← Chapters

ပြောင်းပြန်လှန်ခြင်း

Vol. 10 Ch. 95

ပြောင်းပြန်လှန်ခြင်း

Vol. 10 Ch. 95

ယိတျန်တျန်သည် မားကတ်တင်း အကောင့်တစ်ခုတွင် ဖော်ပြထားသော HO နိုင်ငံ၏ အကြီးဆုံးနှင့် လူသုံးအများဆုံး ဖိုရမ်ပေါ်သို့ ထိုနေ့က ကားပါကင်တွင် ဖြစ်ပျက်ခဲ့သမျှကို ဗီဒီယိုအပြည့်အစုံ တင်လိုက်ပါသည်။

ဖိုရမ်အသုံးပြုသူများသည် “ဒီပါရမီရှင် ပီယာနို ပညာရှင်လေးရဲ့ ကွယ်ရာက အပြုအမူတွေက တကယ်တော့ ဘယ်လိုမျိုးလဲ” ဟု ခေါင်းစဉ်တပ်ထားသည့် တစ်မိနစ်ခန့်ကမှ တက်လာသော ပို့စ်တစ်ခုကို ရုတ်တရက် တွေ့ရှိသွားကြသည်။

အမည်မဖော်လိုသူ (ပို့စ်တင်သူ): “ကိစ္စကဒီလိုပါ။ ကျွန်တော်က ပီယာနိုကို တကယ်မြတ်နိုးသူ တစ်ယောက်ပါ၊ ဒါပေမဲ့ ပါရမီမပါတော့ ပြည်တွင်းရော ပြည်ပမှာပါ ကျင်းပတဲ့ ပီယာနို ပြိုင်ပွဲတွေကို အမြဲ စောင့်ကြည့်လေ့ ရှိပါတယ်။ ရှိုပန်ပီယာနိုပြိုင်ပွဲကိုလည်း သေချာပေါက် စောင့်ကြည့်ခဲ့သလို၊ အခု ကျွန်တော်က YL နိုင်ငံမှာ ကျောင်းတက်နေတာဆိုတော့ အားလပ်ချိန်မှာ ပြိုင်ပွဲ သွားကြည့်ခဲ့ပါတယ်။ ပဏာမအဆင့်မှာ ကျွန်တော်တို့နိုင်ငံရဲ့ ပီယာနို ပါရမီရှင်လို့ လူသိများတဲ့ ချာယိုနာဟာ တကယ်ကို ညံ့ဖျင်းစွာ ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။ ကျွန်တော့်အမြင် အရဆိုရင် သူမရဲ့ ပုံမှန်အရည်အချင်းအောက်တောင် ရောက်နေခဲ့တာပါ။ သူမဟာ ပဏာမအဆင့်မှာတင် တကယ်ပဲ ပြုတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူမနဲ့ပတ်သက်တဲ့ အရင်ကသတင်းတွေကို ပြန်ကြည့်ပြီးတော့ နိုင်ငံရပ်ခြားဖြစ်လို့ အသားမကျတာမျိုး စတဲ့ ဆင်ခြေတွေပေးပြီး သူမဘက်ကနေ ကာကွယ်ပေးခဲ့ပါသေးတယ်။

အဲ့ဒီနောက် ကားပါကင်မှာ ချာယိုနာ၊ နောက်ထပ် ကိုရီးယားပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ကင်ဂျယ်ဟော့နဲ့ သူတို့ရဲ့ ဆရာတို့ကို ကျွန်တော်တွေ့ခဲ့ပါတယ်။ သူတို့နဲ့ အနည်းငယ် ဝေးနေတော့ ဘာတွေပြောနေလဲဆိုတာ သေချာမကြားရပေမဲ့ ချာယိုနာကတော့ သိသိသာသာကို စိတ်မသက်မသာ ဖြစ်နေပုံ ရပါတယ်။ ကျွန်တော်က အဲ့ဒီအချိန်မှာ ဘလော့ ရိုက်နေတာဆိုတော့ သူတို့ကိုပါ ဗီဒီယိုထဲ ထည့်ရိုက်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ပါတယ်။ (ဒါပေမဲ့ ခွင့်ပြုချက် မရဘဲနဲ့တော့ နောက်ပိုင်းမှာ ထည့်သွင်း အသုံးပြုမှာ မဟုတ်ပါဘူး) ကျွန်တော် ကင်မရာကို အနေအထားညှိလိုက်တဲ့ အချိန်မှာပဲ C နိုင်ငံက ပြိုင်ပွဲဝင် တန်ယန်ဟာ လူကြီးတစ်ယောက်၊ အမျိုးသမီး တစ်ယောက်နဲ့အတူ ဓာတ်လှေကားထဲက ထွက်လာတာကို တွေ့လိုက်ရပါတယ်။ ကျွန်တော် သူတို့နဲ့ ပိုနီးတဲ့နေရာကို ရောက်သွားပေမဲ့ ကားတစ်စီးက ကြားထဲမှာ ခံနေတာကို နောက်ပိုင်း ဗီဒီယိုထဲမှာ တွေ့ရပါလိမ့်မယ်။

တန်ယန်တို့အဖွဲ့ဟာ ချာယိုနာတို့ အဖွဲ့ဘေးကနေ ဖြတ်သွားတဲ့ အခါမှာတော့ ချာယိုနာဟာ ရုတ်တရက် ရိုင်းရိုင်းစိုင်းစိုင်း စကားတွေကို ကိုရီးယားလို ပြောချလိုက်ပါတယ်။ 'တရုတ်ဝက်' တို့၊ 'စက်ဆုပ်စရာကောင်းတဲ့ ဖာသည်မ' တို့ဆိုတဲ့ ဆဲဆိုသံတွေကို ကြားလိုက်ရတဲ့အခါ ကျွန်တော် တကယ်ကို မှင်တက်သွားခဲ့ရပါတယ်။ တကယ့်ကို ယဉ်ကျေးသိမ်မွေ့တဲ့ လူကုံထံ အမျိုးသမီးလေးလို့ ထင်ရတဲ့ ချာယိုနာ့ဆီကနေ ဒီလောက်အထိ ရိုင်းစိုင်းတဲ့ စကားတွေ ထွက်လာလိမ့်မယ်လို့ ကျွန်တော် လုံးဝ မယုံနိုင်ခဲ့ပါဘူး။

သူတို့က တန်ယန်တို့အဖွဲ့ ကိုရီးယားစကား နားမလည်ဘူး အထင်နဲ့ အဲ့ဒီလိုပြောလိုက်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းက 'ကိုရီးယားရဲ့ ဂုဏ်ဆောင်'၊ 'ပီယာနိုပါရမီရှင်' လို့ ချီးကျူးနေကြတဲ့သူမှာ ဒီလိုစရိုက်မျိုး ရှိနေတာကို ကျွန်တော် တကယ်ပဲ လက်မခံနိုင်ပါဘူး။

အဲ့ဒီအချိန်မှာ တန်ယန်က ချာယိုနာ့စကားကိုကြားပြီး ရပ်လိုက်ပါတယ်။ ပြီးတော့ သူမက ကိုရီးယားလို ပြန်ပြောခဲ့တာတွေကိုတော့ ဗီဒီယိုထဲမှာပဲ ကိုယ်တိုင် ကြည့်ရှုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်က ချာယိုနာဟာ လူတွေပေးထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ တကယ်မထိုက်တန်ဘူး ဆိုတာကို ကျွန်တော် ခံစားလိုက်ရပါတယ်။ အခုတော့ ကျွန်တော် လိမ်ညာခံလိုက်ရသလိုပါပဲ။ ဒီချီးကျူးသံတွေက သူမဖန်တီးထားတဲ့ ဟန်ဆောင်မှု သက်သက်ပဲလား၊ တကယ်တော့ သူမရဲ့ အရည်အချင်းကလည်း တော်တော်လေးကို သာမန်ပါပဲ"

ပူးတွဲပါအချက်အလက်: ဗီဒီယို

မကြာမီမှာပင် အင်တာနက် အသုံးပြုသူများသည် ထိုပို့စ်၏ မှတ်ချက်ကဏ္ဍတွင် ကွန်မန့်များ တစ်ခုပြီးတစ်ခု အပြိုင်အဆိုင် ရေးသားလာကြတော့သည်။

【ချာယိုနာက ဒီလိုလူမျိုး ဖြစ်နေမယ်လို့ ငါတကယ်ကို မတွေးမိခဲ့ဘူး။ ဒါကိုလက်ခံဖို့ တကယ် ခက်ခဲလွန်းတယ်】

【ချာယိုနာဟာ တခြားသူတွေအပေါ် အကြမ်းဖက်မှုတွေ လုပ်ခဲ့ဖူးတယ် (လင့်ခ်) 】

【သူတို့တွေ ပြုတ်သွားတာ အကောင်းဆုံးပဲ၊ ကင်ဂျယ်ဟော့နဲ့ ချာယိုနာကတော့ အတူတူပဲ (အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိတွေပဲ) 】

【ငါက တရုတ်ကလူတွေကို သိပ်မနှစ်သက်ပေမဲ့ ဒီတစ်ခါတော့ တန်ယန်ကို အားပေးမိတယ်】

【မမတန်ယန်က တကယ်လှတာပဲ၊ သူ့မှာ ဟောလိဝုဒ်မျိုးရိုးများ ပါနေတာလား】

【ဖြစ်နိုင်တယ်၊ ဘာလို့လဲဆိုတော့ တရုတ်စစ်စစ်တွေရဲ့ ရုပ်ရည်က ဒီလိုမျိုးမို့လို့လေ။ (ပုံ)】

【ဟိုဟို၊ မမတန်ယန်ကို HO နိုင်ငံသားအဖြစ် ပြောင်းခိုင်းလိုက်ကြရအောင်၊ ငါတို့အားလုံးက သူ့ကို ဝမ်းသာအားရ ကြိုဆိုကြမှာ】

......

ထိုဖိုရမ်ထဲတွင် အမြဲတစေ စောင့်ကြည့်နေကြသော C နိုင်ငံမှ မီဒီယာများရော အခြေအနေ ဘယ်လိုရှိသနည်း။ သူတို့သည် ထိုဖိုရမ်ပို့စ်မှ အကြောင်းအရာများ၊ ဗီဒီယိုများနှင့် ကွန်မန့်များကို မိမိတို့နိုင်ငံရှိ Weibo အကောင့်များသို့ သစ္စာရှိစွာဖြင့် ကူးယူ ဖော်ပြခဲ့ကြသည်။

ဤအကြောင်းအရာကို လူအများကြားတွင် ပျံ့နှံ့အောင် လုပ်ဆောင်ပြီးနောက် ယိတျန်တျန်သည် သူ၏ အောင်မြင်မှုများကို ဖုံးကွယ်ကာ လူမသိသူမသိ ပျောက်ကွယ်သွားခဲ့သည်။

【အရှင် အားလုံးပြီးသွားပါပြီ】

【ကောင်းတယ်၊ လက်မထောင်ပေးလိုက်မယ်】

ယိတျန်တျန်၏ အမြီးတိုလေးမှာ လေထဲတွင် တလှုပ်လှုပ်နှင့် ဖြစ်နေတော့သည်။ သူသည် အရှင်ပေးအပ်သော တာဝန်များကို ပြည့်ပြည့်စုံစုံသာမက သတ်မှတ်ထားသည်ထက်ပင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းမှာ စကြဝဠာထဲတွင် အရှင်၏စိတ်ကို အသိဆုံးနှင့် အစွမ်းထက်ဆုံး 'စနစ်'ပင် ဖြစ်သည်။ ဂုဏ်ယူဖွယ်ကောင်းသည်။

ကိစ္စရပ်များ ပြေလည်သွားပြီဖြစ်၍ တန်ယန်လည်း ဆက်လက်အာရုံမစိုက်တော့ပေ။

နောက်ဆုံး ဗိုလ်လုပွဲမှာ YL စံတော်ချိန် မွန်းလွဲ ၃ နာရီ (တရုတ်စံတော်ချိန် ည ၁၀ နာရီ) တွင် စတင်ခဲ့သည်။ Weibo ပေါ်တွင် ထိုသတင်းများကို စောင့်ကြည့်နေကြသော အင်တာနက် အသုံးပြုသူများသည် တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ စုပြုံရောက်ရှိလာကြရာ ကြည့်ရှုသူဦးရေမှာ ချက်ချင်းပင် သုံးသန်းအထိ ရောက်ရှိသွားပြီး ဆက်လက် မြင့်တက်နေခဲ့သည်။ ဤသည်မှာ ထျန်းလိုင် ရုပ်သံဌာနအတွက်တော့ တကယ့်ကို အောင်မြင်မှု အကြီးကြီးပင် ဖြစ်သည်။

ဂီတလောကသည် ပရိသတ် အနည်းငယ်သာရှိသော သီးသန့်နယ်ပယ်တစ်ခု ဖြစ်သော်လည်း ယခုကဲ့သို့ လူပြောသူပြော များလာရခြင်းမှာ တန်ယန်ကြောင့်သာ ဖြစ်သည်။

တန်ယန်သည် စင်နောက်တွင် စောင့်ဆိုင်းနေသည်။ ဗိုလ်လုပွဲ၏ အစဉ်လိုက်ကို မဲနှိုက်ရာတွင် သူမသည် နောက်ဆုံးမှ တီးခတ်ရမည့်သူအဖြစ် ထပ်မံရွေးချယ်ခြင်း ခံခဲ့ရသည်။ ပွဲစီစဉ်သူများက တစ်ခုခု ကြိုတင်စီစဉ် ထားလေသလားဟုပင် သူမ တွေးမိတော့သည်။

ထျန်းလိုင် ရုပ်သံဌာန၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကွန်မန့်များစွာ တက်နေသော်လည်း အနည်းငယ်သော သူများသာ ပြိုင်ပွဲကို အမှန်တကယ် အာရုံစိုက်ကာ ကြည့်ရှုနေကြသည်။

【အား... မစောင့်နိုင်တော့ဘူး၊ မမတန်ယန် ဘယ်တော့မှ ထွက်လာမှာလဲ】

【ရှူးဂါးလေးကို စောင့်နေကြတာလား၊ ရှူးဂါးဖန် (တရုတ်လို "တန်"သည် "သကြား" ဟု အဓိပ္ပာယ်ရသဖြင့် ပရိသတ်များက မိမိကိုယ်ကိုယ် "ရှူးဂါးဖန်" ဟု ချစ်စနိုး ခေါ်ဝေါ်ကြခြင်း ဖြစ်သည်) တွေ ဒီမှာဝန်းရံပေးဖို့ ရောက်နေပြီနော်】

【ဖူး... ဒါက အနုပညာလောကပါ၊ မင်းတို့က အိုင်ဒေါကို အားပေးသလိုမျိုး ဘာလို့လုပ်နေကြတာလဲ】

【ငါတို့က ပျော်လို့လုပ်တာလေ၊ နင့်အပူပါလို့လား၊ မနာလို ဖြစ်နေတာလား၊ ဒါမှမဟုတ် ငြူစူနေတာလား】

【တော်ကြပါတော့၊ ငါတို့အားလုံးက ရဲဘော်ရဲဘက်တွေပဲဟာ၊ မမတန်ယန် ထွက်လာတော့မယ်၊ ဒီည ဘာဝတ်လာမလဲဆိုတာ တကယ်သိချင်နေပြီ】

【ငါလည်းအတူတူပဲ၊ ‘လနတ်သမီးဂါဝန်' ကို မြင်ပြီးကတည်းက စိတ်ဝင်စားသွားတာ၊ တစ်ထည်လောက် အရမ်းလိုချင်တယ်】

【ဒီနေ့ဝတ်တဲ့ ရွှေရောင်ငါးမြီးပုံစံ ဂါဝန်ကလည်း တကယ့်ကိုလန်းတယ်】

【'ရေသူမမင်းသမီးလေး'လို့ ခေါ်ပေးပါ၊ ကျေးဇူးတင်ပါတယ်】

【တစ်ခုတော့ ပြောပါရစေ၊ အခုခေတ် ၁၇ နှစ် သမီးလေးတွေက ဒီလောက်တောင် ခန္ဓာကိုယ် အချိုးအစား ပြည့်စုံကြတာလား၊ ငါ့ရဲ့ ပြားချပ်နေတဲ့ ရင်ဘတ်နဲ့ တန်ယန်ရဲ့ ပြည့်ဖြိုးတဲ့ရင်သားကို ယှဉ်ကြည့်ပြီး မျက်ရည်တောင် ပိုးပိုးပေါက်ပေါက် ကျမိတယ်】

【ဖူး... အပေါ်ကလူကတော့ "ပြောစမ်းပါဦး၊ ထပ်ပြောပါဦး" ဆိုတဲ့ ပုံစံမျိုးပဲ】

【ပီယာနိုကို ၁၀ နှစ်ကြာ လေ့လာခဲ့တဲ့ အနုပညာကျောင်းသား တစ်ယောက်အနေနဲ့ တန်ယန်ရဲ့ လက်ချောင်းပုံစံမျိုးရဖို့ အွန်လိုင်းကနေ ဆုတောင်းနေပါတယ်၊ သူ့လက်ချောင်းတွေက အဲ့ဒီလိုမျိုးကိုး၊ သူတီးတာကောင်းတာ မဆန်းပါဘူး】

【ဒီလောက် အရည်အသွေးမြင့်တဲ့ ဖျော်ဖြေမှုကို မြင်ရတာ တကယ်ရှားပါတယ်၊ ငါကတော့ ‘ဧဝ၏ မြွေဟောက်' ကို ကြိုက်သွားပြီ】

တန်ယန် စင်ပေါ်သို့ တက်လာချိန်တွင် နှစ်နာရီခန့် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ တရုတ်နိုင်ငံတွင် သန်းခေါင်ကျော်နေပြီ ဖြစ်သော်လည်း ဇူးယုန်းတောင်ကုန်းရှိ တန်မိသားစု ဗီလာတွင်မူ မီးများ ထိန်ထိန်လင်းနေဆဲ ဖြစ်သည်။

ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် တန်ဇနီးမောင်နှံက အတူထိုင်နေကြပြီး ယိတျန်တျန်မှာ တန်ယန်၏မိခင် ပေါင်ပေါ်တွင် ခွေနေသည်။ အခြားတစ်ဖက်တွင်မူ တန်ယွီက တစ်ယောက်ထိုင် ဆိုဖာပေါ်တွင် မှီလျက် မျက်လုံးများက ဖန်သားပြင်ပေါ်မှ လူသားဆီသို့ စူးစိုက်ကြည့်နေသည်။

“ယန်ယန် ထွက်လာပြီ၊ ငါတော့ စိတ်လှုပ်ရှားလိုက်တာ"

တန်ချင်းရွှဲ့လည်း စိတ်လှုပ်ရှားနေမိသည်။ ဒါဟာ နိုင်ငံတကာ ပြိုင်ပွဲကြီးဖြစ်သည်။ သူတို့ တန်မိသားစုထဲတွင် နိုင်ငံတကာ စင်မြင့်ထက်မှာ မည်သူမျှ မယှဉ်ပြိုင်ဖူးပါ၊ အခုက ဆုရဖို့ အခွင့်အရေးမှာလည်း အများကြီး ရှိနေသည်။

တန်ယွဲဂျားသည် တန်ချင်းရွှဲ့၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေခဲ့သော်လည်း တစ်စုံတစ်ရာကြောင့် ရုတ်တရက် အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လာကာ "အစ်မအလှည့် ရောက်ပြီလား" ဟု မေးလိုက်သည်။

“ဂျားဂျား နိုးလာပြီလား၊ အချိန်ကတော့ ကွက်တိပဲ၊ သမီးအစ်မ စင်ပေါ်တက်နေပြီ"

တန်ချင်းရွှဲ့၏ အဖြေကို ကြားလိုက်ရသည်နှင့် တန်ယွဲဂျားသည် ချက်ချင်းပင် ခါးကိုမတ်အောင် ထိုင်လိုက်သည်။ ဝေဝါးနေသော မျက်လုံးများကို ပုတ်ခတ်ကာ ဖန်သားပြင်ပေါ်တွင် တန်ယန်က ထိုင်ခုံတွင် ဝင်ထိုင်ရုံသာ ရှိသေးပြီး မတီးခတ်ရသေးသည်ကို တွေ့လိုက်ရသော အခါမှ "တော်သေးတာပေါ့၊ မလွတ်သွားလို့" ဟု တွေးကာ သက်ပြင်းချနိုင်တော့သည်။

【ဝိုး ထွက်လာပြီ အရမ်းလှတာပဲ၊ တန်ယန်ဝတ်ထားတဲ့ ဂါဝန်က ဘာတံဆိပ်လဲဆိုတာ တစ်မိနစ်အတွင်း သိခွင့်ရမလား】

【အပေါ်ကကွန်မန့်ကို ပြန်ဖြေရရင်... ဒါက FAN အမှတ်တံဆိပ်ရဲ့ ကြယ်အပြည့်၊ ကောင်းကင် အပြင်အဆင်တွေနဲ့ ချုပ်လုပ်ထားတဲ့ အဆင့်မြင့် ဒီဇိုင်းအထည်ပါ။ တကယ်ကို လှလွန်းတယ်၊ ဆင်းရဲသား ရပ်ကွက်က ကောင်မလေးတစ်ယောက် အနေနဲ့တော့ တကယ်ကို မနာလို ဖြစ်ရပါတယ်】

【သူ ‘ကြယ်စင်စုံလင် ကောင်းကင်ယံ' ပုံစံနာရီ ဝတ်ထားတာကို သတိထားမိတာ ငါတစ်ယောက်တည်းပဲလား၊ အဲ့ဒါက သူ့ဂါဝန်နဲ့ တကယ့်ကို ကွက်တိပဲ】

【အပေါ်ကလူ မျက်စိတော်တော် စူးတာပဲ၊ အဲ့ဒီနာရီက တစ်ကမ္ဘာလုံးမှာ သုံးလုံးပဲ ထုတ်တာလေ၊ ပြီးတော့ အဲ့ဒါကို ဝယ်ဖို့ဆိုရင် ဆွစ်ဇာလန်ယူနီယံရဲ့ အနက်ရောင်ကတ် ရှိမှရတာ။ သူ့ရဲ့မိသားစုနောက်ခံကတော့ တကယ့်ကို ခန့်မှန်းလို့ မရနိုင်လောက်အောင် တောင့်တင်းတာပဲ】

မိသားစု နောက်ခံကောင်းမှ ဖြစ်ရမှာလား၊ ကိုယ်တိုင် ထူးချွန်ထက်မြက်တဲ့သူ ဖြစ်နေလို့ မရဘူးလား။

【ရယ်လိုက်ရတာ။ သူက ၁၇ နှစ်ပဲ ရှိသေးတာ၊ အထက်တန်းကျောင်းသူပဲ ရှိသေးတယ်။ အရွယ်ရောက်ပြီးသူ ဖြစ်ပေမဲ့ ကျောင်းသူပဲ ရှိသေးတာလေ။ သိန်းသန်းချီတန်တဲ့ ဂါဝန်တွေကိုဝယ်ဖို့ သူက ဘယ်လိုလုပ် ပိုက်ဆံရှာနိုင်မှာလဲ၊ သူ့ဂါဝန်တွေက တစ်ထည်ချင်းစီကို သန်းနဲ့ချီ တန်တာလေ၊ အခု သူ့လက်မှာ ပတ်ထားတဲ့ နာရီကလည်း အတူတူပဲ】

【မိသားစုကောင်းမှာ မွေးဖွားလာရတာကလည်း အရည်အချင်းတစ်ခုပဲလေ၊ အရမ်းမနာလို ဖြစ်မိတယ်】

လူတစ်ယောက်၏ ထူးချွန်မှုကို အသိအမှတ်ပြုဖို့ရန်မှာ ဤမျှ ခက်ခဲနိုင်သည်လား။ ဘာကြောင့် သူတို့ရဲ့ အဝတ်အစားနှင့်အသုံးအဆောင်များ အပေါ်မှာပဲ အာရုံစိုက်နေကြသနည်း။ ထိုအရာများက သူ့ရဲ့ မူလရှိပြီးသား ရုပ်ရည်ကို ပိုပေါ်လွင်စေသော အရာတွေသာဖြစ်သည်။ သူမ၏ ပီယာနိုတီးခတ်နိုင်တဲ့ စွမ်းရည်က အခုခေတ်က လူအများစုကို ကျော်လွန်နေပြီ ဖြစ်ပေသည်။ ဤကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် တခြားသူတွေ မရောက်နိုင်သည့် အထွတ်အထိပ်ကို သူမ ရောက်ရှိနေသည်။ သူမက သင်တို့ရဲ့ လေးစားမှုကို ရရှိဖို့ ထိုက်တန်သည်မှာ အမှန်ပင်ဖြစ်သည်။

All Chapters