ကျရောက်လာသော ဘေးဆိုး
Vol. 8 Ch. 71
လင်းရန်ယန် သည် အနားသို့ လျှောက်သွားလိုက်ရာ ၊ သူ၏ ‘ကောင်းကင်မီးတောက် လက်ဝါးတံဆိပ်’ ကြောင့် ဖြစ်ပေါ်လာသော နက်ရှိုင်းလှသည့် ကျင်းကြီး၏ အလယ်ဗဟို၌ မြေအောက်လှိုဏ်ခေါင်းတစ်ခု ပေါ်ပေါက်နေသည်ကို တွေ့ရှိလိုက်ရသည်။
ထိုလှိုဏ်ခေါင်းအတွင်းသို့ ငုံ့ကြည့်လိုက်သောအခါ ၊ ၎င်းမှာ အောက်ခြေမမြင်ရလောက်အောင် နက်ရှိုင်းလွန်းလှ၏။
“ဟို မြင်းစီးဓားပြတွေရဲ့ အငွေ့အသက်တွေ ရှိနေတယ် ၊ သူ အောက်ကို ဆင်းသွားတာလား ”
လင်းရန်ယန်က မျက်မှောင်တစ်ချက် ကြုတ်ကာ ဆိုလိုက်သည်။
“ငါလည်း မသိဘူး ၊ ဒါပေမဲ့ ဒီအပေါက်က အရမ်းသေးလွန်းတယ် ၊ မဆင်မခြင် ဆင်းသွားဖို့ကတော့ အန္တရာယ်ရှိနိုင်တယ် ”
ဦးလေးကိုး မှာလည်း တုံ့ဆိုင်းနေမိ၏။ အကယ်၍ အောက်ခြေ၌ ထောင်ချောက်တစ်ခုခု ရှိနေပါက ၊ သူနှင့် လင်းရန်ယန်တို့ပင်လျှင် အသက်ဘေးနှင့် ရင်ဆိုင်ရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်ရန်သူမှာ မိစ္ဆာအတတ်များစွာကို ကျွမ်းကျင်သော မှော်ဆရာတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်သည်။
“ဒါက လွယ်ပါတယ် ”
လင်းရန်ယန်က အသာအယာ ပြုံးလိုက်ပြီးနောက် ၊ လှိုဏ်ခေါင်းဝသို့ သွားကာ သူ၏ လက်ယာဘက်လက်ကို အထဲသို့ ထိုးသွင်းလိုက်တော့သည်။
“ဖျက်ဆီးပစ်စမ်း... ”
နောက်တစ်ခဏ၌ လင်းရန်ယန်၏ ပါးစပ်ဖျားမှ ပြင်းထန်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။
“ဝုန်း”
ချက်ချင်းဆိုသလိုပင် သူ၏ လက်အတွင်းမှ အလွန်အမင်း ထိတ်လန့်စရာကောင်းသော မီးတောက်များ ပေါက်ကွဲထွက်လာတော့သည်။ ထိုမီးတောက်များသည် မြေအောက်နက်ရှိုင်းရာသို့ တစ်ဟုန်ထိုး စီးဝင်သွားပြီး ၊ ထိတွေ့သမျှသော အရာအားလုံးကို လျင်မြန်စွာ လောင်ကျွမ်းပစ်လိုက်တော့၏။
လင်းရန်ယန်၏ ပြင်းထန်လှသော အပူရှိန်ကြောင့် ၊ သင်္ချိုင်းကုန်းတောင်တစ်ခုလုံး၏ အပူချိန်မှာလည်း အလျင်အမြန် မြင့်တက်လာသည်ကို ဦးလေးကိုးမှာ အံ့ဩတုန်လှုပ်စွာဖြင့် တွေ့လိုက်ရသည်။ ထို့ပြင် မြေပြင်အတွင်းမှ ရေနွေးငွေ့ အမြောက်အမြားမှာလည်း အပေါ်သို့ တလိပ်လိပ် တက်လာပါတော့၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သင်္ချိုင်းကုန်းတောင်တစ်ခုလုံးသည် ဖြူဖွေးသော မြူခိုးများဖြင့် ဖုံးလွှမ်းသွားရတော့သည်။ ဤသို့ ပြုလုပ်ပြီးနောက်တွင်မူ လင်းရန်ယန်သည် သူ၏ လက်ကို ပြန်လည် ရုပ်သိမ်းလိုက်၏။
“ဟား... ညီလေး ၊ မင်းရဲ့ အဲဒီနည်းစနစ်က တကယ့်ကို ပြင်းထန်လွန်းတယ် ”
ဦးလေးကိုးက မတတ်သာသလို ပြောလိုက်တော့သည်။ ၎င်းမှာ အမှန်တကယ် ပြင်းထန်လွန်း၍ မြေအောက်တစ်ခုလုံးကို တစ်ခါတည်း အကုန်အစင် လောင်ကျွမ်းပစ်လိုက်တော့၏။
“ကောင်းပြီ ၊ အကယ်၍ အခုထိ ထောင်ချောက်တွေ ကျန်နေသေးတယ်ဆိုရင်တော့ ၊ ဒီမြင်းစီးဓားပြရဲ့ စွမ်းအားက ကျွန်တော်တို့ နှစ်ယောက်လုံးကို သတ်နိုင်လောက်တဲ့အထိ ရှိနေလို့ပဲ ဖြစ်ရမယ် ”
လင်းရန်ယန်က အသာအယာ ပြုံးလိုက်ပြီးနောက် ၊ မြေပြင်ကို ပြင်းထန်စွာ နင်းချလိုက်တော့သည်။
“ဥုံ”
ချက်ချင်းပင် မြေဓာတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ၊ မူလက လူတစ်ယောက်သာ ဝင်နိုင်သော လှိုဏ်ခေါင်းဝမှာ ကြီးမားစွာ ကျယ်ပြန့်လာတော့၏။ ပတ်ဝန်းကျင်ရှိ မြေသားများမှာလည်း ဘေးသို့ လျင်မြန်စွာ ကွဲထွက်သွားကြတော့သည်။
“သွားမယ် ၊ အောက်ကို ဆင်းပြီး ဘာတွေရှိလဲ ကြည့်ရအောင် ၊ အရင်တုန်းက ကျွန်တော် ဘာမှ ရှာမတွေ့ခဲ့ဘူး ၊ အောက်မှာ ဘာတွေ ပုန်းကွယ်နေမလဲဆိုတာ သိချင်မိတယ် ”
လင်းရန်ယန် စကားပြောပြီးသည်နှင့် လှိုဏ်ခေါင်းအတွင်းသို့ တိုက်ရိုက် ခုန်ချလိုက်၏။ ဦးလေးကိုးမှာလည်း တုံ့ဆိုင်းမနေဘဲ နောက်မှ လိုက်ပါသွားတော့သည်။
မှောင်မိုက်နေသော လှိုဏ်ခေါင်းအတွင်း လင်းရန်ယန်နှင့် ဦးလေးကိုးတို့သည် ခုနစ်စက္ကန့် ၊ ရှစ်စက္ကန့်ခန့်ကြာအောင် ကျဆင်းပြီးမှ မြေပြင်သို့ ရောက်ရှိခဲ့ကြသည်။ မြေဆွဲအား အရှိန်အရ ဆိုပါက ၊ သူတို့နှစ်ဦးမှာ အမြင့် မီတာ ငါးရာ သို့မဟုတ် ခြောက်ရာခန့်အထိ ဆင်းလာခဲ့ကြခြင်း ဖြစ်၏။ ဤအကွာအဝေးမှာ တောင်ပေါ်မှ တောင်ခြေရင်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။
အောက်ခြေ၌ ကြီးမားသော တစ်စုံတစ်ခု ရှိနေသည်မှာ သိသာလှ၏။
“ဘုန်း... ဘုန်း”
နောက်ဆုံးတွင် ဦးလေးကိုးနှင့် လင်းရန်ယန်တို့ မြေပြင်သို့ ဆင်းသက်မိသွားကြသည်။ ၎င်းမှာ သူတို့၏ ပန်းတိုင်သို့ ရောက်ရှိပြီဖြစ်ကြောင်း ဖော်ပြနေ၏။
“ဥုံ”
လင်းရန်ယန် လှုပ်ရှားလိုက်သည်နှင့် သူ၏ ပတ်လည်၌ စိမ်းဖန့်ဖန့် မီးတောက်များမှာ တစ်ပြိုင်နက်တည်း တောက်လောင်လာပြီး ၊ ထိုအလင်းရောင်များဖြင့် ပတ်ဝန်းကျင် ဂူအတွင်းပိုင်းကို ထွန်းလင်းပေးလိုက်တော့သည်။
သို့သော် သူတို့၏ ရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ ကြီးမားလှသော မြေအောက်နန်းတော်ကြီး တစ်ခုပင် ဖြစ်ပြီး ၎င်းမှာ အမိုးခုံးပုံသဏ္ဌာန် ရှိ၏။
အရပ်မျက်နှာအနှံ့ရှိ ကျောက်တံတိုင်းများပေါ်တွင် နက်နဲလှသော အစီအရင်သင်္ကေတ အမြောက်အမြားကို ထွင်းထုထားသည်။ ဦးလေးကိုးနှင့် လင်းရန်ယန်တို့မှာ မြေအောက်နန်းတော်ကြီး၏ အလယ်ဗဟိုတည့်တည့်သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
ကျန်ရှိနေသော အမှတ်အသားများကို ကြည့်ခြင်းအားဖြင့် ၊ သူတို့ ရပ်နေသော နေရာ၌ မူလက ကြီးမားသော အခေါင်းကြီးတစ်ခု ရှိခဲ့လိမ့်မည်။ ထို့ပြင် ဤအခေါင်းကြီးကို အနီရဲရောင် သံကြိုးများဖြင့်လည်း ချိပ်ပိတ်ထားခဲ့သေးသည်။
ကံဆိုးစွာပင် ၊ ယခုအခါ ဤအခေါင်းကြီးမှာ ပျောက်ကွယ်နေပြီ ဖြစ်သလို ၊ သံကြိုးများမှာလည်း ပြတ်တောက်နေပြီ ဖြစ်သည်။
“ဒီနေရာက လေက အရမ်းပါးလွှာနေတယ် ၊ ကြည့်ရတာ ဒီဂူသင်္ချိုင်းက ခုမှ ပွင့်သွားတာ ထင်တယ် ”
ဦးလေးကိုးက မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။ အကယ်၍ သာမန်လူများသာ ဖြစ်ပါက ၊ ဤနေရာ၌ မိနစ်အနည်းငယ်အတွင်း အသက်ရှူကျပ်ကာ သေဆုံးသွားလိမ့်မည်။ ကံကောင်းသည်မှာ သူနှင့် လင်းရန်ယန်တို့မှာ စွမ်းအားကြီးသော ကျင့်ကြံသူများ ဖြစ်နေကြခြင်းကြောင့် ဖြစ်သည်။
“ဒီအစီအရင်သင်္ကေတတွေက စိတ်ဝင်စားစရာပဲ ၊ သင်္ချိုင်းကုန်းတောင်တစ်ခုလုံးမှာ ဘာလို့ ဒီလောက် ယင်စွမ်းအင်တွေ များနေရတာလဲဆိုတာကို အံ့ဩစရာ မရှိတော့ဘူး ”
သို့သော် လင်းရန်ယန်မှာမူ ပတ်ဝန်းကျင် ကျောက်တံတိုင်းပေါ်ရှိ အစီအရင်များကို ကြည့်ကာ အံ့ဩတသစွာဖြင့် ရေရွတ်လိုက်၏။
“ညီလေး... မင်း ဒီအစီအရင်တွေကို သိလို့လား”
ဦးလေးကိုးက မေးမြန်းလိုက်သည်။ သူသည် အစီရင်ကွက်အချို့ကို သိသော်လည်း ၊ မြေကမ္ဘာအရှင်သခင် အဆင့်သို့ ရောက်ခါစသာ ရှိသေး၏။ ထို့ပြင် သူ သိရှိသော အစီရင်ကွက်များမှာလည်း မများလှပေ။
“ဒါက အစီရင်ကွက် တစ်ခုတည်း မဟုတ်ဘူး ၊ သုံးခုတောင် ဖြစ်နေတာ ”
လင်းရန်ယန်က ဖြေးညင်းစွာ ပြောဆိုလိုက်၏။
“ဘာ... သုံးခု ဟုတ်လား ”
ဦးလေးကိုးမှာ အလွန်အမင်း အံ့အားသင့်သွားရတော့သည်။
“ဟုတ်တယ် ၊ သုံးခုပါ ၊ ပထမတစ်ခုက ‘မြေကြောဝိညာဉ်စုစည်းခြင်း အစီရင်’ ပါ ၊ အဲ့တာက ပတ်ဝန်းကျင် ကီလိုမီတာ ဆယ်ဂဏန်းအတွင်း မြေပြင်အောက်မှာ ရှိတဲ့ ဝိညာဉ်စွမ်းအင်တွေကို စုစည်းပေးနိုင်တယ် ၊ ဒါက ‘မြေကမ္ဘာအဆင့်’ အထွတ်အထိပ် အစီရင်ကွက် တစ်ခုပဲ ၊
ဒီလို အစီရင်မျိုးက သာမန် ဝိညာဉ်စုစည်းခြင်း အစီရင်တွေနဲ့ မတူဘူး ၊ သာမန် အစီရင်တွေကိုတော့ ကျင့်ကြံသူတွေ ဖြတ်သွားရင် သတိထားမိနိုင်ပေမဲ့ ၊ ဒီလို အစီရင်မျိုးကိုတော့ ကျင့်ကြံသူတွေအနေနဲ့ ရှာဖွေတွေ့ရှိဖို့ ခက်ခဲတယ် ၊
ဒုတိယတစ်ခုကတော့ ‘ယင်စွမ်းအင်စုစည်းခြင်း အစီရင်’ ပါ ၊ အဲ့တာက ကီလိုမီတာများစွာအတွင်းမှာ ရှိတဲ့ ယင်စွမ်းအင်တွေကို စုစည်းပေးနိုင်တယ် ၊ တတိယတစ်ခုကတော့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ် ၊
ဒါက ‘မိစ္ဆာဝိညာဉ် အစီရင်’ ပဲ ၊ ဒီအစီရင်က သီအိုရီအရ ဆိုရင်တော့ ပျောက်ကွယ်သွားပြီလို့ ယူဆထားကြတာ ၊ ဒါကြောင့် ဘာလို့ ဒီနေရာမှာ ပေါ်လာရတာလဲဆိုတာ ကျွန်တော်လည်း မသိဘူး ၊
ဒီအစီရင်ရဲ့ ရည်ရွယ်ချက်ကတော့ ဝိညာဉ်စွမ်းအင်တွေကို စစ်မှန်တဲ့ ယင်စွမ်းအင်အဖြစ် ပြောင်းလဲပစ်ဖို့ပဲ ၊ ဒါကြောင့်လည်း ရန်မိသားစုမြို့တော်ရဲ့ သင်္ချိုင်းကုန်းတောင်မှာ ယင်စွမ်းအင်တွေ ဒီလောက် ကြီးမားနေရတာ ဖြစ်လိမ့်မယ် ”
လင်းရန်ယန်က ရှင်းပြလိုက်၏။
“ဘာ... မြေကမ္ဘာအဆင့် အထွတ်အထိပ် အစီရင် သုံးခုတောင်ရှိတာဆိုရင် ၊ ဒီနေရာမှာ ဘယ်လိုမျိုး အရာမျိုးကို မွေးမြူထားတာလဲ ” ဦးလေးကိုးမှာ အသက်ရှူမှားသွားရသည်။
“ဒါကိုတော့ ကျွန်တော်လည်း မသိဘူး ၊ ဒီ အနီရဲရောင် သံကြိုးကိုးချောင်းက ဟို မြင်းစီးဓားပြခေါင်းဆောင် သုံးတဲ့ လက်နက်တွေနဲ့ ဆင်တူနေသလိုပဲ ၊ အဲဒါတွေအားလုံးက လူသားတွေရဲ့ သွေးစစ်စစ်တွေနဲ့ ပြုလုပ်ထားတာ ၊ သူ ဘာလို့ ဒီနေရာကို ရှာတွေ့နိုင်ခဲ့တာလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး ”
လင်းရန်ယန်သည် မြေပြင်ပေါ်ရှိ အနီရင့်ရောင် သံကြိုးကို ကောက်ယူကာ မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။ ပတ်ဝန်းကျင်ရှိ အမှတ်အသားများကို ကြည့်ခြင်းအားဖြင့် ၊ ၎င်းမှာ အနည်းဆုံး နှစ်ပေါင်း သုံးရာ သို့မဟုတ် လေးရာခန့် သက်တမ်း ရှိလိမ့်မည်။
ဤအစီရင် သုံးခု၏ စွမ်းအားကို ကြည့်မည်ဆိုပါက ၊ နှစ်ပေါင်း သုံးလေးရာ သက်တမ်းမှာ အစွမ်းထက်လှသော ‘ဖုတ်ကောင်ဘုရင်’ တစ်ဦးကို မွေးမြူရန်အတွက် လုံလောက်လှ၏။ ဒီကိစ္စကတော့ ပြဿနာကြီးတက်တော့မည် ဖြစ်သည်။
“ဒါဆိုရင် အဲဒီအရာက ဘယ်ကနေ ထွက်ပြေးသွားတာလဲ ”
ဦးလေးကိုး၏ မျက်ခုံးများမှာ တင်းကျပ်စွာ တွန့်ချိုးနေသည်။ တစ်ဖက်လူမှာ မည်မျှပင် အစွမ်းထက်ပါစေ ၊ အမြင့် မီတာ ရာဂဏန်းကို တစ်ခါတည်းနှင့် ခုန်တက်သွားရန်မှာ မဖြစ်နိုင်ပေ။ ထို့ပြင် ထိုမျှ ကြီးမားလှသော အခေါင်းကြီးကိုလည်း သယ်ဆောင်သွားရသေးသည်။
“ဒီမှာပဲ ဖြစ်ရမယ် ”
လင်းရန်ယန်သည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ၊ တံတိုင်းအတွင်း မြှုပ်နှံထားသော ကျောက်စာတိုင်တစ်ခုကို လက်ဝါးဖြင့် ရိုက်လိုက်တော့၏။
“ဝုန်း”
ချက်ချင်းဆိုသလိုပင် သူ၏ စိတ်စွမ်းအားကြောင့် ထိုကျောက်စာတိုင်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။ ကျောက်စာတိုင်၏ အနောက်ဘက်၌ လမ်းတစ်ခု ရှိနေ၏။ ဤလမ်းမှာ စစ်မှန်သော ဂူသင်္ချိုင်းလမ်း ဖြစ်လိမ့်မည်။ လမ်း၏ ကြမ်းပြင်ပေါ်တွင်လည်း တစ်စုံတစ်ခုကို ဆွဲယူသွားသော အမှတ်အသားများ ရှိနေသည်။
ရန်သူသည် ဤနေရာမှ ထွက်ခွာသွားခြင်းမှန်း သိသာလှသည်။ ဦးလေးကိုးသည် အနားသို့ လျှောက်သွားကာ စစ်ဆေးကြည့်လိုက်၏။
“ဒီကျောက်စာတိုင်ကို ‘မ’တင်လို့ ရရမှာပါ ၊ ဒါပေမဲ့ ဒါကို အတွင်းဘက်ကနေ ကန့်လန့်လှည့် ဖွင့်ဖို့ လိုတယ် ၊ အပြင်ဘက်ကနေဆိုရင်တော့ ဒါကို အင်အားသုံးပြီးတော့ပဲ ဖျက်ဆီးလို့ ရမယ် အခုတော့ ပြဿနာတက်ပြီ ထင်တယ်”
ဦးလေးကိုးမှာ မတတ်သာသလို ဖြစ်နေရ၏။ လင်းရန်ယန် ပြောပုံအရ ဆိုပါက ၊ အတွင်း၌ ချိပ်ပိတ်ထားသော အရာမှာ အလွန်အမင်း အစွမ်းထက်လှသော တည်ရှိမှုတစ်ခု ဖြစ်သည်။ အကယ်၍ ၎င်းကို အမှန်တကယ် နိုးထစေပြီး ထိန်းချုပ်လိုက်မည်ဆိုပါက ၊ သူတို့မှာ အမှန်တကယ်ပင် အနိုင်ရရှိနိုင်မည့် အခွင့်အရေး ရှိနိုင်တော့မည် မဟုတ်ပေ။
လင်းရန်ယန်၏ စွမ်းအားကို သိထားသော်လည်း ၊ ဦးလေးကိုး၏ အမြင်တွင် လင်းရန်ယန်မှာ အများဆုံး ‘ကောင်းကင်အရှင်သခင်’ အဆင့် (၁) လောက်သာ ရှိသေးလိမ့်မည်။ သို့သော် ဤဖုတ်ကောင်ဘုရင်မှာမူ အနည်းဆုံး ‘ဖုတ်ကောင်ဘုရင်’ အဆင့် (၂) သို့မဟုတ် (၃) ခန့် ရှိနေလိမ့်မည်။
“ပြဿနာကတော့ ရှိတာပေါ့ ၊ ဒါပေမဲ့ အခွင့်အရေးတော့ ကျန်ပါသေးတယ် ၊ သွားကြမယ် ၊ အလောင်းပြင်ခန်းကို ပြန်ရအောင်”
လင်းရန်ယန်ကမူ သိပ်ပြီး ဂရုစိုက်ပုံ မရပါချေ။ နှစ်ပေါင်း သုံးရာမှ ငါးရာခန့်အထိ မွေးမြူထားသော ဖုတ်ကောင်မှာ ၊ အစီရင်ကြီး သုံးခု၏ စောင့်ရှောက်မှုကို ရရှိထားသော်လည်း ထိုမျှအထိ အစွမ်းမထက်နိုင်ပေ။
သူသည် ဤဖုတ်ကောင်မှာ သူ စိတ်ကူးထားသော အရာ ဖြစ်နေမလားဆိုသည်ကိုသာ စိတ်ဝင်စားနေခြင်း ဖြစ်၏။