ကျင်းရှန်း စိတ်ဓာတ်ကျခြင်း
Vol. 10 Ch. 98
ယခုအကြိမ် ဖက်ရှင်အပတ်စဉ်တွင် အကျိုးအမြတ် အများဆုံး ရရှိသူများမှာ ယီယွီဖျော်ဖြေရေးမှ အနုပညာရှင်များ ဖြစ်ကြသည်မှာ ငြင်းဖွယ်မရှိပေ။ ဒုတိယတန်းစားမှသည် တတိယ၊ စတုတ္ထတန်းစား အနုပညာရှင်များအထိ အနည်းဆုံး အမှတ်တံဆိပ်တစ်ခု သို့မဟုတ် နှစ်ခု၏ ဖိတ်ကြားမှုကို ရရှိခဲ့ကြသဖြင့် ပရိသတ်များမှာလည်း အလွန်ပင် ဝမ်းသာအားရ ဖြစ်နေကြသည်။ ယီယွီဖျော်ဖြေရေးသည် အနုပညာလောက၏ ‘ရွှေရောင်လက်မှတ်’ ပင်ဖြစ်ကြောင်း၊ ယီယွီသို့ ရောက်သွားသည်နှင့် မည်မျှပင် နာမည်မရှိသူဖြစ်စေ၊ အဆင့်အတန်းနိမ့်သူဖြစ်စေ အခွင့်အလမ်းကောင်းများစွာ ရရှိနိုင်ကြောင်း လူအများက ချီးကျူးနေကြတော့သည်။
သူတို့ကို ‘ထိပ်တန်းကြယ်ပွင့်’ဟု အဘယ်ကြောင့် မခေါ်သနည်း။ အကြောင်းမှာ ယီယွီတွင် ထိပ်တန်းကြယ်ပွင့်ဟူ၍ မရှိသေးသောကြောင့် ဖြစ်သည်။ သို့သော် ယီယွီ၏ ငွေအင်အားဖြင့်ဆိုလျှင် မကြာမီတွင် ကိုယ်ပိုင်ထိပ်တန်း ကြယ်ပွင့်များကို မွေးထုတ်ပေးနိုင်လိမ့်မည်မှာ သေချာသလောက် ရှိသည်။
မိမိ၏ အနုပညာရှင်များအတွက် အခွင့်အလမ်းများ ရရှိစေရန် ဤမျှအထိ ကြိုးပမ်းပေးသော ကုမ္ပဏီမျိုးမှာ ဖျော်ဖြေရေး လောကတွင် တကယ်ကို ရှားပါးလှသည်။ ဒီလောက်အထိ အခွင့်အရေးတွေ ပေးနေတာတောင် နာမည်မကြီးလာသေးဘူး ဆိုလျှင်တော့ အဲ့ဒီလူဟာ ဒီလောကနဲ့ လိုက်ဖက်ရဲ့လားဆိုတာ ပြန်စဉ်းစားသင့်နေပြီ ဖြစ်သည်။
ဟန်ရှီးရှိ ရုပ်ရှင်ရိုက်ကွင်း တစ်ခုတွင်ဖြစ်သည်။
ကျင်းရှန်းသည် ရေထဲသို့ ပြုတ်ကျရမည့် အခန်းကို ရိုက်ကူးပြီးစီးကာ အဝတ်လဲခန်းသို့ ပြန်လာခဲ့သည်။ သူမမှာ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။
သူမ၏လက်ထောက်က တံခါးကိုအမြန်ပိတ်ကာ ဂျင်းလက်ဖက်ရည်ပူပူတစ်ခွက်ကို ကမ်းပေးပြီး အပူပေးစက်ကို အနီးသို့ တိုးပေးလိုက်သည်။ ဂျင်းလက်ဖက်ရည်တစ်ခွက် သောက်လိုက်ပြီးမှသာ သူမ၏ တောင့်တင်းနေသော ခန္ဓာကိုယ်လေးမှာ အနည်းငယ် နွေးထွေးလာတော့သည်။
"မမရှန်း... ယွီမုန်းမုန်းက မမကို သက်သက်မဲ့ အကြိမ်ကြိမ် ရိုက်ခိုင်းနေတာလား၊ မမကို ရေထဲ ၇ ကြိမ် ၈ ကြိမ်လောက် ပြုတ်ကျခိုင်းတယ်၊ ရာသီဥတုက ဒီလောက်အေးနေတာ၊ ဖျားသွားရင် ဘယ်လိုလုပ်မလဲ။ အရန်သင့်ရှိအောင် အအေးမိပျောက်ဆေး သွားဝယ်ထားမှ ဖြစ်မယ်။ ယွီမုန်းမုန်းကတော့ တစ်ခုခု ကြံစည်နေတာ သေချာတယ်"
လက်ထောက် ရှုကျဲက စိတ်မကောင်း ဖြစ်သလို အကူအညီ မဲ့သလိုလည်း ခံစားနေရသည်။ နောက်မှ မမယွမ်ကို သေချာပေါက် ပြောပြရမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။
"မလိုပါဘူး၊ နောက်ထပ် ဂျင်းလက်ဖက်ရည် တစ်ခွက်ပဲပေးပါ"
ကျင်းရှန်းကတော့ တစ်ဖက်လူက သက်သက်မဲ့ လုပ်နေမှန်း သိသော်လည်း အနုပညာရှင် ပီသစွာဖြင့် ခန္ဓာကိုယ်၏ မသက်မသာဖြစ်မှုကို အောင့်အီးသည်းခံကာ ထိုအခန်းကိုပြီးအောင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ဤခက်ခက်ခဲခဲ ရရှိထားသော အခွင့်အရေးကို သူမသည် အခြားသူများထက် ပို၍ တန်ဖိုးထားသူဖြစ်သည်။ တစ်ဖက်လူက သူမကို ဘာကြောင့် ဒုက္ခပေးနေသနည်း ဟူသော အချက်ကိုတော့ သူတို့နှစ်ဦးစလုံး ကောင်းကောင်း သိထားကြသည်။
ယွီမုန်းမုန်းသည် ဖုန်းဝမ်ထုံ၏ ကျောင်းနေဖက် ညီမငယ်ဖြစ်သလို ကုမ္ပဏီဟောင်းမှ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သည်။ ထိုစဉ်က သူမသည် ဖုန်းဝမ်ထုံကို အမြဲနှိပ်စက်လေ့ရှိရာ ယခု စတုတ္ထမြောက် အမျိုးသမီး ဇာတ်ဆောင်နေရာကို ရရှိအောင် ဖုန်းဝမ်ထုံကပင် ကူညီပေးထားခြင်း ဖြစ်နိုင်သည်။
ကံမကောင်းစွာဖြင့် ကျင်းရှန်းကတော့ ခေါင်းဆောင်မင်းသမီးနေရာကို ရရှိခဲ့သည်။ ဇာတ်လမ်းထဲတွင် ခေါင်းဆောင်မင်းသမီးသည် အင်အားစု အမျိုးမျိုး၏ နှိပ်စက်ညှင်းပန်းမှုကို ခံနေရသည့် အားနည်းသူတစ်ဦး ဖြစ်သည်။ နှိပ်စက်မှု ပေါင်းစုံကို ခံစားရပြီးနောက် ကလေးကို ဆုံးရှုံးလိုက်ရချိန်မှသာ သူမသည် ရင့်ကျက်လာကာ ကလဲ့စားချေသည့် လမ်းစဉ်ကို လျှောက်လှမ်းမည့်သူ ဖြစ်သည်။
ယီယွီဖျော်ဖြေရေးသည် ဤဇာတ်လမ်း၏ ၈၀ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံထားပြီး ၎င်းမှာ သူမ၏ ပထမဆုံး ခေါင်းဆောင်မင်းသမီး ဇာတ်ရုပ်လည်း ဖြစ်သည်။ သူမအနေဖြင့် ဤဇာတ်ကားကို အပျက်အစီး မခံနိုင်ပေ။
"ဒါပေမဲ့..."
ရှုကျဲက တစ်ခုခု ဆက်ပြောရန် ကြိုးစားသော်လည်း အပြင်မှ တစ်စုံတစ်ယောက်က ကျင်းရှန်းကို နောက်အခန်း ရိုက်ကူးရန် လာရောက်ခေါ်ဆိုသဖြင့် စကားစ ပြတ်သွားခဲ့ရသည်။
"မမကျင်းရှန်း... ဒါရိုက်တာက နောက်ရိုက်ရမှာ အခန်း ၂၁ လို့ ပြောလိုက်ပါတယ်။ အခုပဲ ပြင်ဆင်ပြီး ထွက်လာပေးပါဦး။"
"သိပြီ အခုပဲ လာခဲ့မယ်။"
အခန်း ၂၁ ဆိုသည်မှာ သူမရေထဲမှ ဆယ်တင်ခံရပြီးနောက် ရေကန်ဘေးတွင် ပညာရှိတစ်စုနှင့် အခြေအတင် စကားစစ်ထိုးရမည့် အခန်းဖြစ်သည်။ နောက်ထပ် ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်ဦးမည်မှာ သေချာလှပေသည်။ သူမ သက်ပြင်းသဲ့သဲ့ချကာ ခြုံထားသောစောင်ကို ဖယ်လိုက်ပြီး ရိုက်ကွင်းရှိရာသို့ လျှောက်လှမ်းသွားတော့သည်။
"ကတ်၊ ယွီမုန်းမုန်း... နင်ဘာဖြစ်နေတာလဲ၊ နင့်မျက်နှာက အမူအရာက ဘာကြီးလဲ၊ နင်က ဗီလိန်ဇာတ်ရံနေရာက သရုပ်ဆောင်ရမှာလေ၊ အခုတော့ ငါ့ရှေ့မှာ အပြစ်ကင်းစင်ပြီး သနားစရာကောင်းတဲ့ 'အဖြူရောင် ပန်းပွင့်လေး'လို လာလုပ်ပြနေတာလား"
ဒါရိုက်တာ ရှုကျစ်ရှန်းက နဖူးကြောများ တွန့်သည်အထိ စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ ဤအခန်းနှစ်ခန်းကို ရိုက်ကူးနေသည်မှာ ကြာလှပြီဖြစ်ရာ သူ၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ဒီလူ ဘယ်လိုနည်းနဲ့ ရိုက်ကွင်းထဲ ရောက်လာမှန်းတောင် သူမသိတော့၊ သရုပ်ဆောင်တာက လူသစ်တစ်ယောက်ထက်တောင် ပိုညံ့နေသေးသည်။
သူသည် ဘေးမှ လက်ထောက်ဒါရိုက်တာကို လှမ်းကြည့်လိုက်ရာ ထိုလူမှာ မျက်လုံးများ ကစားနေပြီး သူ့အကြည့်ကို ရှောင်လွှဲနေသည်ကို တွေ့လိုက်ရသဖြင့် အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။ 'ကောင်းပြီလေ၊ အသိအဆက်နဲ့ ဝင်လာတာပေါ့'
"တောင်းပန်ပါတယ် ဒါရိုက်တာ၊ ခုနက ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာ သေချာ မစဉ်းစားမိလို့ပါ။ နောက်တစ်ခါ အဲ့လို မဖြစ်စေရဘူးလို့ ကတိပေးပါတယ်"
ယွီမုန်းမုန်းက အနိုင်ကျင့်ခံထားရသူကဲ့သို့ သနားစရာ မျက်နှာလေးဖြင့် ပြောလိုက်သည်။ ရှုကျစ်ရှန်းမှာ ခေါင်းတောင် ကိုက်လာရသည်။ သူက စတုတ္ထမြောက် အမျိုးသမီး ဇာတ်ဆောင်ဖြစ်ပြီး အခန်းတွေလည်း အများကြီး မရှိပါ။ သည်းခံလိုက်ရုံသာ ရှိသည်။
"ကဲ... နောက်တစ်ခါ ပြန်ရိုက်မယ်။ အခန်း ၂၁၊ ငါးကြိမ်မြောက်... အက်ရှင်”
ကျင့်ရှန်းသည် မူးဝေနေသည့်ဒဏ်ကို အောင့်အီးသည်းခံကာ အံကြိတ်၍ သူမ၏ စကားလုံးများကို ပြောဆိုခဲ့သည်။ သို့သော်လည်း...
"ကတ်"
ရှုကျစ်ရှန်းက တစ်ဖန် အော်လိုက်ပြန်သည်။
"ယွီမုန်းမုန်း နင် သရုပ်မဆောင်တတ်ရင် ဒီကနေ ထွက်သွားလိုက်တော့၊ လူတိုင်းက နင့်ကိုလိုက်ပြီး သည်းခံနေရမယ်လို့ ထင်နေတာလား၊ နင်က ဗီလိန်ဇာတ်ရံပါလို့ ငါပြောထားတယ်လေ။ နင်နားမလည်ဘူးလား၊ နင့်ခေါင်းထဲမှာ ဘာတွေရှိနေတာလဲ၊ နင်..."
သူ့စကားပင် မဆုံးသေးမီ "ဗုန်း" ခနဲ မြည်သံတစ်ခုကို ကြားလိုက်ရသည်။
"ကျင်းရှန်း သတိလစ်သွားပြီ"
ဟု ဝန်ထမ်းတစ်ဦးက အော်ဟစ်လိုက်သည်။
"မမရှန်း"
ကျင်းရှန်း၏လက်ထောက် ရှုကျဲက လူအုပ်ကြားမှ တိုးထွက်ကာ ချက်ချင်း ပြေးသွားတော့သည်။ အနီးကပ် ကြည့်လိုက်သောအခါ ကျင်းရှန်း၏ မျက်ခုံးများမှာ တွန့်လိမ်နေပြီး နှုတ်ခမ်းများမှာ ဖြူဖျော့နေသော်လည်း ပါးပြင်များမှာမူ ပုံမှန်မဟုတ်ဘဲ နီမြန်းနေသည်။ သူမ အပြင်းအဖျား တက်နေပြီဖြစ်သည်။
"အားလုံးက ဘာလုပ်နေကြတာလဲ၊ သူ့ကို ဆေးရုံအမြန်ပို့ကြလေ"
ရှုကျင်းရှန်းသည် သူ၏ နားထင်နှစ်ဖက်စလုံး ဆစ်ခနဲ ဆစ်ခနဲ နာကျင်လာသည်ကို ခံစားလိုက်ရသည်။ တကယ့်ကို ကံဆိုးတဲ့နှစ်ပင်ဖြစ်သည်။
"လူနာတင်ကား ခေါ်ထားပါတယ်၊ မကြာခင် ရောက်လာတော့မှာပါ"
တစ်စုံတစ်ယောက်က လှမ်းအော်ပြောလိုက်သည်။
ရှုကျင်းရှန်းသည် စိတ်တိုလွန်းသဖြင့် စကားပင် မပြောနိုင်တော့ဘဲ နဖူးကိုသာ ဖိထားမိတော့သည်။ ဘယ်သူက လူနာတင်ကားကို ခေါ်ခိုင်းလိုက်တာလဲ။ ကားတစ်စီးစီးနှင့် ဆေးရုံကို မောင်းပို့လိုက်လျှင် အဆင်ပြေသည်ကို အခုတော့ လူနာတင်ကားကြီး ရောက်လာပြီ ဆိုလျှင်တော့ ရိုက်ကွင်းတစ်ခုလုံး လူထုဝေဖန်မှုရဲ့ ဗဟိုချက်ကို ရောက်သွားတော့မှာ သေချာနေပြီဖြစ်သည်။ အို... သူ့သွေးတိုးတွေတောင် တက်လာ၏။
မကြာမီမှာပင် ဥသြသံ တညံညံနှင့် ရောက်ရှိလာသော လူနာတင်ကားဖြင့် ကျင်းရှန်းကို တင်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင် ရိုက်ကွင်းအနီး၌ အခြားသော ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့များစွာ ရှိနေသကဲ့သို့ ပါပရာဇီ သတင်းထောက်များလည်း အများအပြား ရှိနေကြသည်။ ထို့ကြောင့်ပင် ဤဖြစ်ရပ်သည် ရေပန်းစားသော သတင်းခေါင်းစဉ်တစ်ခု ဖြစ်လာတော့မည်မှာ ကြိုတင် ခန့်မှန်းနိုင်သည်။
ထင်သည့်အတိုင်းပင် ကျင်းရှန်း ဆေးရုံသို့ရောက်သည်နှင့် မီဒီယာများက Weibo ပေါ်တွင် သတင်းများကို ချက်ချင်း တင်လိုက်ကြတော့သည်။ ကျင်းရှန်းသည် ဖျော်ဖြေရေး လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး နာမည်ကြီးလိုက်၊ ပြန်ကျလိုက် အခြေအနေမျိုးစုံ ကြုံခဲ့ရသော်လည်း သူမတွင် ခိုင်မာသော ပရိသတ်အင်အား ရှိနေဆဲဖြစ်သည်။
သူတို့၏ အစ်မဖြစ်သူမှာ ရိုက်ကွင်းတွင် သတိလစ်ပြီး ဆေးရုံတင်လိုက်ရကြောင်း သိလိုက်ရသောအခါ ပရိသတ်များမှာ ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲကုန်ကြတော့သည်။ သူတို့အားလုံး Weibo ပေါ်တွင် ရိုက်ကူးရေး အဖွဲ့ထံမှ ရှင်းလင်းချက် တောင်းဆိုကြသလို၊ ယခင်က ကယ်တင်ရှင်ဟု သတ်မှတ်ခဲ့ကြသော ယီယွီကုမ္ပဏီကိုပင် ဝေဖန်မှုများ စတင် ပြုလုပ်လာကြသည်။
【ပရိသတ်တွေကို ရှင်းလင်းချက်ပေးပါ၊ ရှေးဟောင်းဇာတ်ကား ရိုက်နေရင်းနဲ့ လူတစ်ယောက် ဆေးရုံတင်ရလောက်အောင် ဘာလို့ သတိလစ်သွားရတာလဲ။ ရိုက်ကူးရေးအဖွဲ့က သရုပ်ဆောင်တွေကို နှိပ်စက်နေတာလား】
【ဘာမှမသိတဲ့သူဆိုရင် အန္တရာယ်များတဲ့ အက်ရှင်ခန်းတွေ ရိုက်နေတယ်လို့ ထင်ရမှာပဲ၊ ရိုက်ကွင်းထဲရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ အခုတော့ ထမ်းစင်နဲ့ အပြင်ထုတ်လိုက်ရပြီ။ ဒီလိုပုံစံမျိုးနဲ့ဆို နောက်ပိုင်း ဘယ်သူက ဒီအဖွဲ့နဲ့ လက်တွဲရဲတော့မှာလဲ】
မကြာမီမှာပင် Weibo ပေါ်၌ #ကျင်းရှန်းဒဏ်ရာရခြင်း #ကျင်းရှန်းဆေးရုံတင်ရခြင်းနှင့် #ကျင်းရှန်းယွမ်ချင်းအတ္ထုပ္ပတ္တိ စသည့် ခေါင်းစဉ်များမှာ ရေပန်းစားလာခဲ့ပြီး ရိုက်ကူးရေးအဖွဲ့၏ တရားဝင်အကောင့်တွင်လည်း ဝေဖန်ကန့်ကွက်မှုများ ပြည့်နှက်သွားတော့သည်။
သတင်းရရှိသည်နှင့် ကျင်းရှန်း၏မန်နေဂျာ ကျိုးယွမ်သည် ဘာတွေဖြစ်ပျက်နေသလဲ ဆိုသည်ကို သိရှိရန် သူမ၏လက်ထောက် ရှုကျဲထံသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။
ဖုန်းချပြီးနောက် ကျိုးယွမ်သည် ဤကိစ္စကို သူမ၏ အထက်လူကြီးထံ အစီရင်ခံလိုက်သည်။ အကြောင်းမှာ ကျင်းရှန်းကို ယီယွီသို့ဝင်ရောက်ရန် ကိုယ်တိုင် အမိန့်ပေးခဲ့သူမှာ အထက်လူကြီး ဖြစ်သောကြောင့် ကျင်းရှန်းနှင့် အထက်လူကြီးမှာ ရင်းနှီးသော ပတ်သက်မှု ရှိလိမ့်မည်ဟု သူမ ထင်မှတ်ထားသောကြောင့် ဖြစ်သည်။
သို့သော် ကျိုးချီကတော့ ကျိုးယွမ်၏ ဖုန်းခေါ်ဆိုမှုကို ထူးဆန်းသလို ခံစားလိုက်ရပြီး
"မင်းဘာသာမင်း ကိုင်တွယ်ဖြေရှင်းလိုက်"
ဟုသာပြောပြီး ဖုန်းချလိုက်သည်။ ဤသည်မှာ ကျိုးယွမ်ကို သူမ၏ အထက်လူကြီးက အမှန်တကယ် ဘာကိုရည်ရွယ်သလဲ ဆိုသည်ကို မသေချာမရေရာ ဖြစ်သွားစေခဲ့တော့သည်။
ဤကိစ္စသည် ကြီးမားသော ပြဿနာတစ်ခု မဟုတ်သော်လည်း သေးငယ်သော ကိစ္စတစ်ခုတော့လည်း မဟုတ်ပေ။ အကယ်၍ ၎င်းကို အနုပညာရှင် အချင်းချင်းကြားမှ သာမန်ရန်ပွဲလေး တစ်ခုအဖြစ်သာ သတ်မှတ်မည်ဆိုလျှင် တောင်းပန်ခိုင်းရုံ၊ သတိပေးရုံဖြင့် လုံလောက်ပါသည်။ သို့သော် ဤကိစ္စသည် ကုမ္ပဏီအဆင့်အထိ မြင့်တက်လာခဲ့လျှင်မူ တစ်စုံတစ်ယောက်က ယီယွီ၏ သည်းခံနိုင်စွမ်းကို စမ်းသပ်နေခြင်းဖြစ်ကြောင်း သံသယဖြစ်စရာ ရှိလာသည်။ ထိုအရာကို မည်သို့ကိုင်တွယ် ဖြေရှင်းရမည်ကို သူမ စဉ်းစားနေစဉ်မှာပင် ကျိုးချီထံမှ နောက်ထပ်ဖုန်းတစ်လုံး ဝင်လာခဲ့သည်။
ဖုန်းချပြီးနောက် သူမ၏ခေါင်းထဲတွင် တစ်ခုတည်းသော အတွေးသာ ရှိတော့သည်။ 'ငါထင်တဲ့အတိုင်းပါပဲလား၊ ကျင်းရှန်းရဲ့ အနာဂတ်အတွက် စီစဉ်ထားတာတွေကို ပြန်လည်ညှိနှိုင်းဖို့ လိုအပ်နေပြီ၊ ပိုကောင်းအောင် လုပ်ပေးလို့ရမယ့်အပိုင်းတွေ ရှိလားဆိုတာကို သေချာပြန်ကြည့်ရမယ်'
မကြာမီမှာပင် ကျိုးယွမ်သည် သူမ၏မန်နေဂျာ အကောင့်မှတစ်ဆင့် Weibo ပေါ်တွင် ဖြစ်ကြောင်းကုန်စင်ကို ရှင်းလင်းတင်ပြခဲ့ပြီး ရှုကျင်းရှန်းထံမှ ရရှိထားသော ဗီဒီယိုမှတ်တမ်းကိုပါ ပူးတွဲဖော်ပြခဲ့သည်။ ထို့နောက် ယီယွီယဉ်ကျေးမှု၏ တရားဝင်အကောင့်မှ ထိုဗီဒီယိုကို ပြန်လည် မျှဝေကာ ယွီမုန်းမုန်းနှင့် သူမ၏ ကုမ္ပဏီဖြစ်သော ကျားယီဖျော်ဖြေရေးတို့ကို ပူးတွဲတွဲ၍ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနေဖြင့် မရိုးသားသော ရည်ရွယ်ချက်များကို နည်းလမ်းမမှန်ဘဲ အသုံးမချရန်နှင့် မိမိတို့၏ သရုပ်ဆောင်အရည်အချင်း တိုးတက်အောင်သာ အာရုံစိုက်ရန် ပြင်းပြင်းထန်ထန် သတိပေးလိုက်ခြင်း ဖြစ်သည်။
【ဒါကတော့... ဒီအနုပညာရှင်က ဘယ်သူလဲဆိုတာ ငါမသိပေမဲ့ သူ့ရဲ့ သရုပ်ဆောင်ချက်ကတော့ ငါ့အိမ်က ခွေးထက်တောင် ညံ့နေသေးတယ်! (မျက်ရည်ထွက်အောင် ရယ်နေသောပုံ)】
【ဒါက တကယ်ကို သိသာလွန်းတာပဲ၊ ဒါရိုက်တာက မမြင်ဘူးလား၊ ဘာလို့ ကျင်းရှန်းကို ရေထဲကိုပဲ ထပ်ခါတလဲလဲ ခုန်ချခိုင်းနေတာလဲ၊ ဒီလောက်အေးတဲ့ ရာသီဥတုမှာ သန်မာတဲ့ အမျိုးသား တစ်ယောက်တောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ကျင်းရှန်းအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိတယ် (ငိုနေတဲ့ အီမိုဂျီ) 】