မစ္စစုန့်... မင်းက ဒိုရာဘီဒရင်ရဲ့ ဝတ္ထုတွေကို ကြိုက်တယ်ဆိုမှတော့ ‘နဂါးမျိုးနွယ်’ကိုလည်း ဖတ်ပြီးပြီမလား အမှန်အတိုင်းပြောရရင် ကျွန်တော့်ကုမ္ပဏီရဲ့ ပရောဂျက်အသစ်က ‘နဂါးမျိုးနွယ်’ ကို ပစ်မှတ်ထားနေတာပါ”
စုန့်ရှောင်ချင်း၏ မျက်ခွံလေးများ လှုပ်သွားသည်။ ရှေ့ကလူက သူမကို လိုက်နေတာလား၊ ဒါမှမဟုတ် ကျန်းဆူရှင်းရဲ့ ခင်ပွန်းနောက်ကို လိုက်နေတာလားဟု သူမ ခံစားလိုက်ရသည်။
သီချင်းကနေ ဝတ္ထုအထိ၊ ဒီလူက ဘာလို့ လုအန်းကျီရဲ့ လက်ရာတွေကိုပဲ ပစ်မှတ်ထားနေရတာလဲ။
လျန်ကျယ်က ဆက်ပြောနေသည် - “ ‘နဂါးမျိုးနွယ်’ က တကယ့်ကို ကောင်းမွန်တဲ့ ဝတ္ထုပါ။ ဇာတ်လမ်းသွားက အရည်အသွေးမြင့်သလို၊ နောက်ခံသမိုင်းကလည်း ကြွယ်ဝတယ်၊ ဂိမ်းအဖြစ် ပြောင်းလဲဖို့အတွက်လည်း အလားအလာ အများကြီးရှိတယ်။ ပိုအရေးကြီးတာက လူကြိုက်အရမ်းများတာပဲ”
“ကျွန်တော့်အဖွဲ့က ‘နဂါးမျိုးနွယ်’ ရဲ့ ဈေးကွက်အလားအလာကို အသေအချာ လေ့လာထားပြီးပြီ။ အခုလည်း စာရေးဆရာ ဒိုရာဘီဒရင်နဲ့ ဂိမ်းမူပိုင်ခွင့်ဝယ်ဖို့ ဆက်သွယ်နေပါတယ်။ ဒါကို ရအောင်ယူမယ်လို့ ကျွန်တော် ဆုံးဖြတ်ထားတယ်”
“အဲ့ဒီတော့ ဘာဖြစ်လဲ”
စုန့်ရှောင်ချင်းက မေးလိုက်သည်။
လျန်ကျယ်က “ကျွန်တော်တို့ ‘နဂါးမျိုးနွယ်’ ရဲ့ ဂိမ်းမူပိုင်ခွင့်ကို ရပြီဆိုရင် ဒိုရာဘီဒရင်နဲ့ တွေ့ရဖို့ ရှိတယ်။ မင်း ဒိုရာဘီဒရင်ရဲ့ လက်မှတ် လိုချင်လား အခွင့်အရေးရရင် ကျွန်တော် တစ်ခု တောင်းပေးမယ်လေ”
စုန့်ရှောင်ချင်းက “မလိုပါဘူး”
လျန်ကျယ်က “ရပါတယ်။ ကြုံတုန်းတောင်းပေးမှာပါ၊ ကိစ္စမရှိပါဘူး”
စုန့်ရှောင်ချင်းက “တကယ် မလိုပါဘူး”
လျန်ကျယ်က “တကယ် အဆင်ပြေပါတယ်၊ ဒါဆိုရင်”
“မလိုပါဘူးလို့ ပြောနေတယ်လေ”
စုန့်ရှောင်ချင်း ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ သို့သော် လျန်ကျယ်၏ မျက်နှာကို ထောက်ထားသောအားဖြင့် အသံကိုတော့ အနည်းငယ် ထိန်းထားသဖြင့် တခြားစားပွဲကလူများ သတိမထားမိကြပေ။
လျန်ကျယ် ခဏမျှ ကြောင်သွားပြီး စကားလုံးများ လည်ချောင်းထဲမှာ တစ်သွားသည်။
စုန့်ရှောင်ချင်းက “ပထမဆုံးအနေနဲ့၊ ကျွန်မ ‘နဂါးမျိုးနွယ်’ ကို မကြိုက်ဘူး။ အရင်က ‘ဝူခုန်းအတ္ထုပ္ပတ္တိ’ ကိုပဲ ကြိုက်ခဲ့တာ၊ အခုတော့ အဲ့ဒီခံစားချက်ကလည်း ပျောက်သွားပြီ။ ပြီးတော့ ကျွန်မဆီမှာ ဒိုရာဘီဒရင်ရဲ့ ‘ဝူခုန်းအတ္ထုပ္ပတ္တိ’ ပေါ်က လက်မှတ်လည်း ရှိပြီးသားမို့ ရှင့်ကို အလုပ်မရှုပ်စေချင်တော့ဘူး။”
“ဒုတိယအချက်၊ ‘ကြောင်လေးလို ကတာ သင်ယူမယ်’ ကိစ္စ။ ကျွန်မ ဒီသီချင်းကို တကယ်မကြိုက်ဘူး။ သီချင်းစာသားရော ဂီတပိုင်းမှာရော ဘာမှထူးခြားတာ မရှိပါဘူး။ ကျွန်မ ဆိုဖြစ်သွားတာကလည်း အဲ့ဒီသီချင်းရဲ့ သာမန်အရည်အသွေးကြောင့်ပဲ။ ကျွန်မရဲ့ အဆင့်အတန်းက မြင့်မားတဲ့ သီချင်းတွေကို ဆိုဖို့ မထိုက်တန်သေးလို့ စိတ်မကောင်းပါဘူး။”
“ဒီသီချင်းက ဖုန်းမြည်သံဇယားမှာ ထိပ်ဆုံးရောက်သွားလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။ သိသာရင် လုံးဝဆိုမှာ မဟုတ်ဘူး။ ဒါကြောင့် ရှင်က အဲ့အကြောင်းကို ခဏခဏ လာပြောနေတာက ကျွန်မအတွက် တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။”
“တခြားကိစ္စတွေလည်း ကျွန်မ ထပ်မပြောချင်တော့ဘူး။ မစ္စတာလျန်... ကျွန်မပြောတာကို ရှင် နားလည်မယ်လို့ မျှော်လင့်ပါတယ်...”
လျန်ကျယ်သည် အချိန်အတော်ကြာ ကြောင်နေပြီးမှ ခေါင်းကို အသက်မဲ့စွာ ညိတ်ပြပြီး “ကောင်းပါပြီ၊ ကျွန်တော် နားလည်ပါပြီ” ဟု ဆို၏။
ထို့နောက်တွင် သူသည် ဝမ်းနည်းအားငယ်စွာဖြင့် ငြိမ်သက်သွားသည်။ အစားအသောက်များ ရောက်လာသောအခါတွင်လည်း တစ်လုတ်နှစ်လုတ်သာ စားပြီး စားချင်စိတ် ပျောက်ဆုံးသွားပုံရ ပေသည်။
စုန့်ရှောင်ချင်းလည်း ဟန်ပြအနေဖြင့် နည်းနည်းစားပြလိုက်သည်။ ကြားထဲတွင် သူမသည် အိမ်သာသွားမည်ဟု ဆင်ခြေပေးကာ ကောင်တာ တွင် ပိုက်ဆံကြိုရှင်းလိုက်၏။ ထို့ကြောင့် ထမင်းစားပြီးချိန်တွင် လျန်ကျယ်က ပိုက်ဆံရှင်းရန် ကြိုးစားသော်လည်း ရှင်းပြီးသားဖြစ်နေသဖြင့် သူ ထပ်မံ အံ့အားသင့်သွားရပြန်သည်။
ဆိုင်ထဲမှ ထွက်လာသောအခါ သူတို့နှစ်ဦး လမ်းခွဲလိုက်ကြသည်။
စုန့်ရှောင်ချင်းသည် လျန်ကျယ်၏ အားငယ်သွားသော ပုံစံကို ပြန်မြင်ယောင်မိကာ ရုတ်တရက် အားနာစိတ် ဖြစ်ပေါ်လာမိသည်။
သို့သော်လည်း ဤသို့ ပြတ်ပြတ်သားသား လုပ်လိုက်ခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု သူမ ခံစားလိုက်ရသည်။ မဟုတ်ရင် လျန်ကျယ်ကို အထင်မှားစေပြီး သူက အချိန်ကုန်၊ လူပင်ပန်း ဖြစ်နေရလျှင် ပို၍ အပြစ်ကြီး ပေလိမ့်မည်။
သူမ ကျန်းဆူရှင်းထံ ဖုန်းဆက်လိုက်သည်။
“ဘယ်လိုလဲ၊ အားလုံး ရှင်းအောင် ပြောပြလိုက်ပြီလား”
ဖုန်းကိုင်လိုက်သည်နှင့် ကျန်းဆူရှင်းက မေးသည်။
“ရှင်းသွားပြီ”
သူမ ပြန်ဖြေလိုက်ပြီးမှ “ဆူရှင်း... ငါ့ကိုယ်စား နင့်ယောင်္ကျား ကို တောင်းပန်ပေးပါဦး။ ငါ သူ့ရဲ့ စီးပွားရေးတစ်ခုကို ဖျက်ဆီးလိုက်မိသလိုပဲ” ဟု ဆက်ပြောသည်။
ကျန်းဆူရှင်းက နားမလည်သဖြင့် “ဘာဖြစ်လို့လဲ” ဟု မေးသည်။
စုန့်ရှောင်ချင်းက “ဝတ္ထုရဲ့ ဂိမ်းမူပိုင်ခွင့် ကိစ္စလေ။ လျန်ကျယ်က ဂိမ်းကုမ္ပဏီတစ်ခု ထောင်ထားပြီး နင့်ယောင်္ကျားရဲ့ ဝတ္ထုကို ဝယ်ချင်နေတာ။ ဒါပေမဲ့ ငါ သူ့ကို တော်တော်ပြင်းပြင်းထန်ထန် ပြောလိုက်မိတယ်၊ သူ ဆက်ဝယ်ဦးမလားတော့ မသိဘူး”
ကျန်းဆူရှင်းက အံ့သြတကြီးဖြင့် “နင် သူက စာရေးဆရာမှန်း သိနေတာလား”
စုန့်ရှောင်ချင်း သက်ပြင်းချလိုက်ကာ “ဒါက သိသာလွန်းနေတာပဲလေ။ ငါသာ မသိရင် လူအပဲ ဖြစ်မှာပေါ့” ဟု ဆိုလိုက်သည်။
“ကောင်းပါပြီ”
ကျန်းဆူရှင်းက အနည်းငယ် ရှက်ကိုးရှက်ကန်း ရယ်လိုက်ပြီး “နင် ငါ့အိမ်ကို ထပ်လာဦးမလား” ဟု မေးသည်။
စုန့်ရှောင်ချင်းက “အေး၊ ခဏနေရင် လာခဲ့မယ်” ဟု ပြန်ဖြေသည်။
သူမသည် ကျူးယွမ် ရပ်ကွက်သို့ ကားမောင်းလာခဲ့သည်။ ကျန်းဆူရှင်းအိမ်သို့ ရောက်၍ တံခါးဖွင့်လိုက်သည်နှင့် ကျန်းဆူရှင်းက “ကိစ္စမရှိပါဘူး။ ငါ အခုပဲ လုအန်းကျီနဲ့ စကားပြောပြီးပြီ။ သူကတော့ အဲ့ဒီဂိမ်းကုမ္ပဏီက အစီအစဉ် မဖျက်တဲ့အပြင် မူလက ပေးထားတဲ့ မူပိုင်ခွင့်ကြေး ၁၀ သန်းကို ၁၁ သန်းအထိ တိုးတောင်း လိုက်မယ်လို့ ပြောတယ်...” ဟု ပြောလိုက်သည်။
စုန့်ရှောင်ချင်း ဘာပြောရမှန်းမသိဖြစ်သွား၏။