← Chapters

စတုတ္ထအဆင့် ဖုတ်ကောင်ဘုရင်

Vol. 8 Ch. 74

စတုတ္ထအဆင့် ဖုတ်ကောင်ဘုရင်

Vol. 8 Ch. 74

“ဝုန်း... “

ရုတ်ခြည်းဆိုသလိုပင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ၊ ရွှေရောင်အလင်းတန်းတစ်ခုသည် အိမ်အိုကြီးကို ထိုးဖောက်ကာ ဖုတ်ကောင် သုံးကောင်ရှိရာသို့ တိုက်ရိုက်ပင် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

မိမိတို့ဆီသို့ ဝုန်းခနဲ ပြေးဝင်လာသော ရွှေရောင်ပုံရိပ်ကြီးကို မြင်လိုက်ရချိန်တွင် ၊ ထိုဖုတ်ကောင် သုံးကောင်မှာ မျက်နှာများ ပျက်ယွင်းသွားပြီးနောက် လှည့်၍ ထွက်ပြေးရန် ကြိုးစားကြ၏။

“ဝုန်း”

“ဝုန်း”

ကံဆိုးလှစွာပင် ၊ နောက်တစ်ခဏ၌ ကျယ်လောင်လှသော ပေါက်ကွဲသံ သုံးကြိမ်နှင့်အတူ ၊ အစွမ်းထက်လှသော ထိုဖုတ်ကောင် သုံးကောင်မှာ ချက်ချင်းပင် သွေးမြူများအဖြစ် အစအနပင် မကျန်အောင် ချေမှုန်းခံလိုက်ရတော့သည်။

၎င်းတို့မှာ ပေါ်လာပြီး တစ်စက္ကန့်အတွင်းမှာပင် အသက်ပျောက်သွားကြရရှာရာ ၊ တကယ့်ကို သနားစရာကောင်းလှသော နိဂုံးပင် ဖြစ်၏။

ထိုရွှေရောင်ပုံရိပ်ကြီးမှာမူ ရပ်တန့်မသွားဘဲ အဝေးသို့ အရှိန်အဟုန်ဖြင့် ဆက်လက် လွင့်စင်သွားတော့သည်။ ၎င်း၏ လမ်းကြောင်းတစ်ခုလုံးရှိ အရာအားလုံးမှာ တစ်ခဏချင်းအတွင်း ကြေမွသွားရပြီး ၊ အနီးနားရှိ မီတာ နှစ်ဆယ်ခန့် မြင့်သော တောင်ကုန်းလေးပင်လျှင် ပေါက်ကွဲသွားကာ မြေပြန့်အတိ ဖြစ်သွားတော့၏။

“ဝုန်း”

နောက်ဆုံးတွင်မူ တစ်လောကလုံးကို တုန်ခါသွားစေလောက်သော ဟိန်းဟောက်သံကြီးသည် မြေပြင်အနှံ့ ပဲ့တင်ထပ်သွားတော့သည်။

ထိုရွှေရောင်ပုံရိပ်ကြီးသည် ကီလိုမီတာ တစ်ထောင်ခန့် ဝေးကွာသော တောင်မြင့်ကြီးကို တိုက်မိသွားပြီး ၊ မီတာ တစ်ရာခန့် ကျယ်ဝန်းသော ထိတ်လန့်စရာ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်စေပြီးမှသာ ရပ်တန့်သွားတော့သည်။

ထိုကြီးမားလှသော ပေါက်ကွဲသံနှင့် မြေငလျင်ကဲ့သို့ တုန်ခါမှုကြီးကြောင့် ရန်မိသားစုမြို့တော် ရှိ လူတိုင်းမှာ လန့်နိုးလာကြ၏။ ဖုန်မှုန့်နှင့် မီးခိုးငွေ့များသည်လည်း ချိုင့်ခွက်ကြီး၏ ပတ်ဝန်းကျင် ကီလိုမီတာများစွာအထိ ဖုံးလွှမ်းသွားတော့သည်။

ဦးလေးကိုး နှင့် အခြားသူများပင်လျှင် ထိုဖုန်မှုန့်များအတွင်း၌ တစ်ခဏချင်း နစ်မြုပ်သွားရပေသည်။ ဤမျှ ထိတ်လန့်စရာကောင်းလှသော မြင်ကွင်းကြောင့် ဦးလေးကိုးနှင့် မောက်ရှန်းမင် တို့မှာ ကြောက်ရွံ့စွာဖြင့် တံတွေးကို အနိုင်နိုင် မျိုချနေကြရသည်။

“အစ်ကိုကြီး ၊ ဘာလို့ ဒီလောက်တောင် သနားစရာကောင်းတဲ့ အခြေအနေ ဖြစ်နေရတာလဲ ”

ထိုအချိန်မှာပင် ဖြူဖွေးသော မိုးကြိုးအလင်းတန်းများ ရစ်ပတ်ထားသည့် လင်းရန်ယန် သည် ကောင်းကင်ယံမှ ဆင်းသက်လာကာ ဦးလေးကိုး၏ ဘေး၌ ရပ်လိုက်တော့သည်။

လင်းရန်ယန် ရောက်ရှိလာသည်ကို မြင်ရမှသာ ဦးလေးကိုးနှင့် မောက်ရှန်းမင်တို့မှာ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်ကြတော့သည်။

“ဆရာသခင် လင်းရန်ယန် ၊ ဦးလေးကိုးကို မြန်မြန် ကယ်ပေးပါဦး ၊ ဦးလေးကိုးက ဖုတ်ကောင်ရဲ့ ချောင်းမြောင်း တိုက်ခိုက်တာကို ခံလိုက်ရလို့ ”

မောက်ရှန်းမင်က အလျင်အမြန် ရှင်းပြလိုက်၏။

ဦးလေးကိုးမှာမူ ချက်ချင်းပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ အဘယ့်ကြောင့်ဆိုသော် စောစောကတင် သူသည် မြင်းစီးဓားပြများစွာကို ဓားတစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ပြီဟု ကြွားလုံးထုတ်ခဲ့‌သောကြောင့် ဖြစ်သည်။

ယခုမူ ရန်သူ၏ ချောင်းမြောင်း တိုက်ခိုက်မှု တစ်ချက်တည်းနှင့်ပင် အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ လင်းရန်ယန်သာ မရှိပါက ၊ သူသည် ယခုအချိန်၌ သေချာပေါက် အလောင်းပြင်ခန်းထဲ ရောက်နေလိမ့်မည်။

“ပေါ့ဆသွားတယ် ၊ ငါ တကယ်ကို ပေါ့ဆသွားမိတယ် ”

ဦးလေးကိုးမှာ အလွန်ပင် မျက်နှာပူနေမိတော့သည်။ လင်းရန်ယန်က သူ့အား ‘ကောင်းကင်အဆင့်’ အထွတ်အထိပ်နှင့် ညီမျှသော မှော်လက်နက်တစ်ခုကို ပေးအပ်ပြီးခါစမှာပင် ၊ သူက ဤကဲ့သို့ နိမ့်ကျသော ရှုံးနိမ့်မှုကို ရင်ဆိုင်လိုက်ရသည်မှာ တကယ့်ကို ရှက်စရာကောင်းလှ၏။

“ဒါက တိုက်ပွဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါပဲ ၊ ဒီမှော်အတတ်သုံးတဲ့သူတွေက တကယ့်ကို ယုတ်မာကြတာကိုး ”

လင်းရန်ယန်ကလည်း နှစ်သိမ့်စကား ဆိုလိုက်၏။

ထိုသို့ ဆိုပြီးနောက် ၊ သူသည် သူ၏ လက်ယာဘက်လက်ဖြင့် ‘သစ်သားဝိညာဉ်စွမ်းအား’ များကို တိုက်ရိုက်ပင် ထုတ်လွှတ်လိုက်တော့သည်။

အမှန်စင်စစ် လင်းရန်ယန်သည်လည်း ဦးလေးကိုး ဤမျှ ပြင်းထန်စွာ ဒဏ်ရာရထားသည်ကို မြင်ရသောအခါ များစွာ အံ့ဩသွား၏။ ဦးလေးကိုး၏ စွမ်းအားနှင့် သူ ပေးထားသော လက်နက်သာ ရှိမည်ဆိုပါက ၊ ပေါ့ဆမှု မရှိသရွေ့ မြင်းစီးဓားပြ သုံးလေးယောက် ရောက်လာလျှင်ပင် ဦးလေးကိုးကို ယှဉ်နိုင်မည် မဟုတ်ပေ။

ယခုမူ တစ်ယောက်တည်းကပင် ဦးလေးကိုးကို သေလုနီးပါး ဖြစ်စေခဲ့ရာ ၊ လင်းရန်ယန်သည်လည်း ဤအချက်ကို သတိထားမိသွားတော့သည်။

ဤကမ္ဘာတွင် အကယ်၍ ပေါ့ဆမိပါက ၊ မိမိ၏ စွမ်းအားမှာ ရန်သူ့ထက် များစွာ သာလွန်နေပါစေဦး ၊ ရန်သူ၏ လက်ချက်ဖြင့် အသက်ပျောက်သွားနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ ၎င်းက လင်းရန်ယန်အား နောင်အနာဂတ်တွင် မည်သည့်အခါမျှ ပေါ့ဆမှု မရှိစေရန် သတိပေးလိုက်ခြင်းလည်း ဖြစ်၏။

“ဝူး... “

လင်းရန်ယန်၏ သစ်သားဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ ၊ ဦးလေးကိုး၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်သင့်နေသော သွေးများမှာ လျင်မြန်စွာပင် သန့်စင်သွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ ဒဏ်ရာများမှာလည်း လျင်မြန်စွာ ကျန်းမာလာခဲ့၏။

ခဏချင်းအတွင်းမှာပင် ဦးလေးကိုး၏ မျက်နှာမှာ သွေးရောင်လွှမ်းကာ ပြန်လည် ကြည်လင်လာတော့သည်။

“ချလွင်”

ဦးလေးကိုးသည် မြေပြင်၌ စိုက်ထားသော ဓားကို အားပြုကာ ဖြည်းညှင်းစွာ ထရပ်လိုက်၏။ သူသည် ဒဏ်ရာများ ကျန်းမာလာပြီ ဖြစ်သော်လည်း ၊ ခန္ဓာကိုယ်မှာမူ အနည်းငယ် အားနည်းနေသေးသည်။

“ညီလေး... ခုနက နောက်ဖေးခြံထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ ”

ဦးလေးကိုးသည် အဝေးရှိ ကြီးမားလှသော ချိုင့်ခွက်ကြီးကို တစ်ချက် ကြည့်လိုက်ပြီးနောက် ၊ မျက်မှောင်ကြုတ်လျက် လင်းရန်ယန်ကို မေးမြန်းလိုက်၏။

တစ်ပြိုင်နက်တည်းမှာပင် သူသည် လင်းရန်ယန်၏ ထိတ်လန့်စရာကောင်းလှသော စွမ်းအားကို ထပ်၍ သိရှိလိုက်ရပြန်သည်။ စောစောက လွင့်ထွက်သွားသော ရွှေရောင်ပုံရိပ်ကြီးမှာ ထိုဖုတ်ကောင် ဖြစ်မည်။ လင်းရန်ယန်၏ ကန်ချက် တစ်ချက်တည်းဖြင့်ပင် ဤမျှ ကြီးမားသော ကျင်းကြီး ဖြစ်ပေါ်စေခဲ့ရာ ၊ အကယ်၍ ‘ကောင်းကင်အရှင်သခင်’ တစ်ယောက်သာ လင်းရန်ယန်၏ တိုက်ခိုက်မှုကို ခံလိုက်ရပါက ၊ တစ်ခဏချင်းအတွင်း သွေးမြူများအဖြစ် ပေါက်ကွဲသွားလိမ့်မည်။

“ဒီဖုတ်ကောင်က အစ်ကိုကြီး အရှေ့မှာ တိုက်ခိုက်နေတာကို အခွင့်ကောင်းယူပြီး ချောင်းမြောင်း တိုက်ခိုက်ဖို့ ကြိုးစားနေတာလေ ၊ ဒါပေမဲ့ ကျွန်တော်က သူ့ကို တွေ့သွားလို့ နည်းနည်း ပညာပေးလိုက်တာပါ ၊ အစ်ကိုကြီး အကူအညီတောင်းတဲ့ အချိန်မှာပဲ သူ့ကို အပြင်ကို ကန်ထုတ်လိုက်တာပါ ”

လင်းရန်ယန်က သာမန်အတိုင်းပင် ပြောဆိုလိုက်သည်။ အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်၏။ သို့သော် ဦးလေးကိုးကမူ ထိုစကားကို ကြားပြီးနောက် အနည်းငယ် မျက်နှာပူသွားရသည်။

“ဝူး... ၊ ”

သို့သော် ထိုအချိန်မှာပင် အဝေးမှ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာ၏။

တစ်ခဏချင်းအတွင်းမှာပင် ၊ ထိတ်လန့်စရာကောင်းလှသော ယင်စွမ်းအင် များသည် အဝေးမှနေ၍ ကောင်းကင်သို့ ထိုးတက်သွားပြီး ၊ ၎င်း၏ ကြီးမားလှသော စွမ်းအားကြောင့် ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များကိုပင် ဖရိုဖရဲ ဖြစ်သွားစေတော့သည်။

အဆုံးမဲ့သော မိုးကြိုးများမှာလည်း တိမ်တိုက်များအတွင်း လျင်မြန်စွာ လှည့်ပတ်နေ၏။

“ဝုန်း... ဝုန်း... ဝုန်း”

နောက်ဆုံး၌ မိုးကြိုးများမှာ ကောင်းကင်မှ တစ်စင်းပြီးတစ်စင်း ပစ်ချလိုက်ရာ ၊ ထိုအဝေးရှိ ချိုင့်ခွက်ကြီးအတွင်းသို့ အကုန်အစင် ကျရောက်သွားတော့သည်။

ယင်းနောက်တွင်မူ ရွှေရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ၊ လက်ထဲတွင် ရွှေရောင် ဓားရှည်ကြီးတစ်လက်ကို ကိုင်ဆောင်ထားသော ‘ရွှေချပ်ဝတ်ဖုတ်ကောင်’ တစ်ကောင်သည် အပျက်အစီးများအတွင်းမှ ထွက်ပေါ်လာတော့သည်။

၎င်း လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် ၊ ကောင်းကင်မှ မိုးကြိုးတစ်စင်းသည် ပစ်ချလိုက်ပြီး ထိုဖုတ်ကောင်ကို ပြင်းထန်စွာ ထိမှန်နေသည်။

ဤမြင်ကွင်းကို ကြည့်ရင်း ဦးလေးကိုးနှင့် အခြားသူများမှာ အသက်ရှူပင် မှားသွားရတော့၏။

“ရွှေချပ်ဝတ်ဖုတ်ကောင်... ဒါက ဒဏ္ဍာရီလာ ရွှေချပ်ဝတ်ဖုတ်ကောင်ပဲ ၊ ဒါက ဘယ်လိုလုပ်ပြီး ဒီမှာ ပေါ်လာရတာလဲ”

ဦးလေးကိုး၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပါပေသည်။

သူသည် မော်ရှန်း တပည့်တစ်ဦးဖြစ်ရာ ၊ မော်ရှန်းဂိုဏ်းတွင် နှစ်ပေါင်းများစွာကြာအောင် တင်ထားခဲ့သော ရှာဖွေရေး မစ်ရှင်များအကြောင်းကို အလိုအလျောက် သိရှိနေ၏။ ၎င်းတို့အထဲတွင် ရွှေချပ်ဝတ်ဖုတ်ကောင်နှင့် ပတ်သက်သော မစ်ရှင်တစ်ခုလည်း ပါဝင်နေသည်။

> မော်ရှန်း မစ်ရှင် - ရွှေချပ်ဝတ်ဖုတ်ကောင်ကို ရှာဖွေခြင်း။ မစ်ရှင်ခက်ခဲမှုအဆင့် - ကြယ် (၇) ပွင့် မှ (၈ ပွင့်)

> မစ်ရှင်အညွှန်း - ဒဏ္ဍာရီများအရ လွန်ခဲ့သော နှစ်ပေါင်းငါးရာခန့်က နယ်ခြားစောင့် စစ်သူကြီးတစ်ဦးသည် မဟာမင်မင်းဆက်၏ ‘ကျားကျင့်ဧကရာဇ်’ သာ ဝတ်ဆင်ခွင့်ရှိသော ရွှေချပ်ဝတ်ကို တိတ်တဆိတ် သွန်းလုပ်ခဲ့ခြင်းကြောင့် ဧကရာဇ်၏ အမိန့်ဖြင့် ကွပ်မျက်ခြင်း ခံခဲ့ရသည် ၊ သူ၏ အလောင်းကို ဖုတ်ကောင်အဖြစ် မပြောင်းလဲစေရန်အတွက် ‘မန္တန်တစ်သောင်း ခေါင်းတလားချိပ်ပိတ်ခြင်း အစီရင်’ ဖြင့် ချိပ်ပိတ်ထားခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်က သတင်းများအရ ၊ စစ်သူကြီးကို မြှုပ်နှံစဉ်တွင် မိစ္ဆာကျင့်ကြံသူတစ်ဦးသည် အစီရင်၏ လစ်လပ်နေသောနေရာကို အခွင့်ကောင်းယူကာ အစီရင်များကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။ နှစ်ပေါင်းငါးရာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ၊ အကယ်၍ တူးဖော်မိပါက သူသည် သေချာပေါက် စွမ်းအားကြီးလှသော ဖုတ်ကောင်ဘုရင် ဖြစ်လာလိမ့်မည်။

> မစ်ရှင်ဆုလာဘ် - ရွှေချပ်ဝတ်ဖုတ်ကောင်၏ ခြေရာလက်ရာကို ရှာဖွေတွေ့ရှိပြီး ဂိုဏ်းသို့ အစီရင်ခံပါက ‘မြေကမ္ဘာအဆင့်’ အထက်တန်းစား မှော်လက်နက်တစ်ခုနှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ ရရှိမည်။

> ရွှေချပ်ဝတ်ဖုတ်ကောင်ကို ရှာဖွေတွေ့ရှိပြီး သတ်ဖြတ်နိုင်သူမှာ ထိုဖုတ်ကောင် ဝတ်ဆင်ထားသော ‘မြေကမ္ဘာအဆင့်’ အထွတ်အထိပ် မှော်လက်နက်အစုံအလင်အပြင် ၊ အဆင့်လတ် ဝိညာဉ်ကျောက်တုံး ၁၀ တုံးနှင့် မည်သည့် မြေကမ္ဘာအဆင့် အထွတ်အထိပ် မှော်လက်နက်ကိုမဆို တစ်ခု ရွေးချယ်ခွင့် ရရှိမည်။

> မှတ်ချက် - စစ်သူကြီးမှာ အသက်ရှင်စဉ်က ‘ပင်ကိုယ်စွမ်းရည် သတ္တမအဆင့်’ ရှိသော အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ့ကို ထိပ်တိုက် မရင်ဆိုင်ကြပါနှင့်။

>

ဦးလေးကိုးသည် ထိုမစ်ရှင်၏ အကြောင်းအရာများကို အလွတ်ပင် မှတ်မိနေသေးသည်။

သူသည် အသက်ရှင်စဉ်က ပင်ကိုယ်စွမ်းရည် သတ္တမအဆင့် ရှိခဲ့ရာ ၊ ၎င်းမှာ အစွမ်းထက်လှသော ‘မြေကမ္ဘာအရှင်သခင် သတ္တမအဆင့်’ နှင့် ညီမျှသည်။

သေဆုံးပြီး နှစ်ပေါင်းငါးရာ ကြာမြင့်ခဲ့သည့်အပြင် ၊ မြေကမ္ဘာအဆင့် အစီရင်ကြီး သုံးခု၏ အစွမ်းများကြောင့် ၊ သူ၏ စွမ်းအားမှာ မော်ရှန်းဂိုဏ်းက ခန့်မှန်းထားသည်ထက် များစွာ ပိုမို အစွမ်းထက်နေ၏။

သို့သော်လည်း မော်ရှန်းဂိုဏ်း၏ မှတ်တမ်းများအရပင် ဤဖုတ်ကောင်၏ စွမ်းအားမှာ အနည်းဆုံး ဖုတ်ကောင်ဘုရင် အဆင့်တွင် ရှိနေသည်။

အမှန်စင်စစ် သူတို့ရှေ့တွင် ရှိနေသော ဖုတ်ကောင်မှာ ထိတ်လန့်စရာကောင်းလှသော ‘စတုတ္ထအဆင့် ဖုတ်ကောင်ဘုရင်’ အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

မှန်ပါသည် ၊ စတုတ္ထအဆင့် ဖြစ်သည်။

လင်းရန်ယန်၏ အစွမ်းကုန် ကန်လိုက်သော ကန်ချက်ကြောင့်ပင် သူသည် အနည်းငယ်မျှသာ ဒဏ်ရာရခဲ့ခြင်းက သူ၏ စွမ်းအား မည်မျှ ထိတ်လန့်စရာ ကောင်းသည်ကို ပြသနေ၏။

ဦးလေးကိုးအနေဖြင့်မူ ၎င်းကို အတိအကျ မသိနိုင်သော်လည်း ၊ ဤဖုတ်ကောင်၏ စွမ်းအားမှာ သာမန် ဖုတ်ကောင်ဘုရင်ထက် နှစ်ဆ သို့မဟုတ် သုံးဆခန့် ပိုမို အစွမ်းထက်လိမ့်မည်ဟု ခန့်မှန်းမိသည်။

ကံဆိုးလှသည်မှာ ‘စတုတ္ထအဆင့် ဖုတ်ကောင်ဘုရင်’ တစ်ဦး၏ အခြေခံစွမ်းအားမှာ ‘ပထမအဆင့် ဖုတ်ကောင်ဘုရင်’ ထက် (၈) ဆခန့် ပိုမို အစွမ်းထက်ခြင်း ဖြစ်၏။

ထို့ပြင် ဖုတ်ကောင်ဘုရင် တစ်ဦး၏ အခြေခံစွမ်းအားမှာ ကီလိုဂရမ် ဆယ်သန်းအထိ ရှိသည်။ ၎င်း၏ ရှစ်ဆဆိုပါက ကီလိုဂရမ် သန်းရှစ်ဆယ်ဟူသော ထိတ်လန့်စရာကောင်းလှသည့် ပမာဏပင် ဖြစ်၏။

အကယ်၍ ခန္ဓာကိုယ်၏ ကြံ့ခိုင်မှု သက်သက်ကိုသာ နှိုင်းယှဉ်မည်ဆိုပါက ၊ လင်းရန်ယန်ပင်လျှင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

All Chapters