← Chapters

အယ်လီဆာ

Vol. 10 Ch. 100

အယ်လီဆာ

Vol. 10 Ch. 100

လေယာဉ်အတွက် ကျန်ရှိသည့် ငွေကြေးများကို ပေးချေပြီးနောက် တန်ယန်နှင့် သူမ၏အဖွဲ့သည် ထွက်ခွာလာခဲ့ကြလေသည်။ ထိုနေ့မွန်းလွဲပိုင်းတွင် ဗီလီဆာ မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ကာရင်းနှင့်အတူ ဖက်ရှင်ရှိုးပွဲတစ်ခု တက်ရောက်ရန် ချိန်းဆိုထားသဖြင့် အဝတ်အစား လဲရန်နှင့် ပြင်ဆင် ခြယ်သရန်အတွက် ပြန်လာခဲ့ရခြင်း ဖြစ်ပေသည်။

တန်ယန်သည် ဗီလီဆာ အယ်ဒီတာချုပ်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေခြင်းမှာ တူညီသော စိတ်ဝင်စားမှုများကြောင့် သာမက သူမ၏ ကိုယ်ပိုင်ရည်ရွယ်ချက် အချို့ကြောင့်လည်း ဖြစ်ပေသည်။ ဗီလီဆာသည် ယီယွီယဉ်ကျေးမှုကို ပိုင်ဆိုင်ထားခြင်းဖြစ်ရာ ဖျော်ဖြေရေး လောကနှင့် ဖက်ရှင်လောကမှာ ခွဲခြား၍မရအောင် ဆက်နွှယ်နေသည် မဟုတ်ပါလော။ သို့သော်လည်း သူမအနေဖြင့် ကာရင်းကို မည်သည့် နစ်နာမှုမျိုးမှ ဖြစ်စေမည် မဟုတ်ပေ။

နေ့လယ်စာ စားပြီးနောက် ယွီချန်းနျန်သည် သူငယ်ချင်းဟောင်းတစ်ဦးနှင့် တွေ့ဆုံရန် အပြင်သို့ ထွက်သွားလေသည်။ အိမ်အကူကြီးက သူနှင့်အတူ လိုက်ပါသွားသည်ဖြစ်ရာ တန်ယန်လည်း စိတ်အေးသွားရတော့၏။ ချင်ယွီရုံကမူ တန်ယန်နှင့်အတူ ကာရင်းရှိရာသို့ လိုက်ပါခဲ့လေသည်။

【အရှင်... ဆက်ကြိုးစားပါဦး၊ ပန်းတိုင်ရောက်ဖို့ နည်းနည်းပဲ လိုပါတော့တယ်】

【ဒီနေ့တော့ ပိုပြီး သုံးပစ်ဦးမယ်】

တန်ယန်သည် ယနေ့တွင် လူသိနည်းသော်လည်း အရည်အသွေးရှိသည့် အမှတ်တံဆိပ်များ၏ ဒီဇိုင်းများကို ပိုမိုရှာဖွေ ဝယ်ယူရန် စိတ်ထဲ၌ တိတ်တဆိတ် ဆုံးဖြတ်လိုက်လေသည်။

၎င်းတို့ ရောက်ရှိသွားချိန်တွင် ကာရင်းမှာ ထိုနေရာ၌ စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်ပေသည်။ လူအချို့မှာ ကာရင်းကို စောစောစီးစီး မှတ်မိနေကြသဖြင့် ဤ "နတ်ဆိုးမ" ဟု တင်စားရလောက်အောင် စည်းကမ်းကြီးလှသည့် အမျိုးသမီးကို မည်သူက စောင့်ခိုင်းနိုင်သနည်းဟု စူးစမ်းနေကြ၏။ ထိုသူမှာ ရှိုပန်အထူးဆုကို ဆွတ်ခူးရရှိထားသည့် ဂီတလောက၏ ကြယ်ပွင့်သစ် တန်ယန် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားကြချေ။

ခဏတာအတွင်း လူတို့သည် တန်ယန်ကို အားကျရမည်လော သို့မဟုတ် ကာရင်းကို အားကျရမည်လော မဝေခွဲနိုင်အောင် ဖြစ်သွားကြလေသည်။ နိုင်ငံခြား မီဒီယာများသည်လည်း ဤနှစ်ဦးကို အတူတကွ တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသော်လည်း မနေ့ညက သူတို့နှစ်ဦး ပျော်ပျော်ပါးပါး စကားပြောနေသည့် ဓာတ်ပုံများကို ပြန်လည် အမှတ်ရမိသောအခါ ထူးဆန်းသည်ဟု မထင်တော့ဘဲ ကင်မရာများ ကိုယ်စီထုတ်ကာ မှတ်တမ်းတင်ကြတော့၏။

"ဟိုင်း၊ ယာနာ... နေကောင်းလား"

ကာရင်းသည် တန်ယန်ကို မြင်သောအခါ အလွန်ဝမ်းသာသွားပြီးနွေးထွေးစွာ ဖက်လှဲတကင်း နှုတ်ဆက်လေသည်။

"စောင့်ခိုင်းမိတဲ့အတွက် စိတ်မရှိပါနဲ့ရှင်"

"အားနာစရာ မလိုပါဘူး အချစ်လေးရယ်။ နင်နောက်ကျတာမှမဟုတ်တာပဲ၊ ဟုတ်တယ်မလား။ ဘာသောက်မလဲ၊ ငါတိုက်ပါရစေ"

"လတ်တေးတစ်ခွက် ပေးပါရှင်"

တန်ယန်သည် နွားနို့နှစ်ဆပါသော လတ်တေးတစ်ခွက်ကို မှာယူလိုက်ရင်း သူမ၏ ယခင်ဘဝက ဖတ်ဖူးခဲ့သည့် စာသားတစ်ခုကို ရုတ်တရက် သတိရမိလေသည်။ ‘ဘဝက ခါးသီးလွန်းလှတာပဲ၊ အချိုတစ်ခုခု မစားဘဲနဲ့ ဘယ်လိုများ ဖြတ်သန်းနိုင်မှာလဲ’ ဟူသော စာသားပင် ဖြစ်ပေသည်။

သူမ၏ လက်ရှိဘဝမှာ အခက်အခဲ မရှိသော်လည်း ခါးသက်သော ကော်ဖီကိုမူ သူမ မနှစ်သက်သေးသည်မှာ အမှန်ပင်ဖြစ်၏။

မကြာမီ စားပွဲထိုးက ၎င်းတို့နှစ်ဦးအတွက် ကော်ဖီများ ယူဆောင်လာခဲ့လေသည်။

"ယန်နာ၊ နင် အထူးတလည် ကြည့်ချင်တဲ့ အမှတ်တံဆိပ်တွေ ရှိလား"

တန်ယန်က ခေါင်းခါပြလျက် -

"ဒီနေ့တော့ နင့်စိတ်ကြိုက်ပဲ သွားကြတာပေါ့။ ငါက ပစ္စည်းအချို့ ဝယ်ချင်ရုံတင်ပါ၊ အထူးတလည် ရည်ရွယ်ထားတာမျိုးတော့ မရှိပါဘူး"

ဟု ပြန်လည် ပြောကြားလိုက်လေသည်။

"အွန်လိုင်းပေါ်မှာ လူတိုင်းက နင့်ကို သူဌေးမကြီးလို့ ပြောနေကြတာမဆန်းပါဘူး၊ အဲဒါ တကယ်မှန်တယ်လို့ ငါထင်တယ်"

တန်ယန်သည် တွေးတောမိသည်မှာ -

'ငါက ရုတ်တရက်ကြီး အွန်လိုင်းမှာ နာမည်ကြီးသွားတာလား။ ဒီနိုင်ငံခြားသားတွေက များသောအားဖြင့် တရုတ်လူမျိုးတွေအပေါ်အမြင်စောင်းတတ်ကြတာ မဟုတ်ဘူးလား'

တန်ယန်၏ ဇဝေဇဝါ ဖြစ်နေမှုကို ရိပ်မိ၍ထင်၏၊ ကာရင်းက ခပ်တိုးတိုး ရယ်မောလိုက်လေသည်။

"ဟီးဟီး... နင်က နိုင်ငံတကာ အင်တာနက် စာမျက်နှာတွေပေါ်မှာရေပန်းအစားဆုံး တရုတ်လူမျိုး ဖြစ်နေပြီဆိုတာ မသိဘူးလား။ နင့်ရဲ့ အနုပညာ အောင်မြင်မှုတွေအပြင် နင့်ကို တကယ် နာမည်ကြီးစေတာကတော့ ပြိုင်ပွဲတုန်းက နင်ဝတ်ခဲ့တဲ့ ဝတ်စုံပဲ။ အဲဒါကမိန်းကလေးတိုင်းရဲ့ အိပ်မက်ပဲလေ"

"ငါကတော့ အဲဒါလေးက ကြည့်ကောင်းတယ်လို့ ထင်လို့ပါ၊ ထူးထူးခြားခြားကြီးတော့ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား။ အခု ဒီနေ့ငါဝတ်ထားတဲ့ အဝတ်အစားတွေလိုပါပဲ၊ ငါကြိုက်လို့ ဝတ်ထားတာပါ"

လူများ၏ အငြိုးအတေး အဖြစ်ဆုံးနှင့် မနာလိုဆုံး အရာကတော့ သိမ်မွေ့စွာ ကြွားဝါခြင်းပါပဲ ဖြစ်ပေသည်။ အကယ်၍ ကာရင်းသာသူမအကြောင်းကို အနည်းငယ်မျှ မသိထားပါက သူမသည်တမင်တကာ ကြွယ်ဝမှုကို ထုတ်ကြွားနေခြင်း ဖြစ်သည်ဟု ထင်မြင်မိပေလိမ့်မည်။

"နင့်ရဲ့ အယူအဆကို ငါသဘောတူပေမဲ့၊ တခြားလူတွေ ရှေ့မှာတော့အဲဒီလို မပြောမိစေနဲ့ဦးနော်။ မဟုတ်ရင် သူတို့ရဲ့ အကြည့်တွေနဲ့တင်နင်အသတ်ခံရမှာကို ငါစိုးရိမ်လို့"

တန်ယန် : ........

"ကဲပါ၊ အဲဒါတွေကို ခေါင်းထဲ ထည့်မနေနဲ့တော့။ အရေးကြီးဆုံးကကိုယ့်ကိုယ်ကိုယ် ဖြစ်အောင်နေဖို့ပါပဲ။ အခု ငါဒီနေ့အတွက်အစီအစဉ်လေးတွေ ဆွဲလိုက်အုံးမယ်။ လှပတဲ့ မိန်းကလေးရေ... ငါ့နောက်ကို လိုက်ခဲ့ပါဦး"

ကာရင်းက တန်ယန်အား သူမနောက်သို့ လိုက်ပါရန်လက်ဟန်ခြေဟန်ဖြင့် ခေါ်ဆောင်လိုက်လေသည်။

M မြို့တော်၏ ဖက်ရှင်ရက်သတ္တပတ်တွင် သာမန်လူများ အနေဖြင့်ဖိတ်စာမပါဘဲ ပွဲတက်ရောက်နိုင်သည့် နည်းလမ်းများစွာ ရှိပေသည်။

ဥပမာအားဖြင့် ပွဲထဲဝင်နိုင်သည့် သူငယ်ချင်း ရှိနေပါက သို့မဟုတ် အချို့သော ပွဲများတွင် ဧည့်သည်ခေါ်ဆောင်ခွင့် ရှိပါက သူငယ်ချင်း၏ ဖိတ်စာကို အသုံးပြု၍ ဝင်ရောက်နိုင်ပေသည်။ သို့မဟုတ်လျှင်လည်း ဖက်ရှင်ကျကျ ဝတ်ဆင်သွားပြီး ပွဲခင်းအတွင်း လူမပြည့်သေးပါက လုံခြုံရေး ဝန်ထမ်းများက အလကား ပေးဝင်တတ်ကြပေသည်။

အထက်ပါ နည်းလမ်းများ မအောင်မြင်ပါက တစ်ခုတည်းသော နည်းလမ်းမှာ လက်မှတ်ကို ဈေးကြီးပေး၍ ဝယ်ယူခြင်းပင် ဖြစ်၏။ သို့သော်လည်း နာမည်ကြီး အမှတ်တံဆိပ်ကြီးများ၏ ပွဲများအတွက်မူ လက်မှတ်ဝယ်လျှင်ပင် ဝင်ရောက်နိုင်ရန် မလွယ်ကူချေ။ အကြောင်းမှာ ၎င်းတို့၏ ပွဲနေရာများမှာ အမြဲတစေ ပြည့်နှက်နေတတ်သောကြောင့် ဖြစ်ပေသည်။

တန်ယန်သည် ကာရင်းနှင့်အတူ သွားလေရာတိုင်းတွင် နွေးထွေးပျူငှာလှသော ဧည့်ခံမှုများကို ရရှိခဲ့လေသည်။ ဤသည်မှာ ပထမဆုံးအကြိမ် ဖက်ရှင်ရှိုးပွဲ တက်ရောက်ဖူးသည့် ‘တောသားလေး’ တန်ယန်အား "ဒါဟာ ဂုဏ်ဒြပ်ရဲ့ အရေးပါမှုပဲ" ဟု အဆက်မပြတ် ရေရွတ်မိစေလေသည်။

တန်ယန်သည် တစ်မွန်းလွဲခင်းလုံးကို ဖက်ရှင်ရှိုးများ ကြည့်ရှုခြင်းနှင့် ပစ္စည်းများ အငမ်းမရ ဝယ်ယူခြင်းတို့ဖြင့် ကုန်ဆုံးစေခဲ့လေသည်။ နာမည်ကြီး အမှတ်တံဆိပ် တစ်ခုမှ ဒီဇိုင်းထုတ်ထားသည့် စိန်သရဖူတစ်ခုကို ယွမ်သုံးသန်း ထပ်မံအသုံးပြု၍ ဝယ်ယူပြီးစီးသွားချိန်တွင်မှ တာဝန်ကြီး ပြီးမြောက်သွားပြီ ဖြစ်ကြောင်း စနစ်၏ အသိပေးကြေညာသံကို သူမ နောက်ဆုံး၌ ကြားလိုက်ရတော့ပေသည်။

တန်ယန်သည် အနည်းငယ် စိတ်လှုပ်ရှားနေမိလေသည်။ အကြောင်းမှာ တာဝန်ပြီးမြောက်၍ ရရှိမည့် များပြားလှသော ဆုလာဘ်များက သူမကို ရင်ခုန်စေသောကြောင့် ဖြစ်ပေသည်။

"ယာနာ နင့်ကြည့်ရတာ အရမ်းပျော်နေပုံပဲ။ နင်ကြိုက်တဲ့ ပစ္စည်းလေးတွေ ဝယ်လိုက်ရလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေတာလား။ နင့်ကိုကြည့်ရတာ ငါ့သူငယ်ချင်း တစ်ယောက်နဲ့ တူလိုက်တာ။နင်တို့နှစ်ယောက်သာ ဆုံဖြစ်ရင် တကယ်ကို ခင်သွားကြမှာပဲ"

ဟု ကာရင်းက စဉ်းစားဟန်ဖြင့် ပြောလိုက်လေသည်။ သူမသည် ထိုသူနှစ်ဦး ဆုံတွေ့နိုင်ရန် အခွင့်အရေးတစ်ခု ဖန်တီးပေးချင်သော်လည်း ထိုသူ၏ လက်ရှိအခြေအနေမှာ... သက်ပြင်းတစ်ချက်ကိုသာ အသာချလိုက်မိတော့၏။

"ငါလည်း အဲဒီလိုလူမျိုးနဲ့ တွေ့ရဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ နင့်ကြည့်ရတာ တစ်ခုခုကို စိတ်ပျက်နေသလိုပဲနော်။ ငါ့အထင်ပဲလား"

ဟု တန်ယန်က နားမလည်နိုင်စွာ မေးလိုက်လေသည်။

"တကယ်တော့ ငါ့သူငယ်ချင်းက အခုတလော အခက်အခဲ အချို့နဲ့ရင်ဆိုင်နေရလို့ပါ။ သူ အိမ်ထဲမှာပဲ အောင်းနေတာ အခုဆိုရင်ခြောက်လကျော်တောင် ရှိနေပြီ"

ကာရင်းသည် မျက်မှောင်ကြုတ်လျက် ဤစကားကို ဆက်ပြောသင့်၊မပြောသင့် ဝေခွဲမရ ဖြစ်နေပုံ ရပေသည်။

တန်ယန်ကတော့ ဇွတ်အတင်း မမေးမြန်းခဲ့ချေ။ အကယ်၍ ပြောပြရန် ခဲယဉ်းသည့်ကိစ္စမျိုး ဖြစ်ပါက သူမအနေဖြင့် စူးစမ်းလိုစိတ် ရှိသော်လည်း တစ်ဖက်လူ၏ နှုတ်ဆိတ်နေမှုကို လေးစားရမည်သာ ဖြစ်၏။ ဤသည်မှာ လူကြီးများကြားတွင် ထားရှိအပ်သည့် ကျင့်ဝတ်တစ်ခု ဖြစ်သည်ဟု သူမ တွေးမိလေသည်။

"တကယ်တော့ ဒါက YL နိုင်ငံမှာ လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး။ငါ့သူငယ်ချင်းရဲ့ မျက်နှာအရေပြားမှာ အပြောင်းအလဲအချို့ ဖြစ်သွားလို့လေ။ ဆရာဝန်နဲ့လည်း ပြတယ်၊ ထိရောက်တယ်ဆိုတဲ့ နည်းလမ်းမျိုးစုံကိုလည်း စမ်းကြည့်တယ်၊ ဒါပေမဲ့ ဘာမှ မထူးခြားလာဘူး"

"သူမက အရင်က အရမ်းတက်ကြွပြီး ပျော်ပျော်နေတတ်တဲ့မိန်းကလေးပါ။ ဒါပေမဲ့ အခုတော့... ငါ သူမကို ကူညီချင်ပေမဲ့လည်းဘာမှမတတ်နိုင်ဘူး ဖြစ်နေတယ်"

ကာရင်းက ပခုံးတွန့်လျက် လက်နှစ်ဖက်ကို ဖြန့်ပြကာ အကူအညီမဲ့နေသည့် အမူအရာဖြင့် ပြောလိုက်လေသည်။

【ဟေး... လဲလှယ်တဲ့ဆိုင်မှာ အရေပြား ပြဿနာတွေကို ကုသပေးနိုင်တဲ့ ဆေးရှိလား】

【ရှိပါတယ် အရှင်။ ဆေးဝါးကဏ္ဍရဲ့ တတိယမြောက် စာမျက်နှာမှာကြည့်လိုက်ပါ】

မိမိတွင် ကူညီနိုင်စွမ်း ရှိသည်ကို အသေအချာ သိရှိသွားပြီးနောက်တန်ယန်က -

"ကာရင်း ငါ နင့်သူငယ်ချင်းနဲ့ တွေ့ကြည့်လို့ ရမလား။ ငါသူမကိုကူညီနိုင်လိမ့်မယ်လို့ ထင်တယ်"

ဟု ဆိုလိုက်လေသည်။

*

နောက်တစ်နေ့ နံနက်စောစောတွင် ကာရင်းသည် တန်ယန်ကို လာရောက်ကြိုဆိုရန် အီတန်ရိုင်ယယ်လ် ဟိုတယ်သို့ ရောက်ရှိလာခဲ့လေသည်။

မနေ့က တန်ယန်သည် သူမ၏သူငယ်ချင်းကို ကူညီနိုင်မည့်နည်းလမ်း ရှိနိုင်သည်ဟု ပြောခဲ့သဖြင့် ကာရင်း တစ်ညလုံး စဉ်းစားပြီးနောက် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။ အခြားကြောင့် မဟုတ်ဘဲ သူမ ယခုမှ ခင်မင်ရသည့် သူငယ်ချင်းသစ် တန်ယန်ကို ယုံကြည်ခြင်းကြောင့် လည်းကောင်း၊ အချိန်အကြာကြီး ခင်မင်လာရသည့် သူငယ်ချင်း ဖြစ်သူကို ကူညီချင်ခြင်းကြောင့်လည်းကောင်း ဖြစ်ပေသည်။

ကာရင်း၏ သူငယ်ချင်းမှာလည်း YL နိုင်ငံတွင် အလွန်ထင်ရှားသူဖြစ်ပြီး၊ သူမမှာ မြို့စားမင်း အဲလစ်၏ အငယ်ဆုံးသမီးတော် အယ်လီဆာပင် ဖြစ်ပေသည်။

ယခုနှစ် မတ်လခန့်က စတင်ကာ အယ်လီဆာ၏ မျက်နှာပေါ်တွင် အကြောင်းရင်း ရှာမရသော အမည်းစက်များ ထွက်ပေါ်လာခဲ့လေသည်။ အစပိုင်းတွင်မူ သူမသည် သာမန် အစက်အပြောက်များသာဖြစ်သည်ဟု ထင်မှတ်ကာ အသားဖြူစင်စေပြီး အစက်အပြောက်ပျောက်ကင်းစေသည့် ပစ္စည်းအချို့ဖြင့် ဖယ်ရှားနိုင်လိမ့်မည်ဟု ယူဆခဲ့၏။ အကြောင်းမှာ သူမတွင် ယခင်ကလည်း ထိုသို့သော အတွေ့အကြုံမျိုး ရှိခဲ့ဖူးသောကြောင့် ဖြစ်ပေသည်။ တစ်ခါက ပင်လယ်ကမ်းခြေသို့ အားလပ်ရက်ခရီး ထွက်ပြီးအပြန်တွင် မျက်နှာ၌ နေလောင်ကွက်များ ဖြစ်ပေါ်ခဲ့သော်လည်း တစ်လအတွင်းမှာပင် ပြန်လည် ပျောက်ကင်းသွားခဲ့ ဖူးလေသည်။

ထို့ကြောင့် အစပိုင်းတွင် သူမသည် အလေးအနက် မထားဘဲ အရေပြား ထိန်းသိမ်းမှု နည်းလမ်းအချို့ဖြင့်သာ ထိုအမည်းစက်များကို ကိုင်တွယ် ဖြေရှင်းခဲ့လေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူမ၏ မျက်နှာပေါ်ရှိ အစက်အပြောက်များသည် ပျောက်ကွယ်သွားမည့် အရိပ်အယောင် မပြဘဲ ပို၍ပို၍ အရောင်ရင့်လာခဲ့ရာ ဤသည်က အယ်လီဆာကို များစွာ စိုးရိမ်ပူပန် စေခဲ့ပေသည်။ အလှအပဆိုင်ရာ ကုသမှု နည်းပညာများဖြင့်ပင် ထိုအစက်အပြောက်များကို မဖယ်ရှားနိုင်တော့ကြောင်း သိလိုက်ရသည့် အခါမှသာ သူမသည် နာမည်ကြီး ဆရာဝန်များစွာထံ ချဉ်းကပ်ကာ ရောဂါရှာဖွေ ကုသရန် ကြိုးပမ်းခဲ့တော့၏။

ရလဒ်မှာမူ ပြောစရာ မလိုအောင်ပင် အချည်းနှီး ဖြစ်ခဲ့ရလေသည်။ သူမ၏ မျက်နှာပေါ်ရှိ အစက်အပြောက်များသည် တဖြည်းဖြည်း တိုးပွားလာပြီး နက်မှောင်သော အရောင်သို့ ပြောင်းလဲသွားခဲ့တော့၏။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က သူမ၏ မျက်နှာပေါ်တွင် အမည်းရောင် ဆေးသုတ်ဆေးများဖြင့် စိတ္တဇ ပန်းချီကားတစ်ချပ် ရေးဆွဲထားသကဲ့သို့ပင် ဖြစ်နေပေတော့သည်။

အလှအပကို အစဉ်အမြဲ မြတ်နိုး တန်ဖိုးထားတတ်သည့် အယ်လီဆာအတွက်မူ ဤအခြေအနေမှာ မည်သို့မျှ လက်မခံနိုင်စရာ ဖြစ်နေပေတော့သည်။

All Chapters