ဂူအတွင်းမှ ပုန်းကွယ်နေသော သိုင်းပညာရှင်
Vol. 11 Ch. 101
ဂူအတွင်းမှ မရပ်မနား အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာခဲ့သည်။
ထိုအသံများမှာ နာကျင်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ပြည့်နှက်နေပြီး သိုင်းလောကသားများကို သရဲတစ္ဆေများ၊ နတ်ဆိုးများက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေသကဲ့သို့ပင်။
တစ်ခဏအတွင်းမှာပင် အပြင်ဘက် မြေပြင်ပေါ်ရှိ လူတိုင်း၏စိတ်တွင် ထိတ်လန့်တုန်လှုပ်မှုများ လွှမ်းမိုးသွားသည်။
ရှေးခေတ်လူများမှာ နတ်ဆိုးနှင့် ဝိညာဉ်များကို ယုံကြည်ကြသူများဖြစ်ရာ လူအများစုမှာ ဂူနားသို့ပင် မကပ်ရဲဘဲ တုံ့ဆိုင်းနေကြတော့သည်။
"ဘာတွေဖြစ်ကုန်တာလဲ"
ကျဲ့ခုန်းသည် မြေကျင်းထဲမှ ဖုန်တထောင်းထောင်းဖြင့် တွားသွားမှောက်ရက် ထွက်လာသော လူတစ်ယောက်ကို ဖမ်းဆွဲကာ အလောတကြီး မေးလိုက်ခြင်းပင်။
"အထဲမှာ... လူရှိတယ်”
"အဲဒီဂူထဲမှာ သိပ်ကြောက်ဖို့ကောင်းတဲ့ သိုင်းပညာရှင်တစ်ယောက်ရှိနေတယ်”
“ငါတို့ သိုင်းလောကသားတွေကို သူအကုန်သတ်နေပြီ”
"မဟုတ်ဘူး... သူက လူမဟုတ်ဘူး၊ သရဲပဲဖြစ်ရမယ်”
"သာမန်လူတစ်ယောက်က အဲဒီလောက် မစွမ်းနိုင်ဘူး”
ထိုလူသည် ရူးသွပ်နေသူတစ်ဦးကဲ့သို့ အော်ဟစ်နေ၏။
သူသည် ကြောက်လန့်လွန်း၍ စိတ်လက်မမှန်တော့ဘဲ ဝိညာဉ်လွင့်မတတ် ဖြစ်နေပုံပင်။
သူ့စကားများကြောင့် လူတိုင်း၏ ကြောက်စိတ်မှာ ပိုမိုပြင်းထန်လာသည်။
မူလက ရှေ့သို့တိုးရန် ပြင်နေသူများအားလုံး ခြေလှမ်းများ ရပ်တန့်သွားကြ၏။
သူတို့သည် မြေကျင်းအနီးသို့ပင် မချဉ်းကပ်ရဲကြတော့ပေ။
ဂူထဲမှ သိုင်းသမားအချို့လည်း ဖရိုဖရဲနှင့် တွားသွားထွက်လာကြပြီး လှိုင်ဂူဝမှ စူးရှသော သွေးညှိနံ့များ လွင့်ပျံလာ၏။
သို့သော် သိုင်းပညာမြင့်မားသူများအတွက်မူ ဂူအတွင်းမှ ထွက်ပေါ်လာသည့် အလွန်အားကောင်းသော အတွင်းအားကို အာရုံခံမိလိုက်ကြသည်။
"မဟုတ်ဘူး၊ ရတနာတွေကြားမှာ ပုန်းကွယ်နေတဲ့ သိုင်းပညာရှင်တစ်ယောက် ရှိနေတာပဲ"
"ဒီလူရဲ့ အတွင်းအားက အလွန်နက်ရှိုင်းတယ်”
“ပထမအဆင့် အထွတ်အထိပ် ထက်တောင် သာလွန်နိုင်တယ်"
ကျန်းဟယ်က တည်ငြိမ်လေးနက်သော လေသံဖြင့် ပြောလိုက်ခြင်းပင်။
သူ၏ လေးနက်သော မျက်နှာအမူအရာမှာ သူကိုယ်တိုင်လည်း ဂူအတွင်းရှိ အခြေအနေကို မခန့်မှန်းနိုင်ကြောင်း ဖော်ပြနေ၏။
ထိုကဲ့သို့ ပုန်းကွယ်နေသော သိုင်းပညာရှင်တစ်ဦး ရှိနေခြင်းကို သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
သို့သော် ထိုသူကြောင့်ပင် ကျန်းဟယ်၏ အစီအစဉ်များအားလုံး ပျက်စီးသွားရသည်။
အကယ်၍ ထိုပုဂ္ဂိုလ်ရှိနေပါက နတ်ဆိုးဂိုဏ်းများနှင့် သူတော်စင်ဂိုဏ်းများမှာ ခေတ္တခဏအတွင်း အငြင်းပွားမှုများ ရပ်တန့်ကာ ထိုသူကို ပူးပေါင်းတိုက်ခိုက်ကြပေလိမ့်မည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျဲ့ခုန်းမှာ မယုံကြည်နိုင် ဖြစ်နေသည်။
"ဒီရှေးဟောင်း မင်းဆက်ရဲ့ ရတနာတွေက ရှိနေတာ အနည်းဆုံး နှစ်ပေါင်း တစ်ရာကျော်နေပြီ”
“လူတစ်ယောက်က ဒီဂူထဲမှာ ဒီလောက်ကြာအောင် ဘယ်လိုလုပ် အသက်ရှင်နေနိုင်မှာလဲ"
နတ်ဘုရားလမ်းစဉ်သို့ လိုက်စားသူများပင်လျှင် လူသားတို့၏ အခြေခံ လိုအပ်ချက်များကို အကုန်အစင် မစွန့်လွှတ်နိုင်ကြပေ။
မြေအောက်ထဲတွင် နှစ်ပေါင်းတစ်ရာတိုင် မစားမသောက်ဘဲ နေထိုင်ခြင်းမှာ လူသားတစ်ယောက် ပြုလုပ်နိုင်သည့်အရာပင်လော။
"ကိုယ်တော်ကျဲ့ခုန်း ပြောတာ မှန်တယ်"
"အဲဒီဂူထဲမှာ ရှိနေတာ လူမဟုတ်ဘူး၊ သရဲပဲ”
“အရင်မင်းဆက်က ရတနာတွေကို ကျိန်စာတိုက်ထားတာ ဖြစ်ရမယ်”
“ယွမ် လူမျိုးတွေက ဒါတွေကို စောင့်ရှောက်ဖို့ နတ်ဆိုးတွေကို ဆင့်ခေါ်ထားတာ"
"လူသားတစ်ယောက်က အထဲကို ဘယ်လိုဝင်မှာလဲ”
“ငါ့အမြင်တော့ ငါတို့ အားလုံး လူစုခွဲကြတာ ပိုကောင်းမယ်”
"ဒီကျင်းကို ပြန်ပိတ်လိုက်ကြစို့၊ ဘာမှမဖြစ်ခဲ့သလိုပဲ နေကြရအောင်”
ရှေးခေတ်လူများမှာ နတ်ဆိုးနှင့် ဝိညာဉ်များအကြောင်း ပါလာလျှင် ကျိုးကြောင်းဆင်ခြင်ဉာဏ်များ ပျောက်ဆုံးသွားလေ့ရှိသဖြင့် လူအုပ်ကြီးမှာ အမျိုးမျိုး ပြောဆိုနေကြ၏။
"ပေါက်ကရတွေ”
ကျန်းဟယ် ဒေါသထွက်သွားသည်။
ဒီလူမိုက်တွေဟာ တကယ်ကို လူအတွေပဲ။
ဒီကမ္ဘာမှာ နတ်ဆိုးဆိုတာ မရှိဘူး။
ဒါတွေဟာ သဘာဝတရားကို နားမလည်တဲ့ အသိဉာဏ်နည်းသူတွေက သူတို့ရဲ့ ကြောက်စိတ်ကို လျှော့ချဖို့ ဖန်တီးထားတဲ့ စိတ်ကူးယဉ်မှုတွေသာပင်။
ထိုသိုင်းပညာရှင်သည် မြေအောက်တွင် နှစ်တစ်ရာ မည်သို့နေထိုင်ခဲ့သည်ကို သူ မသိသော်လည်း ထိုသူမှာ လူသားတစ်ယောက် ဖြစ်ကြောင်းကိုမူ ကျန်းဟယ် အသေအချာ သိပေသည်။
သာမန်လူများထက် ကျင့်စဉ်အဆင့် အဆပေါင်းများစွာ မြင့်မားနေရုံမျှသာ။
"တစ်ယောက်ယောက် လာခဲ့စမ်း”
"ယမ်းမှုန့်တွေ ထပ်ယူလာပြီး ဒီမြေအောက်လမ်းကို အကုန်ဖောက်ခွဲပစ်လိုက်”
ကျန်းဟယ်သည် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
အမှန်တရားကို လူတိုင်းမြင်အောင် ပြသရန် သူ ဆုံးဖြတ်ထား၏။
ထိုဂူစောင့်ပုဂ္ဂိုလ် အသက်ရှင်နေသရွေ့ သူ၏ အစီအစဉ်မှာ အထမြောက်မည်မဟုတ်ကြောင်း သူကောင်းကောင်း သိပေသည်။
ထိုသူ မည်မျှပင် သန်မာပါစေ၊ ကျန်းဟယ် ဂရုမစိုက်တော့ပေ။
"ဒိုင်း... ဒိုင်း... ဒိုင်း”
လူတစ်စုသည် လှည်းတစ်စီးကို တွန်းလာပြီး ကျန်ရှိသမျှ ယမ်းမှုန့်အားလုံးကို မြေကျင်းထဲသို့ ထည့်လိုက်တော့၏။
မီးကူးစာကို မီးရှို့လိုက်ပြီးနောက် လူတိုင်း အနောက်သို့ ဆုတ်ခွာလိုက်ကြသည်။
"ဝုန်း”
ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ မီးတောက်များ မြင့်မားစွာ တက်လာသည်။
လှိုင်ဂူဝမှာ ချက်ချင်း ပြိုကျသွား၏။
မူလက နှစ်လံခန့်သာ ကျယ်သော ဂူဝမှာ ယခုအခါ ဆယ်လံခန့်အထိ ကျယ်ပြန့်သွားပေသည်။
အောက်သို့ ဆင်းသွားသော လှေကားထစ်များမှာလည်း အစအနမကျန်အောင် ပျက်စီးသွားတော့သည်။
မကြာမီမှာပင် မြေအောက်သို့ ဦးတည်နေသော လှိုင်ဂူလမ်းကြောင်းကြီးမှာ လူတိုင်းရှေ့တွင် အထင်အရှား ပေါ်ထွက်လာ၏။
ထိုလမ်းကြောင်းမှာ အလွန်ရှည်လျားလွန်းသဖြင့် အဆုံးကို မမြင်နိုင်ပေ။
စပ်စုလိုသော စိတ်ဖြင့် လူအများမှာ လှိုင်ဂူအတွင်းပိုင်း အခြေအနေကို ကြည့်ရန် ခေါင်းပြူကြည့်လိုက်ကြသည်။
သို့သော် သူတို့ရှေ့တွင် ချက်ချင်း မြင်လိုက်ရသည်မှာ ယမ်းမှုန့်ကြောင့် အပိုင်းပိုင်း ပြတ်နေသော လူသေအလောင်း ဒါဇင်ပေါင်းများစွာပင်။
"ဒုတ်..ဒုတ်"
ထူးဆန်းစွာ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် လူတစ်ယောက်၏ နှလုံးခုန်သံကို ကြားလိုက်ရ၏။
လူတိုင်း၏ မျက်လုံးများမှာ ထိုမှောင်မည်းပြီး အောက်ခြေမမြင်ရသည့် လမ်းကြောင်းပေါ်သို့ စူးစိုက် ရောက်ရှိနေကြသည်။
ကြောက်မက်ဖွယ် နတ်ဆိုး ထွက်လာတော့မည့်အတိုင်းပင်။
"ဖြတ်..ဖြတ်”
ညင်သာသော ခြေသံများသည် လှိုင်ဂူလမ်းကြောင်းထဲမှ ထွက်ပေါ်လာသည်။
ထိုအသံကို ကြားရသည်နှင့် လူတိုင်း အသက်ရှူအောင့်ထားလိုက်ကြ၏။
နောက်တစ်ခဏတွင် အမှောင်ထုထဲမှ အဝတ်ဖိနပ်တစ်ဖက် ထွက်ပေါ်လာပြီး နေရောင်ခြည်အောက်သို့ ခြေချလိုက်သည်။
ထို့နောက် အလွန်ဖြူစင်သော မျက်နှာတစ်ခုကို လူတိုင်း မြင်လိုက်ရပြီး
ထိုမျက်နှာထက်တွင် ဖြူဖွေးသော ဆံပင်ရှည်များရှိကာ အရပ်အမောင်းမှာလည်း ရှစ်ပေခန့် မြင့်မား၍ ခန့်ညားလှပေသည်။
အသွင်အပြင်အရ ကြည့်လျှင် အသက် (၄၀) ခန့်သာ ရှိဦးမည်ဟု ထင်ရသော်လည်း ဤဆံဖြူနှင့်လူမှာ အနည်းဆုံး အသက်တစ်ရာကျော်ပြီ ဖြစ်ကြောင်း လူတိုင်း ရိပ်မိလိုက်ကြ၏။
"နှစ်တစ်ရာတိုင်အောင် ပုန်းကွယ်ကျင့်ကြံခဲ့ပေမယ့် နောက်မျိုးဆက်တွေရဲ့ လောဘကနေတော့ မလွတ်မြောက်နိုင်ပါလား"
“ငါဟာ ရှေးလူကြီးတွေရဲ့ အပ်နှံမှုအရ ဒီရတနာတွေကို စောင့်ရှောက်နေတာ"
"သေရမှာ မကြောက်ရင်လည်း လာခဲ့ကြစမ်း”
ဆံဖြူနှင့်လူ၏ အသံမှာ ရေခဲရေကဲ့သို့ပင် အေးစက်နေ၏။
သူ၏ စူးရှသော အကြည့်များက လူအုပ်ကို ဝေ့ဝဲကြည့်လိုက်သောအခါ လူတိုင်းမှာ ရေခဲတိုက်ထဲသို့ ရောက်သွားသကဲ့သို့ ကျောချမ်းသွားကြရသည်။
"ဟူး"
ကျန်းဟယ်မှာ အံ့အားသင့်လွန်း၍ အသက်ပင် ပြင်းပြင်းရှူလိုက်မိ တော့သည်။
သူသည် ထိုဆံဖြူနှင့်လူကို တစ်စက္ကန့်မျှသာ စိုက်ကြည့်ရသေးသော်လည်း သိုင်းပညာရှင်တစ်ဦး၏ အာရုံခံစားမှုအရ ဤလူ၏ သိုင်းအဆင့်မှာ မိမိထက် များစွာသာလွန်ကြောင်း သိလိုက်ခြင်းပင်။
"ဒီကမ္ဘာမှာ ပထမအဆင့် အထွတ်အထိပ် ထက်တောင် သာလွန်တဲ့ ကျင့်ကြံသူ တကယ်ရှိနေတာလား"
ကျန်းဟယ်က ကျဲ့ခုန်းကို ကြည့်ကာ တိုးတိုးလေး မေးလိုက်ရာ
ကျဲ့ခုန်းက ခါးသက်သက် ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
သူသည်လည်း ရှေးဟောင်း ရှောင်လင်ကျမ်းစာများထဲတွင်သာ ထိုအကြောင်းကို ဖတ်ဖူးခဲ့ခြင်းပင်။
သိုင်းနတ်ဘုရား၏ အဆင့်တက်လှမ်းမှုကို မတွေ့ကြုံရမီအထိ သူသည်လည်း ယခု ကျန်းဟယ်ကဲ့သို့ပင် အလွန်အမင်း တုန်လှုပ်ခဲ့ရ ပေသည်။
"သိုင်းပညာရဲ့ အထွတ်အထိပ်ဟာ နတ်ဘုရားဖြစ်ခြင်း လမ်းစဉ်ပဲ”
"ငါ ခန့်မှန်းချက် မှားသွားပြီ”
ကျန်းဟယ်၏ နှုတ်ခမ်းများ တုန်ရီနေ၏။
ရှေးဟောင်းရတနာများကြားတွင် ဤမျှ ကြောက်စရာကောင်းသော ကျင့်ကြံသူတစ်ဦး ရှိနေလိမ့်မည်ဟု သူ တစ်ခါမျှ ထည့်မတွက်ခဲ့မိပေ။
"မိတ်ဆွေတို့၊ ဒီဂူကို စောင့်နေတာ တစ်ယောက်တည်းပဲရှိတာ”
“ငါတို့မှာ လူ ငါးသောင်း၊ ခြောက်သောင်း ရှိတာပဲ၊ ဘာကြောက်စရာ ရှိလဲ”
"ပုရွက်ဆိတ်တွေ အများကြီးဆိုရင် ဆင်ကိုတောင် သတ်နိုင်တာပဲ”
“အားလုံး ပူးပေါင်းပြီး တိုက်ခိုက်ကြစို့၊ သူ့ကို မသတ်နိုင်ဘူးဆိုတာ ငါ မယုံဘူး”
သွေးသန့်စင်ရေးဂိုဏ်း မှ အကြီးအကဲတစ်ဦးက အော်ဟစ်လိုက်ပြီး
သူသည် သူ၏ တပည့်များကို ဦးဆောင်ကာ ဆံဖြူနှင့်လူကို စတင်တိုက်ခိုက်တော့သည်။
ထိုအခါ လူအုပ်ကြီးမှာ သတိပြန်ဝင်လာပြီး မူလက ကြောက်ရွံ့မှုများမှာ ရူးသွပ်သော လောဘစိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။
ရွှေငွေရတနာများ၏ ဆွဲဆောင်မှုမှာ လူတို့ကို ရူးသွပ်စေရန် လုံလောက်ပေ၏။
လှိုင်ဂူလမ်းကြောင်း၏ အဆုံးတွင် ရှိနေမည့် ရှေးဟောင်းမင်းဆက်၏ ရတနာများကိုသာ တွေးတောရင်း သူတို့သည် ကိုယ့်အသက်ကိုပင် ပဓာနမထားတော့ဘဲ ဂူထဲသို့ တိုးဝှေ့ဝင်ရောက်ကြတော့သည်။
"ဟမ့်”
ဆံဖြူနှင့်လူက သွေးသန့်စင်ရေးဂိုဏ်းမှ တပည့်များကို ပျင်းရိစွာ တစ်ချက်ကြည့်လိုက်သည်။
အေးစက်စွာ ရယ်မောပြီးနောက် သူ၏ လက်ကို သာသာယာယာ ဝေ့ယမ်းလိုက်သည်။
ရုတ်တရက် လေဆင်နှာမောင်းကဲ့သို့ ပြင်းထန်သော အတွင်းအားများ ပေါက်ကွဲထွက်လာ၏။
"ဖောက်... ဖောက်... ဖောက်”
သွေးသန့်စင်ရေးဂိုဏ်းသားများ၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပေသည်။
တစ်ခဏအတွင်းမှာပင် လူတစ်ဆယ်ကျော်မှာ အပိုင်းပိုင်း ပြတ်တောက်ကာ သဲပြင်ပေါ်သို့ လဲကျသွား၏။
ထိုအချိန်တွင် သဲကန္တာရတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
သို့သော် မကြာမီမှာပင် ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာ၏။
ဂူထဲသို့ ဝင်ရန် ပြင်နေသော သိုင်းသမားများမှာ ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ အသက်လု၍ ထွက်ပြေးကြတော့သည်။
ကျန်ရှိနေသော သွေးသန့်စင်ရေးဂိုဏ်းသားများမှာလည်း ဒူးတုန်ကာ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေကြတော့သည်။
"အသုံးမကျတဲ့ အကောင်တွေ"
ဆံဖြူနှင့်လူက နှာခေါင်းရှုံ့ကာ မထီမဲ့မြင် ပြောလိုက်၏။
သူ၏ လက်ကို ထပ်မံဝေ့ယမ်းလိုက်ရာ မျက်စိဖြင့် မြင်နိုင်သော အတွင်းအားတန်းကြီး ထွက်ပေါ်လာသည်။
ထိုအတွင်းအားတန်းမှာ အလင်းဓားသွားကဲ့သို့ သွေးသန့်စင်ရေးဂိုဏ်းသားများ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဖြတ်တောက်သွားသည်။
အသက်ရှူနှစ်ကြိမ်စာ အချိန်အတွင်းမှာပင် သွေးသန့်စင်ရေးဂိုဏ်းသား အားလုံး ခေါင်းပြတ်ကာ သေဆုံးကုန်ကြသည်။
"ဟူး”
ကျန်းဟယ် အသက်ပင် မရှူရဲတော့ပေ။
ဤဆံဖြူနှင့်လူ၏ သတ်ဖြတ်ပုံမှာ အလွန်ပင် ကျွမ်းကျင်လွန်းလှသောကြောင့်ပင်။
သိုင်းသမားတစ်စုကို သတ်ဖြတ်ရသည်မှာ သူ့အတွက် ဟင်းသီးဟင်းရွက် လှီးဖြတ်ရသလို အလွန်လွယ်ကူနေ၏။
ဤသည်မှာ လူသားတစ်ယောက် ပြုလုပ်နိုင်သည့် အစွမ်းမျိုးလော။