ဧရာမ မြင်းသတ်ဖြတ်ဓားကြီး
Vol. 8 Ch. 77
ဟိန်းဟောက်သံများ တစ်ခါထွက်ပေါ်လာတိုင်း ဦးလေးကိုး သည် အစွမ်းထက်လှသော အစီအရင်တစ်ခုကို ထုတ်လွှတ်လိုက်၏။ ၎င်းတို့အထဲတွင် ‘မြေကမ္ဘာအဆင့်’ အထွတ်အထိပ်များ ပါဝင်သကဲ့ ၊ အချို့မှာ ‘ကောင်းကင်အဆင့်’ သို့ပင် ရောက်ရှိနေ၏။
ထိုအစီအရင်များသည် ‘ပါးကွ မှန်ချပ်’ ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်နှင့်အမျှ ၊ မှန်ပေါ်ရှိ အစီအရင်သင်္ကေတများမှာ ပိုမို၍ လင်းထိန်လာတော့သည်။ ၁၀၀ ၊ ၂၀၀ ၊ ၃၀၀... နောက်ဆုံးတွင် ဦးလေးကိုး သောက်သုံးထားသော ဆေးလုံး ကိုးလုံး၏ စွမ်းအားများ အကုန်အစင် ခန်းခြောက်သွားချိန်၌မူ..........
လင်းထိန်နေသော အစီအရင်သင်္ကေတ အရေအတွက်မှာ ရှစ်ရာကျော်အထိ ရှိသွားတော့၏။ “ဒီလောက်ဆိုရင်တော့ လုံလောက်ပြီ ထင်တာပဲ ”
ဦးလေးကိုးသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။
အမှန်စင်စစ် လုံလောက်သည်ဖြစ်စေ ၊ မလုံလောက်သည်ဖြစ်စေ ၊ ယခုအချိန်တွင် ဤနည်းလမ်းဖြင့်သာ ရှေ့ဆက်ရမည် ဖြစ်သည်။ သူသည် ပါးကွ မှန်ချပ်ကို ကိုင်ဆောင်လျက် အလောင်းပြင်ခန်းအပြင်ဘက်သို့ ချက်ချင်းပင် ထွက်လာခဲ့တော့၏။
အဝေးမှနေ၍ ရွှေချပ်ဝတ်ဖုတ်ကောင် ကို ပိတ်လှောင်ထားသော ကြီးမားလှသည့် ‘မိုးကြိုးအကျဉ်းထောင်’ ကြီးကို သူ မြင်တွေ့လိုက်ရ၏။ ဖုတ်ကောင်ဘုရင်၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မြေလှန်ခံထားရသကဲ့သို့ ပျက်စီးနေသည်ကို ကြည့်ခြင်းအားဖြင့် ၊ ရန်သူမှာ ဤအကျဉ်းထောင်အတွင်းမှ လုံးဝ ရုန်းထွက်နိုင်ခြင်း မရှိကြောင်း သိသာလှသည်။
“ညီလေး... ညီလေး... မင်းကတော့ မင်းရဲ့စွမ်းအားတွေကို တကယ် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ ၊ ဒီလောက်အထိ အစွမ်းထက်တဲ့ စွမ်းရည်မျိုးနဲ့ဆိုရင်တော့ ၊ တစ်ဂိုဏ်းလုံးမှာ မင်းကို ယှဉ်နိုင်တဲ့သူ ရှိမယ်မထင်ဘူး ”
ဦးလေးကိုးသည် စိတ်ထဲမှနေ၍ တိတ်တဆိတ် သက်ပြင်းချမိ၏။ အဘယ်ကြောင့်ဆိုသော် ဤအကျဉ်းထောင်မှာ မိုးကြိုးစွမ်းအားများကို စုစည်းထားရုံသာ ဖြစ်ပြီး ၊ လင်းရန်ယန် အနေဖြင့် ‘ကောင်းကင်မိုးကြိုးစွမ်းအား’ ကိုပင် အသုံးမပြုရသေးသောကြောင့် ဖြစ်သည်။
ဤအရာကပင် လင်းရန်ယန်၏ စွမ်းအားမှာ မည်မျှ ထိတ်လန့်စရာကောင်းသည်ကို ပြသရန် လုံလောက်လှ၏။
“အစ်ကိုကြီး... နောက်ဆုံးတော့ ပြီးသွားပြီပေါ့ ၊ တစ်မိနစ်ပဲ ကြာမယ်လို့ ပြောပြီးတော့ ၊ အခု သုံးမိနစ်တောင် ရှိသွားပြီ ”
ဦးလေးကိုးကို မြင်လိုက်ရချိန်တွင် လင်းရန်ယန်က မနေနိုင်ဘဲ စောဒကတက်လိုက်တော့သည်။
“အဟွတ်... အဟွတ်... ဒီဖုတ်ကောင်က အစွမ်းထက်လွန်းလို့ ငါ နည်းနည်း ပိုပြီး ပြင်ဆင်လိုက်ရလို့ပါ ”
ဦးလေးကိုးမှာ အနည်းငယ် မျက်နှာပူသွားရ၏။ အကယ်၍ လင်းရန်ယန်သာ မဟုတ်ဘဲ အခြားသူဆိုပါက ၊ ပိုသွားသော ထိုနှစ်မိနစ်အတွင်းမှာပင် အကြိမ်ပေါင်း ဒါဇင်ချီ၍ အသတ်ခံလိုက်ရနိုင်သည်။
“အဆင်သင့် ဖြစ်ပြီလား ”
လင်းရန်ယန်၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။ ဖုတ်ကောင်ဘုရင်၏ ကြီးမားလှသော စွမ်းအားကို မြင်တွေ့ထားရပြီးနောက် ၊ ဦးလေးကိုးက အဆင်သင့်ဖြစ်ပြီဟု ပြောဆိုခြင်းမှာ သူ၏ ဝှက်ဖဲတိုက်ကွက်သည် ရွှေချပ်ဝတ်ဖုတ်ကောင်ကို သတ်ဖြတ်ရန် အမှန်တကယ် လုံလောက်သည်ဟု အဓိပ္ပာယ်ရ၏။
ထိုအရာမှာ တကယ့်ကို အံ့ဩစရာပင် ဖြစ်သည်။
ဤဖုတ်ကောင်မှာ ‘စတုတ္ထအဆင့် ဖုတ်ကောင်ဘုရင်’ ဟူသော ထိတ်လန့်စရာ တည်ရှိမှုမျိုး ဖြစ်၏။ မော်ရှန်းဂိုဏ်းတစ်ခုလုံးတွင်ပင် ထိပ်တန်း အကြီးအကဲ အနည်းငယ်သာလျှင် ၎င်းကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။
သို့သော် ဦးလေးကိုး၏ လက်ရှိအဆင့်မှာ ‘မြေကမ္ဘာအရှင်သခင် ဆဋ္ဌမအဆင့်’ မျှသာ ရှိသေးသည်။ ဤအဆင့်နှင့် စတုတ္ထအဆင့် ဖုတ်ကောင်ဘုရင်ကို သတ်ဖြတ်နိုင်သည်ဟု ကြုံးဝါးရဲသူမှာ တစ်လောကလုံးတွင် ပါရမီထူးလှသော လင်းရန်ယန် တစ်ဦးတည်းသာ ရှိပေလိမ့်မည်။
ဤသို့ တွေးမိသည်နှင့် သူသည် ဦးလေးကိုး၏ လက်ထဲရှိ ပါးကွ မှန်ချပ်ကို လှမ်းကြည့်လိုက်၏။ ထိုသို့ ကြည့်လိုက်ခြင်းမှာ လင်းရန်ယန်၏ မျက်လုံးသူငယ်အိမ်များကို သိသိသာသာ ကျုံ့ဝင်သွားတော့သည်။
“တကယ့်ကို ရှုပ်ထွေးလှတဲ့ အစီအရင်သင်္ကေတတွေပဲ ၊ ပထမအလွှာမှာတင် ဒီလောက်အထိ ရှုပ်ထွေးနေတာ ၊ ပိုပြီး နက်နဲတဲ့ အလွှာတွေကိုတော့ ကျွန်တော်တောင် မမြင်နိုင်တော့ဘူး ၊ ဒါက ဘာပစ္စည်းလဲ ၊ နေပါဦး... ဒါက ရုပ်ရှင်ထဲမှာ ‘ရှီးကျန့်’ ရဲ့ ဝှက်ဖဲတိုက်ကွက်ကို ပြန်လည် တုံ့ပြန်ဖို့ အစ်ကိုကြီး သုံးခဲ့တဲ့ ပါးကွ မှန်ချပ်နဲ့ တူနေသလိုပဲ ”
လင်းရန်ယန်မှာ များစွာ အံ့အားသင့်သွားရ၏။ သူ၏ လက်နက်သွန်းလုပ်မှု အဆင့်အတန်းမှာ ‘ကောင်းကင်အဆင့်’ အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဝိညာဉ်အဆင့် အထွတ်အထိပ်ရှိသော မှော်လက်နက်တစ်ခုပေါ်မှ အစီအရင်သင်္ကေတများပင်လျှင် သူ့အတွက် အနည်းငယ် ရှုပ်ထွေးရုံသာ ရှိသည်။
သို့သော် ဤ ပါးကွ ချပ်မှာမူ ကွဲပြားနေ၏။ သင်္ကေတများ၏ အရေအတွက်နှင့် ရှုပ်ထွေးမှုမှာ ဝိညာဉ်အဆင့်ထက် များစွာ သာလွန်နေသည်။ ၎င်းမှာ ပထမအလွှာမျှသာ ရှိသေးသည်။ အကယ်၍ ပိုမို နက်နဲသော အလွှာများအတွင်းရှိ သင်္ကေတများသာ ဆိုပါက ၊ ၎င်း၏ အဆင့်မှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလိမ့်မည်။
“အစ်ကိုကြီး... အစ်ကိုကြီး လက်ထဲက ပစ္စည်းက... ”
လင်းရန်ယန်ပင် မနေနိုင်ဘဲ စပ်စုမိတော့သည်။
“ဒါက ငါ့ရဲ့ ဝှက်ဖဲပဲ ၊ ငါ လူ့လောကထဲကို ရောက်လာတုန်းက ၊ ငါနဲ့အတူ ပါလာတဲ့ ပါးကွ မှချပ်န်ပေါ့။ ဒါကြောင့်လည်း ငါငယ်ငယ်တုနးက မြို့ထဲကလူတွေက ငါ့ကို ‘ဂြိုလ်ဆိုးဝင်စားသူ’ လို့ ခေါ်ခဲ့ကြတာ”
ဦးလေးကိုးသည် သူ၏ လက်ထဲရှိ ပါးကွ မှန်ချပ်ကို ကိုင်မြှောက်လျက် နှေးကွေးစွာ ပြောဆိုလိုက်၏။
“အတူတူ ပါလာတာလား ၊ ဟား... ဒါက တကယ့်ကို အံ့ဩစရာပဲ ”
လင်းရန်ယန်မှာ မှင်သက်သွားရသည်။ ဦးလေးကိုးသည် သာမန်လူ မဟုတ်ဘဲ ဇာတ်လိုက်တစ်ဦး ဖြစ်သည်ကို သူ သိထားသော်လည်း ၊ ဤမျှအထိ ထူးခြားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ၎င်းမှာ ဒဏ္ဍာရီလာ ပင်ကိုယ်ပါရမီရှင် နတ်ဘုရားများတွင်သာ ရှိတတ်သော ‘အဖော်ပြု မှော်ရတနာ’ တစ်ခုပင် ဖြစ်သည်။
“ဟုတ်တယ် ၊ ငါလည်း အဲဒါက အံ့ဩစရာကောင်းတယ်လို့ ထင်တာပဲ ၊ ခဏနေရင် ဒါကို ဘယ်လို သုံးရမလဲဆိုတာ မင်း မြင်ရတဲ့အခါ ၊ ပိုပြီးတော့တောင် အံ့ဩသွားလိမ့်မယ် ”
လင်းရန်ယန်၏ စကားကို ကြားသောအခါ ဦးလေးကိုးက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်တော့၏။
“ကောင်းပါပြီ ၊ ဒါဆိုရင်တော့ ကျွန်တော် ခွေးလွှတ်... အဲ... မဟုတ်ပါဘူး ၊ ဖုတ်ကောင်ကို လွှတ်ပေးလိုက်တော့မယ်နော်”
လင်းရန်ယန်က အသာအယာ ခေါင်းငြိမ့်လိုက်တော့သည်။ သို့သော် သူ၏ စကားအဆုံး၌ ဘေးနားရှိ ရွှေချပ်ဝတ်ဖုတ်ကောင်မှာ ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်သွားရ၏။
“ဝူး... (လူမိုက်လေး... မင်း ငါ့ကို ခွေးလို့ ခေါ်ရဲတယ်ပေါ့ ၊ မင်းကသာ ခွေးဖြစ်မှာ... ) ”
ရွှေချပ်ဝတ်ဖုတ်ကောင်မှာ ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
“ဖြောက်... “
ကံဆိုးလှသည်မှာ လင်းရန်ယန်က သူ့ကို ပြန်လည် တုံ့ပြန်ရန် စိတ်မပါတော့ဘဲ ၊ ပတ်ဝန်းကျင်ရှိ မိုးကြိုးစွမ်းအားများကို ချက်ချင်းပင် ပြန်လည် ရုပ်သိမ်းလိုက်ခြင်း ဖြစ်၏။
“ဝုန်း... “
သို့သော် ဤရွှေချပ်ဝတ်ဖုတ်ကောင်မှာ တိုက်ပွဲစည်းမျဉ်းများကို ဂရုမစိုက်ဘဲ ၊ မြေပြင်ကို ခြေဖြင့် ဆောင့်ကန်လျက် လှည့်၍ ထွက်ပြေးလေတော့သည်။ သူ၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှသဖြင့် တစ်ခဏချင်းအတွင်း မီတာ ရာဂဏန်းအထိ ရောက်ရှိသွား၏။
“ဝုန်း”
ကံဆိုးစွာပင် ၊ နောက်တစ်ခဏ၌ သူသည် မမြင်နိုင်သော အတားအဆီးတစ်ခုနှင့် ပြင်းထန်စွာ တိုက်မိသွားပြီး ၊ ကြီးမားလှသော အရှိန်ကြောင့် သူ၏ ရွှေရောင်ဦးထုပ်မှာ တစ်စစီ ကြေမွသွားရတော့သည်။ ရုပ်ဆိုးလှသော ဖုတ်ကောင်ဦးခေါင်းကြီးမှာ ပေါ်ထွက်လာပြီး ၊ သူ၏ နဖူးပေါ်တွင်မူ စိမ်းဖန့်ဖန့် သွေးများ စီးကျနေတော့သည်။
ထိုပြင်းထန်လှသော တုန်ခါမှုကြောင့် ပတ်ဝန်းကျင် မီတာ ဆယ်ဂဏန်းအတွင်းရှိ မြေပြင်မှာလည်း တစ်မီတာ ၊ နှစ်မီတာခန့်အထိ နိမ့်ဆင်းသွားရ၏။
“ရုန်းကန်မနေပါနဲ့တော့ ၊ ငါက ဒီပတ်ဝန်းကျင်တစ်ခုလုံးကို ‘စိတ်ဝိညာဉ်စွမ်းအား’ နဲ့ ပိတ်ဆို့ထားပြီးသား ၊ ဒီကီလိုမီတာ တစ်ဝိုက်အတွင်းကနေ မင်းဘယ်ကိုမှ ထွက်ပြေးလို့ မရပါဘူး ၊အကယ်၍ မင်းသာ ငါ့ရဲ့ အစ်ကိုကြီးကို သတ်နိုင်မယ်ဆိုရင် ၊ ငါ မင်းကို လွှတ်ပေးမယ် ၊ ဒါ့အပြင် ၊ ငါ မင်းကို လုံးဝ လက်ဖျားနဲ့တောင် မတို့ဘူးလို့ ကတိပေးတယ် ”
လင်းရန်ယန်က အသာအယာ ပြုံးလိုက်ပြီး ၊ လန့်ဖျပ်နေသော ရွှေချပ်ဝတ်ဖုတ်ကောင်ကို တိုက်ရိုက်ပင် ပြောဆိုလိုက်၏။
“အဟွတ်... အဟွတ်... ညီလေးရာ ၊ မင်း ငါ့ကို ဒီလောက်အထိ ယုံကြည်ပေးစရာ မလိုပါဘူး ”
ဦးလေးကိုးမှာ ထိုစကားကို ကြားသောအခါ ဆွံ့အသွားရတော့သည်။
“ရပါတယ် ၊ ကျွန်တော် အစ်ကိုကြီးကို ယုံကြည်တယ် ”
လင်းရန်ယန်က အသာအယာ ပြုံးပြလိုက်၏။ ဦးလေးကိုး၏ နှုတ်ခမ်းများမှာ တုန်ရီသွားရတော့သည်။ ကြည့်ရတာ ယခုအကြိမ်တွင်မူ သူ အစွမ်းကုန် ထုတ်ပြရတော့မည် ဖြစ်သည်။
“ဝူး... (မင်း တကယ် ပြောတာလား ) ”
ရွှေချပ်ဝတ်ဖုတ်ကောင်က လင်းရန်ယန်ကို စိုက်ကြည့်လျက် မေးမြန်းလိုက်သည်။ အကယ်၍ အခြားသူသာဆိုပါက သူသည် ဤမျှအထိ ကျိုးနွံနေမည် မဟုတ်ပါသော်လည်း ၊ လင်းရန်ယန်မှာမူ ကွဲပြားသည်။ လင်းရန်ယန်၏ စွမ်းအားမှာ အလွန်အမင်း ထိတ်လန့်စရာ ကောင်းလှသဖြင့် ၊ သူ့ကို သတ်ဖြတ်ရန်မှာ ခွေးတစ်ကောင်ကို သတ်ရသည်ထက်ပင် ပို၍ လွယ်ကူနေလိမ့်မည်။
“ဟုတ်တယ် ၊ တိုက်ပွဲကို စလိုက်တော့ ”
လင်းရန်ယန်က စကားများများ မပြောတော့ဘဲ ၊ ကောင်းကင်သို့ ပျံတက်ကာ ပွဲကြည့်ရန် ပြင်ဆင်လိုက်တော့၏။
“ဝူး... ”
ရွှေချပ်ဝတ်ဖုတ်ကောင်သည်လည်း တုံ့ဆိုင်းမနေတော့ဘဲ ဦးလေးကိုးဆီသို့ တိုက်ရိုက်ပင် ပြေးဝင်လိုက်ပါတော့သည်။
“ဝုန်း... “
တစ်ပြိုင်နက်တည်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထိတ်လန့်စရာကောင်းလှသော ယင်စွမ်းအင် များ ပေါက်ကွဲထွက်လာ၏။ ထိုစွမ်းအင်များသည် သူ၏ လက်ယာဘက်လက်တွင် လျင်မြန်စွာ စုစည်းသွားပြီး ၊ ဧရာမ ‘မြင်းသတ်ဖြတ်ဓားကြီး’ အဖြစ်သို့ တစ်ခဏချင်းအတွင်း ပြောင်းလဲသွားပါတော့သည်။
“ဝူး... (သေပေတော့... ) ”
နက်ရှိုင်းလှသော ဟိန်းဟောက်သံနှင့်အတူ ၊ ရွှေချပ်ဝတ်ဖုတ်ကောင်သည် သူ၏ လက်ထဲရှိ မြင်းသတ်ဖြတ်ဓားကြီးကို ဝေ့ယမ်းကာ ဦးလေးကိုးဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
ဦးလေးကိုး၏ မှော်ရတနာမှာ ထူးခြားမည်ကို သူ သိထားပါသော်လည်း ၊ ပြင်းထန်လှသော စွမ်းအားမှာ မည်သည့် အတတ်ပညာကိုမဆို ကျော်လွှားနိုင်သည်မှာ အမှန်ပင် ဖြစ်၏။ ဦးလေးကိုး၏ မှော်ရတနာမှာ မည်မျှပင် အစွမ်းထက်ပါစေ ၊ ဦးလေးကိုးမှာမူ မြေကမ္ဘာအရှင်သခင် ဆဋ္ဌမအဆင့်ရှိ ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။
သူ၏ စွမ်းအားသာ လုံလောက်မည်ဆိုပါက ၊ သူသည် ထို ပါးကွ မှန်ချပ်ကို ကျော်ဖြတ်ကာ ဦးလေးကိုးအား တိုက်ရိုက် သတ်ဖြတ်နိုင်လိမ့်မည်။
“ချလွင်... “
ဓားသံကြီးနှင့်အတူ ၊ မြင်းသတ်ဖြတ်ဓားကြီးမှာ ချက်ချင်းပင် မီတာ ဆယ်ဂဏန်းအထိ ရှည်လျားသွား၏။ ထိုထိတ်လန့်စရာကောင်းလှသော အရှိန်အဝါကြောင့် ဦးလေးကိုး၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားရတော့သည်။
သူသည် မတတ်သာသည့်အဆုံး ၊ သူ၏ လက်ထဲရှိ ပါးကွ မှန်ချပ်ကို အမြန်ပင် မြှောက်ကာ ခုခံလိုက်ရတော့၏။
“ချလွင်... “
နောက်တစ်ခဏ၌ မြင်းသတ်ဖြတ်ဓားကြီး၏ ပုံရိပ်သည် ပါးကွ မှန်ချပ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။ သို့သော် ရွှေချပ်ဝတ်ဖုတ်ကောင်ကို ထိတ်လန့်သွားစေသည့် အရာတစ်ခု ဖြစ်ပေါ်လာ၏။
မီတာ ဆယ်ဂဏန်းခန့် ရှည်လျားသော ထိုမြင်းသတ်ဖြတ်ဓားကြီးမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျောက်ကွယ်သွားရတော့သည် ၊ မဟုတ်ပါ... ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ စုပ်ယူခံလိုက်ရခြင်း ဖြစ်သည်။
ထိုအရာမှာ ပါးကွ မှန်ချပ်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရခြင်းပင် ဖြစ်၏။
တစ်စက္ကန့်ပင် မပြည့်မီမှာပင် ၊ မြင်းဖြတ်ဓားကြီးမှာ နေရာမှာတင် ပျောက်ကွယ်သွားတော့သည်။
“ဒါက စွမ်းအင်တွေကိုတောင် စုပ်ယူနိုင်တာပဲ ”
ကောင်းကင်ယံမှ ဤမြင်ကွင်းကို ကြည့်နေသော လင်းရန်ယန်မှာ အံ့ဩသွားမိသော်လည်း ၊ ၎င်းမှာ သူ၏ တွက်ချက်မှုအတွင်းမှာပင် ရှိနေသည်။ မှန်ပုံစံ မှော်ရတနာများ၏ အဓိက အသုံးဝင်ပုံမှာ ကာကွယ်ရေးအတွက် ဖြစ်လေ့ရှိပြီး ၊ ၎င်းတို့၏ ကာကွယ်ရေး ယန္တရားမှာ များသောအားဖြင့် စွမ်းအင်များကို စုပ်ယူခြင်းအပေါ်၌သာ အခြေခံထားကြသောကြောင့် ဖြစ်သည်။