← Chapters

အိပ်မက်ပင်လယ်ချောက်နက်

Vol. 1 Ch. 401

အိပ်မက်ပင်လယ်ချောက်နက်

Vol. 1 Ch. 401

ကောင်းကင်ကြယ်တာရာနယ်မြေ၏ မြောက်ဘက်အစွန်ဆုံးအပိုင်းတွင် ကွမ်းလန်ရေခဲလွင်ပြင်ဟုခေါ်သည့် အလွန်ကြောက်စရာကောင်းသည့်နေရာတစ်ခု ရှိသည်။ ထိုနေရာသည် တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်းနေပြီး လွန်ကဲစွာ အေးနေလေ့ရှိသည်။ ထို့ပြင် ရေခဲလွင်ပြင်၏အောက်တွင် သန္ဓေပြောင်းသားရဲများ လဲလျောင်းနေလေ့ ရှိကြသည်။ ထိုသန္ဓေပြောင်းသားရဲများသည် အသိဉာဏ်မရှိကြသော်လည်း ခွန်အားအရာတွင် အလွန်သန်မာလေသည်။ နတ်ဆိုးသားရဲဘုရင်များနှင့် ယှဉ်နိုင်လောက်သည့် အင်အားရှိသော သန္ဓေပြောင်းသားရဲများလည်း ရှိကြသည်ဟု ကောလဟာလများ ရှိလေသည်။ ထိုနေရာသို့ လူသားတစ်ယောက် ရောက်လာသည်နှင့် ချက်ချင်း တစ်စစီဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ကွမ်းလန်ရေခဲလွင်ပြင်သည် လူသားများအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ သာမန်လူသားများ မဆိုထားနှင့်၊ ဗာဂျရာအဆင့်များပင် ထိုရေခဲလွင်ပြင်ထဲသို့ မသွားရဲကြပေ။

နယ်မြေ၏ မြောက်ဘက်အစွန်ဆုံးအပိုင်းရှိ ကွမ်းလန်ရေခဲလွင်ပြင်ထဲတွင် ကြောက်စရာအကောင်းဆုံးနေရာမှာ ချောက်နက်တစ်ခုဖြစ်သည်။ ထိုချောက်နက်၏ အပေါ်တွင် ရုတ်တရက် အလင်းရောင်များ တောက်ပလာသည့် နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်ရှိလေသည်။ ထို့နောက်တွင် မြေခွေးသားမွေးဝတ်စုံနှင့် ဝတ်ရုံရှည်တွေကို ဝတ်ဆင်ထားသည့် မိန်းမလှတစ်ယောက်သည် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့် လူနှစ်ယောက်နှင့်အတူ ပေါ်ထွက်လာခဲ့သည်။

"နတ်မိမယ်ကို ကြိုဆိုပါတယ်"

နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်အနီးရှိ မြေပြင်သည် ကွဲထွက်သွားကာ နှင်းမှုန်များ လွင့်တက်လာသည်။ ထို့နောက်တွင်တော့ အနက်ရောင်ပုံရိပ်ဆယ်ခုကျော်သည် ပျံထွက်လာကြပြီး ဒူးတစ်ဖက်ထောက်၍ နှုတ်ဆက်လာကြသည်။

မြေခွေးသားမွေးဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးသည် ခေါင်းစွပ်ကို ပင့်တင်လိုက်ရာ အလွန်လှပသည့် မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူမသည် တုကူးယန်ဖြစ်လေသည်။ သူမမျက်နှာတွင် နှင်းပွင့်များ ကပ်နေခဲ့သည်။ သူမသည် ဝံ့ကြွားသည့် မျက်နှာထားဖြင့် ခေါင်းငြိမ့်လိုက်ပြီး စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လူနှစ်ယောက်နှင့်အတူ အောက်ခြေကိုပင် မမြင်ရသည့် ချောက်နက်ကြီးထဲသို့ ခုန်ဆင်းသွားခဲ့သည်။ မကြာခင်တွင် ပုံရိပ်သုံးခုသည် လုံးဝကွယ်ပျောက်သွားခဲ့သည်။

"နတ်မိမယ်...ခရီးလမ်းမှာ အဆင်ပြေပါစေ"

ဒူးထောက်နေကြသူများ အားလုံးသည် ထပ်မံသံပြိုင်အော်ဟစ်လိုက်ကြပြီး မြေအောက်သို့ ပြန်ဝင်သွားကြသည်။ နှင်းများရေခဲများသည် မြေပြင်ထက် ကျဆင်းနေခဲ့ပြီး ပတ်ဝန်းကျင်သည် ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

ထိုနေရာအား အိပ်မက်ပင်လယ်ချောက်နက်ဟု ခေါ်ဆိုသည်။ အင်အားကြီးဂိုဏ်းများမှ ဂိုဏ်းချုပ်များ၊ နိုင်ငံအသီးသီးမှ ဘုရင်များနှင့် အလွန့်အလွန် နည်းသည့် လူနည်းစုကသာ ဤနေရာကို သိကြလေသည်။ ဤနေရာသည် သိုင်းခန်းမ၏ ဌာနချုပ်တည်ရှိရာနေရာလည်း ဖြစ်လေသည်။ သိုင်းခန်းမ၏ အဖွဲ့ဝင်များမှတစ်ပါး ဤနေရာသို့ မည်သူမှ ဝင်ရောက်ခွင့်မရှိချေ။ မိုးပြာနဂါးအင်ပါယာ၏ ဧကရာဇ်သည်တောင် အိပ်မက်ပင်လယ်ချောက်နက်သို့ ဝင်ခွင့်မရှိခဲ့။

ချောက်နက်၏ အောက်ခြေသည်ကား နတ်ဘုံနတ်နန်းအလားပင်။

နေရာသည် နှင်းများ ဖုံးလွှမ်းမနေဘဲ သာယာသည့် ရာသီဥတု ရှိလေသည်။ ပန်းများသည် နွေဦးရာသီရောက်နေသည့်အလား ပွင့်လန်းနေကြပြီး မြက်ခင်းစိမ်းစိမ်းများ၊ ပန်းပွင့်နီနီများမှာ တစ်မျှော်တစ်ခေါ် ရှိလေသည်။ အဆောက်အဦးများ၊ နန်းဆောင်များမှာလည်း အမြောက်အများရှိပြီး အနက်ရောင်ဝတ်စုံဝတ် သိုင်းခန်းမ၏အဖွဲ့ဝင်များသည် ဟိုဟိုသည်သည် သွားလာနေကြသည်။

တုကူးယန်သည် ချောက်နက်ထဲ ခုန်ချလိုက်ပြီးနောက် အိပ်မက်ပင်လယ်ချောက်နက်အတွင်းရှိ မြေကွက်လပ်တစ်ခုရှိ နေရာရွှေ့ပြောင်းပို့ဆောင်အစီအရင်တွင် ပြန်ပေါ်ထွက်လာခဲ့သည်။ သူမထွက်လာသည့်ခဏတွင် လူတိုင်းသည် ဒူးတစ်ဖက်ထောက်၍ နှုတ်ဆက်လာကြသည်။

တုကူးယန်သည် စကားတစ်ခွန်းမှ မပြောဘဲ အကျယ်ဆုံးနန်းဆောင်ကြီးတစ်ခုအတွင်းသို့ မောက်မာစွာ လျှောက်သွားခဲ့သည်။ သူမသည် ခန်းမပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီး နောက်ဆုံးတွင် အလွန်ကျယ်ဝန်းသည့် ခန်းမကြီးတစ်ခုအတွင်း ဝင်ရောက်သွားခဲ့သည်။

ခန်းမကြီးထဲတွင် လူလေးဦးသာ ရှိနေခဲ့သည်။ နှစ်ဦးမှာ အလွန်အားကောင်းသည့် အရှိန်အဝါများ ပိုင်ဆိုင်ထားကြပြီး ဗာဂျရာအဆင့်မှန်း မြင်ရုံနှင့် သိနိုင်လေသည်။ ဘယ်ဘက်ခြမ်းတွင်မူ တုကူးယန်နှင့် နှိုင်းယှဉ်နိုင်လောက်အောင် လှပသည့် အဝါရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် ရှိနေလေသည်။ ကျန်းရီသာ အနားတွင်ရှိပါက အလွန်အမင်း ထိတ်လန့်သွားပေလိမ့်မည်။

ထိုအဝါရောင်ဝတ်စုံနှင့် မိန်းကလေးမှာ လွန်ခဲ့သည့် တစ်နှစ်ကျော်က ပျောက်ဆုံးသွားခဲ့သော ကျီထင်ယွီ ဖြသ်လေသည်။

ယခင်က ကျီထင်ယွီသည် ကျန်းရိလျှိုနှင့် ပူးပေါင်း၍ နဂါးတစ်သောင်းတောင်ကြား ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်းအတွင်း ကျန်းရီအား သတ်ဖြတ်ရန် ကြံစည်ခဲ့သည်။ နောက်ဆုံးတွင် ကျန်းရီသည် သူမအား မသတ်ဖြစ်ခဲ့ပေ။ သူမသည် ဝိဉာဉ်သားရဲသင်တန်းကျောင်းသို့ အပြန်လမ်းတွင် ပျောက်ဆုံးသွားခဲ့သည်။ နောက်ပိုင်း၌ ကျန်းရီသည် ချမ်ဝမ်ကွမ်အား အကူအညီတောင်း၍ ကျီထင်ယွီ၏ တည်နေရာကို စုံစမ်းခဲ့သည်။ သို့သော်လည်း သူမမှာ လေထဲ၌ပင် ပျောက်ဆုံးသွားခဲ့သည့်အလား သတင်းအစအနပင် မကြားခဲ့ရပေ။ ယခု သူမသည် သိုင်းခန်းမတွင် ပြန်ပေါ်ထွက်လာခဲ့သည်။

"ဟမ့်"

တုကူးယန်သည် ဝင်လာပြီးနောက် ထိုင်ခုံတစ်ခုပေါ် ချက်ချင်းဝင်ထိုင်လိုက်သည်။ သူမ၏ စွဲဆောင်မှုရှိသော မျက်နှာထက်တွင် နှင်းပွင့်များ ကပ်နေဆဲပင်။ အကြီးအကဲနှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး မတ်တပ်ရပ်၍ မေးလာခဲ့သည်။

"နတ်မိမယ်...ဘာဖြစ်ခဲ့လို့လဲ။ ဘယ်သူက နတ်မိမယ်ကို ရန်စလိုက်တာလဲ"

ကျီထင်ယွီသည် တုကူးယန်ကို တစ်ချက်ကြည့်လိုက်ပြီး နားလည်ရခက်သော အပြုံးတစ်ခုပြုံးလိုက်ကာ မှတ်ချက်ပြုလာခဲ့သည်။

"ခစ်ခစ်...အစ်မယန်က ကျန်းရီရဲ့ မချေမငံ ဆက်ဆံတာကို ခံခဲ့ရတာဖြစ်မယ်၊ ဟုတ်တယ်မလား။ ကျန်းရီက အတင်းအားသုံးပြီး အဆွဲခံရရင်တောင် မလှုပ်တဲ့လူစားမျိုးဖြစ်ပြီးတော့ မနှစ်မြို့ချင်စရာ စိတ်နေစိတ်ထားလည်းရှိတယ်။ သူ့ကြောင့်နဲ့ အစ်မယန် ဒေါသထွက်မနေသင့်ဘူး"

"ဟွန်း"

ထိုကိစ္စကို အပြောမခံရလျှင် တော်သေးသည်။ ယခုပြန်အစဖော်ခံရသောအခါတွင် တုကူးယန်သည် ချက်ချင်းဒေါသထွက်လာခဲ့သည်။ သူမသည် ချက်ချင်းထရပ်၍ အေးစက်စွာ ပြောလာခဲ့သည်။

"ငါ့အဖေဘယ်မှာလဲ။ ငါသူ့ကို တွေ့ချင်တယ်။ ကျန်းရီက ငါ့ကို အနိုင်ကျင့်လိုက်တယ်။ သူ့ကို တစ်စစီခုတ်ပစ်ဖို့ အဖေ့ကို အမိန့်ပေးစေချင်တယ်"

"ခေါင်းဆောင်ခန်းမသခင် ပြန်မရောက်သေးပါဘူး"

အကြီးအကဲတစ်ယောက်သည် သက်ပြင်းချ၍ ပြောလာခဲ့သည်။

"နတ်မိမယ်...ကျန်းရီရဲ့ အဆင့်အတန်းက သာမန်မဟုတ်ပါဘူး။ အလျင်စလိုမလုပ်တာ အကောင်းဆုံးပါ"

"ဟမ့်"

တုကူးယန်သည် အကြီးအကဲအား မကျေနပ်သည့် အကြည့်တစ်ချက် ပေးလိုက်ပြီး ခြေဆောင့်၍ အပြင်ထွက်သွားခဲ့သည်။ သူမသည် တံခါးဝအရောက်တွင် အေးစက်စက်လေသံဖြင့် စကားပြောလာခဲ့သည်။

"အဖေ ပြန်ရောက်ရင် ငါ့ကိုချက်ချင်း အကြောင်းကြား...ငါဒီရန်ကြွေးကို ပြန်မဆပ်ရရင် ငါ့နာမည် တုကူးယန်မဟုတ်တော့ဘူး"

"ဟူး..."

သိုင်းခန်းမတွင် အရေးပါသည့် အကြီးအကဲနှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦး ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်ကြသည်။ အကြီးအကဲတစ်ယောက်သည် သက်ပြင်းချ၍ စကားစလာခဲ့သည်။

"နတ်မိမယ်ရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် ဒီကိစ္စက ပျက်စီးမယ်လို့ ငါမျှော်လင့်ထားပြီးသားပါ။ ခေါင်းဆောင်ခန်းမသခင် ရှိမနေတာ စိတ်မကောင်းစရာပဲ။ သူမက ငါတို့ ဘာပြောပြော နားထောင်မှာ မဟုတ်ဘူး။ ဒါကလည်း ငါတို့မှားတာပါ။ ဒီလိုဖြစ်မယ်မှန်းသိရင် ငါတို့နှစ်ယောက် ဒါမှမဟုတ် ခေါင်းဆောင်ခန်းမသခင်ကိုယ်တိုင် ကျန်းရီနဲ့သွားပြီး ညှိနှိုင်းခဲ့သင့်တာ။ အခု ဘာဖြစ်သွားလဲ ကြည့်ပါဦး။ ညှိနှိုင်းမှုက ပျက်စီးသွားပြီ။ နတ်မိမယ်ကြောင့် ကျန်းရီက သိုင်းခန်းမကို အမြင်ကြည်တော့မှာ မဟုတ်ဘူး။ ကျန်းရီ သိုင်းခန်းမနဲ့ လက်တွဲဖို့က မဖြစ်နိုင်တော့သလောက်ပဲ"

"အကြီးအကဲတို့...ကိုယ့်ကိုယ်ကို အပြစ်မတင်ကြပါနဲ့"

ကျီထင်ယွီသည် အသာပြုံးရင်း ဝင်ပြောလိုက်သည်။

"တစ်ခါက ကျွန်မ ကျန်းရီရဲ့ မိတ်ဆွေတစ်ယောက် ဖြစ်ခဲ့ဖူးသေးတယ်။ ကျွန်မသူ့ကို ကောင်းကောင်းသိတယ်။ အစ်မယန်က သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ခဲ့ရင်တောင် သူက ကျွန်မတို့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး။ သူက အလျှော့မပေးတတ်တဲ့ သင်းကွဲဝံပုလွေတစ်ကောင်ပဲ...သူ့ကို ယဉ်ပါးအောင်လည်း လုပ်လို့မရဘူး။ သူက ချုပ်နှောင်ခံရတာကို မုန်းတယ်။ ကျန်းရီ...သူ့ကို သတ်ပစ်မှဖြစ်မယ်။ မဟုတ်ရင် သူက ကျွန်မတို့အတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်"

"သတ်ရမယ်"

အကြီးအကဲနှစ်ယောက်၏ကိုယ်မှ လူသတ်ငွေ့များ ဖြာထွက်လာခဲ့သည်။ တစ်ယောက်သည် စကားပြောလာခဲ့သည်။

"နတ်မိမယ်ကျီပြောတာ မှန်တယ်။ ငါတို့အတွက် အကျိုးမရှိတဲ့သူတွေကို သတ်ပစ်သင့်တယ်။ ကျန်းရီက အလားအလာတွေ အများကြီးရှိတာမို့ သူ့ကို စောစောရှင်းပစ်သင့်တယ်။ မဟုတ်ရင် အနာဂတ်မှာ ပြဿနာတွေ များလာလိမ့်မယ်"

"မဖြစ်ဘူး"

ကျန်အကြီးအကဲသည် ခေါင်းယမ်း၍ ပြောလာခဲ့သည်။

"ဒီကိစ္စက အရမ်းအရေးကြီးတယ်။ ခေါင်းဆောင်ခန်းမသခင် ပြန်လာပြီး ဆုံးဖြတ်တဲ့အထိ ငါတို့စောင့်ရမယ်"

ကျီထင်ယွီသည် ခေါင်းယမ်း၍ စကားပြောလိုက်သည်။

"ကျွန်မတို့ သူ့ကို သတ်တာမသတ်တာက ကိစ္စမရှိဘူး။ ကြိုတင်ပြင်ဆင်ထားတာက ပိုမကောင်းဘူးလား။ ကျွန်မက ကျန်းရီရဲ့ အားနည်းချက်တွေကို ရင်းနှီးတယ်။ အကြီးအကဲနှစ်ယောက်က စိတ်ပါလက်ပါ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြမယ်ဆိုရင် ခေါင်းဆောင်ခန်းမသခင် ပြန်လာပြီး အမိန့်ပေးလိုက်တာနဲ့ ကျန်းရီသေချာပေါက် ချက်ချင်းသေသွားမှာ။ ဘယ်လိုထင်ကြလဲ "

အကြီးအကဲနှစ်ယောက်၏ မျက်လုံးများတောက်ပသွားကြသည်။ ကျီထင်ယွီ၏ စွမ်းရည်နှင့် ဉာဏ်ရည်သည် ခေါင်းဆောင်ခန်းမသခင်ကိုတောင် သိမ်းသွင်းနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် သူမအား နတ်မိမယ်ရာထူး တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ ဤအချိန်များအတွင်း ကျီထင်ယွီသည် သူမ၏ လုပ်ဆောင်နိုင်စွမ်းကို သက်သေပြခဲ့သည်။ သူမကိုယ်တိုင် အစီအစဉ်ဆွဲခဲ့သည့် အစီအစဉ်တိုင်းသည် ကျရှုံးသည်ဟူ၍ မရှိခဲ့ပေ။

အကြီးအကဲနှစ်ယောက်သည် ချက်ချင်းပင် စတင်ဆွေးနွေးကြတော့သည်။ သိပ်စိတ်မပါသော အကြီးအကဲတစ်ယောက်သည် နောက်ဆုံးတွင် ခေါင်းငြိမ့်၍ သဘောတူလာခဲ့သည်။

"နတ်မိမယ်ကျီ...ကျန်းရီကို သုံးနှစ်ကတိမပြည့်ခင်ကာလမှာ ထိလို့မရဘူး။ သူနဲ့ထိပ်တိုက်မတွေ့တာ အကောင်းဆုံးပဲ။ ကျုပ်တို့က မင်းကို အစီအစဉ်ဆွဲတဲ့နေရာမှာ ကူညီနိုင်တယ်။ ဒါပေမယ့် ခန်းမသခင်ပြန်ရောက်လာပြီး သဘောမတူဘူးဆိုရင် အစီအစဉ်တွေအားလုံးကို ချက်ချင်းရပ်ပစ်ရမယ်"

"ဒါပေါ့"

ကျီထင်ယွီ၏ လှပသော မျက်လုံးလေးများတွင် ရွှင်မြူးရိပ်များ ဖြတ်ပြေးသွားခဲ့သည်။ အဝါရောင်နှင်းဆီပွင့်လေးပမာ မျက်စိကျိန်းမတတ် လှပနေသော သူမသည် စကားဆိုလာခဲ့သည်။

"ကျွန်မက ကိုယ်ရေးကိုယ်တာ ရန်ငြိုးအတွက် ကလဲ့စားမချေချင်ပါဘူး။ ခေါင်းဆောင်ခန်းမသခင် သဘောမတူရင် ကျွန်မဘာမှ မလုပ်ဘူး။ ဒါပေမယ့် ခန်းမသခင် သဘောတူခဲ့ရင် ကျန်းရီသေချာပေါက် သေစေရမယ်လို့ ကျွန်မအာမခံတယ်။"

အကြီးအကဲနှစ်ယောက်သည် ကျီထင်ယွီ၏ ချိုမြိန်လွန်းသော အပြုံးကို မြင်သည့်အခါ ကျောရိုးတစ်လျှောက်မှ ကြက်သီးများ ထလာခဲ့သည်။ အနှီနတ်မိမယ်သည် ဝါးမြွေစိမ်းတစ်ကောင်နှင့်တူသည့် ခံစားချက်ကို ပေးသည်။ ၎င်းသည် ကိုက်ရန်မကိုက်ရန်ကို ရွေးချယ်လိမ့်မည်ဖြစ်ပြီး ၎င်းကိုက်လိုက်သည်နှင့် အကိုက်ခံရသူအတွက် သေခြင်းတရားကသာ စောင့်ဆိုင်းနေလိမ့်မည်။

"ကျန်းရီ"

ကျီထင်ယွီသည် အပြင်ဘက်ရှိ နန်းဆောင်များကို လှမ်းကြည့်လိုက်သည်။ သူမသည် မိမိတစ်ဦးတည်းသာ ကြားနိုင်သည့်လေသံနှင့် ပြောလာခဲ့သည်။

"ရှင့်ကို မှားယွင်းဆုံးဖြတ်ခဲ့မိတယ်ဆိုတာ ထင်ယွီဝန်ခံပါတယ်။ ကျွန်မ ရှင့်ကို အစတည်းက ရွေးချယ်ခဲ့ရင် အခုဆို စုလောရွှယ်လိုမျိုး ကောင်းစားနေလောက်ပြီ၊ ဟုတ်တယ်မလား။ ဒီဘဝမှာ ကျွန်မတို့ မဆုံစည်းနိုင်တော့တာ စိတ်မကောင်းစရာပဲ။ ကျွန်မရှင့်ကို မရနိုင်မှတော့ ကျွန်မ ရှင့်ကို အကောင်းဆုံးကြိုးစားပြီးတော့.....ဖျက်ဆီးဖို့ပဲ တတ်နိုင်တယ်"

*****

All Chapters