← Chapters

ဝါးမြိုခြင်း

Vol. 9 Ch. 81

ဝါးမြိုခြင်း

Vol. 9 Ch. 81

“ဝူး... “

နက်ရှိုင်းလှသော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာရာ ၊ ၎င်းကို ကြားလိုက်ရသည်နှင့် ဒုတိယခေါင်းဆောင် သည် ရုတ်တရက် မျက်လုံးများ ပွင့်လာတော့သည်။

သူ၏ ရှေ့မှောက်တွင် ဒဏ်ရာဗရပွနှင့် ပေါ်လာသော ပထမခေါင်းဆောင် ကြီးကို သူ မြင်တွေ့လိုက်ရ၏။

“ဝူး... (အစ်ကိုကြီး... အစ်ကိုကြီး အောင်မြင်ခဲ့တာလား ) ”

ဤမြင်ကွင်းကို ကြည့်ရင်း ဒုတိယခေါင်းဆောင်မှာ အံ့ဩဝမ်းသာမှုများဖြင့် ပြည့်နှက်သွားတော့သည်။ သူ သတိမေ့မသွားမီကပင် ‘ရွှေချပ်ဝတ်ဖုတ်ကောင်ဘုရင်’ ကြီး အလောင်းပြင်ခန်းအတွင်းသို့ ပြေးဝင်သွားသည်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။ ထိုဖုတ်ကောင်ကြီးထံမှ ထွက်ပေါ်လာသော အရှိန်အဝါ တုန်ခါမှုလှိုင်းတစ်ခုတည်းနှင့်တင် သူ့အား သတိမေ့သွားစေရန် လုံလောက်ခဲ့သည်။

“ဝူး... (ငါ အောင်မြင်ခဲ့ပါတယ် ၊ ဒါပေမဲ့ စိတ်မကောင်းစရာက ညီမလေး သေသွားပြီ ၊ ငါလည်း အဲဒီဖုတ်ကောင်ဘုရင်ကို အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး ၊ အရင်ဆုံး ဂိုဏ်းကို ပြန်ကြစို့ ၊ ဒီအညှိုးအတေးကို ငါတို့ သေချာပေါက် ပြန်ချေရမယ် ) ”

ပထမခေါင်းဆောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ ထိုစကားကို ကြားသောအခါ ဒုတိယခေါင်းဆောင်သည် မြေပြင်ကို ဒေါသတကြီး လက်သီးဖြင့် ထိုးလိုက်တော့၏။ အကယ်၍သာ သူတို့ ဤမျှအထိ အားမနည်းခဲ့ပါက ၊ ညီမငယ်မှာ သေဆုံးသွားရမည် မဟုတ်ပေ။

“ဝူး... (ကျွန်တော် အစ်ကိုကြီး စကားကို နားထောင်ပါ့မယ် ၊ သွားကြစို့ ၊ ဂိုဏ်းကို ရောက်တာနဲ့ ဆရာကြီးကို ကျွန်တော်တို့အတွက် ကူညီပြီး ကလဲ့စားချေခိုင်းရမယ် ) ”

ဒုတိယခေါင်းဆောင်က တိုးညှင်းစွာ ဟိန်းဟောက်လိုက်၏။

ယင်းနောက်တွင် ခေါင်းဆောင်နှစ်ဦးမှာ ခေတ္တမျှ အနားယူပြီးနောက် ၊ ဒဏ်ရာများ ပြန်လည်သက်သာစေရန် အနီးနားရှိ ရွာတစ်ရွာကို သတ်ဖြတ်လုယက်ကာ အဝေးသို့ ထွက်ပြေးခဲ့ကြတော့သည်။ သူတို့ ဦးတည်သွားသော ဘက်မှာ မြောက်ဘက် အရပ်ပင် ဖြစ်၏။

သုံးရက်နှင့် သုံးညတိုင်တိုင် ခရီးနှင်ပြီးနောက် ၊ သူတို့နှစ်ဦးမှာ ရည်မှန်းထားသော နေရာသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။ ဤနေရာသည် အဆုံးမဲ့ ကျယ်ပြောလှသော လွင်ပြင်ကြီး တစ်ခု ဖြစ်၏။

လမ်းကြောင်းကို ကျွမ်းကျင်စွာ သိရှိထားသည့်အတိုင်း ၊ သူတို့နှစ်ဦးမှာ ကြီးမားလှသော ကျောက်ဆောင်စုကြီး တစ်ခုသို့ ရောက်ရှိလာပြီး ကျောက်တုံးကြီး တစ်ခုကို မလိုက်တော့သည်။ ကျောက်တုံးအောက်တွင်မူ မြေအောက်လှိုဏ်ခေါင်းတစ်ခု ချက်ချင်း ပေါ်ထွက်လာ၏။

သူတို့သည် ထိုလှိုဏ်ခေါင်းအတိုင်း မီတာ ဆယ်ချီခန့် လျှောက်လှမ်းသွားရာ ၊ ဂူတစ်ခုအတွင်းသို့ ရောက်ရှိသွားတော့သည်။ အမှန်စင်စစ် ဤဂူမှာ သူတို့၏ နောက်ဆုံးပန်းတိုင် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤဂူအတွင်း၌ ‘နယ်မြေကျော်လွှားခြင်း အစီရင်’ တစ်ခုသာ ရှိသောကြောင့် ဖြစ်၏။

ဦးဆောင်လာသူ ပထမခေါင်းဆောင်မှာ သူ၏ ‘သိုလှောင်လက်စွပ်’ အတွင်းမှ အစီရင်အခြေခံတစ်ခုကို ထုတ်ယူကာ ၊ ၎င်းကို နယ်မြေကျော်လွှားခြင်း အစီရင်၏ အလယ်ဗဟို၌ ထားရှိလိုက်တော့သည်။

“ဝူး... “

အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားသည်နှင့်အမျှ ၊ သူတို့နှစ်ဦးမှာ နေရာမှာတင် ချက်ချင်း ပျောက်ကွယ်သွားတော့၏။

“ဝူး... “

မကြာမီမှာပင် ဒုတိယခေါင်းဆောင်၏ အမြင်အာရုံများမှာ ဝေဝါးသွားရတော့သည်။ ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံးတွင် ခံရခက်လှသော နာကျင်မှုများ ပြန့်နှံ့သွားတော့၏။

သူသည် လုံးဝကို ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ၊ ဂိုဏ်းကို မမြင်ရဘဲ အဆုံးမဲ့ ကျယ်ပြောလှသော ကောင်းကင်ကြီးကိုသာ မြင်တွေ့လိုက်ရတော့၏။ သူ၏ ရှေ့မှောက်တွင် ရှိနေသူမှာမူ သူ၏ ညီမငယ်ကို သတ်ဖြတ်ခဲ့သော လင်းရန်ယန် ပင် ဖြစ်နေတော့သည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာလည်း လွန်ခဲ့သော သုံးရက်က အလောင်းပြင်ခန်းမှ ထွက်ပြေးလာခဲ့စဉ် ရရှိခဲ့သော ဒဏ်ရာများအတိုင်းပင် ဖြစ်သည်။

“ဝူး... (မဖြစ်နိုင်ဘူး ၊ မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ ၊ ငါ့အစ်ကိုကြီးကော ဘယ်မှာလဲ ) ”

ဒုတိယခေါင်းဆောင်မှာ ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။

“မင်းရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ခန့်မှန်းနိုင်ရမှာ မဟုတ်လား ၊ မင်းကို ကျေးဇူးတင်ရမှာပဲ ၊ မင်းကြောင့်သာ မဟုတ်ရင် ‘မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်း’ ရဲ့ တည်နေရာကို ရှာတွေ့ဖို့ တော်တော် ခက်ဦးမှာ ၊ အဲဒီနေရာက တကယ်ကို လျှို့ဝှက်လွန်းတာပဲ ”

လင်းရန်ယန်က စိတ်လှုပ်ရှားစွာဖြင့် အသာအယာ ပြုံးလျက် ပြောလိုက်၏။

အဆုံးမဲ့ လွင်ပြင်ကြီးထဲမှ ကျောက်တုံးစုကြီးကို ရှာဖွေရန် ၊ ယင်းနောက် ထိုကျောက်တုံးများကြားမှ လမ်းကြောင်းကို ရှာဖွေရန် ၊ ထိုလမ်းကြောင်းမှာလည်း နယ်မြေကျော်လွှားခြင်း အစီရင်တစ်ခုသာ ရှိသည့်နေရာ ဖြစ်နေရန်... အမှန်စင်စစ် မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်း တည်ရှိရာကို ဒုတိယခေါင်းဆောင် ကိုယ်တိုင်ပင် မသိရှိချေ။

မိစ္ဆာဂိုဏ်းများကို အမြစ်ပြတ်သုတ်သင်ရန် အဘယ်ကြောင့် ဤမျှအထိ ခက်ခဲနေရသည်ကို အံ့ဩစရာတော့ မရှိပေ။

“ဝူး... (တောက်... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ ၊ ငါ့မှာ ဝိညာဉ်ရှာဖွေခြင်းကို တားဆီးတဲ့ မန္တန်တွေ ရှိတယ် ၊ အကယ်၍ မင်းရဲ့ စိတ်အာရုံလှည့်စားမှုက ငါ့ရဲ့ မှတ်ဉာဏ်တွေကိုသာ ထိမိမယ်ဆိုရင် ၊ ငါ့ရဲ့ ဝိညာဉ်က ချက်ချင်း ပျက်စီးသွားမှာရမှာကို ၊ ငါ အခုထိ ဘာလို့ အသက်ရှင်နေသေးရတာလဲ ) ”

ဒုတိယခေါင်းဆောင်မှာ လင်းရန်ယန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ လင်းရန်ယန် ပေါ်လာကတည်းက သူ၏ အစ်ကိုကြီးနှင့် အစွမ်းထက်လှသော ရွှေချပ်ဝတ်ဖုတ်ကောင်တို့မှာ သေဆုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။ ထို့ကြောင့် သူ သိချင်နေသည်မှာ လင်းရန်ယန်သည် သူ၏ မှတ်ဉာဏ်များကို မည်ကဲ့သို့ ကျော်ဖြတ်နိုင်ခဲ့သနည်း ဆိုသည့် အချက်ပင် ဖြစ်သည်။

“သာမန် စိတ်အာရုံလှည့်စားမှုတွေကတော့ သေချာပေါက် အလုပ်ဖြစ်မှာ မဟုတ်ဘူးပေါ့ ၊ ဒါပေမဲ့ ‘ကောင်းကင်အဆင့်’ အထွတ်အထိပ်ရှိတဲ့ စိတ်အာရုံလှည့်စားခြင်း အစီရင်ဆိုရင်ကော ၊ အဲဒါက မင်းရဲ့ မှတ်ဉာဏ်တွေကို ထိစရာတောင် မလိုဘူး ၊ မင်းကို တစ်ခုလောက် အစပြုပေးလိုက်ရုံပဲ ၊ ဥပမာ... မင်းရဲ့ အစ်ကိုကြီးကို မင်းရှေ့မှာ ဖန်တီးပေးလိုက်ရုံနဲ့ ၊ မင်းကိုယ်တိုင်ကပဲ ဇာတ်လမ်းတစ်ခုလုံးကို အလိုလိုတည်ဆောက်သွားမှာလေ ”

လင်းရန်ယန်က အသာအယာ ပြုံးလျက် အစီရင်၏ လုပ်ဆောင်မှုပုံစံကို ရှင်းပြလိုက်၏။ ဤကဲ့သို့သော အစီရင်မျိုးမှာ စိတ်အာရုံလှည့်စားမှုအတွင်း ရောက်နေသည်ကို သိရှိရန် အခက်ခဲဆုံး အစီရင်မျိုး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အရာအားလုံးမှာ မိမိကိုယ်တိုင် စိတ်ကူးထားခြင်း ဖြစ်သောကြောင့် ၊ လူသားတို့မှာ မိမိကိုယ်မိမိ အယုံကြည်ဆုံး ဖြစ်တတ်သောကြောင့် ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင် ခန့်မှန်းချက်သာ ဖြစ်ပါက ၊ မည်မျှပင် ထူးဆန်းနေပါစေ အကြွင်းမဲ့ ယုံကြည်တတ်ကြ၏။ ထို့ကြောင့် သူ၏ မှတ်ဉာဏ်များကို ထိတွေ့ရန်ပင် မလိုအပ်ခဲ့ချေ။

“ကောင်းကင်အဆင့် အထွတ်အထိပ် စိတ်အာရုံလှည့်စားခြင်း အစီရင် ဟုတ်လား ၊ ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

ဒုတိယခေါင်းဆောင်မှာ မှင်သက်သွားရ၏။ လင်းရန်ယန်က ဤမျှအထိ ရက်စက်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သူကဲ့သို့ သာမန် ဇာတ်ပို့တစ်ဦးကို ကိုင်တွယ်ရန်အတွက် ကောင်းကင်အဆင့် အစီရင်တစ်ခုကို အသုံးပြုခဲ့ခြင်းမှာ တကယ့်ကို အံ့ဩစရာပင် ။ ၎င်းမှာ ခြင်တစ်ကောင်ကို ရိုက်ရန် ဗုံးကို သုံးလိုက်သကဲ့သို့ ဖြစ်နေသည်။

“ကဲ... အခုတော့ မင်းလည်း အကြောင်းရင်းကို သိသွားပြီဆိုတော့ ၊ မင်းရဲ့ အစ်ကိုကြီးနဲ့ ညီမလေးဆီကို စိတ်အေးလက်အေး သွားတွေ့လို့ ရပြီပေါ့ ၊ မဟုတ်ဘူးလား”

လင်းရန်ယန်က အသာအယာ ပြုံးလိုက်ပြီး ၊ သူ၏ လက်ယာဘက်လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်၏။

“ဝူး... (မင်း မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းကို ဘာလုပ်ဖို့ စိတ်ကူးထားလဲဆိုတာ ငါ သိချင်တယ် ) ” ဒုတိယခေါင်းဆောင်က မေးမြန်းလိုက်၏။

“သေချာပေါက် ဖျက်ဆီးပစ်ရမှာပေါ့ ၊ ဒီလို ဂိုဏ်းမျိုးကို ဆက်ထားနေလို့လည်း အပိုပဲ”

လင်းရန်ယန်က အေးဆေးစွာပင် ပြောလိုက်တော့သည်။

“ဖျက်ဆီးမယ် ဟုတ်လား ၊ ဟားဟား... ဖျက်ဆီးပစ်တာ ကောင်းတာပေါ့ ”

ဤစကားကို ကြားသောအခါ ဒုတိယခေါင်းဆောင်မှာ ရူးသွပ်သလို ရယ်မောလိုက်တော့သည်။

“ဝုန်း”

နောက်တစ်ခဏ၌ သူ တစ်စုံတစ်ခု ထပ်မံ မပြောနိုင်မီမှာပင် ၊ မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့၏။

“ဝူး... “

ထိုအချိန်မှာပင် ‘သွေးဝိညာဉ်ကျိန်စာ’ တစ်ခုသည် လင်းရန်ယန်၏ မျက်ခုံးနှစ်ခုကြား သို့ စီးဝင်သွားတော့သည်။ လင်းရန်ယန်ကမူ ထိုကျိန်စာ၏ စွမ်းအားကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းတစ်ခုလုံးမှာ မကြာမီ သူ၏ ဖျက်ဆီးခြင်းကို ခံရတော့မည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

[ဒင်... သင်သည် သွေးဝိညာဉ်ကျိန်စာ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပါပြီ။

မစ်ရှင်အသစ် - မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်း၏ လိုက်လံဖမ်းဆီးမှုမှ ရှောင်တိမ်းရန်။ မစ်ရှင်အောင်မြင်ပါက ‘အလိုအလျောက် ကျင့်ကြံရေး ဆုလာဘ်’ ၂၀ ရရှိမည်။]

ဤအချိန်တွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း မစ်ရှင်အသစ်တစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

[ဒင်.. ဂုဏ်ယူပါသည် အရှင် ၊ မိစ္ဆာကျင့်ကြံသူ သုံးဦးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ဆက်တိုက်မစ်ရှင် - ‘မိစ္ဆာကျင့်ကြံသူများကို သုတ်သင်ခြင်း’ အောင်မြင်သည်။ ‘အလိုအလျောက် ကျင့်ကြံရေး ဆုလာဘ်’ အဖြစ် - နှင်းခဲဝိညာဉ်ခန္ဓာ ၄ ခု ၊ ဝိညာဉ်စွမ်းအားရေကန် ၃ ခု ရရှိပါသည်။]

[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ ‘သွေးနတ်ဘုရားဂိုဏ်း’ မှ မိစ္ဆာကျင့်ကြံသူ တစ်ဦးဖြစ်သော ရွှေချပ်ဝတ်ဖုတ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ဆက်တိုက်မစ်ရှင် - ‘မိစ္ဆာကျင့်ကြံသူများကို သုတ်သင်ခြင်း’ အောင်မြင်ပါသည်။ ‘အလိုအလျောက် ကျင့်ကြံရေးဆုလာဘ်’ အဖြစ် - နှင်းခဲဝိညာဉ်ခန္ဓာ ၄ ခု ၊ အလိုအလျောက် ကျင့်ကြံခြင်း ၂ ခု ၊ အလိုအလျောက် ကိုယ်ခံပညာ လေ့ကျင့်ခြင်း ၂ ခု ၊ အလိုအလျောက် ငွေရှာခြင်း ၇ ခု ၊ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်သူ ၂ ခု ၊ ခန္ဓာကိုယ် ကြံ့ခိုင်မှု ၃ ခု ရရှိပါသည်။]

ထိုအချိန်မှာပင် လင်းရန်ယန်၏ စိတ်ထဲ၌ စနစ်၏ အသိပေးသံ နှစ်ခု ဆက်တိုက် ထွက်ပေါ်လာတော့သည်။

“ငါတောင် မေ့နေတာ ၊ မိစ္ဆာဂိုဏ်းက ကျင့်ကြံသူတွေကို သတ်ရင် ဆုလာဘ်တွေ ရတာပဲ ”

လင်းရန်ယန် ထိုအချိန်မှသာ ရုတ်တရက် သတိရသွား၏။

လင်းရန်ယန်ကို အံ့ဩသွားစေသည့် အချက်မှာ ရွှေချပ်ဝတ်ဖုတ်ကောင်သည်လည်း သွေးနတ်ဘုရားဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူ တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရခြင်းပင် ဖြစ်သည်။ အကယ်၍ ထိုသို့ မသတ်မှတ်ခဲ့ပါက ထို အလိုအလျောက် ကျင့်ကြံရေး ဆုလာဘ် အခု ၂၀ ကို ဆုံးရှုံးသွားလိမ့်မည်။

“ဒါပေမဲ့ ပြောရရင်တော့ ၊ ဒီရွှေချပ်ဝတ်ဖုတ်ကောင်ကသာ မစ်ရှင်တစ်ခုရဲ့ ‘အဓိကရန်သူ’ အဖြစ် ပါဝင်ခဲ့မယ်ဆိုရင် ၊ အနည်းဆုံး ဆုလာဘ် လေးဆယ် ဒါမှမဟုတ် ငါးဆယ်လောက် ရမှာ ၊ ဒါက ဆက်တိုက်မစ်ရှင် တစ်ခုမျှသာ ဖြစ်နေလို့ ဆုလာဘ်က တစ်ဝက်လောက်ပဲ ရတာ ”

လင်းရန်ယန်က နှမြောတသစွာ သက်ပြင်းချလိုက်မိ၏။ ကံကောင်းသည်မှာ ဤဆုလာဘ်မှာ အပိုရရှိခြင်းသာ ဖြစ်သည်။ အမှန်စင်စစ် မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပြီးပါက သူသည် နောက်ထပ် ဆုလာဘ်တစ်ခုကို ထပ်မံ ရရှိဦးမည် ဖြစ်သည်။

“စနစ်... အလိုအလျောက် ကျင့်ကြံရေး အားလုံးကို ငါ့အတွက် တပ်ပေးလိုက်တော့ ”

လင်းရန်ယန်က တုံ့ဆိုင်းမနေဘဲ စနစ်ကို အမိန့်ပေးလိုက်၏။

[ဒင်... အမိန့်ကို လက်ခံရရှိပါသည်။]

“ဝုန်း”

နောက်တစ်ခဏ၌ များပြားလှသော နှင်းခဲစွမ်းအားများသည် လင်းရန်ယန်၏ ခန္ဓာကိုယ်တစ်ခုလုံးအတွင်းသို့ စီးဝင်သွားတော့သည်။ ယင်းနောက်တွင် ထိုနှင်းခဲစွမ်းအားများသည် သူ၏ ‘အသိစိတ်ပင်လယ်’ အတွင်းသို့ လျင်မြန်စွာ စုစည်းသွား၏။

သူ၏ အသိစိတ်ပင်လယ်အတွင်း၌ နှင်းခဲဝိညာဉ်ခန္ဓာ၏ အလင်းလုံးကြီးမှာ လျင်မြန်စွာ ကျယ်ပြန့်လာသည်ကို လင်းရန်ယန် အထင်အရှား ခံစားလိုက်ရသည်။

[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ သင်၏ နှင်းခဲဝိညာဉ်ခန္ဓာသည် အဆင့် ၄ သို့ မြင့်တက်သွားပါပြီ ၊ နှင်းခဲစွမ်းအားအားလုံး ၃၂၀၀ ရာခိုင်နှုန်း တိုးတက်သွားပါပြီ။]

All Chapters