← Chapters

မျိုးဆက်သစ် ခေါင်းဆောင်

Vol. 8 Ch. 75

မျိုးဆက်သစ် ခေါင်းဆောင်

Vol. 8 Ch. 75

‘စတုတ္ထအဆင့် မိုးကြိုးဝိညာဉ်ခန္ဓာ’ ပိုင်ဆိုင်ထားမှသာလျှင် လင်းရန်ယန် အနေဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုစွမ်းအားဖြင့် တစ်ဖက်ရန်သူကို အပြတ်အသတ် ချေမှုန်းနိုင်မည် ဖြစ်သည်။

“ညီလေး ၊ ဒီလိုမျိုး ဖုတ်ကောင်နဲ့ဆိုရင် မင်း ဘယ်လောက်အထိ ယုံကြည်မှု ရှိလဲ”

ဦးလေးကိုး မှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တံတွေးကို အနိုင်နိုင် မျိုချရင်း မေးမြန်းလိုက်၏။

“ယုံကြည်မှုလား ၊ နည်းတော့ မနည်းဘူး ”

လင်းရန်ယန်က နှေးကွေးစွာ ပြန်လည် ပြောကြားလိုက်သည်။ သူ၏ စကားအဆုံး၌ ဦးလေးကိုးနှင့် ဘေးနားရှိ မောက်ရှန်းမင် တို့မှာ ချက်ချင်းပင် သက်ပြင်းချကာ စိတ်အေးသွားကြ၏။

“ဒါပေမဲ့... ”

ရုတ်တရက် လင်းရန်ယန်က ပြုံးလိုက်ပြန်သည်။

“ဒါပေမဲ့ ဘာဖြစ်လို့လဲ ”

ဦးလေးကိုးနှင့် မောက်ရှန်းမင်တို့မှာ ကြောင်အသွားရပြန်၏။

“ဒါပေမဲ့ အစ်ကိုကြီးရဲ့ စွမ်းအားက ဘယ်လောက်အထိ ရှိမလဲဆိုတာ ကျွန်တော် တကယ်ကို မြင်ဖူးချင်လို့ပါ ”

လင်းရန်ယန်၏ နောက်ဆက်တွဲ စကားကြောင့် ဦးလေးကိုးမှာ ဆွံ့အသွားရတော့သည်။

“အဟွတ်... အဟွတ်... ညီလေးရာ ၊ မင်း ငါ့ကို နောက်နေတာလား ၊ ဒီဖုတ်ကောင်နဲ့ဆိုရင် ငါ့ရဲ့ စွမ်းအားက နည်းနည်းတော့ လိုနေသေးတာပေါ့ ”

ဦးလေးကိုးက မတတ်သာသလို ဆိုလိုက်၏။

“တကယ်လား ၊ ဒါပေမဲ့ ကျွန်တော် မှတ်မိသလောက်ဆိုရင်တော့ ၊ အစ်ကိုကြီးက အခုထိ အဓိက ဝှက်ဖဲ တိုက်ကွက်ကို မသုံးရသေးဘူး မဟုတ်လား ”

လင်းရန်ယန်က ထိုသို့ပြောရင်း ဦးလေးကိုးကို စူးစိုက်စွာ ကြည့်လိုက်၏။

ယခုအကြိမ် ပြန်ရောက်လာချိန်၌ အောင်းထျန်းလုံ က ဦးလေးကိုး၏ စွမ်းအားမှာ ပြင်ပတွင် မြင်တွေ့နေရသည်ထက် များစွာ ပိုမိုနက်ရှိုင်းကြောင်း ပြောပြခဲ့ဖူးသည်။

ဦးလေးကိုးသည် တစ်ကြိမ်က ‘မြေကမ္ဘာအရှင်သခင် ပထမအဆင့်’ သာ ရှိသေးသော်လည်း ၊ အဆင့်မြင့် ‘အမွှေးရှည်ဖုတ်ကောင်’ တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့၏။ သို့သော် ထိုတိုက်ကွက်ကို အသုံးပြုပြီးနောက် ဦးလေးကိုးမှာ တစ်နှစ်တိတိ အိပ်ပျော်သွားခဲ့ရသည်။

ထိုတစ်နှစ်အတွင်းမှာပင် ရှီးကျန့် မှာ ရုတ်ခြည်း တိုးတက်လာခဲ့ပြီး ၊ သူ၏ ‘မိုးကြိုးဝိညာဉ်ခန္ဓာ’ ကို နိုးထစေကာ အခြားသော ပါရမီရှင်အားလုံးကို ကျော်ဖြတ်လျက် မော်ရှန်း ၏ မျိုးဆက်သစ် ခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်တော့သည်။

သို့သော် အမှန်တရားမှာမူ ၊ အကယ်၍ သူတို့နှစ်ဦးသာ အသေအလဲ တိုက်ခိုက်ကြမည်ဆိုပါက ၊ သေဆုံးမည့်သူမှာ သေချာပေါက် ရှီးကျန့်သာ ဖြစ်လိမ့်မည်။ အခြားသူသာဆိုပါက အောင်းထျန်းလုံ၏ စကားကို ယုံကြည်ကြမည် မဟုတ်ပေ။

သို့သော် လင်းရန်ယန်မှာ မည်သူနည်း။ သူသည် ကမ္ဘာခြားမှ ကူးပြောင်းလာသူ ဖြစ်သည်။ မူလဇာတ်လမ်း၌ အစွမ်းထက်လှသော ရှီးကျန့်ပင်လျှင် ဦးလေးကိုး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ကို သူ မှတ်မိနေသေး၏။

၎င်းမှာ ရုပ်ရှင်သာ ဖြစ်သော်လည်း ၊ ယခု လင်းရန်ယန် ရောက်ရှိနေသော ကမ္ဘာစစ်စစ်တွင်လည်း ရုပ်ရှင်ထဲမှ ဖြစ်ရပ်များမှာ အမှန်တကယ်ပင် ဖြစ်ပျက်နေသည်။ အနည်းဆုံးတော့ ယခုအချိန်အထိ ရုပ်ရှင်ထဲမှ အဖြစ်အပျက်အားလုံးနီးပါးမှာ အမှန်တကယ် ဖြစ်လာခဲ့သည်ချည်း ဖြစ်၏။

“ဝှက်ဖဲ တိုက်ကွက်လား”

ဦးလေးကိုးမှာ ခဏတာ မှင်သက်သွားပြီးနောက် ၊ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်တော့သည်။

“အဲဒီ တိုက်ကွက်လား ၊ ကြည့်ရတာ အစ်ကိုကြီး ထျန်းလုံ မင်းကို ပြောပြလိုက်ပုံပဲ ၊ ဟုတ်တယ်... အဲဒီ တိုက်ကွက်အကြောင်းကို သူ တစ်ယောက်ပဲ သိတာ ”

လင်းရန်ယန်၏ စကားကို ကြားပြီးနောက် ဦးလေးကိုးကလည်း နှေးကွေးစွာ ပြောဆိုလိုက်သည်။

“ဟား... ဦးလေးကိုး ၊ ခင်ဗျားမှာ ဒီလောက်အထိ ဝှက်ဖဲတွေ ရှိနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး ၊ ဘာလို့ ခုနက မသုံးခဲ့တာလဲ ”

မောက်ရှန်းမင်မှာ ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွားရ၏။ ဦးလေးကိုး ပြောပုံအရ ဆိုပါက ၊ ထိုတိုက်ကွက်ကို အသုံးပြုလျှင် ယခု ဖုတ်ကောင်ဘုရင်ကိုပင် သတ်ဖြတ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်အမင်းပင် အံ့ဩစရာ ကောင်းလှ၏။

“ငါ မသုံးချင်လို့ မဟုတ်ဘူး ၊ ငါ့ခန္ဓာကိုယ်က လှုပ်လို့တောင် မရတာကို ဘယ်လိုလုပ် သုံးနိုင်မှာလဲ ”

ဦးလေးကိုးက မောက်ရှန်းမင်ကို မျက်စောင်းထိုးလိုက်ပြီးနောက် ၊ လင်းရန်ယန်ကို ကြည့်လိုက်တော့သည်။

“ညီလေးက မြင်ချင်တယ်ဆိုမှတော့ ၊ အဲဒီ ဖုတ်ကောင်ကို တစ်မိနစ်လောက် တားဆီးပေးထားပါဦး ၊

ဒါနဲ့ တစ်ခုတော့ ရှိတယ် ၊ ငါ အဲဒီ တိုက်ကွက်ကို သုံးပြီးရင်တော့ အသက်စွမ်းအားတွေ ကုန်ခမ်းသွားမှာ ဖြစ်လို့ ၊ ညီလေးကိုပဲ အားကိုးရတော့မှာနော်”

ဦးလေးကိုးက လေးနက်စွာ ပြောကြားလိုက်၏။

“စိတ်ချပါ ၊ ရပါတယ် ၊ အတော်ပဲပေါ့... ကျွန်တော်လည်း ဒီဖုတ်ကောင်ကို သုံးပြီးတော့ ကျွန်တော့်ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ရတာပေါ့ ”

လင်းရန်ယန်က ပြုံးလိုက်ပြီးနောက် မြေပြင်ကို ခြေတစ်ချက် ဆောင့်လိုက်၏။

“ဝုန်း... “

ချက်ချင်းဆိုသလိုပင် သူသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ၊ မိုးကြိုးအလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလျက် ဖုတ်ကောင်ရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ဦးလေးကိုးသည်လည်း လင်းရန်ယန် ထွက်ခွာသွားသည်နှင့် တုံ့ဆိုင်းမနေတော့ဘဲ ဘိုးဘေးခန်းမရှိရာသို့ တိုက်ရိုက်ပင် ပြေးထွက်သွားတော့သည်။

“ဝူး... ”

လင်းရန်ယန် ပြေးဝင်လာသည်ကို မြင်သောအခါ ၊ ရွှေချပ်ဝတ်ဖုတ်ကောင် သည် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်ပြီး ၊ သူ၏ ဓားရှည်ကြီးဖြင့် လင်းရန်ယန်ကို ပြင်းထန်စွာ ခုတ်ချလိုက်တော့၏။

ထိုဓားချက်မှာ ပတ်ဝန်းကျင်ရှိ လေထုကိုပင် ဆွဲဖြတ်သွားပြီး ၊ မီတာ တစ်ရာခန့် ရှည်လျားသော အနက်ရောင် ဓားအလင်းတန်းကြီးသည် ကောင်းကင်မှ လင်းရန်ယန်ဆီသို့ အရှိန်အဟုန်ဖြင့် ကျရောက်လာတော့သည်။

“လာစမ်း... အချိန်ကိုက်ပဲ ”

လင်းရန်ယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ နောက်တစ်ခဏ၌ သူ၏ လက်ယာဘက်လက်ဖြင့် ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်ရာ ၊ မိုးကြိုးဓားရှည်တစ်လက်မှာ သူ၏ လက်အတွင်း၌ ချက်ချင်းပင် ပေါ်ပေါက်လာတော့သည်။

ဤကဲ့သို့သော အရာမျိုးကို လက်နက်ဖြင့် ရင်ဆိုင်ရခြင်းမှာ တကယ့်ကို အနိုင်ကျင့်ရာ ရောက်လှပ၏။

“ဝုန်း”

လင်းရန်ယန်သည် သူ၏ ဓားဖြင့် ပြန်လည် ခုတ်ချလိုက်ရာ ၊ သူ၏ လက်အတွင်းမှ ကြီးမားလှသော မိုးကြိုးဓားဓာတ် များသည်လည်း တစ်ရှိန်ထိုး ကျဆင်းသွားတော့သည်။ နောက်တစ်ခဏ၌ သူတို့၏ တိုက်ကွက်နှစ်ခုမှာ ထိပ်တိုက် တိုးမိသွားကြ၏။

“ဝုန်း... ဝုန်း... ဝုန်း”

တစ်လောကလုံးကို တုန်ခါသွားစေလောက်သော ကျယ်လောင်လှသည့် အသံကြီးမှာ ကီလိုမီတာ ဆယ်ဂဏန်းအထိ ပဲ့တင်ထပ်သွားတော့သည်။

အနက်ရောင် ဓားအလင်းတန်းကြီးမှာ ဝုန်းခနဲ ပေါက်ကွဲကာ ကြေမွသွား၏။ မိုးကြိုးဓားဓာတ်မှာမူ မည်သို့မျှ မထိခိုက်ဘဲ ရွှေချပ်ဝတ်ဖုတ်ကောင်ရှိရာသို့ ဆက်လက် ကျဆင်းသွားတော့သည်။

“ဝူး... ၊ ”

၎င်းကို မြင်သောအခါ ရွှေချပ်ဝတ်ဖုတ်ကောင်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ၊ သူ၏ လက်ထဲရှိ ‘ကောင်းကင်အဆင့်’ ယင်လက်နက် ကို မြှောက်ကာ အသည်းအသန် ခုခံလိုက်၏။

“ဝုန်း... ဝုန်း... ဝုန်း”

တစ်ခဏချင်းအတွင်းမှာပင် နောက်ထပ် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြန်တော့သည်။

“ဖောက်... “

နောက်တစ်ခဏ၌ ထို ‘ကောင်းကင်အဆင့်’ ယင်လက်နက်မှာ ဝုန်းခနဲ ပေါက်ကွဲကာ တစ်စစီ ပျက်စီးသွားရတော့၏။

“ဝူး...‌…”

ဤအချိန်၌ ရွှေချပ်ဝတ်ဖုတ်ကောင်မှာ စိတ်ပျက်အားငယ်စွာဖြင့် ဟိန်းဟောက်လိုက်၏။ သို့သော်လည်း နောက်တစ်ခဏ၌ မိုးကြိုးဓားဓာတ်မှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ၊ ကောင်းကင်အနှံ့ မိုးကြိုးအလင်းတန်းများအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုမိုးကြိုးအလင်းတန်းများသည် လက်မောင်းခန့် တုတ်ခိုင်သော မိုးကြိုးတိုင်ကြီးများအဖြစ် ပြောင်းလဲသွားပြီး မြေပြင်သို့ တစ်ဟုန်ထိုး ထိုးစိုက်ကျလာ၏။

“ဖတ်... ဖတ်... ဖတ်”

မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကြိုးတိုင်အားလုံးသည် ‘မိုးကြိုးအကျဉ်းထောင်’ တစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး ၊ ရွှေချပ်ဝတ်ဖုတ်ကောင်ကို အတွင်း၌ ပိတ်လှောင်လိုက်တော့သည်။

“ဝူး... ”

မိမိကိုယ်ကို အကျဉ်းချခံထားရသည်ကို သိလိုက်ရသောအခါ ၊ ရွှေချပ်ဝတ်ဖုတ်ကောင်မှာ ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်သွားတော့သည်။ လက်နက်မှာလည်း ကြေမွသွားပြီ ဖြစ်ရာ ၊ သူသည် သူ၏ လက်သီးများဖြင့် ပတ်ဝန်းကျင်ရှိ မိုးကြိုးတိုင်များကို ရူးသွပ်စွာ ထိုးနှက်လိုက်၏။

“ဝုန်း... ဝုန်း... ဝုန်း”

တစ်လောကလုံး တုန်ဟည်းသွားလောက်သော ပေါက်ကွဲသံများမှာ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။ ထိုအသံလှိုင်းများကြောင့်ပင် ပတ်ဝန်းကျင်ရှိ မြေပြင်များမှာ အလွှာလိုက် ပြိုကျနေ၏။

ကီလိုမီတာ တစ်ဝိုက်အတွင်းရှိ သစ်ပင်အားလုံးမှာလည်း အသံလှိုင်းများ၏ တုန်ခါမှုကြောင့် အစအနပင် မကျန်အောင် ကြေမွကုန်ကြရသည်။ ကံဆိုးလှသည်မှာ ထိုဖုတ်ကောင် မည်မျှပင် ဒေါသထွက်နေပါစေ ၊ ဤမိုးကြိုးအကျဉ်းထောင်ကိုမူ သူ မည်သို့မျှ မတတ်နိုင်ပေ။

“ကြည့်ရတာ စတုတ္ထအဆင့် ဖုတ်ကောင်ဘုရင်ကို နှိမ်နင်းဖို့ဆိုရင် ၊ ‘စတုတ္ထအဆင့် မိုးကြိုးဝိညာဉ်ခန္ဓာ’ နဲ့ ‘မိုးကြိုးစွမ်းအား’ ပေါင်းစပ်လိုက်ရင် လုံလောက်နေပြီပဲ ”

မိမိရှေ့ရှိ ဖုတ်ကောင်ဘုရင်ကို ကြည့်ရင်း လင်းရန်ယန်က သူ၏ တွက်ချက်မှုကို ပြောဆိုလိုက်၏။

“ဝူး... (လူသား... မင်းက တကယ်ပဲ ဘယ်သူလဲ ) ”

လင်းရန်ယန်၏ စကားကို ကြားသောအခါ ၊ ရွှေချပ်ဝတ်ဖုတ်ကောင်က ဒေါသတကြီးဖြင့် မယုံနိုင်စွာဖြင့် မေးမြန်းလိုက်သည်။

“ဟင်... မင်းက ဖုတ်ကောင်ဘာသာစကားကိုတောင် ပြောတတ်တာလား ၊ ကြည့်ရတာ မင်း အသက်ရှင်စဉ်ကတည်းက မင်း ဖုတ်ကောင်ဖြစ်လာမယ်ဆိုတာကို သိနေခဲ့ပုံပေါ်တယ် ”

တစ်ဖက်လူ စကားပြောနိုင်သည်ကို ကြားသောအခါ လင်းရန်ယန်မှာ အနည်းငယ် အံ့ဩသွား၏။ ဖုတ်ကောင်ဘာသာစကားမှာ လူသားဘာသာစကားများကဲ့သို့ပင် သင်ယူရခြင်း ဖြစ်သည်။ ဖုတ်ကောင်များမှာ မွေးကတည်းက ၎င်းကို သိနေကြခြင်း မဟုတ်ပေ။

အခေါင်းထဲမှ ထွက်လာပြီးချင်းမှာပင် ဖုတ်ကောင်ဘာသာစကားကို ပြောနိုင်သည်ဆိုပါက ၊ ၎င်းမှာ အသက်ရှင်စဉ်ကတည်းက သင်ယူထားခဲ့ခြင်းသာ ဖြစ်ရမည်။ ဖုတ်ကောင်ဘာသာစကားကို သင်ယူသူများမှာ တာအိုကျင့်ကြံသူများ သို့မဟုတ် မိစ္ဆာကျင့်ကြံသူများသာ ဖြစ်သည်။

သို့မဟုတ်ပါကလည်း မိမိကိုယ်ကို ဖုတ်ကောင်ဖြစ်လာတော့မည်ကို သိရှိသဖြင့် ကြိုတင်သင်ယူထားခြင်းလည်း ဖြစ်နိုင်၏။ သိသာလှသည်မှာ သူတို့ရှေ့ရှိ ဖုတ်ကောင်မှာ နောက်ဆုံးအချက် ဖြစ်နိုင်သည်။

အမှန်စင်စစ် လင်းရန်ယန်၏ စကားကို ကြားသောအခါ ၊ ရွှေချပ်ဝတ်ဖုတ်ကောင်၏ ရွှေရောင်မျက်နှာဖုံးအောက်ရှိ စိမ်းဖန့်ဖန့် မျက်လုံးသူငယ်အိမ်များမှာ သိသိသာသာ ကျုံ့ဝင်သွားရ၏။

“ဝူး... (မော်ရှန်းမှာ မင်းလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ အစွမ်းထက်တဲ့ တာအိုဆရာမျိုး ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ မင်း တကယ်ပဲ ဘယ်သူလဲ ) ”

ရွှေချပ်ဝတ်ဖုတ်ကောင်က ပြတ်သားစွာ မေးမြန်းလိုက်တော့သည်။

“ကျွန်တော်လား ၊ ကျွန်တော်က မော်ရှန်းတပည့် တစ်ယောက်ပါပဲ ၊ ဒါက မဖြစ်နိုင်စရာ ဘာရှိလို့လဲ ၊ ဒါထက် ကျွန်တော် ပိုပြီး သိချင်တာက ၊ မင်းကို ဘယ်သူက ဖုတ်ကောင်အဖြစ် လုပ်ပေးခဲ့တာလဲ ဆိုတာပဲ ၊ မင်းကို နှိမ်နင်းထားတဲ့ ဂူသင်္ချိုင်းထဲက စွမ်းအားတွေက ‘မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်း’ ရဲ့ စွမ်းအားတွေနဲ့ နည်းနည်း ဆင်တူနေသလိုပဲ ၊ မင်းကို မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းက လူတစ်ယောက်က လုပ်ခဲ့တာလား ၊ ဒါပေမဲ့ အဲဒါကလည်း မဖြစ်နိုင်သေးဘူး ၊ မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းက ပေါ်လာတာ နှစ်ပေါင်း လေးရာကျော်ပဲ ရှိသေးတာ ၊ မင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာကတည်းက သေဆုံးခဲ့တာ မဟုတ်လား ”

လင်းရန်ယန်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားခန်း ဝင်နေမိတော့သည်။

All Chapters