← Chapters

ဝိသမလောဘသားအား ကျိန်ဆဲခြင်း

Vol. 8 Ch. 73

ဝိသမလောဘသားအား ကျိန်ဆဲခြင်း

Vol. 8 Ch. 73

“ရွှတ်... “

တစ်ခဏအတွင်းမှာပင် မက်မွန်သားဓားသည် မြင်းစီးဓားပြခေါင်းဆောင်၏ လက်ဝါးကို တိုက်ရိုက်ပင် ထိုးဖောက်သွားတော့သည်။

“ဖြောက်... ဖြောက်”

တစ်ပြိုင်နက်တည်းမှာပင် များပြားလှသော မိုးကြိုးစွမ်းအားများသည် မက်မွန်သားဓားအတွင်းမှ ပေါက်ကွဲထွက်လာပြီး ၊ ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ဖုံးလွှမ်းသွား၏။

“ဝူး... “

ထိတ်လန့်စရာကောင်းလှသော မိုးကြိုးဒဏ်ကြောင့် ခေါင်းဆောင်ကြီးမှာ အဆက်မပြတ် အော်ဟစ်နေရတော့သည်။ ကံကောင်းသည်မှာ ခေါင်းဆောင်ကြီးသည် တုံ့ပြန်မှု မြန်ဆန်လှသဖြင့် သူ၏ လက်ယာဘက်လက်ကို အမြန်ပင် ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ၊ ခန္ဓာကိုယ်အတွင်းမှ သွေးမြူများ အမြောက်အမြား ထုတ်လွှတ်ကာ နောက်သို့ မီတာ ဆယ်ဂဏန်းခန့် အသည်းအသန် ဆုတ်ခွာသွားတော့သည်။

“ဝူး... (ဒါက ဘယ်လိုမျိုး လက်နက်လဲ ) ”

ခေါင်းဆောင်ကြီးသည် ဦးလေးကိုး ၏ လက်ထဲရှိ မိုးကြိုးပစ်မက်မွန်သားဓားကို မယုံကြည်နိုင်လောက်အောင် ငေးကြည့်နေမိတော့၏။ ဤလက်နက်၏ စွမ်းအားမှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှသည် ။ ၎င်းမှာ သူ၏ လက်ယာဘက်လက်ကို တစ်ခဏချင်းအတွင်း လောင်မြိုက်သွားစေခဲ့၏။

သူ့အတွက်မူ ၎င်းမှာ လက်တစ်ဖက်သာ ဖြစ်သဖြင့် အခြားတစ်ခုနှင့် အချိန်မရွေး အစားထိုးနိုင်ပါသော်လည်း ၊ ဤကဲ့သို့သော လက်နက်မျိုးနှင့်ဆိုပါက သူ၏ ဝှက်ဖဲများကို အသုံးပြုလျှင်ပင် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

“မိစ္ဆာကောင် ၊ မင်းက တစ်ယောက်တည်း လာရဲသေးတယ်ပေါ့ ၊ မင်းတော့ သေဖို့သာ ပြင်ထားပေတော့”

ဦးလေးကိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သို့သော် သူ၏ စိတ်ထဲ၌မူ ဇဝေဇဝါ ဖြစ်နေရ၏။ အကယ်၍ မြင်းစီးဓားပြတွေ ဒီမှာ ရောက်နေတာဆိုရင် ၊ ဖုတ်ကောင်ဘုရင်က မည်သည့်နေရာတွင် ရှိနေသနည်း။

“ဝုန်း... ဝုန်း... ဝုန်း”

သို့သော် ထိုအချိန်မှာပင် နောက်ဖေးခြံဘက်မှ ထိတ်လန့်စရာကောင်းလှသော အသံကြီး ရုတ်တရက် ထွက်ပေါ်လာတော့သည်။

“မကောင်းတော့ဘူး ၊ ဖုတ်ကောင်ဘုရင်က နောက်ဖေးခြံထဲမှာလား ”

ဦးလေးကိုး၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး ၊ သူ၏ အနောက်ဘက်သို့ အမြန်ပင် လှည့်ကြည့်လိုက်၏။

“ဝူး... ”

၎င်းကို မြင်လိုက်ရသော ခေါင်းဆောင်ကြီးမှာ မျက်လုံးများ ဝင်းလက်သွားပြီး ၊ ချက်ချင်းပင် သွေးရောင်အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ရှေ့သို့ ပြေးဝင်လိုက်ပြီးလျှင် ဦးလေးကိုး၏ ကျောပြင်ကို သူ၏ လက်သည်းများဖြင့် ကုတ်ခြစ်လိုက်တော့သည်။

မမျှော်လင့်ထားသော တိုက်ခိုက်ချက်မှာ ဦးလေးကိုးအား ချက်ချင်းပင် ထိမှန်သွားရ၏။

“ဝုန်း”

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ကျောပြင်ထက်၌ အရိုးပင် မြင်နေရလောက်သော နက်ရှိုင်းလှသည့် သွေးစိမ်းရှင်ရှင် ထွက်နေသည့် ဒဏ်ရာကြီး ငါးခု ထင်ကျန်ရစ်ခဲ့တော့သည်။

“ဦးလေးကိုး... ”

အဝေးသို့ ထွက်ပြေးသွားခဲ့သော မောက်ရှန်းမင် မှာ ဤမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။ ဦးလေးကိုးပင် ဒဏ်ရာရသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ဟား... ”

ပြင်းထန်လှသော နာကျင်မှုကြောင့် ဦးလေးကိုးမှာ အသက်ပင် ဝဝ မရှူနိုင် ဖြစ်သွားရ၏။

“မင်းတော့ သေဖို့သာ ပြင်ထားပေတော့... ”

ဦးလေးကိုးမှာ ဒေါသအမျက် ချောင်းချောင်းထွက်သွားပြီး ၊ သူ၏ ဓားကို အနောက်ဘက်သို့ ပြင်းထန်စွာ ဝေ့ယမ်းလိုက်တော့သည်။

“ဝုန်း... ဝုန်း”

တစ်ခဏချင်းမှာပင် မိုးခြိမ်းသံကြီးနှင့်အတူ ဆယ်မီတာထက်မက ရှည်လျားလှသော ထိတ်လန့်စရာကောင်းသည့် မိုးကြိုးဓားဓာတ် များမှာ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့ထွက်ပေါ်လာတော့၏။ ဤမျှ ကြီးမားလှသော တိုက်ကွက်ကြောင့် ခေါင်းဆောင်ကြီး၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ၊ သူသည် ချက်ချင်းပင် သွေးဓာတ်များအဖြစ် အသွင်ပြောင်းကာ အနောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာလိုက်တော့သည်။

“ရွှတ်... “

သို့သော် ဤမျှ နီးကပ်လှသော အကွာအဝေးမှနေ၍ သူ၏ အရှိန်မှာ မိုးကြိုး၏ အရှိန်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။ နောက်တစ်ခဏ၌ ခေါင်းဆောင်ကြီးမှာ မိုးကြိုးဓားဓာတ်၏ တိုက်ရိုက် ထိမှန်ခြင်းကို ခံလိုက်ရတော့သည်။

ထိတ်လန့်စရာကောင်းလှသော စွမ်းအားကြောင့် ခေါင်းဆောင်ကြီးမှာ အစအနပင် မကျန်တော့ဘဲ တစ်ခဏချင်းမှာပင် အငွေ့ပျံ ပျောက်ကွယ်သွားရတော့သည်။ မှန်ပါသည် ၊ ခေါင်းဆောင်ကြီး သေဆုံးသွားခဲ့ပြီ ဖြစ်သည် ၊ ၎င်းမှာ တကယ့်ကို သန့်သန့်ရှင်းရှင်းပင် သေဆုံးသွားခြင်း ဖြစ်၏။

“ဟား... ငါ့ရဲ့ ကျောပြင်ကြီးတော့ သွားပြီ ၊ ငါ တကယ်ကို ပေါ့ဆသွားမိတယ် ”

ဒဏ်ရာရသွားသော ဦးလေးကိုးသည်လည်း သူ၏ ကျောပြင်ကို ကိုင်လျက် နာကျင်စွာဖြင့် ညည်းတွားနေသည်။ ရန်သူမှာ ဤမျှ ယုတ်မာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ ၊ သူ့ကို အာရုံလွှဲပြီးမှ ချောင်းမြောင်း တိုက်ခိုက်သွားခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း တစ်ဖက်ရန်သူမှာ အမှန်စင်စစ် ‘မြေကမ္ဘာအရှင်သခင်’ အဆင့် (၈) ခန့်ရှိသော ဖုတ်ကောင်တစ်ကောင်နှင့် ညီမျှသည့် အစွမ်းထက်လှသော စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ အရှိန်မှာလည်း လျင်မြန်လှသည့်အပြင် ၊ သွေးဓာတ်အသုံးပြုကာ ထွက်ပြေးသည့် နည်းစနစ်ကိုပါ အသုံးပြုလိုက်သောအခါ အရှိန်မှာ ပိုမို လျင်မြန်သွားရခြင်း ဖြစ်၏။

ဦးလေးကိုးအနေဖြင့် ပေါ့ဆသွားမိချိန်တွင် မတုံ့ပြန်နိုင်ခဲ့ခြင်းမှာလည်း သဘာဝကျလှသည်။ သို့သော် ယခုအကြိမ်ကိုပါ ထည့်တွက်မည်ဆိုပါက ၊ ဦးလေးကိုးသည် ရန်သူ၏ လက်အတွင်းသို့ နှစ်ကြိမ်တိုင်တိုင် ကျရောက်ခဲ့ခြင်း ဖြစ်၏။ ကံကောင်းသည်မှာ တတိယအကြိမ် ထပ်မံဖြစ်ပေါ်ရန် အခွင့်အရေး မရှိတော့ခြင်းပင် ဖြစ်သည်။

“ဦးလေးကိုး... ခင်ဗျား အဆင်ပြေရဲ့လား ”

မောက်ရှန်းမင်သည်လည်း အနားသို့ အမြန်ပြေးလာပြီး ဦးလေးကိုးအား ကူတွဲလိုက်၏။

“ငါ အဆင်ပြေပါတယ် ၊ နည်းနည်း ရသွားရုံပါပဲ ၊ မီးဖိုချောင်ထဲသွားပြီး ငါ့အတွက် ကောက်ညှင်းဆန် နည်းနည်းလောက် သွားယူပေးစမ်း ၊ မဟုတ်ရင် ဖုတ်ကောင်အဆိပ်တွေက ငါ့နှလုံးသားဆီ ရောက်သွားပြီး ငါ သတိလစ်သွားလိမ့်မယ် ”

ဦးလေးကိုးက လက်ဝေ့ယမ်းလျက် မတတ်သာသလို ဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ ဦးလေးကိုး ”

မောက်ရှန်းမင်က အမြန်ခေါင်းငြိမ့်ပြလိုက်ပြီး မီးဖိုချောင်သို့ ပြေးသွားတော့သည်။ မကြာမီမှာပင် သူသည် ဆန်အိတ်တစ်အိတ်ကို သယ်ကာ ပြန်လာခဲ့၏။ ထို့နောက် ရှိသမျှသော ဆန်များကို ဦးလေးကိုး၏ ကျောပြင်ပေါ်သို့ မှောက်ချလိုက်ပြီး သူ၏ လက်ဖြင့် ပြင်းထန်စွာ ဖိချလိုက်တော့သည်။

“အား... ”

ချက်ချင်းဆိုသလိုပင် ဝက်တစ်ကောင် အသတ်ခံရသကဲ့သို့ စူးရှလှသော အော်ဟစ်သံကြီးမှာ ဦးလေးကိုး၏ ပါးစပ်ဖျားမှ ထွက်ပေါ်လာတော့သည်။

“ဦးလေးကိုး... အောင့်ထားပါဦး ၊ နာတော့ နာမှာပေါ့ ”

မောက်ရှန်းမင်က အမြန်ပင် ပြန်ပြောလိုက်၏။ ဦးလေးကိုးက ချွေးများ စိုရွှဲနေကာ ခေါင်းငြိမ့်ပြလိုက်သော်လည်း ၊ မြေပြင်ပေါ်၌ ပြန့်ကျဲနေသော ဆန်များကို မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားရတော့သည်။

သူသည် ထိုဆန်ကို ကောက်ယူကြည့်လိုက်ပြီးနောက် ၊ သွေးများ ချက်ချင်းပင် ထိုးတက်သွားရတော့သည်။

“ဒါက ကောက်ညှင်းဆန် မဟုတ်ဘူး ၊ ဒါက ဆန်စေးကြီး ”

ဦးလေးကိုးက ဒေါသတကြီး ကျိန်ဆဲလိုက်၏။

“ဘာ... ကောက်ညှင်းဆန် မဟုတ်ဘူး ဟုတ်လား ၊ မဟုတ်ပါဘူး ၊ အဲဒီမှာ ရှိတာက ဒီဆန် တစ်မျိုးတည်းပဲလေ”

မောက်ရှန်းမင်မှာ ကြောင်အသွားရတော့သည်။

“ဒါကတော့ ဟို အလေအလွင့်ကောင် ချိုးရှန်း ကောက်ညှင်းဆန် သွားဝယ်တုန်းက အလိမ်ခံခဲ့ရတာ သေချာပြီ ”

ထိုစကားကို ကြားသောအခါ ဦးလေးကိုးမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေတော့၏။ ဤဆန်များကို ရန်ဝေရုံ၏ ကိစ္စပြီးကတည်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ရန်ဝေရုံ၏ ကိစ္စကြောင့် ရန်မိသားစုမြို့တော်ရှိ လူတိုင်းမှာ အသက်ဘေးအတွက် ထိတ်လန့်ခဲ့ကြပြီး ၊ ရှိသမျှသော ကောက်ညှင်းဆန်များမှာလည်း ရောင်းကုန်သွားခဲ့ရ၏။ ထို့ကြောင့် ချိုးရှန်းအနေဖြင့် ဘေးမြို့သို့ သွားရောက်ဝယ်ယူခဲ့ရခြင်း ဖြစ်သည်။

သိသာလှသည်မှာ တစ်ဖက်လူသည် ကောက်ညှင်းဆန် အစား ဆန်စေးကို လဲလှယ်ရောင်းချခဲ့ခြင်း ဖြစ်၏။ ဤသို့ တွေးမိသည်နှင့် ဦးလေးကိုးသည် လူသားများကို ဒုက္ခပေးသော ထိုဝိသမလောဘသား ကုန်သည်ကို မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

“ယုတ်မာတဲ့ ဝိသမလောဘသား ”

မောက်ရှန်းမင်ကလည်း ရှက်ကိုးရှက်ကန်းနှင့်ပင် ဦးလေးကိုးနောက်မှ လိုက်၍ ကျိန်ဆဲလိုက်တော့သည်။

“ဒါနဲ့ ပြောရဦးမယ် ၊ နောက်ထပ် ဘာဆက်လုပ်ကြမလဲ ဦးလေးကိုး ”

မောက်ရှန်းမင်မှာ အနည်းငယ် စိုးရိမ်နေ၏။ အဆင့်မြင့် ‘အမွှေးရှည်ဖုတ်ကောင်’ ၏ အဆိပ်မှာ အလွန်အမင်း ပြင်းထန်လှသည်။ ဦးလေးကိုးပင် ဖြစ်နေပါစေ ၊ အကယ်၍ သေချာစွာ မကုသနိုင်ပါက တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားမည်။

“ခင်ဗျား ငါ့ကို စောင့်ကြည့်ပေးထား ၊ ငါ အရင်ဆုံး အဆိပ်တွေကို အင်အားသုံးပြီး ထုတ်လိုက်ဦးမယ် ”

ဦးလေးကိုးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ၊ နေရာမှာတင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီးလျှင် ‘ရှန်ချင်းကျမ်းစာ’ ကို စတင် လည်ပတ်စေလိုက်တော့သည်။

“ဖတ်... ဖတ်... ဖတ်”

ချက်ချင်းဆိုသလိုပင် မည်းနက်နေသော သွေးအမြောက်အမြားမှာ ဦးလေးကိုး၏ ကျောပြင်မှ ထွက်ပေါ်လာတော့၏။ ထိုသွေးများအတွင်း၌ ပြင်းထန်လှသော အဆိပ်အတောက်များ ပါဝင်နေသည်။

သွေးများ ထွက်လာသည်နှင့်အမျှ ဦးလေးကိုး၏ မျက်နှာမှာလည်း တဖြည်းဖြည်း ဖြူဖျော့လာတော့၏။ ဤအချိန်၌ မောက်ရှန်းမင်မှာ လင်းရန်ယန် မည်မျှအထိ အစွမ်းထက်သည်ကို သဘောပေါက်သွားရတော့သည်။ ဦးလေးကိုးပင်လျှင် ဤကဲ့သို့သော ဒဏ်ရာကို မခံနိုင်ဘဲ ဖြစ်နေရချိန်၌ ၊ လင်းရန်ယန်မှာမူ အလွယ်တကူပင် ကုသပေးနိုင်ခဲ့သည်။

“ဒုန်း... ဒုန်း... ဒုန်း”

သို့သော် ထိုအချိန်မှာပင် အလောင်းပြင်ခန်း၏ အိမ်ရှေ့တံခါးကြီး အပြင်ဘက်မှ ဖုတ်ကောင်များ ခုန်လာသည့် အသံကြီးကို ကြားလိုက်ရတော့သည်။

“ဒါက ဘာအသံလဲ ”

မောက်ရှန်းမင်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ၊ အမြန်ပင် လှည့်ကြည့်လိုက်ပေသည်။ ထိုသို့ ကြည့်လိုက်ခြင်းမှာ သူ၏ ဝိညာဉ်ကို လွင့်စင်သွားစေသကဲ့သို့ပင် ဖြစ်သွားတော့၏။

တောင်ကုန်းများပေါ်မှ ခုန်ဆင်းလာကြသော ထိတ်လန့်စရာကောင်းလှသည့် အရှိန်အဝါများ ပိုင်ဆိုင်ထားသော ဖုတ်ကောင် သုံးကောင်ကို သူ မြင်တွေ့လိုက်ရသည်။

“သွားပြီ... သွားပြီ... နောက်ထပ် သုံးကောင်တောင်လား ၊ သွားပါပြီ ”

မောက်ရှန်းမင်မှာ ထိတ်လန့်လွန်းသဖြင့် သူ၏ မျက်နှာမှာ ဖြူရော်သွားရတော့သည်။

“အဟွတ်... အဟွတ်... ”

ရုတ်တရက် ဦးလေးကိုးမှာ ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး ၊ မည်းနက်နေသော သွေးအမြောက်အမြားကို အန်ထုတ်လိုက်တော့၏။

“တောက်... အဲဒီ မိစ္ဆာကောင်က သူ့ရဲ့ လက်သည်းတွေထဲမှာ အဆိပ်တွေ ထည့်ထားတာပဲ ”

ဦးလေးကိုးက ဒေါသတကြီး ကျိန်ဆဲလိုက်တော့သည်။ ရန်သူမှာ ဤမျှအထိ ယုတ်မာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့ပြင် ထိုအဆိပ်မှာ သာမန်အဆိပ် မဟုတ်ဘဲ ၊ ဖုတ်ကောင်ဘုရင်၏ ဖုတ်ကောင်အဆိပ် ဖြစ်နေသည်မှာ သေချာလှ၏။

“ဦးလေးကိုး... ဒါတွေကို ပြောမနေနဲ့တော့ ၊ ဟိုမှာ ကြည့်ဦး ”

ဦးလေးကိုး၏ သနားစရာ အခြေအနေကို ကြည့်ရင်း မောက်ရှန်းမင်မှာ မျက်နှာငယ်လေးနှင့် ပြောလိုက်ပြီး ၊ မနီးမဝေးရှိ ဖုတ်ကောင် သုံးကောင်ဆီသို့ အမြန်ပင် လက်ညှိုးထိုးပြလိုက်တော့သည်။

ဦးလေးကိုးသည် အမြန်ပင် လှည့်ကြည့်လိုက်ရာ ၊ သူ၏ မျက်လုံးသူငယ်အိမ်များမှာ သိသိသာသာ ကျုံ့ဝင်သွားရတော့သည်။ ကြမ်းတမ်းလှသော ဖုတ်ကောင် သုံးကောင်သည် သူတို့ဆီသို့ ခုန်လာနေကြသည်ကို သူ မြင်လိုက်ရ၏။ ထိုဖုတ်ကောင် သုံးကောင်အတွင်းမှ ထွက်ပေါ်နေသော အရှိန်အဝါများအရ ၊ ၎င်းမှာ ‘အမွှေးရှည်ဖုတ်ကောင်’ တစ်ကောင်နှင့် ‘စိမ်းရောင်ဖုတ်ကောင်’ နှစ်ကောင် ဖြစ်သည်။

“တောက်... ဘာလို့ ဒီလောက်တောင် များနေရတာလဲ ”

ဦးလေးကိုး၏ မျက်နှာမှာ လေးနက်တည်ကြည်သွားရတော့သည်။ အကယ်၍ သူသာ အကောင်းတိုင်း ရှိနေမည်ဆိုပါက ၊ ဤဖုတ်ကောင်အားလုံးကို တစ်ကွက်တည်းနှင့် သတ်ဖြတ်နိုင်ပါသော်လည်း ၊ ယခုအချိန်၌မူ သုံးကောင်ကို မဆိုထားနှင့် ၊ တစ်ကောင် ရောက်လာလျှင်ပင် သူ နိုင်နိုင်မည် မဟုတ်ပေ။

“ဝူး... ”

ဤအချိန်၌ ဖုတ်ကောင် သုံးကောင်၏ ပါးစပ်ဖျားမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီးနောက် ၊ ထိုဖုတ်ကောင်များသည် ဦးလေးကိုးနှင့် မောက်ရှန်းမင်တို့ဆီသို့ ထိတ်လန့်စရာကောင်းလှသော အရှိန်ဖြင့် ပြေးဝင်လာကြတော့သည်။

“ညီလေး... ငါ့ကို ကယ်ပါဦးဟေ့... ”

အသည်းအသန် အခြေအနေ၌ ဦးလေးကိုးမှာ နောက်ဖေးခြံဘက်သို့ လှမ်း၍ အော်ဟစ် အကူအညီတောင်းလိုက်ရ၏။

All Chapters