← Chapters

နောက်ဆုံးငွေပေးချေမှုကို ပေးချေခြင်း

Vol. 10 Ch. 99

နောက်ဆုံးငွေပေးချေမှုကို ပေးချေခြင်း

Vol. 10 Ch. 99

ကျင်းရှန်းနှင့် ‘ယွမ်ချင်းအတ္ထုပ္ပတ္တိ’ ရိုက်ကူးရေး အဖွဲ့တို့အကြောင်း အွန်လိုင်းပေါ်တွင် ရှာဖွေမှုများမှာ တစ်နေ့ဝက်နီးပါး ရေပန်းစားနေခဲ့ပြီးမှ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ သို့သော် ယီယွီဘက်ကမူ ဤကိစ္စကို အလွယ်တကူ လက်လွှတ်ရန် အစီအစဉ် မရှိပေ။ သူတို့ကုမ္ပဏီသည် ဤဇာတ်ကား ထုတ်လုပ်ရေးတွင် အရင်းအနှီး အများစုကို မြှုပ်နှံထားခြင်းဖြစ်ရာ မိမိတို့၏ အနုပညာရှင် အနိုင်ကျင့်ခံရသည်ကို ကြည့်ရက်မည် မဟုတ်ပေ။

အနုပညာရှင် စီမံခန့်ခွဲရေးဌာန၏ အကြီးအကဲသည် ကုမ္ပဏီ၏ ဥပဒေအကြံပေး အဖွဲ့နှင့်အတူ ရိုက်ကွင်းသို့ ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။ ဒါရိုက်တာ ရှုကျစ်ရှန်းမှာ ဤကိစ္စကြောင့် အလွန်အမင်း စိတ်ရှုပ်ထွေးနေရသော်လည်း မတတ်သာသည့်အဆုံး အံကြိတ်ကာ သူတို့ကို လက်ခံတွေ့ဆုံ ခဲ့ရတော့သည်။

“ဒါရိုက်တာရှု... ကျွန်တော်တို့ရဲ့ ဥက္ကဌကျိုးက ရိုက်ကွင်းမှာ သရုပ်ဆောင်တစ်ယောက် အရေးပေါ်ဌာနကို ပို့လိုက်ရတယ်ဆိုတဲ့သတင်းကိုကြားတော့ တော်တော်လေး အံ့အားသင့်သွားပါတယ်။ အဲ့ဒါကြောင့် အခြေအနေကို လာကြည့်ခိုင်းလို့ ကျွန်တော်တို့ ရောက်လာတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်နေတော့ တစ်ခုခုဖြစ်ခဲ့ရင် လူထုကိုရှင်းပြဖို့ မကောင်းဘူး မဟုတ်လား”

“ဟုတ်ကဲ့ပါ၊ ဟုတ်ပါတယ်... ဒါက ကျွန်တော်တို့ဘက်က ပေါ့လျော့သွားတာပါ။ သရုပ်ဆောင်ရဲ့ ကျန်းမာရေး အခြေအနေကို သေသေချာချာ ထည့်မတွက်မိလိုက်ဘူး။ အဲ့ဒါကြောင့် အခုပဲ လက်ထောက်ဒါရိုက်တာကို ဆေးရုံမှာရှိတဲ့ ကျင်းရှန်းဆီ သွားကြည့်ခိုင်းထားပြီး ခေတ္တ အနားယူဖို့ကိုလည်း ခွင့်ပေးလိုက်ပါတယ်။ သူကျန်းမာရေး ပြန်ကောင်းလာမှပဲ ရိုက်ကူးရေးကို ဆက်လုပ်ပါတော့မယ်။ အလုပ်အပေါ် စိတ်အားထက်သန်တာ ကောင်းပေမဲ့ ကိုယ့်ကျန်းမာရေးကိုတော့ လျစ်လျူရှုလို့မရဘူး မဟုတ်လား”

“ဒါဆိုရင်တော့ ကျင်းရှန်းကိုယ်စား ဒါရိုက်တာရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်တော်တို့ အဓိကကိစ္စကို ဆွေးနွေးကြရအောင်”

......

ယီယွီ၏ ဥပဒေအကြံပေးနှင့် မန်နေဂျာတို့ ပြန်သွားပြီးနောက် ရှုကျစ်ရှန်းသည် ထိုနေရာတွင် ခေတ္တမျှ ရပ်နေမိပြီးမှ သက်ပြင်းရှည်ကြီးတစ်ချက်ကို "ဟူး..." ခနဲ ချလိုက်မိတော့သည်။

ထိုအချိန်မှာပင် လက်ထောက်ဒါရိုက်တာ ပြန်ရောက်လာပြီး

"ဒါရိုက်တာရှု... ယီယွီကလူတွေ ဘာပြောသွားလဲဗျ" ဟု မေးလိုက်သည်။

ရှုကျစ်ရှန်းသည် သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး တစ်ဖက်လူက အပြစ်ရှိသကဲ့သို့ ခေါင်းငုံ့သွားမှသာ စကားစတော့သည်။

"ယွီမုန်းမုန်းကို အဖွဲ့ထဲက ထုတ်ပစ်လိုက်တော့။ ယီယွီဖျော်ဖြေရေးဘက်က သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ ဘယ်ဇာတ်ကားမှာမဆို ကျားယီဖျော်ဖြေရေးက အနုပညာရှင်တွေကို လုံးဝ အသုံးမပြုတော့ဘူးလို့ ပြောသွားပြီ"

လက်ထောက်ဒါရိုက်တာမှာ ထိတ်လန့်သွားပြီး

"ကျားယီဖျော်ဖြေရေး ဘက်ကလည်း ရင်းနှီးမြှုပ်နှံထားတာ ရှိတယ်မဟုတ်လား၊ ဒါကို ဘယ်လိုရှင်းပြမှာလဲ" ဟု ပြန်မေးမိသည်။

"ယီယွီက ကျားယီကို အဆက်အသွယ်ဖြတ်ပြီး ဖယ်ထုတ်လိုက်ပြီလေ၊ မင်းနားမလည်ဘူးလား၊ ကျားယီရဲ့ ရင်းနှီးမြှုပ်နှံမှု အစိတ်အပိုင်း အားလုံးကို သူတို့ကုမ္ပဏီကပဲ တာဝန်ယူ ဖြေရှင်းပေးလိုက်ပြီ"

လက်ထောက်ဒါရိုက်တာ - "......"

အခြားတစ်ဖက်တွင်မူ ယွီမုန်းမုန်းသည် ဖုန်းဝမ့်ထုံထံတွင် အသားယူကာ နောက်ထပ် အခွင့်အရေးများ တောင်းဆိုရန် ကျေနပ်အားရစွာ ကြိုးပမ်းနေဆဲ ဖြစ်သည်။ သို့သော် သူမ၏ ပျော်ရွှင်မှုမှာ မိနစ်အနည်းငယ်ပင် မခံလိုက်ဘဲ ပစ္စည်းများသိမ်းကာ ရိုက်ကွင်းမှ ထွက်ခွာသွားရန် ရိုက်ကူးရေးအဖွဲ့၏ အကြောင်းကြားခြင်းကို ခံလိုက်ရသည်။

"ဘာလို့လဲ၊ ငါက စာချုပ်ချုပ်ထားတာလေ၊ နင်တို့ ငါ့ကို ထုတ်ချင်တယ် ဆိုရင်တောင် စာချုပ်ဖောက်ဖျက်ကြေး ပေးရမှာပေါ့"

ယွီမုန်းမုန်း၏ စူးရှသော အော်ဟစ်သံမှာ နားနေခန်းအတွင်း ဟိန်းထွက်သွားတော့သည်။

ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးက နားကို လက်ဖြင့်ကလော်ရင်း

"မမယွီ... ကျွန်တော်က သတင်းလာပို့တာပဲ ရှိတာပါ။ ပစ္စည်းတွေကို မြန်မြန်သိမ်းထားတာ အကောင်းဆုံး ဖြစ်မှာပါ၊ တကယ်လို့ လုံခြုံရေးတွေ လာခေါ်ထုတ်ရမယ်ဆိုရင် ကြည့်လို့မကောင်း ဖြစ်နေဦးမယ်"

ဟု အေးအေးဆေးဆေးပင် ပြောလိုက်သည်။

ပြောစရာရှိသည်ကို ပြောပြီးနောက် ထိုဝန်ထမ်းသည် နောက်လှည့်ကာ ထွက်သွားတော့သည်။ ရူးကြောင်ကြောင် ထလုပ်နေသူ တစ်ဦးကို သူဆက်ပြီး မကြည့်ချင်တော့ပေ။

ယွီမုန်းမုန်းသည် အဝတ်လဲခန်းထဲတွင် ဒေါသတကြီး သောင်းကျန်းနေသော်လည်း မည်သူကမျှ အရေးမစိုက်ကြချေ။ နောက်ဆုံးတွင် အတင်းအဓမ္မ မောင်းထုတ်ခံရမည်ကို စိုးရိမ်သဖြင့် သူမ၏ လက်ထောက်ကို ပစ္စည်းများ အမြန်သိမ်းခိုင်းကာ ရိုက်ကွင်းမှ ခိုးကြောင်ခိုးဝှက် ထွက်ခွာသွားခဲ့ရတော့သည်။

အပြန်လမ်းတွင် ယွီမုန်းမုန်းသည် ပို၍ပို၍ ဒေါသထွက်လာသဖြင့် ဖုန်းကိုထုတ်ကာ Weibo ပေါ်တွင် ရိုက်ကူးရေးအဖွဲ့ကို စွပ်စွဲသည့် ပို့စ်တစ်ခု တင်လိုက်သည်။ သူမသည် အင်တာနက် အသုံးပြုသူများနှင့် ပရိသတ်များ၏ သနားမှုကို ရယူကာ ရိုက်ကူးရေးအဖွဲ့ကို ပညာပေးရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ယွီမုန်းမုန်း၏ Weibo စာမျက်နှာတွင်

"အင်အားကြီးတဲ့ သူတွေက ဘာမဆိုလုပ်နိုင်တယ် ဆိုတာကို သိထားပေမဲ့ ကိုယ်တိုင်လက်တွေ့ ကြုံလာရလိမ့်မယ်လို့တော့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။ 【ပြုံးနေသောပုံ】" ဟု ရေးသား ဖော်ပြထားလေသည်။

၎င်းပို့စ်အောက်တွင် မှတ်ချက်များစွာ တသီတတန်းကြီး ပေါ်လာတော့သည်။

【မုန်းမုန်းလေးကို ဖက်ထားပေးမယ်နော်၊ ဘာဖြစ်လို့လဲဟင်။ ငါတို့ ငါးဆုပ်လုံးလေးတွေက မုန်းမုန်းဘက်ကနေ တိုက်ပွဲဝင်ပေးဖို့ အဆင်သင့်ပဲ။】

【ငါ့ရဲ့ ချစ်လှစွာသော ဇနီးလေး၊ ငါးဆုပ်တပ်မတော်က မင်းရဲ့ အားအကိုးရဆုံး နောက်ခံအင်အားပဲ။】 【မုန်းမုန်းက ရိုက်ကွင်းရောက်နေရမှာ မဟုတ်ဘူးလား။】

【ဒီမေးခွန်းရဲ့ အဖြေကို ငါသိတယ်၊ ဒီနေ့ Weibo ရဲ့ ရေပန်းအစားဆုံး ခေါင်းစဉ်သုံးခုထဲမှာ နာရီဝက်လောက် ပါနေတာပဲ။】

【တော်စမ်းပါဦး၊ ခွေးထက်တောင် ညံ့ဖျင်းတဲ့ မင်းရဲ့ သရုပ်ဆောင်ချက်တွေနဲ့များ တစ်ဖက်လှည့် စောင်းမြောင်း ပြောနေသေးတယ်။အော့အန်သည့် အီမိုဂျီ】

【အခုလို အေးစိမ့်နေတဲ့ ရာသီဥတုမှာ တခြားမင်းသမီးတွေကို ရေထဲဆင်းရတဲ့ အခန်းတွေ တမင်တကာ ထပ်ခါတလဲလဲ ရိုက်ခိုင်းတာဟာ လူသတ်ဖို့ ကြံစည်တာပဲ】

【ရှက်တတ်စမ်းပါဦး၊ ဒါရိုက်တာရွှီက မင်းကို ‘ယွင်ချင်းအတ္ထုပ္ပတ္တိ’ဇာတ်လမ်းတွဲ ရိုက်ကူးရေး အဖွဲ့ထဲကနေ ထုတ်ပစ်လိုက်လို့သာ ငါတို့က အဲဒီကားကို ဆက်ကြည့်မှာ။ (ပြုံးနေသည့် အီမိုဂျီ) 】 ...

ယွီမုန်းမုန်းသည် သူမ၏ Weibo ပို့စ်အောက်ရှိ မှတ်ချက်များကို ကြည့်ရှုရင်း ဒေါသအလိပ်လိပ် ထွက်လာကာ အသစ်စက်စက် ပြုပြင်ထားသော လက်သည်းများကိုပင် အင်အားသုံး၍ ဆွဲခွာပစ်လိုက်မိလေသည်။

အခြားတစ်ဖက်တွင်မူ ကျင်းရှန်းသည်လည်း နိုးလာသည့်အခါ ကုမ္ပဏီက သူမအတွက် လုပ်ဆောင်ပေးခဲ့သမျှကို သိရှိသွားခဲ့ရ၏။ သူမသည် အလွန်တရာ ကျေးဇူးတင်မိသဖြင့် နောင်တစ်ချိန်တွင် ပြည်တွင်းပြည်ပမှ အကောင်းဆုံး သရုပ်ဆောင်ဆု များစွာကို ဆွတ်ခူးရရှိခဲ့သော်လည်း အခြားကုမ္ပဏီများမှ ကမ်းလှမ်းလာမှု မှန်သမျှကို အခွင့်အရေးပင် မပေးဘဲ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့လေသည်။

*

YL နိုင်ငံ၊ M မြို့တော်တွင်ဖြစ်သည်။

တန်ယန်သည် ယနေ့တွင် ထူးထူးခြားခြား စောစောစီးစီး နိုးထလာခဲ့လေသည်။ ယနေ့သည် သူမ၏ ကိုယ်ပိုင်လေယာဉ်အတွက် နောက်ဆုံးကျန်ရှိသည့် ငွေပေးချေမှုများကို AISSO ကုမ္ပဏီသို့ သွားရောက် ပေးချေရမည့် နေ့ပင်ဖြစ်၏။ သူမ၏ ကိုယ်ပိုင်လေယာဉ်မှာ တစ်ခုလုံး အဆင့်မြှင့်တင်၍ ပြုပြင်ပြီးစီးသွားပြီဖြစ်ရာ ကုမ္ပဏီ၏ လုပ်ဆောင်ချက် မြန်ဆန်သွက်လက်မှုအပေါ် တန်ယန် အလွန် ကျေနပ်မိလေသည်။ ဤသည်မှာ သူမ၏ ယွမ်ဘီလီယံ (၅၀) တန် အထူးတာဝန်ကြီး ပြီးမြောက်ရန် နီးကပ်လာပြီဖြစ်ကြောင်း ညွှန်ပြနေခြင်းပင် ဖြစ်ပေသည်။

ယွီချန်းနျန်သည် ဤကိစ္စကို အလွန်စိတ်ဝင်စားနေသဖြင့် ၎င်းတို့နှစ်ဦးနှင့်အတူ လိုက်ပါကြည့်ရှုရန် ထွက်လာခဲ့လေသည်။

"ဒါဆို တို့တွေ အပြန်ကျရင် နင့်ရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်လို့ရပြီပေါ့ ဟုတ်လား"

ယွီချန်းနျန်သည် ယခုအထိ မသေချာသေးသကဲ့သို့ မေးမြန်းလိုက်သည်။ လေကြောင်းလိုင်း လမ်းကြောင်းများ ကြိုတင်ရယူရန်မှာ အလွန်ခက်ခဲသည်ဟု ကြားဖူးထား၍ ဖြစ်ပေသည်။

"အင်းလေ၊ မမရုန် ရှိနေတာပဲ၊ တို့တွေကတော့ အေးအေးဆေးဆေး အနားယူပြီး ပျော်ပျော်ပါးပါး လိုက်ခဲ့ရုံပဲ။ ဟီးဟီး"

AISSO ကုမ္ပဏီ။

တွမ်သည် ယနေ့တွင် ထူးထူးခြားခြား စောစောစီးစီး ရောက်ရှိနေခဲ့လေသည်။ လမ်းတွင် သူ၏ ‘ဥစ္စာစောင့်နတ်မင်းကြီး’ ကို စိတ်ကျေနပ်မှု ပေးနိုင်ရန်အတွက် လမ်းထောင့်ရှိ နာမည်ကြီး ကော်ဖီဆိုင်သို့ ဝင်ရောက်ကာ မုန့်များနှင့် သောက်စရာများကို ဝယ်ယူလာခဲ့သေး၏။

မှန်ပေသည်၊ ဒေါ်လာ ၃၆၆ သန်း တန်ဖိုးရှိသော လေယာဉ်ကို ဝယ်ယူခဲ့သည့် သူဌေးမကြီးသည် ယနေ့တွင် နောက်ဆုံးလက်ကျန်ငွေ လာရောက်ပေးချေမည် မဟုတ်ပါလော။

ယနေ့ကိစ္စ ပြီးမြောက်ပြီးနောက် သူရရှိမည့် အပိုဆုကြေးငွေ ပမာဏကို တွေးမိသည်နှင့်တင် သူ၏ ဇနီးသည်အတွက် အိမ်အကျယ်ကြီးတစ်လုံး ဝယ်ပေးရန်ပင် လုံလောက်နေပြီ ဖြစ်၏။ အမှန်တကယ်တော့ သူတို့လက်ရှိ နေထိုင်သည့် အိမ်မှာလည်း အသစ်ဖြစ်၍ ပြောင်းရွှေ့ရန် အစီအစဉ် မရှိသော်လည်း ပမာဏကို နှိုင်းယှဉ်ပြခြင်းသာ ဖြစ်ပေသည်။ မည်သို့ပင် ဆိုစေကာမူ ဤအရောင်းအဝယ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့လျှင် ကိုယ်ဝန်ဆောင်ထားရသည့် ဇနီးသည်နှင့်အတူ အချိန်အကြာကြီး အနားယူခွင့် ရရှိတော့မည် ဖြစ်ပေသည်။

တန်ယန်နှင့်အဖွဲ့ ရောက်ရှိလာသောအခါ တွမ်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်လေသည်။

"မစ္စတန်၊ ကျွန်တော် တကယ်ပဲ အံ့သြမိပါတယ်။ ဘာလို့လဲဆိုတော့ မစ္စက အရမ်းငယ်လွန်းလို့ပါပဲ"

တွမ်သည် မိမိရှေ့မှ အမျိုးသမီး၊ မဟုတ်သေး... မိန်းကလေးငယ်တစ်ဦးကဲ့သို့ ထင်မှတ်ရသူမှာ အသက်မပြည့်သေးသည့် ကလေးငယ် တစ်ဦးနှင့်ပင် ဆင်တူနေသဖြင့် အံ့အားသင့်နေမိခြင်း ဖြစ်ပေသည်။

"ဒါကို ချီးမွမ်းစကားလို့ မှတ်ယူလိုက်လို့ ရမလား"

တန်ယန်က ပြုံးလျက် မေးလိုက်လေသည်။

"ဒါပေါ့ခင်ဗျာ၊ ကျွန်တော်က မစ္စရဲ့ ကိုယ်ပိုင်အတိုင်ပင်ခံ တွမ်ပါ။ အခုလို ဧည့်ခံခွင့်ရတာ ဝမ်းသာပါတယ်။"

တွမ်သည် မိမိကိုယ်ကို မိတ်ဆက်ပြီးနောက် ထိုနေ့မနက်က တကူးတက တန်းစီဝယ်ယူလာခဲ့သည့် မုန့်များကို မြည်းစမ်းကြည့်ရန် ဖိတ်ခေါ်လိုက်လေသည်။

တန်ယန်သည် မုန့်အချို့ကို မြည်းစမ်းကြည့်ပြီးနောက် မျက်လုံးများ တောက်ပသွားကာ -

"ဧည့်ခံပေးတာ ကျေးဇူးတင်ပါတယ်။ အားမနာစတမ်း မေးပါရစေ၊ ဒီမုန့်နဲ့ကော်ဖီကို ဘယ်ဆိုင်က ဝယ်လာတာလဲဟင်"

"မစ္စက ကြိုက်နှစ်သက်တယ်ဆိုတော့ အရမ်းဝမ်းသာတာပဲဗျာ၊ ဒါကို လမ်းထောင့်က FEIZZI ကော်ဖီဆိုင်ကနေ ဝယ်လာတာပါ။ မစ္စသာ ကြိုက်တယ်ဆိုရင် ပြန်တဲ့အခါ ပါသွားအောင် ကျွန်တော် အထုတ်အပိုး ပြင်ပေးပါ့မယ်"

ဟု တွမ်က ဝမ်းသာအားရ ပြန်လည် ပြောကြားလေသည်။

"တကယ့်ကို ကျေးဇူးတင်ပါတယ်ရှင်"

"ဒါက ကျွန်တော့်ရဲ့တာဝန်ပါ မစ္စတန်။ ဒါကတော့ မစ္စရဲ့ စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ကိုယ်ပိုင်လေယာဉ် ‘ဟွမ်ယန်’ ရဲ့ အသေးစိတ် အချက်အလက်တွေပဲ ဖြစ်ပါတယ်။ မစ္စအနေနဲ့ ကျေနပ်မှု ရှိရဲ့လားခင်ဗျာ"

တွမ်သည် ဤနေရာတွင် အနည်းငယ် ရင်တုန်နေမိလေသည်။ ဤမျှ တန်ဖိုးကြီးမားသည့် အသုံးအဆောင် ပစ္စည်းမျိုးကို ဝယ်ယူရာတွင် ဝယ်ယူသူဘက်မှ အပြစ်အနာအဆာ ရှာဖွေစစ်ဆေးခြင်းမှာ သဘာဝပင်ဖြစ်ရာ တွမ်အနေဖြင့်လည်း ဖောက်သည်၏ ခိုင်းစေသမျှကို လုပ်ဆောင်ရန် အသင့်ပြင်ထားပြီး ဖြစ်ပေသည်။

တန်ယန်သည် တွမ်ကမ်းပေးလာသော အိုင်ပက်ပေါ်ရှိ ‘ဟွမ်ယန်’လေယာဉ်၏ အတွင်းပိုင်းနှင့် အပြင်ပိုင်း ဓာတ်ပုံများကို ကြည့်ရှုလိုက်လေသည်။ ကြည့်ရသည်မှာ လိုအပ်ချက်ဟူ၍ မရှိသလောက်ပင်ဖြစ်ရာ သူမအနေဖြင့် အတော်ပင် သဘောကျမိပေသည်။

သူမသည် ခေါင်းညိတ်ပြလျက် စိတ်ရင်းဖြင့်ပင် ချီးမွမ်းစကား ဆိုလိုက်၏။

"အတော်လေး ကောင်းပါတယ်။ လေယာဉ်အစစ်ကို သွားမကြည့်ခင် လက်ကျန်ငွေကို အရင်ပေးချေလိုက်ရမလား"

"ဟုတ်ကဲ့ပါ၊ ကျွန်တော် ပြန်လည်ပြင်ဆင်ပေး... "

တွမ်သည် စကားကို အလေ့အကျင့်အတိုင်း ပြောထွက်သွားပြီးမှ မစ္စတန်က ကျေနပ်သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း ရုတ်တရက် သတိပြုမိသွားလေသည်။

"စိတ်မရှိပါနဲ့ မစ္စတန်၊ ကျွန်တော် အာရုံအနည်းငယ် လွင့်သွားလို့ပါ"

"ကိစ္စမရှိပါဘူး၊ အရင်ဆုံး ကတ်ပဲ ဆွဲလိုက်ပါတော့"

တန်ယန်သည် သူမ၏ ယူနီယံပေး အနက်ရောင် ရွှေကတ်ပြားကို ထုတ်ပေးလိုက်လေသည်။

တွမ်သည် ထိုအနက်ရောင် ကတ်ပြားကို မြင်လိုက်ရသည့်အခါ ပို၍ပင် ရိုသေ ကိုင်းညွတ်သွားတော့၏။ သူသည် ကတ်ပြားကို လက်နှစ်ဖက်ဖြင့် စနစ်တကျ လက်ခံလိုက်ပြီးနောက် အလွန်ပင် ဂရုတစိုက်ဖြင့် ရှင်းပြလေသည်။

"ဆွစ်ယူနီယံ အနက်ရောင်ကတ် ကိုင်ဆောင်ထားတဲ့ ဖောက်သည်တွေ အနေနဲ့ လေကြောင်းလမ်းကြောင်း အသုံးပြုခွင့်ကို ဦးစားပေးအဆင့်နဲ့ ရရှိနိုင်ပါတယ်ခင်ဗျာ"

All Chapters