ကောင်းကင်မိုးကြိုး၏ စွမ်းပကား
Vol. 8 Ch. 76
“ဝူး... (ဟက် ၊ ငါဆိုတဲ့စစ်သူကြီးက နံပါတ်တစ် မိစ္ဆာဂိုဏ်းဖြစ်တဲ့ ‘သွေးနတ်ဘုရားနန်းတော်’ ရဲ့ အဖွဲ့ဝင်တစ်ဦးပဲ ၊ မင်းပြောတဲ့ မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်း ဆိုတာကို ငါ တစ်ခါမှတောင် မကြားဖူးဘူး မင်းက မော်ရှန်းတပည့် တစ်ယောက်ဖြစ်ပေမဲ့ ၊ ငါ့ကို သတ်ရဲတယ်ဆိုရင်တော့... ဖုတ်ကောင်ဘုရင်အဆင့်ရှိတဲ့ ‘သွေးဝိညာဉ်ကျိန်စာ’ က မင်း သေဆုံးသွားတဲ့အထိ သွေးနတ်ဘုရားနန်းတော်ရဲ့ လိုက်လံအမဲလိုက်ခြင်းကို ခံရဖို့ လုံလောက်လိမ့်မယ် ) ”
သို့သော် လင်းရန်ယန် ၏ စကားကို ကြားသောအခါ ရွှေချပ်ဝတ်ဖုတ်ကောင် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ချက်ချင်းပင် သတိပေးစကား ဆိုလိုက်၏။
‘သွေးနတ်ဘုရားနန်းတော်’ ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် လင်းရန်ယန်မှာ မျက်ခုံးတစ်ချက် ပင့်သွားခဲ့သည်။
“သွေးနတ်ဘုရားနန်းတော် ဖြစ်နေတာကိုး ”
လင်းရန်ယန်မှာ အနည်းငယ် အံ့ဩသွားရ၏။ သွေးနတ်ဘုရားနန်းတော်ဟူသည်မှာ နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သော မိစ္ဆာဂိုဏ်းကြီး တစ်ခု ဖြစ်သည်။ ထိုဂိုဏ်း၏ အကြီးမားဆုံးသော ထူးခြားချက်မှာ အဖွဲ့ဝင်အားလုံးသည် ဖုတ်ကောင်ဘုရင်များ ဖြစ်နေကြခြင်းပင် ဖြစ်သည်။ မှန်ပါသည် ၊ တစ်ဦးမကျန် ဖုတ်ကောင်ဘုရင်များသာ ဖြစ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ဖုတ်ကောင်များမှာ ဖုတ်ကောင်ဘုရင်အဆင့်သို့ ရောက်ရှိမှသာလျှင် လူသားကဲ့သို့သော အသိဉာဏ်မျိုးကို ပိုင်ဆိုင်နိုင်ကြသောကြောင့် ဖြစ်သည်။
ကျိုးကြောင်းဆီလျော်စွာ စဉ်းစားမည်ဆိုပါက ၊ ဤကဲ့သို့သော ဂိုဏ်းမျိုးကို တစ်ကမ္ဘာလုံးရှိ တရားသော ဘက်တော်သားများက ဝိုင်းဝန်းနှိမ်နင်းကြရမည် ဖြစ်၏။ အမှန်စင်စစ် ဖုတ်ကောင်ဘုရင်များစွာ စုဝေးနေခြင်းမှာ ကျင့်ကြံခြင်းလောကတစ်ခုလုံးအတွက် ကြီးမားလှသော လျှို့ဝှက်အန္တရာယ်တစ်ခုပင် ဖြစ်နေလိမ့်မည်။
သို့သော် အမှန်တရားမှာမူ ဤဂိုဏ်း တည်ရှိနေခြင်းကပင် ကျင့်ကြံခြင်းလောကကို ပိုမို တည်ငြိမ်စေခဲ့ခြင်း ဖြစ်သည်။ ပထမအချက်မှာ သွေးနတ်ဘုရားနန်းတော်သည် နံပါတ်တစ် မိစ္ဆာဂိုဏ်းကြီး ဖြစ်သော်လည်း ၊ ၎င်းတို့၏ အဖွဲ့ဝင် ဖုတ်ကောင်ဘုရင်များအား လူသားများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း မပြုရန် တင်းကျပ်စွာ တားမြစ်ထား၏။
ဒုတိယအချက်မှာမူ သွေးနတ်ဘုရားနန်းတော်သည် အလွန်အမင်း အစွမ်းထက်လွန်းလှခြင်း ဖြစ်သည်။ ဒဏ္ဍာရီများအရ သွေးနတ်ဘုရားနန်းတော်တွင် နန်းတော်သခင် သုံးဦး ရှိသည်ဟု ပြောကြသည်။ ထိုသူတိုင်းမှာ ‘ဖုတ်ကောင်ဧကရာဇ်’ အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြ၏။
ဤမျှ ထိတ်လန့်စရာကောင်းလှသော စွမ်းအားကြောင့် ကြီးမားလှသော ဂိုဏ်းကြီးငါးဂိုဏ်း အကုန်အစင် ပူးပေါင်းလျှင်ပင် ၊ ၎င်းတို့အား အနိုင်နိုင်သာ နှိမ်နင်းနိုင်လိမ့်မည်။ ထို့ကြောင့်လည်း မိမိရှေ့ရှိ ရွှေချပ်ဝတ်ဖုတ်ကောင်က လင်းရန်ယန်အနေဖြင့် သူ့ကို ထိပါက သေချာပေါက် သေလိမ့်မည်ဟု ကြုံးဝါးနေခြင်း ဖြစ်၏။ သွေးနတ်ဘုရားနန်းတော်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူသည် ဤသို့ ပြောဆိုခွင့် ရှိသည်။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ ၊ သွေးနတ်ဘုရားနန်းတော်က လူတစ်ယောက် ဖြစ်နေတာကိုး ၊ ငါ သိချင်တာက... အကယ်၍ သွေးနတ်ဘုရားနန်းတော်က ငါ့ကို လိုက်လံ အမဲလိုက်မယ်ဆိုရင် ၊ ငါ ဘယ်လိုအဆင့်ရှိတဲ့ မစ်ရှင်မျိုးကို လက်ခံရရှိမလဲ ဆိုတာပဲ ”
သို့သော် လင်းရန်ယန်မှာ သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း မပြုံးဘဲ မနေနိုင်တော့ချေ။ ယခင်က သူသည် မြင်းစီးဓားပြများ၏ တတိယမြောက်ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့စဉ်က ၊ သူ၏ ခန္ဓာကိုယ်နှင့်အတူ ပါလာသော ‘သွေးဝိညာဉ်ကျိန်စာ’ ကိုပါ မတော်တဆ လောင်ကျွမ်းစေခဲ့သည်။
ထိုခေါင်းဆောင်၏ နောက်ကွယ်ရှိ ဂိုဏ်းမှာ ဒုတိယတန်းစား မိစ္ဆာဂိုဏ်းတစ်ခုသာ ဖြစ်ရာ ၊ ထိုသွေးဝိညာဉ်ကျိန်စာ၏ အဆင့်မှာ မြင့်မားခြင်း မရှိပေ။ ထို့ကြောင့် ထိုကျိန်စာမှာ လင်းရန်ယန်၏ မီးတောက်များကို လုံးဝ မခံနိုင်ခဲ့ချေ။
သို့သော် ဤရွှေချပ်ဝတ်ဖုတ်ကောင်မှာမူ ကွဲပြားသည်။ သူ၏ သွေးဝိညာဉ်ကျိန်စာမှာ သေချာပေါက် အဆင့်မြင့်လိမ့်မည်။ ထို့ပြင် သူသည် ကြယ်လေးပွင့်အဆင့်ရှိ ဖုတ်ကောင်ဘုရင် တစ်ဦးဖြစ်ရာ ၊ ထိုကျိန်စာ၏ လွှမ်းမိုးမှုမှာ အနည်းဆုံး ကီလိုမီတာ ငါးရာအထိ ရောက်ရှိနိုင်သည်။
ထို့ပြင် ‘စစ်မှန်သော အရှင်သခင်’ အဆင့်ရှိ သူတစ်ဦးပင်လျှင် ဤကျိန်စာကို ဖယ်ရှားရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် လင်းရန်ယန်သည် ၎င်းကြောင့် ရရှိလာမည့် ဆုလာဘ်မှာ မည်မျှအထိ ကြီးမားမည်ကို သဘာဝအတိုင်း စိတ်ဝင်စားနေခြင်း ဖြစ်၏။
“ပြောရဦးမယ် ၊ ငါ့မှာ ‘အရိုးစုဖုတ်ကောင်ဂိုဏ်း’ ဆီက သွေးဝိညာဉ်ကျိန်စာ တစ်ခု ရှိနေပြီးသားပဲ ၊ သွေးနတ်ဘုရားနန်းတော်ဆီက နောက်ထပ် တစ်ခု ထပ်တိုးလာလဲ သိပ်မထူးခြားဘူး”
ကံဆိုးလှသည်မှာ လင်းရန်ယန်သည် ရွှေချပ်ဝတ်ဖုတ်ကောင်၏ သတိပေးချက်နှင့် ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ သူတို့က တကယ်ပဲ သူ့ကို ဆုငွေထုတ်ပြီး ရှာဖွေရဲမယ်ဆိုရင် ၊ သူကလည်း သွေးနတ်ဘုရားနန်းတော်ကိုပါ အမြစ်ပြတ် သုတ်သင်ဖို့ ဝန်လေးနေမှာ မဟုတ်ချေ။
အကယ်၍ ယခုအချိန်၌ သူ မနိုင်သေးဘူးဆိုလျှင်ပင် ၊ သူသည် မြေအောက်ကမ္ဘာ ထဲတွင် ခဏဝင်ပုန်းနေပြီး အစွမ်းထက်လာမှ ပြန်ထွက်လာရုံသာ ရှိ၏။ ရန်သူက မည်မျှပင် အစွမ်းထက်ပါစေ ၊ မြေအောက်ကမ္ဘာအထိ လိုက်လာရဲမည်မဟုတ်ပေ။
“ဝူး... (လူမိုက်လေး... မင်း နောင်တရစေရမယ် ) ”
မျှော်လင့်ထားသည့်အတိုင်းပင် ၊ လင်းရန်ယန်၏ စကားကို ကြားသောအခါ ရွှေချပ်ဝတ်ဖုတ်ကောင်မှာ နောက်ဆုံး၌ ထိတ်လန့်သွားရတော့သည်။
သူသည် ထိုအချိန်က ဧကရာဇ်ကိုပင် ဆန့်ကျင်၍ ဤချပ်ဝတ်တန်ဆာများကို သွန်းလုပ်ခဲ့ခြင်းမှာ ၊ သေဆုံးပြီးနောက် သွေးနတ်ဘုရားနန်းတော်သို့ ဝင်ရောက်နိုင်ရန်အတွက် ဖြစ်သည်။ မြေပြင်ပေါ်သို့ ပြန်လည် ထွက်ပေါ်လာပြီးချင်းမှာပင် အသက်နှစ်ဆယ်ပင် မပြည့်သေးဘဲ သူ့ကို အလွယ်တကူ နှိမ်နင်းနိုင်သည့် လင်းရန်ယန်ကဲ့သို့သော ပါရမီရှင်တစ်ဦးနှင့် တွေ့ဆုံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထို့ပြင် တစ်ဖက်လူ၏ စကားများအရ သူသည် အစွမ်းကုန်ပင် မထုတ်ရသေးကြောင်း သိရရာ ၊ ၎င်းမှာ တကယ့်ကို အံ့ဩစရာပင် ဖြစ်သည်။
“အချိန်တွက်ကြည့်ရသလောက်ဆိုရင်တော့ ၊ အစ်ကိုကြီးလည်း ပြီးလောက်တော့မယ်ထင်တယ် ”
လင်းရန်ယန်မှာ သူ့ကို လျစ်လျူရှုလိုက်ပြီးနောက် ၊ သူ၏ အနောက်ဘက်ရှိ အလောင်းပြင်ခန်းဆီသို့ အကြည့်ကို လွှဲပြောင်းလိုက်တော့သည်။
အချိန်အားဖြင့် လွန်ခဲ့သော တစ်မိနစ်ခန့်ဆီသို့ ပြန်သွားရသော်...
လင်းရန်ယန်၏ ကူညီမှုကြောင့် ဦးလေးကိုး ၏ ဒဏ်ရာများမှာ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သော်လည်း ၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ‘ဝိညာဉ်ဓာတ်စွမ်းအား’ များမှာမူ ပြန်လည် မပြည့်ဝသေးချေ။ သို့သော် သူက ထိုအရာကို ဂရုမစိုက်ပေ။
ဦးလေးကိုးသည် ဘိုးဘေးဆရာသခင်များ၏ ပုံတူကားချပ်များ ရှေ့သို့ လျှောက်သွားကာ အမွှေးတိုင် ထွန်းညှိပြီး သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်တော့သည်။ ထို့နောက် သူက လက်ကို ဝေ့ယမ်းလိုက်၏။
“ဝူး... “
ချက်ချင်းဆိုသလိုပင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ၊ မြေပြင်ပေါ်ရှိ ဖျာများကို လွင့်စင်သွားစေတော့သည်။ ယင်းနောက်တွင်မူ ဦးလေးကိုးသည် ဘိုးဘေးခန်းမ အလယ်တည့်တည့်သို့ လျှောက်သွားကာ မြေပြင်ကို လက်သီးဖြင့် ထိုးချလိုက်တော့၏။
“ဝုန်း”
ကြမ်းပြင်ပေါ်ရှိ အုတ်ချပ်များမှာ တစ်ခဏချင်းအတွင်း ကွဲအက်သွားရသည်။ အတွင်း၌ ကျင်းတစ်ခု ပေါ်ထွက်လာ၏။ ဦးလေးကိုးသည် အတွင်းသို့ နှိုက်ကြည့်လိုက်ပြီးနောက် လက်ဆေးဇလုံ အရွယ်အစားခန့်ရှိသော ‘ပါးကွ မှန်ချပ်’(တရုတ်ဗေဒင်တွက်ရင်အသုံးပြုတဲ့ယင်းယန်ဗေဒင်ချပ်ပါ) တစ်ခုကို ထုတ်ယူလိုက်တော့သည်။
“ဝူး... “
ဦးလေးကိုးက ၎င်းကို ထိတွေ့လိုက်သည်နှင့် ၊ ပါးကွ မှန်ချပ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်လှသော အစီရင်သင်္ကေတများ ပေါ်ထွက်လာတော့၏။ အကယ်၍ လင်းရန်ယန်သာ ဤသင်္ကေတများကို မြင်တွေ့မည်ဆိုပါက ၊ သူသည်လည်း အံ့ဩသွားပေလိမ့်မည် ၊ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် ထိုသင်္ကေတများ၏ အဆင့်ကို ခွဲခြားနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ထို့ပြင် ထိုအစီရင်သင်္ကေတများသည် ဦးလေးကိုး၏ ‘ဝိညာဉ်စွမ်းအား’ နှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ခံစားနေရ၏။
“အရင်ဆုံး ငါ့ရဲ့ ဝိညာဉ်ဓာတ်စွမ်းအားတွေကို ပြန်ဖြည့်ရမယ် ”
ဦးလေးကိုးသည် အသက်ကို ပြင်းပြင်းရှူလိုက်တော့သည်။ ချက်ချင်းဆိုသလိုပင် သူသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ဝိညာဉ်ဓာတ်စွမ်းအားများကို ပြန်လည်ပြည့်ဝစေသည့် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်တော့၏။
“ဝုန်း”
တစ်ခဏချင်းအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအားများမှာ လျင်မြန်စွာ ပြန်လည် ပြည့်ဝလာတော့သည်။ ခဏအတွင်းမှာပင် အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသွားတော့သည်။
ဤဆေးလုံးမှာ အလယ်အလတ် ‘မြေကမ္ဘာအဆင့်’ ရှိသော အသက်ပြန်ဆေး ဖြစ်၏။ ၎င်းမှာ အချိန်တိုအတွင်း သူ၏ စွမ်းအားများကို ပြန်လည် ပြည့်ဝလာစေနိုင်သည်။ အနီးကပ် ကြည့်မည်ဆိုပါက ဦးလေးကိုး၏ လက်ထဲရှိ ဆေးပုလင်းအတွင်း၌ ဆေးလုံး ကိုးလုံး ကျန်ရှိနေသေးသည်ကို မြင်တွေ့ရလိမ့်မည်။
ဦးလေးကိုး အဘယ်ကြောင့် အမြဲတမ်း ဆင်းရဲလွန်းလှသည်ဟု ညည်းတွားနေခြင်းကို အံ့ဩစရာ မရှိတော့ချေ ၊ သူ၏ ငွေကြေးအားလုံးကို ဤကဲ့သို့သော ဆေးလုံးများ ဝယ်ယူရာတွင် အသုံးပြုနေခဲ့ပုံ ရ၏။
မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ပေါကြွယ်ဝလှသော စွမ်းအားများကို ခံစားရင်း ၊ ဦးလေးကိုးသည် ပါးကွ မှန်ချပ်ကို ချထားလိုက်ပြီးနောက် ၊ သူ၏ လက်နှစ်ဖက်ဖြင့် အစီရင်အမှတ်အသားများကို လျင်မြန်စွာ ပြုလုပ်လိုက်တော့သည်။
“တုထျန့် မိုးကြိုးအရှင် ၊ ခမ်းနားလှသော ကောင်းကင်နှင့် မြေပြင်အား ၊ နတ်နဂါး၏ စောင့်ရှောက်မှုဖြင့် ၊ တောင်တန်းများကို ပြိုလဲစေ ၊ မိစ္ဆာနတ်ဘုရားနှင့် စေတန်များ ၊ သူတို့၏ အကြေးခွံများ ပြသ ရဲစေ… ”
အစီရင်များကို ပြင်းထန်စွာ ရွတ်ဆိုလိုက်သည်နှင့်အမျှ ၊ သူ၏ လက်နှစ်ဖက်မှ မိုးကြိုးအမြောက်အမြား ပေါက်ကွဲထွက်လာပြီး ၊ နောက်ဆုံး၌ သူ ကိုင်ဆောင်ထားသော ဓားရှည်ပေါ်သို့ စုစည်းသွားတော့သည်။
“ဖြောက်... ဖြောက်... “
မိုးကြိုးများ စုစည်းလာသည်နှင့်အမျှ ၊ မိုးကြိုးပစ်မက်မွန်သားဓားအတွင်းမှ ဖြူဖွေးသော မိုးကြိုးစွမ်းအားများသည် အပြာရောင် ‘ကောင်းကင်မိုးကြိုးစွမ်းအား’ အဖြစ်သို့ စတင် ပြောင်းလဲသွားတော့၏။
“မိုးကြိုးအရှင်၏ ထိုးနှက်ချက်ဖြင့် ၊ သူတို့၏ ပုံသဏ္ဍာန်ကို ချေမှုန်းစမ်း ၊ တစ္ဆေနှင့် မိစ္ဆာများကို သန့်စင်စမ်း ၊ လူသားမျိုးနွယ်အား ငြိမ်းချမ်းစေသား ၊ အမိန့်အတိုင်း ချက်ချင်း ဖြစ်စေသတည်း ”
နောက်ဆုံး၌ ကျယ်လောင်လှသော အော်ဟစ်သံနှင့်အတူ ၊ ဦးလေးကိုးသည် သူ၏ ဓားဖြင့် ခြေရင်းရှိ ပါးကွချပ်ကို ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
“ဝုန်း... ဝုန်း... ဝုန်း”
တစ်ခဏချင်းအတွင်းမှာပင် တစ်လောကလုံး တုန်ဟည်းသွားလောက်သော အသံကြီးသည် အလောင်းပြင်ခန်း တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ သို့သော် ထူးဆန်းလှသည်မှာ ထို ပါးကွချပ် သည် ကောင်းကင်မိုးကြိုးဓားဓာတ် အားလုံးကို စုပ်ယူလိုက်ခြင်းပင် ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ ပြန့်ကျဲနေသော မိုးကြိုးစွမ်းအားများပင်လျှင် လုံးဝ စုပ်ယူခြင်း ခံလိုက်ရတော့၏။ ကောင်းကင်မိုးကြိုးဓားဓာတ်များကို စုပ်ယူလိုက်သည်နှင့်အမျှ ၊ ပါးကွ မှန်ချပ်ပေါ်ရှိ အစီအရင်သင်္ကေတ သုံးလေးခုမှာ ချက်ချင်းဆိုသလို လင်းထိန်လာတော့၏။
ဦးလေးကိုးမှာ တုံ့ဆိုင်းမနေတော့ဘဲ အစီအရင်အမှတ်အသားများကို ဆက်လက် ပြုလုပ်လိုက်တော့သည်။
“ကြည်လင်သန့်ရှင်းသော အပြာရောင်နှင့် ၊ စစ်မှန်သော အစီအရင်သစ္စာအား ၊ သဘာဝအတိုင်း ပြောင်းလဲစေသား ၊ ဤအရာများကို ပေါင်းစည်း၍ စစ်မှန်မှု ဖြစ်စေသား ၊
မိုးကြိုးငါးစင်း ၊ မိုးကြိုးငါးစင်း ၊ ဟွမ်နင်ထံသို့ အသည်းအသန် စုစည်းစေသား ”
ယခုအကြိမ်တွင်မူ ၎င်းမှာ ‘ကောင်းကင်အဆင့်’ တာအိုမှော်အတတ်ဖြစ်သော ‘မိုးကြိုးငါးစင်း အစီအရင်’ ပင် ဖြစ်၏။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း”
မကြာမီမှာပင် ကောင်းကင်မိုးကြိုး ငါးစင်းမှာ ပေါက်ကွဲထွက်လာတော့သည်။ ကောင်းကင်မိုးကြိုးများ ထွက်ပေါ်လာသည်နှင့်အမျှ ၊ အစီအရင် သင်္ကေတ ဆယ်ခုထက်မက ထပ်မံ လင်းထိန်လာတော့၏။ ဤအစီအရင် ပြီးဆုံးသွားချိန်တွင် သူ၏ ဝိညာဉ်ဓာတ်စွမ်းအားများမှာ ချက်ချင်းပင် ခန်းခြောက်သွားတော့၏။
သူသည် ချက်ချင်းပင် ကျန်ရှိနေသော ဆေးလုံး ကိုးလုံးစလုံးကို မျိုချလိုက်တော့သည်။
“ဝုန်း”
တစ်ခဏချင်းအတွင်းမှာပင် များပြားလှသော ဝိညာဉ်ဓာတ်စွမ်းအားများသည် သူ၏ ‘ဒန်ထျန့်’ (အသက်စွမ်းအင်,ချီ ) အတွင်းသို့ ရေလျှံလာသကဲ့သို့ စီးဝင်လာတော့၏။ ဦးလေးကိုးသည်လည်း အစီအရင် အမှတ်အသားများကို ဆက်လက် ပြုလုပ်နေတော့သည်။
“ရွှေရောင်အစီအရင် ၊ အမိန့်အတိုင်း ချက်ချင်း ဖြစ်စေသတည်း ”
“အနက်ရောင် သတ်ဖြတ်ခြင်း ကျိန်စာ ၊ အမိန့်အတိုင်း ချက်ချင်း ဖြစ်စေသတည်း ”
“အရပ်ငါးမျက်နှာ သတ်ဖြတ်ခြင်းအစီအရင် ၊ အမိန့်အတိုင်း ချက်ချင်း ဖြစ်စေသတည်း ”