မြစိမ်းကြည်လင်ပန်းအိုး အကြီးစား
Vol. 1 Ch. 402
"ကောင်းကင်ဖျက်မီး...ဒီနာမည်က တကယ်ရှိန်လောက်တယ်။ မီးကိုထိန်းချုပ်ခြင်း လောက်ဆို ရပြီမဟုတ်ဘူးလား။ ဒါကို နားလည်ဖို့ မလွယ်တာက စိတ်မကောင်းစရာပဲ။ ငါဒါကို လေ့ကျင့်နေခဲ့တာ လဝက်ကျော်ရှိပြီ။ ဒါပေမယ့် ကနဦးအဆင့်ကို ရောက်ရုံပဲ ရှိသေးတယ်။ အားအနည်းဆုံး မီးတောက်လေး တစ်ခုကိုပဲ ငါဖန်တီးနိုင်သေးတယ်"
စကြဝဋ္ဌာနန်းတော်အတွင်းတွင် ကျန်းရီသည် မီးတောက်ကလေးတစ်ခုကို ဆွံ့အစွာ ကြည့်နေမိသည်။ မီးတောက်လေးသည် မီးခြစ်ဆံတစ်ခုထိပ်မှ မီးတောက်ကလေးသာသာ ရှိလေသည်။ သိုင်းသမားတစ်ဦးကို လောင်ကျွမ်းနိုင်ဖို့ အသာထား၍ သာမန်ပြည်သူတစ်ယောက်ကိုပင် ထိခိုက်အောင်လုပ်နိုင်မည် မဟုတ်ချေ။
လဝက်...
ကျန်းရီသည် လဝက်အတွင်း ကောင်းကင်ဖျက်မီး၏ ကနဦးအဆင့်ကိုသာ ရောက်ရှိခဲ့သည်။ သဘာဝလွန်အဆင့်သို့ ရောက်ရန် လပေါင်း၊ နှစ်ပေါင်း မည်မျှ သူအချိန်ယူရမည်နည်း။ သူသည် ကျင့်စဉ်အား အကြမ်းဖျင်းနားလည်ထားပြီး ဖြစ်သည်။ ကျင့်စဉ်၏ အဓိကအချက်မှာ ကောင်းကင်နှင့်မြေကြီးတွင်ရှိသော မီးဒြပ်စင်များကို စုပ်ယူရန် ဖြစ်သည်။ ထို့နောက်တွင် ထိုမီးဒြပ်စင်များကို မီးတောက်များ ထုတ်ဖော်ရာတွင် အသုံးပြုနိုင်သည်။ ကျင့်စဉ်ကို ပို၍နက်နက်နဲနဲ နားလည်ထားလျှင် ထုတ်ဖော်နိုင်သည့် မီးတောက်များမှာ ပိုမိုစွမ်းအားကြီး၍ ကြီးမားလေလေဖြစ်သည်။
ကျင့်စဉ်၏ သဘာဝလွန်အဆင့်ကို ရောက်သွားပါက ဗာဂျရာအဆင့်နှင့် ကောင်းကင်ဧကရာဇ်အဆင့်များကိုပင် လောင်ကျွမ်းစေနိုင်သည့် ယန်ကိုးပါးမီးတောက်များကိုပင် ထုတ်ဖော်နိုင်သည်ဟု ပြောကြသည်။ ၎င်းသည် စစ်သည်တစ်သန်းကိုပင် တစ်ချက်တည်းဖြင့် လောင်ကျွမ်းသွားစေနိုင်သည်ဟု ဆိုရလျှင်လည်း မမှားပေ။
သို့သော်လည်း ထိုကျင့်စဉ်မှာ စုန်းနတ်ဘုရားပင် သဘာဝလွန်အဆင့်သို့ရောက်အောင် မကျင့်ကြံနိုင်ခဲ့သည့် မှော်ပညာရပ်ဖြစ်လေသည်။ ကျန်းရီအချိန်အကြာကြီး ကျင့်ကြံခဲ့သော်လည်း ကနဦးအဆင့်သို့သာ ရောက်ခဲ့သည်ကို ကြည့်ချင်းအားဖြင့် ၎င်းမည်မျှခက်ခဲကြောင်း ပေါ်လွင်နေခဲ့သည်။
"အရင်ဆုံး ရှားပါးမီးလျှံတွေကို အရင်ရှာပြီး စုပ်ယူကြည့်တာက ကောင်းမယ်ထင်တယ်။ ငါ့ရဲ့မီးဝိဉာဉ်ပုလဲက မီးတောက်တွေကို သိမ်းထားနိုင်တာက အကျိုးရှိသားပဲ"
ကျန်းရီသည် စိတ်ထဲတွင် သေချာတွေးတောလိုက်သည်။ ဤမှော်ပညာရပ်အား အချိန်တိုအတွင်း သဘာဝလွန်အဆင့်သို့ရောက်ရန် လုံးဝမဖြစ်နိုင်ချေ။ သူနှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မည်။ သူ့တွင်အချိန်အများကြီးမရှိရာ ဤကဲ့သို့ အချိန်ဖြုန်းမနေနိုင်ပေ။ အရင်ဆုံး ရှားပါးမီးလျှံများ ရှာဖွေ၍ မှော်ကျင့်စဉ်အတိုင်း စုပ်ယူကြည့်ရမည်။
"ကမ္ဘာ့မီးလျှံ"
မီးဝိဉာဉ်ပုလဲထဲတွင် ကမ္ဘာ့မီးလျှံ အနည်းငယ် ကျန်နေသေးသည်။ ကျန်းရီသည် ထိုဟာနှင့် အရင်စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူအနည်းငယ် တွေဝေနေခဲ့သည်။ မီးလျှံများကို စုပ်ယူရာတွင် နည်းလမ်းအဆင့်ဆင့်ရှိသည်။ ပထမဆုံးအနေနှင့် အားပြင်းသည့်မီးလျှံများကို မစုပ်ယူခင်တွင် သာမန်မီးလျှံများကို စုပ်ယူရမည်။ ကမ္ဘာ့မီးလျှံများကို တိုက်ရိုက်စုပ်ယူလိုက်လျှင် သူချက်ချင်းသေသွားနိုင်လေသည်။
"ငါအလောင်းအစား လုပ်ကြည့်လိုက်မယ်။ မီးဝိဉာဉ်ပုလဲ...ငါမင်းကို အားကိုးလိုက်ပြီ"
တစ်ခဏတွန့်ဆုတ်နေသော်လည်း ကျန်းရီသည် မီးဝိဉာဉ်ပုလဲကို ရုတ်တရက်သတိရသွားကာ အံကြိတ်၍ ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် မီးဝိဉာဉ်ပုလဲအတွင်းမှ ကမ္ဘာ့မီးလျှံများကို ထုတ်ဖော်လိုက်သည်။ သူ့လက်မှ အဖြူရောင်အလင်းများ ဖြာထွက်လာခဲ့သည်။ ကမ္ဘာ့မီးလျှံတစ်စကို လက်ဝါးပေါ်တွင် ထိန်းထားလိုက်သည်။ မကြာခင်တွင် ထိုကမ္ဘာ့မီးလျှံတစ်စသည် အဖြူရောင်အလင်းများ လွှမ်းခြုံခံလိုက်ရပြီး သူ့ကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
"ဟားဟား...ငါအဆင်ပြေတယ်။ ဒီမီးဝိဉာဉ်ပုလဲက မီးတွေကိုစုပ်ယူဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ရတနာပဲ"
ကျန်းရီသည် မီးဝိဉာဉ်ပုလဲအတွင်းမှ စွမ်းအင်တစ်မျိုး သူ့ကိုယ်ထဲ ဝင်ရောက်လာသည်ကို ခံစားမိခဲ့သည်။ သူသည် စိတ်အေးသွားခဲ့ပြီး မီးလျှံများကို ကျင့်စဉ်၏ ညွှန်ကြားချက်အတိုင်း တစ်ဆင့်ချင်း ကျင့်ကြံလိုက်သည်။
ထူးဆန်းသည်မှာ ကမ္ဘာ့မီးလျှံများ သူ့ကိုယ်ထဲ ဝင်သွားသည်နှင့် ၎င်းသည် မီးတောက်ပုံစံ မဟုတ်တော့ဘဲ အနီရောင်မြွေလေးတစ်ကောင်ပမာ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ ၎င်း၏အရွယ်အစားမှာလည်း အဆပေါင်းများစွာ သေးငယ်သွားခဲ့သည်။ အနီရောင်အတွင်းအားလေး တစ်စအလား။
ကျန်းရီသည် ကမ္ဘာ့မီးလျှံများကို သူ့ဒန်တျန်းထဲ ဝင်ရောက်သွားစေရန် ထိန်းချုပ်လိုက်သည်။ မီးလျှံများကို ကျင့်ကြံရန်မှာ ၎င်းတို့သည် အရင်ဆုံး ဒန်တျန်းထဲသို့ ဝင်ရောက်ရမည်။ ၎င်းမှာ အတော်လေး ရှုပ်ထွေးလေသည်။ လုပ်ငန်းစဉ်မှာ ကမ္ဘာ့မီးလျှံများကို ဖိနှိပ်၍ မီးဒြပ်စင်ကို စုပ်ယူကာ ကမ္ဘာ့မီးလျှံကို ဆင့်ကဲပြောင်းလဲရမည်။
ထိုမှော်ကျင့်စဉ်ကို ကျန်းရီ၏ နားလည်မှုမှာ မလုံလောက်သေးပေ။ ထို့ကြောင့် ကမ္ဘာ့မီးလျှံများသည် ဒန်တျန်းထဲသို့ ရောက်သွားသည်နှင့် ချက်ချင်းပျောက်ကွယ်သွားတော့သည်။ ကျန်းရီသည် ကိုယ်တွင်းအမြင်အာရုံကို အသုံးပြု၍ ရှာဖွေကြည့်သော်လည်း ကမ္ဘာ့မီးလျှံများ ဘယ်ရောက်သွားမှန်း သူမတွေ့ရပေ။
"ချီးပဲ"
ကျန်းရီသည် သံသဝင်စွာ မျက်လုံးဖွင့်၍ နောက်ထပ်ကမ္ဘာ့မီးလျှံတစ်စကို ထပ်မံထုတ်ယူရန် ပြင်လိုက်သည်။ ထို့နောက် နန်းတော်အတွင်းမှ အစီအရင်များသည် လင်းလက်လာခဲ့ပြီး စုန်းနတ်ဘုရား၏ ပုံရိပ်ထွက်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူ၏ပုံရိပ်မှာ အလင်းပေါက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူသည် ကျန်းရီကိုကြည့် ခပ်ရေးရေးပြုံးပြ၍ ပြောလာခဲ့သည်။
"ကောင်လေး...ဒီအဘိုးကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအင် လုံးဝကုန်ဆုံးသွားတော့မယ်။ မှော်ပညာရပ်မှာ မင်းရဲ့တိုးတက်မှုတွေကို ငါစစ်ဆေးပြီးသွားပြီ၊ အဲ့ဒါ ကောင်းတယ်လို့ ပြောလို့ရတဲ့ အနေအထားမှာရှိတယ်။ မင်းရဲ့တွေးခေါ်မှုနဲ့ စွမ်းဆောင်နိုင်မှုက ငါ့ထက်လုံးဝမနိမ့်ဘူး။ သေချာကျင့်ကြံ၊ ကောင်းကင်ကျောက်တုံးတွေကို မသုံးနဲ့။ မဟုတ်ရင် မင်းရဲ့အနာဂတ်ကို မင်းကိုယ်တိုင် ဖျက်စီးမိလိမ့်မယ်။ မှတ်ထားပါ...ဖြစ်နိုင်ရင် ငါ့ရဲ့ယွင်မိသားစုကို အကောင်းဆုံးကြိုးစားပြီး ကာကွယ်ပါ"
"စုန်းနတ်ဘုရား..."
စုန်းနတ်ဘုရား၏ ဝိဉာဉ်အပိုင်းအစသည် အချိန်ကြာကြီး ဆက်လက်မတည်ရှိနိုင်မှန်း သူသိထားပြီးဖြစ်သော်လည်း ကျန်းရီသည် မဖော်ပြနိုင်သည့် ဝမ်းနည်းမှုတစ်မျိုးကို ခံစားနေရသည်။ စုန်းနတ်ဘုရားသည် သူ့အား မှော်ပညာများ လွှဲပြောင်းပေးခဲ့ရာ သူ့ဆရာဟု သတ်မှတ်နိုင်လေသည်။ စုန်းနတ်ဘုရားသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို မမျှော်ကိုးသည့် ကျင့်ကြံသူအစစ်လည်းဖြစ်သည်။ ယခုအချိန်ထိတိုင်အောင် သူကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ခဲ့ပြီး လူတိုင်း၏အထက်တွင် ရှိခဲ့ကြောင်း မသိကြသေးသည့် လူများစွာ ရှိလေသည်။
တစ်ခါက သူသည် ရှန်မိနိုင်ငံ၏ အိမ်ရှေ့စံဖြစ်ခဲ့ပြီး ထီးနန်းတက်ရမည့်သူ ဖြစ်ခဲ့သည်။ သူ့အစ်ကိုရင်းသည် သူ့ထီးနန်းကိုလု၍ သူ့အားလိုက်လံသတ်ဖြတ်ခဲ့သည်။ သူသည် အကြိမ်ကြိမ်သေလုမျောပါး ဖြစ်ခဲ့ရသည်။ သူသည် နှစ်သုံးဆယ်ကျော် တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး သူ့အစ်ကိုအား ရှန်မိနိုင်ငံ၏ ဗာဂျရာအဆင့် ကာကွယ်စောင့်ရှောက်သူနှင့် မြို့တွင်းရှိ ကျင့်ကြံသူများ အားလုံးရှေ့တွင် သတ်ဖြတ်၍ လက်စားပြန်ချေခဲ့သည်။ ထို့နောက်တွင် သူပြန်လည်ထွက်ခွာလာခဲ့သည်။
ယွင်ဂိုဏ်းသည် သူ့အား စွန့်ပစ်ခဲ့သော်လည်း သူသည် ယွင်ဂိုဏ်းအား စိတ်ပူနေဆဲဖြစ်သည်။ ထိုအချက်အား ယွင်လုတားမြစ်နယ်မြေထဲ ဝင်ရောက်လိုက်ချိန်တွင် ယွင်လုအား အပေါ်ဆုံးထပ်သို့ တိုက်ရိုက်တက်နိုင်စေရန် တံဆိပ်ပြား ချီးမြှင့်ခဲ့ခြင်းက သက်သေပြနေလေသည်။ ယခု သူသေဆုံးခါနီး အချိန်တွင်တောင် ယွင်ဂိုဏ်းကို စောင့်ရှောက်ပေးပါရန် ကျန်းရီအား သတိပေးနေပြန်သည်။
"ဝမ်းနည်းနေဖို့ မလိုပါဘူး။ အဆုံးမသတ်တဲ့ စားသောက်အခမ်းအနားဆိုတာ မရှိဘူး။ ငါက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်တည်းက သေသွားသင့်နေပြီ။ အခု ငါက ကံကြမ္မာကို ဆန့်ကျင်ပြီး အချိန်အကြာကြီး ထွက်မသွားနိုင်ဖြစ်နေခဲ့တယ်။ ငါ့ရဲ့ မှော်ပညာတွေကို ပိုပြီးမြင့်မားတဲ့နေရာကို ရောက်အောင် လုပ်ပေးနိုင်မယ့် ဆက်ခံသူတစ်ယောက်တွေ့ခဲ့လို့ ငါကျေနပ်ပါပြီ။ ကျင့်ကြံခြင်းလမ်းစဉ်က ခရီးအရှည်ကြီးပဲ၊ ကျန်းရီ...မင်း စိန်ခေါ်မှုတွေကို မကြောက်လန့်ဘဲ ရှေ့ဆက်ပြီး လျှောက်ရမယ်။ မင်း အမြင့်ဆုံးနေရာကို ရောက်တဲ့တစ်နေ့ရောက်ရင် ငါ့အတွက် အမွှေးတိုင်သုံးတိုင် ထွန်းပေးပါ။ မင်းက ငါမပြည့်ဝခဲ့တဲ့ ဆန္ဒတွေကို ဖြည့်စည်းပေးနိုင်လောက်တယ်"
စုန်းနတ်ဘုရား၏ အသံသည် တိုးသထက်တိုးသွားခဲ့ပြီး သူ့ပုံရိပ်မှာ စတင်ဝေဝါးလာခဲ့သည်။ သူ့စကားဆုံးသည်နှင့် သူ့ပုံရိပ်မှာ ကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားခဲ့သည်။ ကျန်းရီသည် မဖော်ပြနိုင်သည့် ဝမ်းနည်းမှုတစ်မျိုး ခံစားနေရပြီး နေရာတွင်ပင် ကြောင်တောင်တောင် ရပ်နေမိသည်။ နောက်ဆုံးတွင် သူသည် ဒူးထောက်ထိုင်ချလိုက်ပြီး စုန်းနတ်ဘုရား၏ ရုပ်ကြွင်းအား သုံးကြိမ်တိုင်တိုင် ဂါရဝပြုလိုက်သည်။
ဝေါင်း...ဝေါင်း...
စကြဝဠာ နန်းတော်၏ စတုတ္ထထပ်တွင် သားရဲကြီးတစ်ကောင်သည် ရေခဲပင်လယ်အောက်မှ ပျံထွက်လာကာ ဟိန်းဟောက်ရင်း ကောင်းကင်တွင် လှည့်ပတ်ပျံသန်းနေခဲ့သည်။ ၎င်း၏အသံတွင် ဝမ်းနည်းမှုများ ရောယှက်ပါဝင်နေခဲ့သည်။ ယာ့ဇီသားရဲသည် ၎င်း၏ဟိန်းဟောက်သံများကို အသုံးပြု၍ သူ့သခင်အား နှုတ်ဆက်ချင်နေပုံရလေသည်။
စကြဝဠာနန်းတော်ကြီးတစ်ခုလုံး၏ နံရံများ၊ ကြမ်းပြင်များသည် အလင်းရောင်များ တောက်ပလာခဲ့ပြီး နန်းတော်နှင့်သူ့အကြားမှ ဆက်သွယ်မှုတစ်ခုကို ခံစားမိလိုက်သည်။ သူတံဆိပ်ပြားကို စိတ်ဝိဉာဉ် အမှတ်အသား ပြုခဲ့စဉ်က နန်းတော်တစ်ခုလုံး၏ အစီအရင်များကို ထိန်းချုပ်နိုင်ခဲ့သည်။ စုန်းနတ်ဘုရား၏ ဝိဉာဉ် လုံးဝကွယ်ပျောက်သွားခဲ့ချိန်တွင် စကြဝဠာနန်းတော်သည် သူ့အား သခင်အဖြစ် အသိအမှတ်ပြုလာခဲ့ချေပြီ။
"အမ်...ဒီစကြဝဋ္ဌာနန်းတော်က တကယ်နန်းတော်အစစ်မဟုတ်ဘဲ ရတနာတစ်ခုပဲပေါ့"
ကျန်းရီသည် စကြဝဠာနန်းတော်နှင့် ဆက်သွယ်မှုတစ်ခု ရှိသွားပြီးနောက် သူ့စိတ်ထဲသို့ အချက်အလက်ပေါင်းများစွာ တိုးဝင်လာခဲ့သည်။
စကြဝဠာနန်းတော်သည် သူတော်စင်အဆင့် ရတနာတစ်ခုဖြစ်လေသည်။ တစ်နည်းအားဖြင့် နန်းတော်အား သူသွားလေရာ ယူသွားနိုင်ပြီး သူ့အလိုရှိသလို စိတ်ကြိုက်ချဲ့နိုင်၊ ကျုံ့နိုင်လေသည်။
"အိုး...ဟုတ်သားပဲ"
ကျန်းရီသည် ရုတ်တရက် အတွေးတစ်ခု တွေးမိသွားခဲ့သည်။ ဤနန်းတော်ထဲတွင် ယာ့ဇီသားရဲကိုတောင် သတ်ဖြတ်ပစ်နိုင်သည့် အစီအရင်များစွာရှိသည်။ ဤနန်းတော်ကို ရှားယွိမြို့ထဲတွင် သူထားလိုက်ပါက ရန်သူများ နန်းတော်အတွင်း ဝင်ရောက်လာလျှင် သူအလွယ်တကူ သတ်ဖြတ်ပစ်နိုင်လောက်သည်။
"မဟုတ်သေးဘူး"
ကျန်းရီသည် အလျင်အမြန် ခေါင်းယမ်းလိုက်သည်။ စကြဝဠာနန်းတော်သည် ရတနာတစ်ခုသာဖြစ်ကြောင်း အရူးတစ်ယောက်ကတောင် သိလောက်သည်။ ကျင့်ကြံသူများသည် အန္တရာယ်ရှိပါက မသိစိတ်မှအလိုလို ခံစားမိနိုင်ကြသည်။ ထောင်ချောက်ထဲသို့ လမ်းလျှောက်ဝင်လာရလောက်အောင် မည်သူက တုံးပါမည်နည်း။ သူရှားယွိမြို့ပြင်တွင် စုန်းနတ်ဘုရား၏ မြူခိုးအလွှာများကဲ့သို့ ပုံရိပ်ယောင်အစီအရင်တစ်ခု တည်နိုင်လျှင်တော့ ဖြစ်ကောင်းဖြစ်နိုင်သည်။
သူလုပ်နိုင်ပါမည်လော။
လက်ရှိအချိန်တွင် သူလုံးဝမလုပ်နိုင်ပေ။ အစီအရင်များကို နှစ်ပေါင်းများစွာ မလေ့လာဘဲ စုန်းနတ်ဘုရား၏ အစီအရင်ကဲ့သို့ အစီအရင်မျိုး သူတည်ဆောက်နိုင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤစကြဝဋ္ဌာနန်းတော်အား မြစိမ်းကြည်လင်ပန်းအိုး အကြီးစားအဖြစ်သာ အသုံးပြုနိုင်မည်ဖြစ်သည်။
"မြစိမ်းကြည်လင်ပန်းအိုး အကြီးစား...ဒါလည်းမဆိုးပါဘူး။ အနည်းဆုံးတော့ သေရေးရှင်ရေးအခြေအနေရောက်ရင် လူတွေအများကြီးခေါ်ပြီး ထွက်ပြေးနိုင်တာပဲ"
ကျန်းရီသည် ခေါင်းငြိမ့်လိုက်ပြီး အတွေးလွန်နေခြင်းကို ရပ်တန့်လိုက်သည်။ သူ့လက်ထဲမှ မီးဝိဉာဉ်ပုလဲသည် တောက်ပလာခဲ့သည်။ ကောင်းကင်ကျောက်တုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူ့မျက်လုံးများသည် ၎င်းအား အာရုံစိုက်၍ ကြည့်နေခဲ့သည်။
စုန်းနတ်ဘုရား၏ ဝိဉာဉ်အပိုင်းအစ ကွယ်ပျောက်သွားပြီဖြစ်ပြီး ကောင်းကင်ကျောက်တုံးများဖြင့် သူကျင့်ကြံတော့မည်ဖြစ်သည်။ စုန်းနတ်ဘုရား၏ နောက်ဆုံးအချိန်တွင် ကျန်းရီအား ကောင်းကင်ကျောက်တုံးများဖြင့် ကျင့်ကြံခြင်းဖြင့် သူ့အနာဂတ်ကို မဖျက်စီးရန် မှာကြားခဲ့သည်။ သို့သော်လည်း ကျန်းရီသည် သူ့စိတ်ကို ပြောင်းလဲမည်မဟုတ်ချေ။
သူ့အနာဂတ်သည် အရေးကြီးကောင်းကြီးသော်လည်း စုလောရွှယ်ကို သူပို၍ အလေးထားပေသည်။ သူမ ရှားနိုင်ငံကို မစွန့်ပစ်လျှင် ရှားနိုင်ငံအတွက် သူတိုက်ခိုက်ပေးမည်ဖြစ်သည်။
သုံးနှစ်ကာလ ပြည့်သွားသည်နှင့် နတ်ဆိုးဧကရီ ထွက်ခွာသွားတော့မည်ဖြစ်ပြီး ရွှေယို့လန်နှင့် အခြားသူများသည် သူ့အားမကူညီတော့ကြောင်း ကတိပေးထားခဲ့သည်။ အချိန်ကျလာလျှင် သူ့ကိုယ်သူသာ အားကိုးရတော့မည်ဖြစ်သည်။ သူသည် အသက်ရှင်ရန်အလို့ငှါ အချိန်တိုအတွင်း အင်အားတိုးတက်အောင် သူလုပ်နိုင်သမျှ လုပ်ရမည်ဖြစ်သည်။
*****