M ဖက်ရှင်ရက်သတ္တပတ်
Vol. 10 Ch. 97
တန်ယန်တစ်ယောက် Weibo ပေါ်တွင် သတင်းတင်ပြီးချိန်၌ တရုတ်နိုင်ငံတွင် မနက်အစောပိုင်း ၂ နာရီ ရှိနေပြီဖြစ်သည်။ မိသားစုဝင်များ အိပ်ပျော်နေလောက်ပြီ ဖြစ်ကြောင်း သိရှိသဖြင့် သူမသည် ဖုန်းမဆက်ဘဲ စာနာထောက်ထားစွာဖြင့် ရှောင်ကြဉ်လိုက်သည်။ ထို့နောက် လိုင်းပေါ်ရှိ မိသားစု အုပ်စုဖွဲ့စကားပြောခန်းတွင် သတင်းကောင်းကို မျှဝေလိုက်ပြီး WeChat Moments တွင်လည်း ပို့စ်တစ်ခု တင်လိုက်ပြီးနောက် ဖုန်းကို ချထားလိုက်တော့သည်။
‘ပြိုင်ပွဲကတော့ ပြီးသွားပြီ၊ အခုဆိုရင် စိတ်အေးလက်အေးနဲ့ ရက်အနည်းငယ်လောက် ပျော်ပျော်ပါးပါး အနားယူလို့ရပြီ။ ဖက်ရှင်အပတ်စဉ်ကိုတောင် တက်ရောက်နိုင်ဦးမယ်။ နိုင်ငံရပ်ခြားကို ခရီးထွက်ရတာ ရှားပါးတဲ့ အခွင့်အရေးဆိုတော့ ဈေးဝယ်ထွက်တာကို အဝလုပ်ရမယ်၊ ငါ YL နိုင်ငံကနေ ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်နိုင်ရင်တော့ အကောင်းသား'
စောစော အိပ်ရာဝင်ခြင်း၏ ရလဒ်အဖြစ် နောက်တစ်နေ့တွင် သူမသည် အလွန်စောစီးစွာ နိုးလာခဲ့သည်။ ယွီချန်းနျန်မှာမူ အိပ်ရာမှ နိုးနှင့်နေပြီဖြစ်ကာ ခြံဝင်းအတွင်း၌ လေ့ကျင့်ခန်း လုပ်ဆောင်နေလေသည်။
"မင်္ဂလာနံနက်ခင်းပါ ဆရာကြီး"
တန်ယန်က ယွီချန်းနျန်ကို လှမ်း၍ လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။
တန်ယန်ကို ဤမျှစောစောစီးစီး တွေ့လိုက်ရသဖြင့် ယွီချန်းနျန်မှာ တော်တော်လေး အံ့အားသင့်သွားရသည်။
"ဒီနေ့ဘာလို့ ဒီလောက်စောစော နိုးနေတာလဲ၊ မအိပ်ဘူးလား"
သူသည် သေသေချာချာ အကဲခတ်ကြည့်လိုက်ရာ သူ့တပည့်မလေးမှာ မျက်နှာလေး ဝင်းပစိုပြည်နေပြီး အားအင်များ ပြည့်ဝနေသည်ကို တွေ့ရသဖြင့် ညလုံးပေါက် မအိပ်ထားသည့်သူနှင့် လုံးဝမတူပေ။
"ဘယ်လိုဖြစ်နိုင်မှာလဲ ဆရာကြီးရဲ့၊ သမီး မနေ့က ၈ နာရီကတည်းက အိပ်ပျော်သွားတာ"
တန်ယန်က မျက်လုံးလေးများ ဝိုင်းသွားကာ ပါးလေးနှစ်ဖက်ကို ဖောင်းလိုက်ပြီး သူမအပေါ် အထင်လွဲခဲ့သည့်အတွက် ယွီချန်းနျန်ကို အပြစ်တင်သည့်အလား ပြုမူလိုက်သည်။
"အင်းလေ ကြည့်ရတာ လန်းဆန်းနေတာပဲ၊ ငယ်ရွယ်တဲ့သူ ဆိုတော့လည်း မဆန်းပါဘူး"
ယွီချန်းနျန်သည် နောက်ဆုံး လေ့ကျင့်ခန်းကို အဆုံးသတ်လိုက်ပြီး ခါးကိုဆန့်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
"ဆရာကြီးကလည်း ဒီအရွယ်ထိ တက်ကြွ လန်းဆန်းနေတုန်းပဲနော်၊ အသက် ၉၉ နှစ်အထိ နေရဦးမှာ"
"ဘာလို့ တစ်ရာမပြည့်ရတာလဲ"
"အား၊ သမီး စကားမှားသွားလို့ပါ ဆရာကြီး၊ ဆရာကြီးက အသက် တစ်ရာကျော်အထိ နေရမှာပါ"
ဆရာနှင့်တပည့် နှစ်ဦးသား စကားတပြောပြော ရယ်မောရင်း အိမ်ထဲသို့ ပြန်ဝင်လာကြသည်။ ချင်းယွီရုံက တရုတ်စတိုင် နံနက်စာကို အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။ အနေတော် ပျစ်ချွဲနေသော ဆန်ပြုတ်တစ်ပုလင်း၊ ကြွပ်ရွနေသော အီကြာကွေး၊ အချဉ်တည်ထားသော ဟင်းရွက်များ၊ ကြက်ဥပန်ကိတ်နှင့် ရွှေဖရုံသီး ပန်ကိတ်တို့ ပါဝင်သည်။ တန်ယန်သည် ကြက်ဥပန်ကိတ်ထဲတွင် အီကြာကွေးနှင့် အချဉ်များကိုလိပ်၍ စားရသည်ကို နှစ်သက်ပြီး ယွီချန်းနျန်ကလည်း တစ်ခါ မြည်းကြည့်ပြီးနောက် သူမကို လက်မထောင်ပြကာ
"မင်းကတော့ စားတတ်တယ်" ဟု ချီးကျူးလိုက်သည်။
ဖက်ရှင်အပတ်စဉ်ကို ယနေ့ညတွင် ဖွင့်လှစ်မည် ဖြစ်သော်လည်း ယွီချန်းနျန်မှာ စိတ်ဝင်စားမှု သိပ်မရှိသဖြင့် ဟိုတယ်၌သာ အနားယူမည် ဖြစ်သည်။ တန်ယန်သည် ဆရာကြီး အပြင်ထွက်ချင်သည့်အခါ အဆင်ပြေစေရန် အိမ်ထိန်းကို အထူးမှာကြားခဲ့သည်။
တန်ယန်သည် Chanel စတိုင် ဂျာကင်ထူထူနှင့် ဘောင်းဘီဝတ်စုံကိုလဲလှယ်ဝတ်ဆင်ကာ ရိုးရိုးရှင်းရှင်းပင် ပြင်ဆင်ပြီးနောက် ဖက်ရှင်ရှိုးသို့သွားရန် ပြင်ဆင်လိုက်သည်။
အခြားတစ်ဖက်တွင်မူ ယီယွီဖျော်ဖြေရေး ကုမ္ပဏီမှ အနုပညာရှင်များသည်လည်း အမှတ်တံဆိပ် အမျိုးမျိုးမှ ပံ့ပိုးပေးထားသော ဝတ်စုံရှည်များကို လဲလှယ်ဝတ်ဆင်ကာ ကော်ဇောနီထက်သို့ စတင်ခြေချနေကြပြီ ဖြစ်သည်။
【ဒီအနုပညာရှင် အသစ်လေးက ဘယ်သူလဲ၊ ကြည့်ရတာ တော်တော်လေး လှသလို ဝတ်ထားတာလည်း ဖက်ရှင်ကျတယ်】
【ယီယွီယဉ်ကျေးမှုက ကျွမ်းရွှီချိုးလေ၊ ငါတို့အစ်မက သရုပ်ဆောင်ပါ။ သူ့ရဲ့ နာမည်ကြီး လက်ရာကတော့ ‘ဝန်ကြီးမင်းရဲ့ သမီးငယ်’ ဆိုတဲ့ ဇာတ်လမ်းတွဲတိုပဲ၊ အဲ့ဒါက အွန်လိုင်းစီးရီး ဆိုပေမဲ့ အရည်အသွေးကတော့ တကယ့်ကို အဆင့်မြင့်တယ်၊ ပရိသတ်အဖြစ် ကြိုဆိုပါတယ်နော်】
【ရှင်းပြပေးလို့ ကျေးဇူးပဲ၊ အခုပဲ စိတ်ကြိုက်စာရင်းထဲ ထည့်လိုက်ပြီ】
【ဝဘ်စီးရီး တစ်ခုလောက် ရိုက်ဖူးရုံနဲ့ ဖက်ရှင်အပတ်စဉ်ကိုလာပြီး မျက်နှာလာပြတာလား၊ ကော်ဇောနီပေါ်မှာ အတင်းဝင်တိုးပြီး နာမည်ကြီးအောင် လုပ်နေတာလား】
【အပေါ်ကလူကတော့ တကယ့်ကို စက်ဆုပ်စရာပဲ။ ငါတို့အစ်မက ဖိတ်ကြားခံရလို့ လာတာပါနော်၊ ဟုတ်ပြီလား 】
【ဒီတစ်ခေါက် ယီယွီဖျော်ဖြေရေးက အနုပညာရှင် တော်တော်များများ လာကြပုံရတယ်၊ ဘလော့ဂါတစ်ယောက် လေဆိပ်မှာ လူစာရင်းတွေ တင်ထားတာ တွေ့လိုက်မိတယ်】
【ဟုတ်ပုံရတယ်၊ သူဌေးအသစ်က သူတို့ကို ပိုပြီး ငွေအား၊ လူအား တောင့်တင်းအောင် လုပ်ပေးလိုက်တာလား】
【အပေါ်ကလူ ပြောတာကတော့ တကယ့်ကို မနာလိုတဲ့ လေသံပဲ၊ ဘာဖြစ်လို့လဲ နင့်အိုင်ဒေါ ဖိတ်ကြားမခံရလို့ မနာလို ဖြစ်နေတာလား】
【အို... တကယ်ပဲ ဖိတ်စာရှိလို့လားဆိုတာ ဘယ်သူသိမှာလဲ၊ ပွဲထဲကပုံတွေကိုပဲ စောင့်ကြည့်ကြရအောင်】
အွန်လိုင်းပေါ်တွင် ပရိသတ်အချင်းချင်း အငြင်းပွားနေကြသော်လည်း အပြင်လောကတွင်မူ ယီယွီဖျော်ဖြေရေးမှ အနုပညာရှင်များသည် ကော်ဇောနီပေါ်တွင် အမြန်ဆုံး လျှောက်လှမ်းခဲ့ကြပြီး ပွဲခန်းမအတွင်း ရောက်ရှိသွားမှသာ သက်ပြင်း ချနိုင်ကြတော့သည်။ နောက်ဆုံးတော့ အသက်ရှင်ပြီဖြစ်သည်။ ယနေ့ M မြို့တော်၏ ရာသီဥတုမှာ အလွန်အမင်း အေးစက်နေပြီး အပြင်ဘက်တွင် ခဏမျှ ရပ်နေရုံနှင့်ပင် မျက်နှာတစ်ခုလုံး ထုံကျင် အေးခဲသွားစေသည်။
ဒီနေ့ အဘယ်ကြောင့်မသိ၊ အပူချိန်က ရုတ်တရက် ထိုးကျသွားပြီး လေပြင်းများလည်း တိုက်ခတ်နေသည်။ အေးစက်သော လေပြင်းများက လုံခြုံမှု မရှိသော အရေပြားကို ထိတွေ့သည့်အခါ ဓားဖြင့်မွှန်းနေသကဲ့သို့ ခံစားရသည်။
တန်ယန် ကားပေါ်မှ ဆင်းချိန်တွင် အနုပညာရှင် အားလုံးနီးပါး ပွဲခန်းမထဲသို့ ဝင်နှင့်နေပြီဖြစ်သည်။ သူမသည် ကော်ဇောနီပေါ်တွင် လမ်းမလျှောက်တော့ဘဲ အတွင်းဘက်သို့ တန်းဝင်ခဲ့သည်။ တကယ်ကို အေးလွန်းလှသည်။ ပါးလွှာသော ဂါဝန်များကို ဝတ်ဆင်ကာ ခန္ဓာကိုယ်၏ အစိတ်အပိုင်း အများစုကို အအေးဒဏ် ခံထားရသည့် အမျိုးသမီး အနုပညာရှင်များကို သူမတကယ်ပင် ချီးကျူးမိသည်။ ချမ်းတုန်ခြင်းဟူသော ခန္ဓာကိုယ်၏ သဘာဝတုံ့ပြန်မှုကို မပြမိအောင် ထိန်းချုပ်ထားနိုင်ခြင်းမှာ အံ့မခန်း စိတ်ဓာတ်ခိုင်မာမှုပင် ဖြစ်သည်။
ခန်းမအတွင်းပိုင်း အပူချိန်မှာ အပြင်ဘက်ထက် သာသော်လည်း ပခုံးနှင့် ခြေထောက်များ ဖော်ထားသည့် ဂါဝန်များကို ဝတ်ဆင်ထားခြင်းမှာ အအေးဒဏ်ကို ခံစားနေရဆဲဖြစ်သည်။ အအေးဒဏ် မခံနိုင်သော အနုပညာရှင် အချို့မှာ ကက်ရှ်မီးယား ခြုံစောင်များကို ဝတ်ဆင်ထားကြသော်လည်း အများစုမှာမူ အလှအပအတွက် အအေးဒဏ်ကို အံတုနေကြဆဲ ဖြစ်သည်။
တန်ယန်သည် တစ်ပွဲလုံးတွင် အကောင်းဆုံး နေရာ၌ ထိုင်ခွင့်ရရှိခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ရှိုပန်ပီယာနိုပြိုင်ပွဲကြီး ပြီးဆုံးသွားသည်မှာ မကြာသေးသဖြင့် လူအတော်များများက သူမကို မှတ်မိနေကြသည်။ အချို့က သူမထံ လာရောက်ကာ ဓာတ်ပုံတွဲရိုက်ရန် တောင်းဆိုကြရာ သူမကလည်း လိုလိုလားလားပင် သဘောတူခဲ့သည်။ ပြပွဲစတင်ချိန် ရောက်မှသာ သူမသည် အေးအေးဆေးဆေး ထိုင်ကြည့်နိုင်တော့သည်။
သူမ၏ဘေးတွင် ထိုင်နေသူမှာ ပြင်သစ်နာမည်ကျော် ဖက်ရှင်မဂ္ဂဇင်း VILISA ၏ အယ်ဒီတာချုပ် ကာရင်းဖြစ်သည်။ သူမသည် ဖက်ရှင်လောကတွင် သြဇာအရှိဆုံး ထိပ်သီးငါးဦး စာရင်းဝင် တစ်ဦးလည်းဖြစ်သည်။
"ဟိုင်း... လှပတဲ့ မိန်းကလေးရေ၊ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ။ ကျွန်မနာမည် ကာရင်းပါ၊ VILISA ရဲ့ အယ်ဒီတာချုပ်ပါ။ ဒီမှာ အခုလိုဆုံတွေ့ရတာ တကယ်ကို ဝမ်းသာပါတယ်"
ကာရင်းက နွေးထွေးစွာ ပြုံးပြလိုက်သည်။ သူမသည် အနုပညာလောကတွင် တောက်ပနေသော ဤမိန်းကလေးကို အလွန်ပင် သဘောကျနေမိသည်။ ထူးချွန် ထက်မြက်သည့်အပြင် နတ်သမီးလေးကဲ့သို့ မျက်နှာနှင့် နတ်ဆိုးမလေးကဲ့သို့ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသဖြင့် ဘုရားသခင်က ဒီမိန်းကလေးကို တကယ်ပဲ မျက်နှာသာ ပေးလွန်းလှသည်ဟု သူမတွေးမိသည်။
"မင်္ဂလာပါမမ"
တန်ယန်၏ မျက်လုံးလေးများမှာ ချစ်စရာကောင်းသော ယုန်ကလေးတစ်ကောင်ကဲ့သို့ လခြမ်းကွေး ပုံစံလေး ဖြစ်သွားသည်။
"ကျွန်မနာမည် တန်ယန်ပါ၊ ကျွန်မရဲ့ အင်္ဂလိပ်နာမည် ယာနာလို့လည်း ခေါ်လို့ရပါတယ်"
"အို... ယာနာ ကျွန်မတို့ ဓာတ်ပုံတူတူ ရိုက်လို့ရမလား၊ ကျွန်မ တကယ်ပျော်သွားပြီ၊ ယာနာ့ရဲ့ ဖျော်ဖြေမှုကို တကယ် သဘောကျခဲ့တာ၊ အံ့သြဖို့ ကောင်းလွန်းတယ်။ ယာနာက တကယ်ကို ထိုးထွင်းသိမြင်မှုရှိတဲ့ မိန်းကလေး ဖြစ်မှာပဲ၊ ဟုတ်တယ်မလား။ ကျွန်မ တရုတ်စာသင်နေတာ ငါးနှစ်ရှိပြီ၊ ဒါပေမဲ့ ကျွန်မရဲ့ အဆင့်က သာမန်ပါပဲ၊ တကယ်ကို ညံ့တယ်လို့တောင် ပြောလို့ရတယ်။ တော်သေးတာက ကျွန်မရဲ့ဆရာက အရမ်းစိတ်ရှည်လို့ပေါ့"
"ရတာပေါ့ရှင် မမရဲ့တရုတ်စာက အရမ်းကို ကောင်းပါတယ်၊ မမရဲ့ဆရာလည်း မမအတွက် တကယ် ဂုဏ်ယူနေမှာ သေချာတယ်"
"လှပတဲ့ မိန်းကလေး တစ်ယောက်ဆီက ချီးကျူးခံရတာ တကယ် ခံစားလို့ကောင်းတယ်၊ ယာနာ့ကို ပိုပိုပြီး သဘောကျလာပြီ။ ကျွန်မတို့ အွန်လိုင်းလူမှုကွန်ရက် တစ်ခုမှာ သူငယ်ချင်းအဖြစ် အပ်ကြရအောင်"
တန်ယန်နှင့် ကာရင်းတို့သည် အောင်မြင်စွာ သူငယ်ချင်း ဖြစ်သွားကြသည်။ ထို့နောက် ဖက်ရှင်ရှိုး တစ်လျှောက်လုံးတွင် ကရင်က သူမ၏ ပညာရှင်အဆင့် ဗဟုသုတများဖြင့် တန်ယန်ကို ဖက်ရှင်ဝေဖန်ချက်များ တစ်ညလုံး ပြောပြခဲ့သည်။ ထိပ်တန်း ဒီဇိုင်နာကိုယ်တိုင် စင်ပေါ်တက်ကာ ကျေးဇူးတင်စကား ပြောကြားသည့်အချိန်အထိ တန်ယန်မှာ ပြန်ချင်စိတ်ပင် မရှိတော့ပေ။
ယနေ့ည ရှိုးပွဲကို ကြည့်ပြီးနောက် တန်ယန်သည် ကာရင်းကို နှုတ်ဆက်ကာ ပြန်ခဲ့သည်။ နောက်တစ်နေ့တွင်လည်း အတူတူ ရှိုးကြည့်ရန်နှင့် ဈေးဝယ်ထွက်ရန် ချိန်းဆိုခဲ့ကြသည်။
ပြည်တွင်းမီဒီယာ အတော်များများကလည်း ဤဖက်ရှင် အပတ်စဉ်ကို စောင့်ကြည့်နေကြသည်။ တန်ယန်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတင်းခေါင်းကြီးပိုင်းများတွင် ပါဝင်နေသူဖြစ်ရာ သူမ ဖက်ရှင်ရှိုးတက်သည့် သတင်းမှာလည်း ပြည်တွင်း လူမှုကွန်ရက်များပေါ်သို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။
ဖက်ရှင်ခြေရာခံသူ: ရှိုပန်အထူးဆုကို ဆွတ်ခူးခဲ့တဲ့ တန်ယန်ဟာ Mဖက်ရှင်အပတ်စဉ်ရဲ့ ရှိုးပွဲမှာ တောက်ပစွာ ပေါ်ထွက်လာခဲ့ပြီး ဖက်ရှင်လောကရဲ့ နာမည်ကျော် VILISA နဲ့ ရင်းရင်းနှီးနှီး စကားပြောနေတာကို တွေ့ရပါတယ်။ 【ပုံများ】
【ငါ့မမယန်က ဒီနေ့တော့ တကယ့် လူကုံထံမလေးအတိုင်းပဲ အရမ်းလှနေတုန်းပဲ၊ သူကိုင်ထားတဲ့အိတ်က ဘာအိတ်လဲဆိုတာ သိချင်လိုက်တာ】
【အပေါ်ကလူ သိချင်နေတဲ့ပုံလေး ဒီမှာနော် (ပုံ)】
【ဝိုး ချမ်းသာတဲ့ အမျိုးသမီးတွေ တကယ်များတာပဲ၊ အိတ်တစ်လုံးတည်းတင် တရုတ်ယွမ် ၂ သိန်း ၃ သောင်းတောင် ကျသင့်တာလား၊ ကိုယ့်ကိုယ်ကိုယ် အရောင်းတင်လို့ ရမလား။ ၁၈၂ စင်တီမီတာ၊ ကိုယ်အလေးချိန် ၇၀ ကီလိုဂရမ်၊ ပရော်ဖက်ရှင်နယ် ရိုးရှင်းတဲ့ အမျိုးသမီး တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတယ်။ ချမ်းသာတဲ့ အမျိုးသမီးတိုင်းကို ပျော်ရွှင်စေမှာ သေချာတယ်】
【ဖယ်စမ်းပါ ငါ့အလှည့်ပဲ】
ချမ်းသာတဲ့ အမျိုးသမီးတွေမှာတော့ ဘယ်တော့မှ အမျိုးသားတွေ မရှားပါဘူး...
【တန်ယန်ရဲ့ ဝတ်စုံတွေကို တကယ်သဘောကျတယ်၊ ဖက်ရှင်ဘလော့ဂါတွေရဲ့ အသေးစိတ် သုံးသပ်ချက်ပို့စ်ကို စောင့်နေမယ်နော်။ (ချစ်စရာကောင်းတဲ့ပုံ)】
【ငါ့မမယန်ကတော့ ဖက်ရှင်လောကရဲ့ 'မိန်းမသားနတ်ဆိုး' နဲ့တောင် တရင်းတနှီး စကားပြောနေနိုင်တာပဲ တကယ်ပါပဲ၊ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ငါ့မမယန့်ရဲ့ အလှကိုတော့ အသိအမှတ် ပြုကြရတာပဲ】
......
ထိုအချိန်တွင် ဖက်ရှင်အပတ်စဉ်သို့ တက်ရောက်နေကြသော ယီယွီဖျော်ဖြေရေးမှ အနုပညာရှင်များသည်လည်း Weibo ပေါ်တွင် ပို့စ်များ စတင်တင်လာကြရာ Weibo ၏ ရေပန်းအစားဆုံး သတင်းခေါင်းစဉ် ထိပ်ဆုံးသုံးခုစလုံးကို ဖက်ရှင်အပတ်စဉ်နှင့် ပတ်သက်သော သတင်းများကသာ နေရာယူထားတော့သည်။ ဤသည်မှာ ဖက်ရှင်လောကကို စိတ်မဝင်စားသော သာမန်လူများကိုပင် ယခုနှစ်၏ ဖက်ရှင်ပွဲအကြောင်း သတိထားမိ သွားစေခဲ့သည်။