← Chapters

ကျောက်ခေါင်းတလား

Vol. 8 Ch. 72

ကျောက်ခေါင်းတလား

Vol. 8 Ch. 72

“ကောင်းပြီ ၊ အလောင်းပြင်ခန်းကို ပြန်ကြတာပေါ့ ၊ တကယ်လို့ အဆင်မပြေဖြစ်လာရင်တော့ ဘိုးဘေးဆရာသခင်ကို ပင့်ဖိတ်ရုံပဲ ရှိတော့တယ် ၊ သူက ဖုတ်ကောင်ဘုရင်ကို ရှာတွေ့ပြီး ထိန်းချုပ်ထားနိုင်တယ်ဆိုတာ သူ့ညီအစ်ကိုတွေကို ကယ်ဖို့အတွက် ဖြစ်လိမ့်မယ် ၊ အခြေအနေက ဒီလိုဆိုမှတော့... ငါတို့ဘက်ကလည်း ‘ဆယ်မျက်နှာအရပ်က ဝိုင်းရံတိုက်ခိုက်ခြင်း’ နဲ့ ပြန်ပြီး ဧည့်ခံပေးရမှာပေါ့ ”

ထိုစကားကို ပြောကြားရင်း ဦးလေးကိုး ၏ မျက်နှာထက်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခု ပေါ်လွင်လာတော့သည်။ အလောင်းပြင်ခန်းတွင် ရှိနေသရွေ့ ၎င်းမှာ သူ၏ အိမ်ကွင်းပင် ဖြစ်သည်။ ဖုတ်ကောင်ဘုရင် ကိုယ်တိုင် ရောက်ရှိလာပါစေဦး ၊ သူ သေချာပေါက် နှိမ်နင်းနိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိနေ၏။

“ဒါပေမဲ့ မထွက်ခွာခင်မှာ ကျွန်တော်တို့ လုပ်စရာတစ်ခု ကျန်နေသေးတယ် ”

ရုတ်တရက် လင်းရန်ယန် က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

“ဘာကိစ္စလဲ ”

ဦးလေးကိုးမှာ ကြောင်အသွားရ၏။ ကံဆိုးစွာပင် လင်းရန်ယန်မှာ သူ၏ မေးခွန်းကို ပြန်လည် မဖြေကြားဘဲ ၊ သူ၏ လက်ယာဘက် ခြေထောက်ကို မြှောက်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်တော့သည်။

“ဝုန်း... ဂုန်း”

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ မြေပြင်များသည် အရှိန်အဟုန်ဖြင့် စတင် ကွဲအက်သွားတော့သည်။ မြေပြင်အက်ကြောင်းများသည် မြေအောက်နန်းတော်ကြီး တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ၊ ကျောက်တံတိုင်းများပေါ်တွင် ထွင်းထုထားသော အစီရင်ကွက်များမှာလည်း တစ်စစီ ဖြစ်သွားကာ ပျက်စီးသွားတော့၏။

ယင်းနောက်တွင်မူ ကြီးမားလှသော ကျောက်တုံးကြီးများသည် အပေါ်မှ အဆက်မပြတ် ကျဆင်းလာတော့သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း”

ကြီးမားလှသော မြေပြိုသံကြီးကြောင့် ဦးလေးကိုးမှာ လန့်ဖျပ်သွားရ၏။

“သွားပြီ... ညီလေးရာ ၊ မင်း ဒီလိုလုပ်မယ်ဆိုရင်လည်း အပြင်ရောက်မှ လုပ်ပါလား ”

ဦးလေးကိုးက အော်ဟစ်လိုက်ပြီးနောက် ၊ တုံ့ဆိုင်းမနေတော့ဘဲ ဂူသင်္ချိုင်းလမ်းအတိုင်း အပြင်ဘက်သို့ အသည်းအသန် ပြေးထွက်သွားတော့သည်။

“ဟားဟား ၊ အစ်ကိုကြီးကလဲ ၊ ဒီလိုမှ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတာ မဟုတ်ဘူးလား”

လင်းရန်ယန်ကလည်း ဦးလေးကိုးနောက်သို့ လိုက်ရင်း နောက်ပြောင်နေ၏။

“ငါကတော့ ဒီလို စိတ်လှုပ်ရှားမှုမျိုးကို လုံးဝ မလိုချင်ဘူးဟေ့”

ဦးလေးကိုးက အသက်လုပြေးနေရင်း လင်းရန်ယန်ကို မကျေမနပ် ရေရွတ်လိုက်တော့သည်။

မကြာမီမှာပင် သူတို့နှစ်ဦးမှာ တောင်စောင်းမှတစ်ဆင့် အပြင်ဘက်သို့ ပြေးထွက်နိုင်ခဲ့ကြ၏။

“ဝုန်း... ဂျိမ်း”

သူတို့၏ အနောက်ဘက်ရှိ တောင်ကြီးမှာ တုန်ခါမှုများနှင့်အတူ လုံးဝ ပြိုကျသွားတော့သည်။ တစ်ချိန်က ကောင်းမွန်လှသော ရန်မိသားစုမြို့တော်၏ သင်္ချိုင်းကုန်းတောင်မှာ ယခုအခါ မီတာ ရာဂဏန်းခန့် နိမ့်ကျသွားရတော့၏။

ပျက်စီးသွားသော အပျက်အစီးပုံကြီးကို ပြန်ကြည့်ရင်း ဦးလေးကိုးက သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်သည်။ အကယ်၍ သူသာ အနည်းငယ် နောက်ကျပြီး မြေပိသွားခဲ့လျှင် ၊ ‘ကောင်းကင်အရှင်သခင်’ တစ်ယောက်ပင် ဖြစ်ပါစေဦး ၊ သေချာပေါက် အသက်ပျောက်သွားလိမ့်မည်။

“ဟင်... ဒါက ရန်ဝေရုံ ရဲ့ ဂူသင်္ချိုင်းနားမှာ မဟုတ်လား ”

ဦးလေးကိုးသည် ပတ်ဝန်းကျင်ကို ရုတ်တရက် ရင်းနှီးနေသလို ခံစားလိုက်ရ၏။ ရန်ဝေရုံ ၏ ဂူသင်္ချိုင်းမှာ ဂူထွက်ပေါက်နှင့် ကပ်လျက်တွင် ရှိနေသည်ကို သူ မြင်လိုက်ရတော့သည်။

ဂူသင်္ချိုင်းလမ်း၏ အဝင်ဝတွင် မူလက သာမန် ကျောက်တိုင်တစ်ခုသာ ရှိခဲ့ခြင်းကြောင့် ၊ ဦးလေးကိုးနှင့် အခြားသူများမှာ ယခင်က သတိမထားမိခဲ့ကြခြင်း ဖြစ်သည်။ ထိုကျောက်တိုင်ကို ဖျက်ဆီးလိုက်သောအခါမှသာ ၎င်း၏ နောက်ကွယ်ရှိ ထိတ်လန့်စရာကောင်းသော ဂူသင်္ချိုင်းကြီးမှာ ပေါ်ထွက်လာခြင်း ဖြစ်၏။

တစ်နာရီခန့် ကြာပြီးနောက် ၊ သင်္ချိုင်းကုန်းတောင်နှင့် ကီလိုမီတာ အနည်းငယ် ဝေးကွာသော တောတောင်နက်ကြီးအတွင်းရှိ ဂူတစ်ခုထဲတွင် ၊ မြင်းစီးဓားပြခေါင်းဆောင်သည် သွေးစစ်စစ်များ ပါဝင်သော စည်ကြီးကို ကိုင်ဆောင်ကာ သူ၏ ရှေ့မှ ကြီးမားလှသော ကျောက်ခေါင်းတလားအတွင်းသို့ ဖြည်းညှင်းစွာ လောင်းထည့်နေတော့သည်။ ကျောက်ခေါင်းတလားအတွင်းတွင် ရှိနေသော ထိုအရာကြီးမှာ ထိုသွေးများကို လျင်မြန်စွာ စုပ်ယူနေ၏။

ဤမြင်ကွင်းကို ကြည့်ရင်း ခေါင်းဆောင်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် တုန်ရီနေလျက် ၊ သူ၏ မျက်လုံးများထဲ၌ အဆုံးမဲ့သော နာကျည်းမှုများ ထင်ဟပ်နေ၏။ သူ၏ အနောက်ဘက် မြေပြင်ပေါ်၌လည်း အခြားသော အခေါင်း သုံးလုံးမှာ ငြိမ်သက်စွာ လဲလျောင်းနေသည်။

“ဝူး... “

ရုတ်တရက် ကျောက်ခေါင်းတလားအတွင်းမှ စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက‌ေလာတော့သည်။ ၎င်းကို မြင်လိုက်ရသော ခေါင်းဆောင်ကြီးမှာ တုံ့ဆိုင်းမနေတော့ဘဲ ဘူးသီးခြောက်ဘူးကို ချက်ချင်း ထုတ်လိုက်ပြီးနောက် ၊ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ အတွင်း၌ ရှိနေသော သာ့ပေါင် နှင့် ရှောင်ပေါင် တို့၏ ဝိညာဉ်များကို ကျောက်ခေါင်းတလားအတွင်းရှိ ဖုတ်ကောင်၏ နဖူးအလယ်သို့ ရိုက်သွင်းလိုက်တော့သည်။

ချက်ချင်းဆိုသလိုပင် ဖုတ်ကောင်၏ နဖူးအလယ်မှတစ်ဆင့် အစီအရင်သင်္ကေတ အမြောက်အမြားမှာ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။

“ဝုန်း... ဝုန်း”

ထိုခဏမှာပင် ဖုတ်ကောင်၏ ခန္ဓာကိုယ်အတွင်းမှ အလွန်အမင်း အစွမ်းထက်လှသော စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်လာတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် ၊ ကောင်းကင်ယံ၌ မည်းမှောင်လှသော တိမ်တိုက်ကြီးများမှာလည်း လျင်မြန်စွာ စုစည်းလာကြ၏။ ၎င်းမှာ ကြီးမားလှသော ဘေးဆိုးကြီး ကျရောက်တော့မည်ဖြစ်ကြောင်း ကြိုတင်နိမိတ်ပြနေခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် အလောင်းပြင်ခန်း၌ ရှိနေသော ဦးလေးကိုး ၊ လင်းရန်ယန်နှင့် အခြားသူများသည် ကောင်းကင်တွင် စုရုံးလာသော တိမ်တိုက်မည်းကြီးများကို ကြည့်ရင်း ၊ ဖုတ်ကောင်မှာ အခေါင်းထဲမှ ထွက်လာတော့မည် ဖြစ်ကြောင်း သိလိုက်ကြ၏။

“ဝိန်ချိုက် ၊ ချိုးရှန်း ၊ အစီအစဉ်အတိုင်း လုပ်ကြစမ်း ”

ဦးလေးကိုးက ချက်ချင်း ညွှန်ကြားလိုက်တော့သည်။

“ဟုတ်ကဲ့ပါ ဆရာ ”

ဝိန်ချိုက်နှင့် ချိုးရှန်းတို့သည် ထိုစကားကို ကြားသည်နှင့် နောက်ဖေးခြံဝင်းဆီသို့ လျင်မြန်စွာ ပြေးထွက်သွားကြတော့၏။

“အစ်ကိုကြီး ၊ ဒီနေရာကိုတော့ အစ်ကိုကြီးကိုပဲ အပ်ခဲ့မယ် ၊ ကျွန်တော် နောက်ဖေးခြံကို အရင်သွားပြီး စောင့်ကြည့်ပေးထားမယ် ၊ အကယ်၍ ဖုတ်ကောင်ရောက်လာလို့ အစ်ကိုကြီး မနိုင်တော့ဘူးဆိုရင်တော့ ကျွန်တော့်ကို လှမ်းခေါ်ဖို့ မမေ့နဲ့ဦး ”

လင်းရန်ယန်ကလည်း ဦးလေးကိုးကို စကားတစ်ခွန်း ပါးလိုက်သည်။

“အင်း... စိတ်ချပါ ”

ဦးလေးကိုးက အသာအယာ ခေါင်းငြိမ့်ပြလိုက်၏။

“တွတ်... တွတ်... တွတ်”

ချက်ချင်းဆိုသလိုပင် ကြက်ဖတစ်ကောင်၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာတော့သည်။ အနားတွင် ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားပြီဖြစ်သော မောက်ရှန်းမင် မှာ ဓားကို မြှောက်ကာ နောက်ဆုံးကျန်ရှိသော ကြက်ဖကြီးကို သတ်ဖြတ်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရ၏။

“တာအိုညီနောင် ၊ ခင်ဗျား ဘာလုပ်နေတာလဲ ”

ဦးလေးကိုးမှာ ဤမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားရတော့သည်။

“ကြက်သတ်နေတာလေ ၊ ဦးလေးကိုး... ခင်ဗျားပဲ စစ်ဆင်ရေး စတော့မယ်ဆို ”

မောက်ရှန်းမင်မှာ ဇဝေဇဝါ ဖြစ်နေလျက် ၊ သူ၏ လက်ထဲမှ ကြက်ကြီးကို ကိုင်ကာ ဘာလုပ်ရမှန်း မသိ ဖြစ်နေ၏။

“ငါက ဝိန်ချိုက်နဲ့ ချိုးရှန်းကို ပြောနေတာ ၊ ခင်ဗျားကို ပြောတာ မဟုတ်ဘူး ၊ ဒါက ရန်မိသားစုမြို့တော် တစ်ခုလုံးမှာ နောက်ဆုံးကျန်တဲ့ ကြက်ဖကြီး”

ဦးလေးကိုးမှာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားရတော့သည်။ ယခင်က ရှိသမျှသော ကြက်များကို မြင်းစီးဓားပြများကို တိုက်ခိုက်စဉ်ကပင် အကုန်အစင် သတ်ဖြတ်ခဲ့ပြီး ဖြစ်၏။

“ဟင်... ကျွန်တော် မသိဘူးလေ ၊ ဘာလို့ စောစောက မပြောတာလဲ ၊ အခု ဘာလုပ်ကြမလဲ ”

မောက်ရှန်းမင်မှာလည်း မှင်သက်သွားရတော့သည်။

“ဘာလုပ်ရမှာလဲ ၊ မီးစင်ကြည့်ကရတော့မှာပေါ့ ၊ သွေးနည်းနည်းလောက်ပေးစမ်း ”

ဦးလေးကိုးက မျက်စောင်းထိုးလိုက်ပြီးနောက် ၊ ပန်းကန်လုံးတစ်လုံးဖြင့် အနားသို့ သွားကာ ကြက်သွေး အနည်းငယ်ကို ခံယူလိုက်၏။

“ဦးလေးကိုး... ဒီသွေးနည်းနည်းလေးနဲ့ လုံလောက်ပါ့မလား ”

မောက်ရှန်းမင်မှာ နားမလည်နိုင် ဖြစ်နေရသည်။ သွေးမလောက်ဘူးဟု ပြောနေပြီးမှ အဘယ်ကြောင့် ဤမျှလောက်သာ ယူရသနည်း။

“တောင်တစ်တောင်မှာ တန်ခိုးရှိဖို့ဆိုတာ အမြင့်ပေါ်မှာ မူတည်တာ မဟုတ်ဘူး ၊ နတ်မင်း ရှိဖို့ပဲ လိုတာ ၊ သွေးမှာလည်း အစွမ်းထက်ဖို့ဆိုတာ အများကြီး ရှိနေဖို့ မလိုဘူး ၊ အစွမ်းသတ္တိ ရှိဖို့ပဲ လိုတာ

ဒီကြက်သွေး အနည်းငယ်က လုံလောက်ပါတယ် ၊ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အထဲမှာ ရှိတဲ့ မိစ္ဆာနှိမ်နင်းနိုင်စွမ်းတွေက လျော့နည်းသွားတတ်တယ် ၊ ဒါကြောင့် ဖုတ်ကောင် မရောက်လာခင်လေးမှာ ကြက်ကို သတ်တာက အကောင်းဆုံး အချိန်ပဲ”

ဦးလေးကိုးက မတတ်သာသလို ရှင်းပြလိုက်ရ၏။

“အော်... အဲဒီလိုကိုး ၊ ဒါကြောင့်လည်း တစ်ခါတလေ ကျွန်တော်သုံးတဲ့ ကြက်သွေးက အလုပ်မဖြစ်ဘဲ ၊ တစ်ခါတလေကျတော့ အရမ်း အစွမ်းထက်နေရတာကိုး ”

မောက်ရှန်းမင်မှာ ထိုစကားကို ကြားမှပင် အမှန်တရားကို သဘောပေါက်သွားတော့သည်။

“ကဲ... စကားတွေ ရပ်ထားတော့ ၊ ရန်သူနဲ့ ဖုတ်ကောင်တွေ ရောက်လာတော့မယ် ၊ ရန်သူ ရောက်လာရင်တော့ ခင်ဗျား တတ်နိုင်သမျှ ဝေးဝေးကို ပြေးပေတော့ ”

ဦးလေးကိုးက မောက်ရှန်းမင်ကို လေးနက်စွာ မှာကြားလိုက်၏။

“သိပါပြီ ၊ သိပါပြီ ၊ ပြေးတဲ့နေရာမှာတော့ ကျွန်တော်က အမြန်ဆုံးပဲ ”

မောက်ရှန်းမင်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

“ဒုန်း... ဒုန်း... ဒုန်း”

သို့သော် ထိုခဏမှာပင် အိမ်ရှေ့တံခါးကြီးအား တစ်စုံတစ်ယောက်က ရိုက်နှက်လိုက်‌ောတ့သည်။ ဦးလေးကိုး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး ၊ သူ၏ မိုးကြိုးပစ်မက်မွန်သားဓားကို ဆွဲထုတ်ကာ အသင့်အနေအထားဖြင့် စောင့်ကြည့်လိုက်၏။

“ကိစ္စမရှိပါဘူး ဦးလေးကိုးရာ ၊ ကျွန်တော် အားလုံးအတွက် ညစာအဖြစ် ဆန်ပြုတ် မှာထားလို့ပါ ၊ ဒါ ဆန်ပြုတ်ပို့တဲ့သူ ဖြစ်ရမယ် ၊ ဖုတ်ကောင်တွေကမှ တံခါးမခေါက်တတ်ဘဲ ၊ ဒါနဲ့ ပြောရဦးမယ် ၊ သူတို့ ပို့တာ တကယ် မြန်တာပဲနော်”

မောက်ရှန်းမင်က အလျင်အမြန် ရှင်းပြလိုက်၏။ ဦးလေးကိုးမှာ ဆွံ့အသွားရပေသည် ၊ ဤကဲ့သို့သော အချိန်မျိုးမှာပင် သူက ဆန်ပြုတ်သောက်ဖို့ စဉ်းစားနေသေးသည်။

“တံခါး အရင်ဖွင့်ပေးလိုက်စမ်း ၊ ဒီလို ညဉ့်နက်ကြီးမှာ ဆန်ပြုတ်လာပို့ရတာကတော့ တကယ့်ကို သတ္တိရှိတဲ့သူပဲ”

ဦးလေးကိုးက လက်ဝေ့ယမ်းကာ ပြောလိုက်၏။ မောက်ရှန်းမင်မှာ ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် တံခါးဆီသို့ ပြေးသွားလိုက်တော့သည်။

“ကျွန်တော် မှာတာ နာရီဝက်ပဲ ရှိသေးတာ ၊ ဆန်ပြုတ်က အဆင်သင့် ဖြစ်နေပြီလား ”

မောက်ရှန်းမင်က စကားပြောရင်း တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သို့သော် နောက်တစ်ခဏ၌ သူမှာ လုံးဝ မှင်သက်သွားရတော့သည်။ သူ မြင်တွေ့လိုက်ရသည်မှာ အေးစက်လှသော အမူအရာဖြင့် တံခါးဝတွင် ရပ်နေသည့် မြင်းစီးဓားပြခေါင်းဆောင်ပင် ဖြစ်၏။

သို့သော် ခေါင်းဆောင်ကြီးမှာလည်း မောက်ရှန်းမင်ကို မြင်လိုက်ရချိန်တွင် ခဏတာ ကြောင်သွားရတော့သည်။ အဘယ့်ကြောင့်ဆိုသော် ဤလူမှာ သူ ကိုယ်တိုင် လက်ဝါးနှင့် ရိုက်သတ်ခဲ့သောသူ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ မည်သို့ကြောင့် ယခုတိုင် အသက်ရှင်နေပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေရသနည်း။

“မြင်း... မြင်း... မြင်းစီးဓားပြကြီးပါလား ”

မောက်ရှန်းမင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ပြီးနောက် ၊ ခေါင်းဆောင်ကြီး ကြောင်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ လှည့်ပြေးလိုက်တော့သည်။

“ဝူး... ”

ခေါင်းဆောင်ကြီးမှာလည်း ချက်ချင်းပင် သတိဝင်လာကာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ၊ ပြေးထွက်သွားသော မောက်ရှန်းမင်၏ ကျောပြင်ဆီသို့ သူ၏ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်တော့၏။

“ချလွင်... “

သို့သော် ထိုအချိန်မှာပင် ကြည်လင်ပြတ်သားသော ဓားမြည်သံတစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ထွက်ပေါ်လာတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် ၊ အမည်းရောင် မက်မွန်သားဓားတစ်လက်သည် ခေါင်းဆောင်ကြီး၏ လက်ဝါးဆီသို့ တိုက်ရိုက်ပင် ထိုးစိုက်သွားတော့၏။

All Chapters