← Chapters

ရင်သပ်ရှုမောဖွယ် အလှတရား

Vol. 10 Ch. 91

ရင်သပ်ရှုမောဖွယ် အလှတရား

Vol. 10 Ch. 91

အပြည်ပြည်ဆိုင်ရာ ရှိုပင်ပီယာနိုပြိုင်ပွဲသည် ကမ္ဘာ့ဂုဏ်သိက္ခာအရှိဆုံး ပြိုင်ပွဲတစ်ခုဖြစ်ပြီး စတင် ကျင်းပချိန်မှစ၍ မျိုးဆက်အလိုက် ပီယာနို ပညာရှင်များ၏ တိုးတက်မှုနှင့် ဒဏ္ဍာရီဆန်သော ခရီးစဉ်များကို သက်သေထူခဲ့သည်။ ဤပြိုင်ပွဲတွင် "အထူးဆု" တစ်ခုမှာ မကြာခဏဆိုသလို လစ်လပ်နေလေ့ ရှိသော်လည်း ထိုဆုကို ဆွတ်ခူးနိုင်ခဲ့သော ပီယာနို ပညာရှင်တိုင်းသည် သမိုင်းတွင် မှတ်တမ်း တင်ရလောက်သည့် ဒဏ္ဍာရီများ ဖြစ်လာကြစမြဲပင်ဖြစ်သည်။

ပြိုင်ပွဲတစ်ခုစီတွင် ဒိုင်လူကြီး ၅ ဦးက ပြိုင်ပွဲဝင်များ၏ တီးခတ်မှုကို အကဲဖြတ်ပြီး ဆုများကို ဆုံးဖြတ်ကြသည်။ အထူးဆုကိုတော့ ဒိုင်လူကြီး ၅ ဦးစလုံးက ထိုပြိုင်ပွဲဝင်၏ ဖျော်ဖြေမှုသည် ထိုက်တန်လှသည်ဟု တစ်ခဲနက် သဘောတူညီမှသာ ချီးမြှင့်ခြင်း ဖြစ်သည်။ အမှန်တကယ်တော့ နောက်ဆုံးအကြိမ် အထူးဆု ချီးမြှင့်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ရှိုပင်ပီယာနိုပြိုင်ပွဲတွင် ပဏာမအဆင့် (၃) ဆင့်နှင့် နောက်ဆုံးဗိုလ်လုပွဲ (၁) ဆင့် ပါဝင်သည်။ ပထမအဆင့်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ပြိုင်ပွဲဝင် ၃၆ ဦး ပါဝင်ယှဉ်ပြိုင်ရသည်။ ပထမအဆင့်အတွက် သတ်မှတ်ထားသော တေးပုဒ် ၂၀ ထဲမှ မဲနှိုက်ရွေးချယ်ထားသည့် တေးပုဒ်များကို တီးခတ်ကြရခြင်း ဖြစ်သည်။

တေးပုဒ်အားလုံးကို ခက်ခဲမှု အဆင့်အလိုက် A မှ E အထိ သတ်မှတ်ထားပြီး ပထမအဆင့်တွင် ၃၆ ဦးမှ ၂၀ ဦးအထိ စစ်ထုတ်မည်ဖြစ်သည်။ လူအများစုကတော့ ပဏာမ အဆင့်များတွင် အမှားနည်းရန်အတွက် 'ဘေးကင်းသော ကစားကွက်' ကိုသာ ရွေးချယ်လိုကြသည်။ B, C သို့မဟုတ် D အဆင့်ရှိသော တေးပုဒ်များကို မဲနှိုက်ရရှိခြင်းက အမှားနည်းစေသဖြင့် ပိုကောင်းသည်ဟု ယူဆကြသည်။ E အဆင့် (အမြင့်ဆုံး) တေးပုဒ်ဖြင့် နောက်တစ်ဆင့် တက်ရန်မှာ မဖြစ်နိုင်သည် မဟုတ်သော်လည်း အခွင့်အလမ်းမှာ အလွန် နည်းပါးလှသည်။

ထို့ကြောင့် ပြိုင်ပွဲဝင် အားလုံးမှာ အလွန်မခက်ခဲဘဲ သင့်တင့်သော တေးပုဒ်များကို မဲနှိုက်ရရှိရန် ဆုတောင်းနေကြသည်။

ပြိုင်ပွဲတရားဝင် မစတင်မီ တန်ယန်နှင့် အခြား ပြိုင်ပွဲဝင်များသည် စင်နောက်ဘက်တွင် ပဏာမ အဆင့်အတွက် တေးပုဒ်များကို မဲနှိုက်ခဲ့ကြသည်။ အားလုံးနှိုက်ပြီးမှ တန်ယန်က ရှေ့သို့တက်ခဲ့သည်။

B-03။

တန်ယန်သည် သူမလက်ထဲရှိ တေးပုဒ်နံပါတ်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည်။ ဤတေးပုဒ်၏ လေဟာနယ်ကဲ့သို့ လွင့်မြောနေသော တေးသံကို သူမ နှစ်သက်သဖြင့် အကြိမ်ပေါင်းများစွာ တီးခတ်ခဲ့ဖူးသည်။ သူမကိုယ်တိုင် ဖန်တီးခဲ့သည့် "လမင်းကန်သာ" တေးပုဒ်သည်လည်း ဤကဲ့သို့သော အရည်အသွေးမျိုးရှိပြီး နားဆင်သူများ၏စိတ်ကို တည်ငြိမ်အေးချမ်းစေသည်။

မဲနှိုက်ပြီး နောက်တွင်တော့ အချို့က ရယ်မောနေကြပြီး အချို့မှာတော့ ငိုချင်စိတ် ပေါက်နေကြသည်။ HO နိုင်ငံမှ အမျိုးသမီးပြိုင်ပွဲဝင် တစ်ဦးမှာတော့ အလွန်မကျေမနပ် ဖြစ်နေပုံရပြီး တိုးတိုးလေး ကျိန်ဆဲနေလေသည်၊ ကြည့်ရတာ သူမ A အဆင့် (အလွန် လွယ်ကူလွန်းသဖြင့် အမှတ်ရရန်ခက်သော) တေးပုဒ်ကို နှိုက်မိပုံရသည်။

တန်ယန်၏ ပြိုင်ပွဲဝင်နံပါတ်မှာ ၃၆ ဖြစ်ပြီး သူမအနေဖြင့် ကံကောင်းသည်လား၊ မကောင်းဘူးလား ဆိုတာကိုတော့ မသိပေ။ အကြောင်းမှာ ပွဲပိတ်ဖျော်ဖြေမှုသည် ဒိုင်လူကြီးများနှင့် ပရိသတ်များ၏ စိတ်ထဲတွင် အမြဲစွဲကျန် နေတတ်သောကြောင့် ဖြစ်သည်။

နံနက်ပိုင်းတွင် သူမယှဉ်ပြိုင်ရန် မရှိသေးသဖြင့် ဆရာဖြစ်သူနှင့်အတူ ပရိသတ်ကြားတွင် ထိုင်ကာ ပြိုင်ပွဲကို ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ မွန်းလွဲပိုင်းတွင် ယှဉ်ပြိုင်ရမည့် အခြားပြိုင်ပွဲဝင်များလည်း ထိုနည်းတူပင် စဉ်းစားကြပုံရပြီး စင်နောက်မှထွက်ကာ ပရိသတ် ထိုင်ခုံများတွင် နေရာယူကြသည်။ အမှန်ပင်ဖြစ်သည်၊ 'ရန်သူ့အကြောင်း သိထားခြင်းက တိုက်ပွဲ၏တစ်ဝက်ကို အောင်နိုင်ခြင်း' မဟုတ်ပါလား။

နံနက်ခင်း ပြိုင်ပွဲချိန် သုံးနာရီသည် နံပါတ် ၁ မှ ၁၈ အထိ ပြိုင်ပွဲဝင်များ၏ တီးခတ်မှုများနှင့်အတူ ပြီးဆုံးသွားခဲ့သည်။ မွန်းလွဲပိုင်း ပြိုင်ပွဲကိုတော့ နေ့လယ် ၂ နာရီတွင် ပြန်လည်စတင်ရန် သတ်မှတ်ထားသည်။

ထိုအချိန်တွင် တရုတ်နိုင်ငံ အတွင်းရှိ အနုပညာနှင့် အားကစားအသိုင်းအဝိုင်းမှ လူအများအပြားသည်လည်း ဤနိုင်ငံတကာ ပြိုင်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ပြိုင်ပွဲဝင် စာရင်းတွင် မိမိတို့နိုင်ငံမှ ပြိုင်ပွဲဝင် ပါဝင်နေသည်ကို မြင်ရခြင်းက ပိုမိုအာရုံစိုက်မှုကို ရရှိစေခဲ့သည်။

ယှဉ်ပြိုင်ရမည့် အစဉ်လိုက်ကို တေးပုဒ်မဲမနှိုက်မီ ကတည်းက ကြေညာထားခဲ့ရာ တရုတ်ပြိုင်ပွဲဝင် တန်ယန်သည် ပွဲပိတ် ဖျော်ဖြေသူအဖြစ် ယှဉ်ပြိုင်ရမည် ဖြစ်သဖြင့် အားလုံးက သူမအတွက် ကံကောင်းသည်ဟု ယူဆခဲ့ကြသည်။ အချို့လူများက တန်ယန့်အကြောင်းကို အွန်လိုင်းတွင် ရှာဖွေကြည့်ကြရာ သူမသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ကျင်းပခဲ့သော 'တရုတ်လူငယ် ပီယာနိုပြိုင်ပွဲ' တွင် ပထမဆု ရရှိကာ လူထုရှေ့မှောက်သို့ စတင်ရောက်ရှိလာသူဖြစ်ကြောင်း သိရှိခဲ့ကြသည်။

ထို့နောက်တွင်တော့ သူမသည် နာမည်ကြီးအဆိုတော် ယွမ်ရှီးအတွက် ပီယာနို တေးသွားတစ်ပုဒ် ရေးသားပေးခဲ့ပြီး ထိုတေးပုဒ်ပါဝင်သော သီချင်းမှာ ထွက်ရှိသည့် လအတွင်း တရုတ်နိုင်ငံ၏ ဂီတဇယား အသီးသီးတွင် ထိပ်ဆုံးမှ နေရာယူနိုင်ခဲ့သည်။

တန်ယန်သည် လွန်ခဲ့သော နှစ်လ၊ သုံးလ အတွင်းမှာပင် ဖော်လိုဝါ သုံးသန်းနီးပါး ရရှိထားပြီး တရုတ်နိုင်ငံ၏ ကျော်ကြားလှသော ပီယာနိုဆရာကြီး ယွီချန်းနျန်၏ တပည့်လည်း ဖြစ်လာခဲ့သည်။ ဆရာကြီး ယွီချန်းနျန်ကိုယ်တိုင် သူမနှင့်အတူ ဤပြိုင်ပွဲသို့ လိုက်ပါလာခြင်းမှာ သူ၏ တပည့်ငယ်လေး ဆုရရှိလိမ့်မည်ဟု အပြည့်အဝ ယုံကြည်မှု ရှိနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

မွန်းလွဲပိုင်းပြိုင်ပွဲကို သတ်မှတ်ချိန်အတိုင်း စတင်ခဲ့သည်။ အချိန်ကွာခြားချက်ကြောင့် တရုတ်နိုင်ငံတွင် ည ၉ နာရီဝန်းကျင် ရှိနေပြီဖြစ်သည်။

နံပါတ် ၁၉ မှ ၃၅ အထိ ပြိုင်ပွဲဝင်များ တီးခတ်ပြီးဆုံးသွားပြီးနောက်တွင်တော့ မီးခိုးရောင်သန်းသော ခရမ်းရောင် ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားသည့် တန်ယန်သည် ကျော့ရှင်းစွာ စင်ပေါ်သို့ တက်လာခဲ့သည်။ လေပြည်အေးတွင် ယိမ်းနွဲ့နေသော အိုင်းရစ်ပန်းလေးတစ်ပွင့်ကဲ့သို့ သူမသည် ဆွဲဆောင်မှုအပြည့် ရှိနေသည်။

ထိုအခိုက်အတန့်တွင် အောက်ရှိ ပရိသတ်အားလုံးမှာ တစ်ပြိုင်နက်တည်း အသက်ရှူ အောင့်ထားမိကြသည်။ စင်ပေါ်ရှိ မိန်းကလေးမှာ မှင်တက်စရာ ကောင်းလောက်အောင် လှပလွန်းလှသည်။

စင်ပေါ်မှ ပီယာနိုတေးသံများ ထွက်ပေါ်လာချိန်မှသာ ပရိသတ်များမှာ အသက်ကို ဝဝရှူလိုက်ကြပြီး စိတ်ဝင်တစား နားထောင်မိကြတော့သည်။

'ဒီမိန်းကလေးတီးတာ တကယ်ကောင်းတာပဲ' ဤသည်မှာ လူတိုင်း၏ တညီတညွတ်တည်း ထွက်ပေါ်လာသော အမြင်ဖြစ်သည်။ ဘာကြောင့် အဲ့လောက် ကောင်းနေရတာလဲ ဆိုသည်ကို တိတိကျကျ ပြောရန်ခက်သော်လည်း သူမ၏တီးခတ်မှုတွင် ဆွဲဆောင်နိုင်သော မှော်ဆန်သည့် အစွမ်းတစ်ခု ရှိနေသကဲ့သို့ပင် ဖြစ်နေသည်။

တေးသံပြီးဆုံးသွားသည်နှင့် ပရိသတ် တစ်ဦးမကျန် ထိုင်ရာမှထကာ အားပေးလက်ခုပ်သံများ ဟိန်းထွက်လာသည်။ တန်ယန်သည် ကျေးဇူးတင်စကားဆိုရန် ဦးညွှတ်လိုက်ပြီး သူမစတင် ရောက်ရှိလာစဉ်က ကဲ့သို့ပင် စင်နောက်ဘက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့သည်။

ဤအချိန်တွင် စင်နောက်ဘက်ရှိ အခြားပြိုင်ပွဲဝင်များမှာ သူမဝင်လာသည်ကို မြင်သောအခါ ခေတ္တခဏမျှ တိတ်ဆိတ်သွားကြပြီးမှ ပုံမှန်အတိုင်း ပြန်လည် စကားပြောဆိုလာကြသည်။

'ဒါဟာ တကယ့်ကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ပဲ' ထိုအတွေးမှာ လူတိုင်း၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ဝင်ရောက်သွားခဲ့ပါသည်။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် ပဏာမအဆင့်မှ အောင်မြင်သွားသူများ၏ စာရင်း ထွက်ပေါ်လာသည်။ နောက်တစ်ဆင့် မတက်နိုင်ခဲ့သည့် ပြိုင်ပွဲဝင် ၁၆ ဦးမှာ မျက်ရည်များဖြင့်သာ ထွက်ခွာသွားကြရရှာသည်။ အောင်မြင်သွားသည့် ပြိုင်ပွဲဝင် ၂၀ ဦးထဲတွင်တော့ တန်ယန့်အမည်မှာ ထိပ်ဆုံးတွင် ထင်ရှားစွာ ပါရှိနေသည်။ သူမသည် အခက်အခဲအဆင့် 'B' ရှိသော တေးပုဒ်ကိုသာ တီးခတ်ခဲ့သော်လည်း အမှတ်အများဆုံး ရရှိခဲ့ခြင်းဖြစ်သည်။

ဒုတိယနေရာတွင် ရှိနေသူမှာ E နိုင်ငံမှ ရွှေအိုရောင်ဆံပင်နှင့် ပြာလဲ့သော မျက်ဝန်းများရှိသည့် ချောမောသော အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် အဆင့်သတ်မှတ်ချက်ကို မြင်သောအခါ ပြင်းပြသော ယှဉ်ပြိုင်လိုစိတ်တို့ မျက်ဝန်းထဲတွင် တောက်ပလာပြီး တန်ယန့်ကို စူးစိုက်ကြည့်ကာ -

"မင်းတကယ် တော်ပါတယ်။ နောက်တစ်ကြိမ်ကျရင် ငါမင်းကို သေချာပေါက် အနိုင်ယူပြမယ်"

"ကြည့်ကြသေးတာပေါ့" တန်ယန်က ပြုံးလျက် ပြန်ပြောလိုက်သည်။ သူမသည် ဤကဲ့သို့ ပွင့်လင်းမြင်သာစွာ ယှဉ်ပြိုင်လိုသူမျိုးကို သဘောကျသည်။ HO နိုင်ငံမှ ကောင်လေးကဲ့သို့ သူမကို မှောင်မှောင်မှိုင်းမှိုင်း အကြည့်ဖြင့် အကြာကြီး စိုက်ကြည့်နေပြီး၊ သူမ လှည့်ကြည့်လိုက်သည့် အခါမှ 'ဆွဲဆောင်မှုရှိသည်' ဟု သူကိုယ်တိုင်ထင်နေသော အပြုံးမျိုး ချက်ချင်းပြောင်းပြတတ်သူ မျိုးကိုတော့ သူမ သဘောမကျပေ။

ဒုတိယအဆင့်အတွက် အစဉ်လိုက်နှင့် တေးပုဒ်များကို မဲနှိုက်ပြီးနောက် လူစုခွဲခဲ့ကြသည်။

တန်ယန်သည် သူမ၏ဆရာ ယွီချန်းနျန်နှင့် ဆရာကြီးဘီလ်တို့ အငြင်းပွားနေကြသည်ကို တွေ့လိုက်ရသဖြင့် ခေါင်းပင်ကိုက်သွားရသည်။ သူတို့နှစ်ဦး ရန်ဖြစ်နေသည်မှာ မူလတန်း ကျောင်းသားလေးနှစ်ယောက်အတိုင်းပင်။

ယွီချန်းနျန်: "ငါ့တပည့်က ရုပ်လည်းလှ၊ အရည်အချင်းလည်း ထူးချွန်တာဆိုတော့ မင်းမနာလို ဖြစ်နေတာ မဟုတ်လား"

ဆရာကြီးဘီလ်: "သူက မင်းတပည့် ဖြစ်နေရင်တောင် ဝိုင်အယ်လ်နိုင်ငံမှာနေပြီး ငါ့ဆီမှာ ပညာသင်လို့ ရတာပဲ ဒါဆိုရင်လည်း သူက မင်းတပည့်ပဲ ဖြစ်နေမှာပဲလေ"

ယွီချန်းနျန်: "အိပ်မက်မက်မနေနဲ့၊ ငါ့တပည့်ကို ငါကိုယ်တိုင် သင်ပေးလို့ ရပါလျက်နဲ့ ဘာလို့မင်းဆီ ပို့ရမှာလဲ"

ဆရာကြီးဘီလ်: "မင်းတို့နိုင်ငံမှာ အဆိုရှိတယ် မဟုတ်လား... တခြားသူတွေရဲ့ အားသာချက်တွေကို သင်ယူရမယ် ဆိုတာလေ ငါက အဲ့ဒီအားသာချက် မဟုတ်ဘူးလား"

ယွီချန်းနျန်: "အဲ့ဒါက 'အနှစ်သာရကိုယူပြီး အကာကို ပယ်ရမယ်' လို့ ပြောတာကွ မင်းစကားတောင် ပီအောင် မပြောနိုင်ဘဲနဲ့ ငါ့တပည့်ကို သင်ပေးချင်နေသေးတယ်၊ မင်းက အကာ (အမှိုက်) သက်သက်ပဲ"

ဆရာကြီးဘီလ်: "ငါမင်းနဲ့ စကားမပြောချင်တော့ဘူး တန်ယန်သာ သဘောတူရင်ရပြီ မင်း တခြားသူရဲ့ ရွေးချယ်ပိုင်ခွင့်ကို ကန့်သတ်လို့ မရဘူး"

......

"ဆရာ... သမီး ခေါင်းနည်းနည်း မူးလာသလိုပဲ ဟိုတယ်ပြန်ပြီး နားကြရအောင်နော်"

တန်ယန်သည် သူတို့နှစ်ဦး၏ ငြင်းခုံမှုကို ဆက်လက် နားမထောင်နိုင်တော့သဖြင့် နေမကောင်း ဟန်ဆောင်ကာ ယွီချန်းနျန်ကို စစ်တလင်းမှ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။

ထင်ထားသည့် အတိုင်းပင်၊ လိမ္မာသော တပည့်လေး နေမကောင်းဖြစ်သည်ဟု ကြားသည်နှင့် ယွီချန်းနျန်မှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားကာ "အလိုလေး... ဘာဖြစ်လို့လဲ၊ လာလာ၊ အခုချက်ချင်း ဆေးရုံသွားရအောင်" ဟု ဆိုတော့သည်။

တန်ယန်က ယွီချန်းနျန်ကို လှမ်းဆွဲလိုက်ပြီး "အိပ်ချင်နေလို့ ခေါင်းနည်းနည်း နောက်သွားတာပါ၊ တစ်ရေးအိပ်လိုက်ရင် သက်သာသွားမှာပါ ဆရာ... အခုပြန်ကြရအောင်နော်၊ မနက်ဖြန်မနက် သမီး ပြိုင်ပွဲရှိတယ်လေ၊ စောစောထရမှာ" ဟု လျင်မြန်စွာ ပြောလိုက်သည်။ ထို့နောက် ဆရာကြီးဘီလ် ဘက်သို့လှည့်ကာ "ဆရာကြီးဘီလ်... သမီးတို့ ဟိုတယ်ပြန်ပြီး အရင် နားလိုက်ပါဦးမယ်။ မနက်ဖြန်မှ တွေ့ကြမယ်နော်" ဟု နှုတ်ဆက်လိုက်သည်။

ယွီချန်းနျန်သည် ဆရာကြီးဘီလ်ကို ဂရုမစိုက်နိုင်တော့ဘဲ တန်ယန့်နောက်သို့ လိုက်ကာ ကားပါကင်သို့ ထွက်လာခဲ့သည်။

လမ်းတွင် HO နိုင်ငံမှ ပြိုင်ပွဲဝင်နှစ်ဦးမှာ လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် စကားပြောနေသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိုအမျိုးသမီး ပြိုင်ပွဲဝင်သည် တန်ယန်တို့အဖွဲ့ လာနေသည်ကို မြင်သောအခါ အလွန်ပင် မုန်းတီး ငြိုးတေးနေသော အမူအရာမျိုး ပြသလိုက်သည်။

တန်ယန်မှာတော့ ကြောင်တောင်တောင် ဖြစ်သွားရသည်။

'ငါက သူ့ကို ဘာများပြစ်မှားမိလို့လဲ'

သူမသည် မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ကာ ဆရာဖြစ်သူ၏ လက်မောင်းကို ချိတ်လျက် ရှေ့သို့သာ ဆက်လျှောက်သွားပြီး ထိုသုံးဦးကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ သို့သော် တန်ယန်ဘက်က ပြဿနာ မရှာသော်လည်း သူတို့ဘက်က အရင်ဆုံး ကျိန်ဆဲစကားများ စတင် ပြောဆိုလာကြသည်။

All Chapters