လုံလောက်သော အစွမ်းသတ္တိ
Vol. 8 Ch. 78
စွမ်းအင်များကို စုပ်ယူပြီးသည်နှင့် တစ်ပြိုင်နက် ၊ ထိုမှော်ရတနာ၏ အစွမ်းသတ္တိမှာ အဆမတန် မြင့်မားလာတော့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ၊ ရွှေချပ်ဝတ်ဖုတ်ကောင် ၏ အစွမ်းကုန်ထုတ်သုံးလိုက်သော တိုက်ခိုက်မှုကို စုပ်ယူပြီးနောက် ၊ ပါးကွ မှန်ချပ် ပေါ်ရှိ အစီအရင်သင်္ကေတ ငါးရာကျော်မှာ ချက်ချင်းဆိုသလို လင်းထိန်သွား၏။
ယခင်က လင်းထိန်နေခဲ့သော သင်္ကေတများနှင့် ပေါင်းစပ်လိုက်လျှင် ၊ ယခု အစီအရင်သင်္ကေတ အရေအတွက်မှာ ထောင့်နှစ်ရာကျော်အထိ ရှိသွားပြီ ဖြစ်သည်။
၎င်းမှာ ထောင့်သုံးရာကျော် မဖြစ်သွားရခြင်း၏ အဓိကအကြောင်းအရင်းမှာမူ ၊ တိုက်ခိုက်မှုသည် ပါးကွ မှန်ချပ် ပေါ်သို့ ကျရောက်လာသည့် တစ်ခဏ၌ပင် ၊ မှန်အတွင်းမှ မမြင်နိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဦးလေးကိုး ကို အကာအကွယ်ပေးလိုက်သောကြောင့် ဖြစ်၏။
ဤသို့မဟုတ်ပါက ၊ ပါးကွ မှန်ချပ်က ထိုတိုက်ခိုက်မှု၏ စွမ်းအားကို စုပ်ယူနိုင်ခဲ့လျှင် ၊ ကျန်ရှိနေသော တုန်ခါမှုလှိုင်းများကပင် ဦးလေးကိုးကို အကြိမ်ပေါင်း ဒါဇင်ချီ၍ သေစေနိုင်ရန် လုံလောက်လှသည်။
“ဒီမှန်ကတော့ တကယ့်ကို အနိုင်မရနိုင်တဲ့ ပစ္စည်းပဲ ၊ အတွင်းထဲမှာ လုံလောက်တဲ့ စွမ်းအားတွေကိုသာ သိုလှောင်ထားနိုင်မယ်ဆိုရင် ၊ အသုံးပြုသူကို ဘယ်သူမှ မယှဉ်နိုင်တဲ့ အနေအထားမှာ ရှိနေစေမှာပဲ ၊ အခု အခြေအနေအရဆိုရင် ၊ ဒီအစီအရင်သင်္ကေတ ထောင့်နှစ်ရာကျော်ရဲ့ စွမ်းအားတွေကို ချေဖျက်ပြီး သူ့ကို နှိမ်နင်းဖို့အတွက် ၊ ကျွန်တော်ကိုယ်တိုင်တောင်မှ အစွမ်းကုန် ထုတ်ပြီး တိုက်ခိုက်ရလိမ့်မယ် ၊
ဒါပေမဲ့ အကယ်၍ ကျွန်တော်ကသာ သူ့ကို တစ်ချက်တည်းနဲ့ အပြတ်မသတ်နိုင်လို့ ၊ ကျွန်တော့်ရဲ့ စွမ်းအားတွေသာ စုပ်ယူခံလိုက်ရမယ်ဆိုရင်တော့ ၊ သူ့ရဲ့ အစီအရင်သင်္ကေတတွေက လေးငါးထောင်အထိ ဖြစ်သွားမှာ ၊ အဲဒီအချိန်ကျရင်တော့... ကျွန်တော့်ရဲ့ စွမ်းအားတွေက ယခုထက် ခြောက်ဆ ၊ ခုနစ်ဆလောက် ထပ်ပြီး မတိုးလာဘူးဆိုရင်တော့ ၊ ဦးလေးကိုးကို သတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး ”
လင်းရန်ယန် သည် ဤအချက်ကို တွေးမိသည်နှင့် စိတ်နှလုံး လေးလံသွားရတော့သည်။ ဤမှော်ရတနာမှာ သူကိုယ်တိုင်ပင် အပြည့်အဝ နားမလည်နိုင်သော အရာသောဖြစ်ကြောင့် နာမည်ကျော်ထိုက်လှပါသည်။
‘ ဒါတင်မကသေးဘူး ၊ ငါထင်တာသာ မမှားဘူးဆိုရင် ၊ ဒီမှော်ရတနာရဲ့ စွမ်းအားက ဒီလောက်တင် ရပ်နေမှာ မဟုတ်ဘူး မဟုတ်လား ”
လင်းရန်ယန်သည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိ၏။
“ဝူး... (ဒါက တကယ်တော့ ဘာကြီးလဲ ) ”
ရွှေချပ်ဝတ်ဖုတ်ကောင်သည်လည်း များစွာ ထိတ်လန့်သွားရတော့သည်။ ၎င်း၏ ယခင် တိုက်ခိုက်မှုမှာ လုံးဝကို ပုံမှန်အတိုင်း ပြင်းထန်ခဲ့ပါသော်လည်း ၊ ဤအရာကြီးမှာ ဤမျှအထိ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်း ရှိလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။
အမှန်စင်စစ် ‘ဝိညာဉ်အဆင့်’ ရှိသော မှော်ရတနာတစ်ခုပင်လျှင် ဤမျှအထိ အစွမ်းထက်လှသော ကာကွယ်ရေးစွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ‘မြေကမ္ဘာအရှင်သခင် ဆဋ္ဌမအဆင့်’ ရှိ ကျင့်ကြံသူတစ်ဦးအား ဤမျှ ကြီးမားလှသော ကွာဟချက်ကို ကျော်လွန်၍ ၎င်း၏ တိုက်ခိုက်မှုကို ခုခံစေနိုင်ခြင်းမှာ အံ့ဩစရာပင် ဖြစ်၏။
“ဒါက ဘာကြီးလဲလို့ မေးနေစရာ မလိုပါဘူး ၊ မင်းဘက်က ဘာမှ မလုပ်ချင်တော့ဘူးဆိုရင်တော့ ၊ အခု ငါ့အလှည့် ရောက်ပြီ”
ဤအချိန်တွင် ဦးလေးကိုးမှာလည်း သက်ပြင်းတစ်ချက် ချနိုင်ခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤမှန်၏ စွမ်းဆောင်ရည်မှာ ဤမျှအထိ တိုးတက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ယခင်ကမူ ဤကဲ့သို့သော ကာကွယ်ရေး စွမ်းရည်မျိုး မရှိခဲ့ချေ။
သို့သော်လည်း လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ၊ သူနှင့် အောင်းထျန်းလုံ တို့သည် အစီအရင်သင်္ကေတ ရှစ်ဆယ်ကျော်မျှ လင်းထိန်လာစေရန်အတွက် တစ်နေ့လုံးပင် အသည်းအသန် ကြိုးစားခဲ့ကြရသည်။
ထိုသို့ ဆိုပြီးနောက် ၊ ဦးလေးကိုးသည် သူ၏ မျက်လုံးများကို တင်းကျပ်စွာ ပိတ်လိုက်တော့၏။
နောက်တစ်ခဏ၌ သူသည် မျက်လုံးများကို ရုတ်တရက် ပြန်လည် ဖွင့်လိုက်သည်။
“ဝူး... “
တုန်ခါမှုလှိုင်းတစ်ခုမှာ သူ၏ မျက်လုံးများအတွင်းမှ ထွက်ပေါ်လာ၏။ ထိုအချိန်တွင် သူ၏ မျက်သူငယ်အိမ်များမှာ ပါးကွ မှန်ချပ်၏ ပုံရိပ်ယောင်အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားတော့သည်။
လင်းရန်ယန်၏ ဆဋ္ဌမအာရုံ အရ ၊ ဦးလေးကိုးမှာ ပါးကွ မှန်ချပ် နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
“ဝူး... (ဘာတွေ ဖြစ်နေတာလဲ ) ”
ဦးလေးကိုး၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသော ရွှေချပ်ဝတ်ဖုတ်ကောင်မှာ ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွှေးအမျှင်များ ထောင်ထလာသည်အထိ ခံစားလိုက်ရတော့သည်။ သေမင်း၏ ခြိမ်းခြောက်မှုကြီးက သူ့အား လွှမ်းမိုးထားလေပြီ။
“ပြေးမှ ဖြစ်မယ် ”
သူသည် တုံ့ဆိုင်းမနေတော့ဘဲ လှည့်၍ ထွက်ပြေးတော့သည်။ အတားအဆီးကို ဖောက်ထွက်၍ မရနိုင်ကြောင်း သိထားသဖြင့် ၊ ကီလိုမီတာ တစ်ဝိုက်အတွင်း၌သာ အသည်းအသန် လှည့်ပတ် ပြေးလွှားနေတော့သည်။
သူ၏ အသည်းအသန် ရုန်းကန်နေမှုကို ကြည့်ရင်း ၊ လင်းရန်ယန်မှာ ယခုအကြိမ်တွင်မူ ထိုဖုတ်ကောင်မှာ သေဘေးမှ လွတ်နိုင်မည် မဟုတ်ကြောင်း သိလိုက်ရ၏။
ထို့ကြောင့် သူသည် ချက်ချင်းပင်.......
“ရှုး... “
လင်းရန်ယန်သည် ရွှေချပ်ဝတ်ဖုတ်ကောင်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ၊ သူ၏ လက်ဝါးကြီးဖြင့် ဖုတ်ကောင်၏ ဦးခေါင်းကို တိုက်ရိုက်ပင် ဖိနှိပ်လိုက်တော့သည်။
“ဝူး... “
“ဝူး... “
တစ်ခဏချင်းအတွင်းမှာပင် တစ္ဆေပုံရိပ်နှစ်ခုမှာ လင်းရန်ယန်၏ ဆွဲထုတ်ခြင်းကြောင့် ရွှေချပ်ဝတ်ဖောင်ကောင်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာတော့သည်။ ၎င်းတို့မှာ သာ့ပေါင် နှင့် ရှောင်ပေါင် တို့ပင် ဖြစ်ကြ၏။
ဤတစ္ဆေငယ် နှစ်ကောင် ရှိနေခြင်းကြောင့်သာ ခေါင်းဆောင်ကြီးမှာ ရွှေချပ်ဝတ်ဖုတ်ကောင်ကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ် ၎င်းမှာ ယာယီမျှသာ ဖြစ်ပြီး ၊ ခေါင်းဆောင်ကြီး သေဆုံးသွားသည်နှင့် ဖုတ်ကောင်၏ အသိဉာဏ်မှာ ပြန်လည် နိုးထလာခဲ့သော်လည်း ၊ ထိုတစ္ဆေငယ် နှစ်ကောင်မှာမူ ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ ကျန်ရှိနေခဲ့ခြင်း ဖြစ်၏။
ယခုအခါ သာ့ပေါင်နှင့် ရှောင်ပေါင်တို့၏ နှောင့်ယှက်မှု မရှိတော့သဖြင့် ၊ ရွှေချပ်ဝတ်ဖုတ်ကောင်၏ အရှိန်မှာ သုံးဆယ်ရာခိုင်နှုန်းခန့် ချက်ချင်း တိုးတက်သွားတော့သည်။ ၎င်း၏ အရှိန်အဝါမှာလည်း သုံးဆယ်ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့၏။
သို့သော်လည်း သေမင်း၏ အငွေ့အသက်မှာမူ သူကို ဖုံးလွှမ်းထားဆဲပင် ဖြစ်သည်။
“ထိုက်ကျိမှ အင်အားနှစ်ရပ်သို့ ၊ အင်အားနှစ်ရပ်မှ ရူပ လေးမျိုးသို့ ၊ ရူပ လေးမျိုးမှ ပါးကွ ပုံသို့ ၊ ပါးကွ ပုံမှ အဆုံးမဲ့သို့ ”
ထိုအချိန်မှာပင် ဦးလေးကိုးက နက်ရှိုင်းစွာ အော်ဟစ်လိုက်ပြီး ၊ ပါးကွ မှန်ချပ်ကို ဟာလာဟင်းလင်း ဖြစ်နေသော နေရာတစ်ခုသို့ ချက်ချင်းပင် ချိန်ရွယ်လိုက်တော့သည်။
“ဝုန်း”
နောက်တစ်ခဏ၌ ထိတ်လန့်စရာကောင်းလှသော ရွှေရောင်အလင်းတန်းကြီး တစ်ခုသည် ပါးကွ မှန်ချပ်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာ၏။ တစ်ပြိုင်နက်တည်းမှာပင် ဦးလေးကိုး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သူ၏ အသက်စွမ်းအားများ အကုန်အစင် အစုပ်ခံလိုက်ရသကဲ့သို့ လျင်မြန်စွာပင် ကြုံလှီသွားတော့သည်။
ထိုအလင်းတန်းအတွင်း၌ ‘မိုးကြိုးငါးစင်း အစီအရင်’ ၏ စွမ်းအား ၊ ‘ခိုင်ချန်း အစီအရင်’ ၏ စွမ်းအားနှင့် ဦးလေးကိုး ထုတ်လွှတ်ခဲ့သော တာအိုအတတ်ပညာ အားလုံးအပြင် ၊ ကြီးမားလှသော ယင်စွမ်းအင် မြင်းသတ်ဖြတ်ဓားကြီးတို့ ပါဝင်နေသည်။
သို့သော်လည်း ထိုစွမ်းအားများ စုစည်းထားသည့် ရွှေရောင်အလင်းတန်းကြီးမှာမူ ဟာလာဟင်းလင်း ဖြစ်နေသော နေရာတစ်ခုဆီသို့သာ ဦးတည် ပစ်ခတ်လိုက်ခြင်း ဖြစ်၏။
သို့ပေမယ့် ၊ နောက်တစ်စက္ကန့်မှာပင် အသည်းအသန် ထွက်ပြေးနေသော ရွှေချပ်ဝတ်ဖုတ်ကောင်၏ ပုံရိပ်မှာ ထိုအလင်းတန်း၏ ရှေ့တည့်တည့်သို့ ရုတ်တရက် ရောက်ရှိလာတော့သည်။
“ဝူး... “
ရွှေချပ်ဝတ်ဖုတ်ကောင်မှာ ရွှေရောင်အလင်းတန်းကြီး၏ ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရ၏။ မည်သည့် အသံမျှ ထွက်မလာတော့ဘဲ ၊ ရွှေချပ်ဝတ်ဖုတ်ကောင်မှာ ထိုအလင်းတန်းအတွင်း၌ အစအနပင် မကျန်အောင် လုံးဝ ဥဿုံ ပျက်စီးသွားရတော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း လင်းရန်ယန်၏ မျက်လုံးသူငယ်အိမ်များမှာ ကျုံ့ဝင်သွားရသည်။
“ရန်သူ့နေရာကို ကြိုတင်ခန့်မှန်းနိုင်တာပဲ ၊ ဒီမှော်ရတနာက တကယ့်ကို အနှိုင်းမဲ့ပဲ ”
ဤအချိန်တွင် လင်းရန်ယန်မှာ လုံးဝပင် အံ့အားသင့်သွားရတော့၏။
ဤမှော်ရတနာမှာ အချို့သော အဓိပ္ပာယ်များအရ လုံးဝဥဿုံ ကာကွယ်ရေးစွမ်းအား ရှိရုံတင်မကဘဲ ၊ မိမိကိုယ်တိုင်၏ တိုက်ခိုက်မှုဖြစ်စေ ၊ အခြားသူ၏ တိုက်ခိုက်မှုဖြစ်စေ ၊ ၎င်းကို ထိမှန်လာသမျှ စွမ်းအားအားလုံးကို စုပ်ယူနိုင်ပြီး ၊ ယင်းနောက်တွင် ထိုစွမ်းအားအားလုံးကို တစ်ပြိုင်နက်တည်း ပြန်လည် ထုတ်လွှတ်နိုင်သည်။
၎င်းမှာ အမှန်တကယ်တော့ လုံးဝဥဿုံ တိုက်စစ်စွမ်းအား ရှိနေခြင်းပင် ဖြစ်၏။
အမှန်စင်စစ် မည်မျှပင် အစွမ်းထက်သူဖြစ်ပါစေ ၊ မိမိ၏ အစွမ်းကုန် တိုက်ခိုက်မှုထက် နှစ်ဆ သို့မဟုတ် သုံးဆခန့် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုကိုသာ အလွန်ဆုံး တောင့်ခံနိုင်ကြသည်။ သို့သော် ဤမှော်ရတနာမှာမူ စွမ်းအားအားလုံးကို စုပ်ယူထားနိုင်၏။ တိုက်ပွဲ ကြာမြင့်လေလေ ၊ ၎င်းသည် မိမိ၏ တိုက်စစ်စွမ်းအားထက် နှစ်ဆ ၊ သုံးဆမကဘဲ ၊ ဆယ်ဆမကသော စွမ်းအားများကိုပင် ထုတ်လွှတ်နိုင်လိမ့်မည်။
ထို့ပြင် ၎င်းသည် ရန်သူ၏ လှုပ်ရှားမှုကို တိုက်ရိုက် ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိရာ ၊ မှော်ရတနာကို အသက်သွင်းလိုက်သည်နှင့် တိုက်ခိုက်မှု လွဲချော်သွားရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။
အကယ်၍ ဤမှော်ရတနာမှာ အနှိုင်းမဲ့သည်ဟု မခေါ်နိုင်ပါက ၊ အဘယ်အရာကို ခေါ်ရမည်နည်း။
“ဒီပစ္စည်းက... တကယ့်ကို နှမြောစရာပဲ ၊ ကြည့်ရတာ ဒါက အစ်ကိုကြီးရဲ့ ‘ဝိညာဉ်နှောင်ကြိုးပစ္စည်း’ ဖြစ်ရမယ် ၊ ငါ ဒါကို လုယူသွားရင်တောင် သုံးလို့ရမှာ မဟုတ်ဘူး ၊ ဒီလိုသာ မဟုတ်ရင်တော့ ၊ ငါ သေချာပေါက် လုယူမိမှာ”
လင်းရန်ယန်မှာ အနည်းငယ် နှမြောသလို ခံစားလိုက်ရ၏။ ဤမျှ ကောင်းမွန်သော ပစ္စည်းမျိုးကို မလုယူမိပါက မိမိကိုယ်ကိုယ် အားနာစရာပင် ဖြစ်လိမ့်မည်။
“ဒါပေမဲ့ ပြောရရင်တော့ ၊ ငါလည်း ဒါကို အတုခိုးပြီး တစ်ခုလောက် သွန်းလုပ်နိုင်မယ် ထင်တယ် ၊ ဒါပေမဲ့ ခံနိုင်ရည်ရှိတဲ့ စွမ်းအားရဲ့ အကန့်အသတ်ကတော့ ဒီလောက်အထိ မြင့်မှာ မဟုတ်ဘူးပေါ့ ၊
ဒါပေမဲ့ ငါ့ရဲ့ လက်နက်သွန်းလုပ်မှု စွမ်းရည်နဲ့ဆိုရင်တော့ ၊ ဒါကို ‘ကောင်းကင်အဆင့်’ အထွတ်အထိပ်အထိ သွန်းလုပ်လိုက်မယ်ဆိုရင် ၊ သာမန် ဝိညာဉ်အဆင့် အလတ်စား မှော်လက်နက်တစ်ခုကို ယှဉ်နိုင်မှာပဲ ၊ အဲဒီအချိန်ကျရင်တော့ ၊ ဒါက ‘စစ်မှန်သော အရှင်သခင်’ တစ်ယောက်ရဲ့ စွမ်းအားကိုတောင် စုပ်ယူနိုင်လိမ့်မယ် ”
လင်းရန်ယန်မှာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ၊ ၎င်းကို အတုခိုးရန်မှာ အလွန်အမင်း မခက်ခဲကြောင်း သိရှိလိုက်ရ၏။ သူသည် စုပ်ယူခြင်းနှင့် တိုက်ခိုက်ခြင်း အစီရင် နှစ်ခုစလုံးကို မှော်လက်နက်ပေါ်တွင် ထွင်းထုနိုင်သည်။
သူ လိုအပ်သည်မှာ ‘ကောင်းကင်အမိန့်’ အမျိုးအစား အစီရင်တစ်ခုကို ထပ်ပေါင်းထည့်ရန်သာ ဖြစ်၏။ သူသည် ‘ကောင်းကင်အဆင့်’ အထက်တန်းစား ကောင်းကင်အမိန့် ဆရာသခင် တစ်ဦး ဖြစ်ရာ ၊ ၎င်းကို ပြုလုပ်ရန်မှာ ခက်ခဲသော အလုပ်မဟုတ်ပေ။
သို့သော်လည်း စွမ်းအားမှာမူ သိသိသာသာ အားနည်းလိမ့်မည်။
“ဂျွမ်း... “
ဤအရာအားလုံး ပြီးဆုံးသွားပြီးနောက်တွင်မူ ၊ အရိုးစုတစ်ခုကဲ့သို့ ဖြစ်သွားသော ဦးလေးကိုးမှာ ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ တိုက်ရိုက်ပင် လဲကျသွားတော့သည်။ ပါးကွက် မှန်ချပ်သည်လည်း လုံးဝ တိတ်ဆိတ်သွားတော့သည်။
“ဒါပေမဲ့လည်း ဤမျှ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းရှိတဲ့ မှော်ရတနာကို သုံးဖို့အတွက် ကန့်သတ်ချက်တွေက တကယ့်ကို မြင့်မားလွန်းတာပဲ ”
လင်းရန်ယန်မှာ ဤမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချမိတော့သည်။ မည်သည့် မှော်ရတနာကိုမဆို အသုံးပြုရန်အတွက် လုံလောက်သော ကိုယ်ပိုင်အစွမ်းသတ္တိ လိုအပ်သည်မှာ လူတိုင်း သိကြ၏။
အကယ်၍ မိမိ၏ စွမ်းအား မလုံလောက်ပါက ၊ မှော်ရတနာ၏ စွမ်းရည်များကို အသက်သွင်းရန်အတွက် မိမိ၏ ကိုယ်ပိုင် အသက်စွမ်းအားများကို အသုံးချရတော့သည်။
အကယ်၍ ကံကောင်းမည်ဆိုပါက ၊ ယခင်က ဦးလေးကိုး ဖြစ်ခဲ့သလိုမျိုး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် အိပ်ပျော်သွားလိမ့်မည်။ အကယ်၍ ကံအနည်းငယ် ညံ့မည်ဆိုပါက ၊ ဆယ်စုနှစ်များစွာ ကြာမြင့်သွားနိုင်ပြီး ၊ နိုးလာလျှင်ပင် နောက်ဆက်တွဲ ဝေဒနာများ ကျန်ရှိနေလိမ့်မည်။
အကယ်၍ ကံ အလွန်အမင်း ညံ့ခဲ့မည်ဆိုပါကမူ ၊ သေဆုံးသွားရုံသာ ရှိတော့သည်။