← Chapters

အရှိန်အဟုန် ပြင်းထန်လာခြင်း

Vol. 9 Ch. 87

အရှိန်အဟုန် ပြင်းထန်လာခြင်း

Vol. 9 Ch. 87

၎င်းသည် သဘာဝအလျောက် ပေါက်ဖွားလာသည့်အလား တစ်သားတည်း ကျလှ၏။

နောက်ဆုံးတွင် လင်းရန်ယန် သည် အစီရင်၏ နောက်ဆုံးလက်ချက်ကို ထွင်းထုလိုက်သောအခါ ၊ ဓားထံမှ စူးရှသော အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ၊ နောက်ဆုံးတွင် လုံးဝနက်မှောင်သော ဓားရှည်တစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။ သို့သော်လည်း အနီးကပ် ကြည့်ရှုမည်ဆိုပါက ၊ ထိုဓားရှည်၏ အစီအရင်သင်္ကေတများအတွင်း စီးဆင်းနေသော စွမ်းအားမှာ အရောင်ရှစ်မျိုး ရှိနေသည်ကို သတိပြုမိလိမ့်မည်။

ဤလက်နက် ပေါ်ထွက်လာချိန်တွင် ကောင်းကင်နှင့် မြေကြီးအကြား မည်သည့် ပြောင်းလဲမှုမျှ မရှိခဲ့သလို ၊ ထူးခြားသော နိမိတ်များလည်း ပေါ်မလာခဲ့ချေ။ သို့သော်လည်း ဤအချက်ကပင် ဤလက်နက်၏ ထိတ်လန့်စရာ ကောင်းမှုကို ဖော်ပြနေသည်။ ၎င်း၏ အဆင့်မှာ မြင့်မားလွန်းသဖြင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကိုပင် လှုံ့ဆော်ခြင်း မရှိတော့ခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် ဆိုရသော် ကမ္ဘာမြေပေါ်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည်ပင် ဤလက်နက်ကို မည်သို့မျှ မစော်ကားရဲတော့ခြင်း ဖြစ်သည်။

အကယ်၍သာ လင်းရန်ယန်သည် ဤလက်နက်ကို ကမ္ဘာမြေ၏ အပြင်ဘက်သို့ ယူဆောင်သွားနိုင်မည်ဆိုပါက ၊ တစ်စုံတစ်ရာသော ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည်။

[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ ကောင်းကင်အဆင့် အထွတ်အထိပ် ဝိညာဉ်လက်နက်ဖြစ်သော ‘အနန္တပြောင်းလဲခြင်းဓား’ ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပါပြီ။]

လက်နက်၏ ပုံသဏ္ဌာန်မှာ လုံးဝဥဿုံ ပြီးပြည့်စုံသွားသည်နှင့် စနစ်၏ အသိပေးသံ ထွက်ပေါ်လာတော့သည်။ လင်းရန်ယန်သည် ဟင်းလင်းပြင်ထဲ၌ သူ၏ လက်ကို လှမ်း၍ ဆုပ်ကိုင်လိုက်၏။

“ဝူး... “

တစ်ခဏချင်းအတွင်းမှာပင် လုံးဝနက်မှောင်သော်လည်း အနက်ရောင်အတွင်း၌ ရောင်စုံအလင်းများ စီးဆင်းနေသည့် ဤဓားရှည်မှာ သူ၏လက်ထဲသို့ ပျံသန်းရောက်ရှိလာတော့သည်။ သူ၏ လက်ထဲရှိ ‘အနန္တပြောင်းလဲခြင်းဓား’ ကို ကြည့်ရင်း လင်းရန်ယန်က အသာအယာ တစ်ချက် ဝှေ့ယမ်းလိုက်၏။

“ချွင်... “

ဝိညာဉ်စွမ်းအား တစ်စုံတစ်ရာမျှ အသုံးမပြုဘဲ အသာအယာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ၊ မီတာရာနှင့်ချီ၍ ရှည်လျားသော ထိတ်လန့်စရာ ဓားဝိညာဉ်ဓာတ် တစ်ခုသည် ဟင်းလင်းပြင်ကို တိုက်ရိုက် ပိုင်းဖြတ်သွားတော့သည်။ ရောင်စုံရှစ်မျိုး ဖြာထွက်နေသော ထိုဓားဝိညာဉ်ဓာတ်မှာ ဒြပ်စင်စွမ်းအား ရှစ်မျိုးဖြင့် ပြည့်နှက်နေပြီး ၊ အလွန်အမင်း မြန်ဆန်သော အရှိန်ဖြင့် ဧရာမ မြေလုံးကြီးကို တိုက်ရိုက် ထိမှန်သွားတော့၏။

“ဝုန်း”

တစ်ခဏချင်းအတွင်းမှာပင် ကမ္ဘာပျက်မတတ် ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာတော့သည်။ အနန္တပြောင်းလဲခြင်းဓား၏ ဓားဝိညာဉ်ဓာတ်သည် ကမ္ဘာမြေကို ဖျက်ဆီးနိုင်သော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာပြီး ၊ ဧရာမ မြေလုံးကြီးကို ချက်ချင်း ဝါးမျိုသွားတော့၏။ ပေါက်ကွဲမှု၏ ဗဟိုချက်မှ ဧရာမ မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီးတစ်ခု မြင့်တက်လာသည်။

ထိုမီးခိုးတိမ်တိုက်အတွင်း၌ မိုးကြိုးလျှပ်စီးများ ၊ မီးတောက်များ ၊ ရေလှိုင်းများ ၊ နှင်းခဲများနှင့် အခြားသော ဒြပ်စင်အမျိုးမျိုးမှာ တဖျတ်ဖျတ် လက်နေတော့သည်။ ထိုဒြပ်စင်တစ်ခုချင်းစီမှာ အစွမ်းထက်လှသော ‘ကောင်းကင်အထက်တန်းစား အရှင်သခင်’ များကိုပင် တစ်ခဏချင်းအတွင်း သတ်ဖြတ်နိုင်စွမ်း ရှိ၏။

ဤဓားချက်ကို ကြည့်ရင်း လင်းရန်ယန်၏ မျက်ဝန်းများမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားတော့သည်။

“အမလေး... အမှတ်မထင် ဝှေ့ယမ်းလိုက်တာတောင် ငါ့ရဲ့ အရင်က အစွမ်းကုန် ထုတ်သုံးတဲ့ တိုက်ကွက်နဲ့ ညီမျှနေတယ် ၊ ဒီလက်နက်က တကယ်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်တာပဲ”

လင်းရန်ယန်မှာ မအောင့်နိုင်ဘဲ ရေရွတ်လိုက်၏။ အကယ်၍သာ သူ၏ စွမ်းအားအားလုံးကို ဤဓားအတွင်းသို့ ထည့်သွင်းလိုက်မည်ဆိုပါက ၊ ၎င်း၏ စွမ်းအားမှာ မည်မျှအထိ ကြီးမားမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလွန်းလှသည်။

“ဟုတ်သားပဲ ၊ ဒီလောက်ကြီးမားတဲ့ စွမ်းအားရှိနေမှတော့... အစွမ်းကုန် တိုက်ခိုက်လိုက်ရင် ဘယ်လောက်အထိ ပြင်းထန်မလဲဆိုတာ စမ်းသပ်ကြည့်ဖို့ လိုတာပဲ ”

ရုတ်တရက် လင်းရန်ယန်က သူ၏ မေးစေ့ကို ပွတ်ရင်း တွေးလိုက်၏။ ထို့နောက် သူသည် အရှေ့ဘက် အရပ်ဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်တော့သည်။

“ဟဲဟဲ... အချိန်ကို တွက်ကြည့်ရသလောက်ဆိုရင် ၊ အေးအေးဆေးဆေး နေနေရတဲ့ ‘တုန်းရင်’ တွေက ငါ့ရဲ့ ကောင်းကင်ဘုံအင်ပါယာကို ကျူးကျော်ဖို့ ပြင်နေကြပြီ မဟုတ်လား ”

လင်းရန်ယန်၏ မျက်ဝန်းများထဲတွင် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွား၏။ ထိုသို့ ဖြစ်နေမှတော့ ၊ သူတို့အတွက် ကြီးကျယ်ခမ်းနားသော လက်ဆောင်တစ်ခု ပေးသင့်သည်။ ဤသို့ တွေးမိသည်နှင့် လင်းရန်ယန်မှာ တုံ့ဆိုင်းမနေတော့ချေ။

“ဝုန်း”

ချက်ချင်းပင် ‘လေမိုးကြိုးခြေလှမ်း’ ကို အသက်သွင်းလိုက်တော့သည်။ ထိတ်လန့်စရာ မိုးကြိုးလျှပ်စီးများနှင့် ပြင်းထန်သော လေလှိုင်းများ ပေါက်ကွဲထွက်လာသည်နှင့်အတူ ၊ လင်းရန်ယန်၏ ပုံရိပ်မှာ ခရမ်းရောင် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၊ အရှေ့ဘက်အရပ်ဆီသို့ အလွန်အမင်း ထိတ်လန့်စရာကောင်းသော အရှိန်ဖြင့် ပျံသန်းသွား၏။

သို့သော်လည်း လင်းရန်ယန် ထွက်ခွာသွားပြီး မကြာမီမှာပင် ၊ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ထိုနေရာအနီးသို့ ရောက်ရှိလာကြတော့သည်။ ထိုကျင့်ကြံသူများမှာ ‘လူသားအရှင်သခင်’ နှင့် ‘မြေကမ္ဘာအရှင်သခင်’ အဆင့်မျှသာ ရှိကြသော အနီးအနား မြို့ရွာများမှ တာဝန်ကျ တာအိုကျင့်ကြံသူများ ဖြစ်ကြ၏။ ဤအရပ်မျက်နှာဆီမှ ထိတ်လန့်စရာကောင်းသော ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသဖြင့် ၊ အခြေအနေကို စစ်ဆေးရန် အလျင်အမြန် ပြေးလာကြခြင်း ဖြစ်သည်။

စိတ်မကောင်းစရာမှာ... မြင့်မားလှသော တောင်ကြီးသုံးလုံး ရှိခဲ့သည့် နေရာသို့ သူတို့ ရောက်ရှိလာချိန်တွင် ၊ လူတိုင်းမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ တောင်ကြီးများ ဘယ်ရောက်သွားသနည်း။ ကျန်ရစ်ခဲ့သည်မှာ ချော်ရည်ပင်လယ်ကြီး တစ်ခုသာ ဖြစ်ပြီး ၊ ပတ်ဝန်းကျင် ကီလိုမီတာ အတော်များများရှိ သစ်တောများမှာလည်း ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။

“ဒီနေရာမှာ တောင်သုံးလုံး ရှိခဲ့တာ ငါ မှတ်မိနေပါတယ် ၊ ဘယ်လိုဖြစ်ပြီး ဒီလောက်နက်တဲ့ တွင်းကြီး ဖြစ်သွားရတာလဲ ”

“ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းတဲ့ ပေါက်ကွဲမှုလဲ ၊ ဒါက တစ်စုံတစ်ရာသော လက်နက်များလား ၊ အနောက်တိုင်းမှာ တောင်တစ်လုံးကို ပြားသွားအောင် လုပ်နိုင်တဲ့ လက်နက်တွေ ရှိတယ်လို့ ကြားဖူးတယ် ”

“ဒါပေမဲ့ အဲဒီလို လက်နက်မျိုး ရှိရင်တောင် ၊ ဘာလို့ ဒီလို လူသူကင်းမဲ့တဲ့ နေရာမှာ လာချရမှာလဲ ”

ဤအခိုက်အတန့်၌ ကျင့်ကြံသူအားလုံးမှာ အလွန်အမင်း ထိတ်လန့်နေကြသည်။ သို့သော်လည်း လင်းရန်ယန်၏ ထိတ်လန့်စရာ ဓားချက်ကြောင့် အရာအားလုံးမှာ သုညအဖြစ် ပြောင်းလဲသွားခဲ့ရသဖြင့် ၊ ဤနေရာမှာ တစ်ချိန်က မိစ္ဆာဂိုဏ်းတစ်ခု၏ အခြေစိုက်စခန်း ဖြစ်ခဲ့သည်ကို မည်သူမျှ သတိမထားမိကြ‌ချေ။

မကြာမီမှာပင် ထိုသတင်းစကားများသည် ဂိုဏ်းကြီးများ၏ ဘိုးဘေးဆရာသခင်များမှ ဂိုဏ်းအသီးသီး၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။ ကမ္ဘာမြေပေါ်တွင် ဤကဲ့သို့ ယုံကြည်နိုင်ဖွယ်မရှိသော ဖြစ်ရပ်မျိုးမှာ အဖြစ်နည်းသော်လည်း ၊ လုံးဝ မကြားဖူးသည်တော့ မဟုတ်ပေ။ လူလွှတ်၍ စုံစမ်းစစ်ဆေးသော်လည်း ဘာမျှ ရှာမတွေ့သဖြင့် ၊ နောက်ဆုံးတွင် ၎င်းမှာ ထူးဆန်းသော အမှုတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့ပါတော့သည်။ အချို့ကလည်း ၎င်းမှာ ဂိုဏ်းတစ်ခုခုမှ ဘိုးဘေးကြီးတစ်ဦး ပျင်းနေသဖြင့် ဤနေရာသို့ လာရောက်၍ တာအိုအတတ်ပညာများကို လေ့ကျင့်သွားခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။

အရှေ့ဘက်အရပ်မှ နေမင်းမှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာချိန်၌......

ဖူဂျီတောင်ခြေရှိ ရေတွက်၍မရသော စစ်တပ်ကြီး၏ ပုံရိပ်များသည် နေရောင်အောက်တွင် ထင်ရှားလာတော့သည်။ ဧကရာဇ်မင်းသည် ဖူဂျီတောင်ခြေရှိ စင်မြင့်မြင့်တစ်ခုပေါ်တွင် ရပ်နေရင်း ၊ သူ၏ရှေ့မှောက်ရှိ အဆုံးမဲ့လှသော စစ်တပ်ကြီးကို ကြည့်ကာ ပါးစပ်မစိနိုင်အောင် ပြုံးနေတော့၏။ ဤသည်မှာ သူ၏ ‘မဟာနေမင်းအင်ပါယာ’ ၏ စစ်တပ်ကြီးပင် ဖြစ်သည်။ ယခုအခါ သူတို့ အင်ပါယာ၏ အရုဏ်ဦး အချိန်သို့ ရောက်ရှိလာပြီ။

တစ်ချိန်တည်းမှာပင် သတင်းထောက် အမြောက်အမြားမှာလည်း ဓာတ်ပုံများကို ရူးသွပ်ဖွယ်ရာ ရိုက်ကူးနေကြသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် သူ၏ မဟာနေမင်းအင်ပါယာသည် ကောင်းကင်ဘုံအင်ပါယာကို ချီတက်ကျူးကျော်တော့မည် ဖြစ်သောကြောင့် ဖြစ်သည်။ ယနေ့မှစ၍ မဟာနေမင်းအင်ပါယာ၏ ဂုဏ်သတင်းမှာ ပင်လယ်ရပ်ခြားအထိ ကျယ်ပြန့်သွားတော့မည်။

ဧကရာဇ်သည် စင်မြင့်ထက်တွင် ရပ်ရင်း ၊ မိုက်ခရိုဖုန်းကို ကိုင်ကာ စစ်မထွက်မီ မိန့်ခွန်းကို စတင်ပြောကြားလိုက်၏။ သူ၏ မိန့်ခွန်းအပြီးတွင် လူပေါင်းသိန်းချီသော စစ်သားများမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြပြီး ၊ တိုက်ခိုက်လိုစိတ်များ အပြည့်ဖြစ်နေကြပါပေသည်။ ဤအချိန်တွင် သူတို့၏ စိတ်နှလုံးအတွင်း၌ ‘မဟာအရှေ့အာရှ သာတူညီမျှ ချမ်းသာရေးနယ်ပယ်’ ဟူသော စိတ်ကူးယဉ် အိမ်မက်များကို စတင် ပုံဖော်နေကြသည်။ သူတို့ ‘တုန်းရင်’ လူမျိုးများမှာ ထိုနယ်ပယ်တစ်ခုလုံး၏ ‘အရှင်သခင်’ များ ဖြစ်လာကြလိမ့်မည်။

“အင်ပါယာကြီး အသက်ရာကျော် ရှည်ပါစေ... ၊ ဝမ်ဆွေ့... ”

နောက်ဆုံးတွင် ဧရာမ အော်ဟစ်သံကြီးနှင့်အတူ ဧကရာဇ်က အဆုံးသတ်လိုက်တော့သည်။ စစ်တပ်တစ်ခုလုံးမှာလည်း လုံးဝဥဿုံ ပွက်လောရိုက်သွားတော့သည်။

“အင်ပါယာကြီး အသက်ရာကျော် ရှည်ပါစေ... ၊ ဝမ်ဆွေ့... ”

“အင်ပါယာကြီး အသက်ရာကျော် ရှည်ပါစေ... ၊ ဝမ်ဆွေ့... ”

ရေတွက်၍မရသော စစ်သားများမှာ စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်လိုက်ကြ၏။ ထိုကျယ်လောင်လှသော ဟိန်းဟောက်သံကြီးကို တိုကျိုမြို့ တစ်မြို့လုံးမှ ကြားနိုင်သည်။

အမှန်စင်စစ်... ထိုအချိန်၌ ကောင်းကင်ယံတွင် ရောက်ရှိနေသော လင်းရန်ယန်သည်လည်း ထိုအသံကို ကြားနေရသည်။ သူသည် ဤနေရာသို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ၊ သူ ရောက်ရှိလာသည့်နေ့မှာ တုန်းရင်တို့ စစ်ချီသည့်နေ့နှင့် တိုက်ဆိုင်နေသည်ကို သိလိုက်ရသဖြင့် သူ အံ့အားသင့်သွားရသည်။ သို့သော်လည်း သူ ရောက်နေပြီဖြစ်ရာ ၊ လက်ဆောင်တစ်ခုမျှ မပေးဘဲ ထွက်သွားလျှင် ရိုင်းရာကျလိမ့်မည်။

“မော်ရှန်း ရဲ့ မှတ်တမ်းတွေအရဆိုရင် ၊ တုန်းရင်မှာ ‘ကြီးကျယ်သော နင်ဂျာရွာကြီး ငါးရွာ’ ရှိတယ်လို့ ဆိုကြတယ် ၊ အဲဒီ နင်ဂျာရွာ ငါးရွာကို ကောင်းကင်အရှင်သခင် ဆဋ္ဌမအဆင့်ကနေ နဝမအဆင့်အထိ ရှိတဲ့ အစွမ်းထက် နင်ဂျာတွေက စောင့်ရှောက်နေကြတာ ၊ သူတို့က တကယ်ကို အစွမ်းထက်တယ်လို့ ယူဆလို့ ရတယ် ၊ ပြီးတော့ သူတို့ထဲမှာ အစွမ်းအထက်ဆုံး ဖြစ်တဲ့ ‘ ယမာဂူချီ’ နင်ဂျာရွာက ဖူဂျီတောင်ပေါ်မှာပဲ ရှိတာ ၊ ယမာဂူချီ နင်ဂျာရွာက ဧကရာဇ်အပေါ်မှာ ထာဝရ သစ္စာစောင့်သိဖို့ ကတိပြုထားသလို ၊ ဧကရာဇ်ကလည်း ဖူဂျီတောင်တစ်ခုလုံးကို ယမာဂူချီ နင်ဂျာရွာရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ထားပေးထားတာ”

ဤသို့ တွေးမိသည်နှင့် လင်းရန်ယန်က ဖူဂျီတောင်ထိပ်ဆီသို့ လှမ်းကြည့်လိုက်တော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ၊ ကြီးကျယ်ခမ်းနားသော အစီရင်တစ်ခုက ဖူဂျီတောင်ထိပ်ကို ဖုံးလွှမ်းထား၏။ အပြင်ဘက်မှ ကြည့်လျှင် ဖူဂျီတောင်ထိပ်မှာ ဆီးနှင်းများဖြင့် အစဉ်အမြဲ ဖုံးလွှမ်းနေသည်ဟု ထင်ရသော်လည်း ၊ အမှန်တကယ်တွင်မူ တောင်ထိပ်သည် နင်ဂျာရွာကြီးတစ်ခု၏ အခြေစိုက်စခန်းပင် ဖြစ်သည်။ ၎င်းသည် အချင်း ကီလိုမီတာ အတော်များများ ကျယ်ဝန်းပြီး လူဦးရေ ထောင်နှင့်ချီ၍ ရှိ၏။

ထိုနေရာရှိ လူတိုင်းမှာ နင်ဂျာများ ဖြစ်ကြသည်။ နင်ဂျာများကို ‘ဂဲနင်’ ၊ ‘ချူးနင်’ ဟု ခွဲခြားထားပြီး ၎င်းတို့မှာ ‘လူသားအရှင်သခင်’ နှင့် ညီမျှကာ ၊ ‘ဂျိုနင်’ မှာ ‘မြေကမ္ဘာအရှင်သခင်’ နှင့် ညီမျှပြီး ၊ ‘ခါဂဲ’ မှာမူ ‘ကောင်းကင်အရှင်သခင်’ နှင့် ညီမျှသည်။ ဒဏ္ဍာရီများအရ ကြီးကျယ်သော နင်ဂျာရွာ ငါးရွာတွင် ‘ခါဂဲ’ အဆင့်ရှိသူ စုစုပေါင်း ဆယ်ဦးထက်မနည်း ရှိသည်ဟု ဆို၏။ ယမာဂူချီ နင်ဂျာရွာ တစ်ရွာတည်းမှာတင် ငါးဦးအထိ ရှိနေသည်။ သူတို့အနက် အစွမ်းအထက်ဆုံးမှာ ‘ယမာဂူချီ ရှိန်းရင်’ ဖြစ်ပြီး ၊ သူ၏ စွမ်းအားမှာ ‘ကောင်းကင်အထက်တန်းစား အရှင်သခင် နဝမအဆင့်’ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ကောင်းကင်အရှင်သခင် နဝမအဆင့်လား ၊ အဲဒါကတော့ တကယ်ပဲ နည်းနည်းတော့ အားစိုက်ရမှာပဲ...”

All Chapters