အဲဒီကောင်လေးကို လွှတ်လိုက်စမ်း
Vol. 11 Ch. 106
ဝါကျင်ကျင်သဲဖုန်များ လွင့်စင်သွားသည်။
သွေးစွန်းနေသော ဓားတစ်စင်းက ဆံပင်ဖြူနှင့်လူကို သဲပြင်ပေါ်တွင် ကပ်လျက် စိုက်ထားလေသည်။
လူတိုင်း အံ့ဩမှင်သက် ကုန်ကြ၏။
ဆံပင်ဖြူနှင့်လူ အမှန်တကယ် ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
"ဒီကောင်လေး တကယ့်ကို အစွမ်းထက်တာပဲ"
"ဒီလို အနှိုင်းမဲ့ ပညာရှင်ကိုတောင် အနိုင်ယူနိုင်တယ်"
ဟု ဓားနတ်ဘုရားက သက်ပြင်းချရင်း ဆိုလိုက်သည်။
သူသည် မျက်နှာဖုံးစွပ်ထားသော ထိုသူမှာ လင်ချွမ်ဖြစ်မှန်း မသိခဲ့ပေ။
ဆံပင်ဖြူနှင့်လူသည် သွေးများအန်ထုတ်ရင်း လင်ချွမ်ကို ကြည့်ကာ
"ငါ ရှုံးပါပြီ။ ငါ့ကို အနိုင်ယူတဲ့သူက မင်းလို လူငယ်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ဟု ရေရွတ်ကာ အသက်ပျောက်သွားတော့သည်။
သေမင်း၏ လက်တွင်းသို့ သက်ဆင်းသွားသော ထို အဆင့်မြင့် ကျင့်ကြံသူကြီးကို ကြည့်ကာ လင်ချွမ်သည်လည်း လောကတွင် အစွမ်းထက်သူများစွာ ရှိနေသေးကြောင်းနှင့် အမြဲတမ်း ကြိုးစားနေရန် လိုအပ်ကြောင်း ခံစားလိုက်ရသည်။
ထိုစဉ် ဟယ်ဟွမ်းဂိုဏ်း မှ လင်ယန်ရွှယ် ၏ အကြည့်များမှာ လင်ချွမ်းထံမှ မခွာတော့ချေ။
"အဲဒီပုံစံက အရမ်းရင်းနှီးနေတာပဲ"
ဟု သူမ တွေးနေမိသည်။
သူမ၏ တပည့်ဖြစ်သူ စုမေ့အာပြန်ရောက်လာသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ လင်ချွမ်ရှိရာ အသူရာဂိုဏ်းဘက်သို့ ပြေးထွက်သွားတော့သည်။
အသူရာဂိုဏ်းချုပ် အသူရာ မှာမူ အလွန်ဝမ်းသာနေသည်။
"လင်ဖန် မင်းကို ငါ ဘယ်လက်ရုံးအစောင့်အရှောက်အဖြစ် ရာထူးတိုးပေးမယ်"
ဟု လင်ချွမ်ကို အဖိုးတန်ရတနာတစ်ခုလို ဆက်ဆံနေ၏။
သို့သော် လင်ချွမ်မှာ စိတ်ရှုပ်နေရုံသာ ရှိသည်။
"အသူရာ အဲဒီကောင်လေးကို လွှတ်လိုက်စမ်း"
ငွေလင်ဗန်းပေါ်သို့ ကျောက်စိမ်းပြားကျသံကဲ့သို့ သာယာသော အသံတစ်ခု ထွက်ပေါ်လာသည်။
လင်ယန်ရွှယ် ရောက်ရှိလာခြင်းပင်။
"လင်ယန်ရွှယ် နင် ဘာအခွင့်အရေးနဲ့ ငါ့ကို အမိန့်ပေးနေတာလဲ"
ဟု အသူရာက မကျေမနပ် ပြန်အော်လိုက်သည်။
အသူရာဂိုဏ်းမှာ နှစ်ပေါင်းများစွာ ဟယ်ဟွမ်း ဂိုဏ်း၏ ဖိနှိပ်မှုကို ခံခဲ့ရသော်လည်း ယခု လင်ချွမ်ရှိနေပြီဖြစ်၍ သူ မကြောက်တော့ပေ။
"လင်ဖန် ငါ့ကိုကူပြီး ဒီမိန်းမကို ဆုံးမပေးစမ်း"
လင်ချွမ်က ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကာ လင်ယန်ရွှယ်နှင့် အကြည့်ချင်း ဆုံလိုက်မိသည်။
လင်ယန်ရွှယ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး
"တကယ်ပဲ ရှင် ဖြစ်နေတာကိုး" ဟု ဆိုကာ လင်ချွမ်နားသို့ ကပ်လာ၏။
"ငါနဲ့ လိုက်ခဲ့မလား၊ ဒါမှမဟုတ် ရှင့်ရဲ့ အမှတ်အသားကို လူပုံအလယ်မှာ ငါ ဖော်ထုတ်လိုက်ရမလား" ဟု လင်ယန်ရွှယ်က တိုးတိုးလေး ခြိမ်းခြောက်လိုက်သည်။
လင်ချွမ်၏ ကိုယ်မှ အအေးဓာတ်များ ထွက်ပေါ်လာသည်။
သူသည် ခြိမ်းခြောက်ခံရသည်ကို အလွန်မုန်းတီးသူပင်။
"ငါ နင့်ကို မသတ်ရဲဘူးလို့ ထင်နေတာလား"
ဟု လင်ချွမ်က အသံနိမ့်နိမ့်ဖြင့် ဆိုသော်လည်း လင်ယန်ရွှယ်က ဂရုမစိုက်ဘဲ လင်ချွမ်၏ လက်ကို ဆွဲကာ ဟယ်ဟွမ်းဂိုဏ်းရှိရာသို့ ခေါ်ဆောင်သွားတော့သည်။
"အဓမ္မ လူခိုးတာပဲ"
"ဥပဒေဆိုတာ မရှိတော့ဘူးလား" ဟု အသူရာဂိုဏ်းချုပ်က ဒေါသတကြီး အော်ဟစ်ကာ ကျန်းခွေ့ ကို လင်ချွမ်အား ပြန်ခေါ်လာရန် ကန်ထုတ်လိုက်သည်။
ကျန်းခွေ့ မှာမူ "ကျွန်တော်က ဒီနှစ်ယောက်လုံးကို မပြစ်မှားရဲပါဘူးဗျာ" ဟု ငိုမဲ့မဲ့ဖြင့် ရေရွတ်နေရတော့သည်။
ဟယ်ဟွမ်းဂိုဏ်းသို့ ရောက်သောအခါ တပည့်များမှာ မှင်တက်သွားကြသည်။
"ဝါး... ဂိုဏ်းချုပ်ကတော့ လမ်းမပေါ်မှာတင် သတို့သားကို အဓမ္မ လုလာတာပဲ"
"ငါတို့ဂိုဏ်းက ယောက်ျားနဲ့မိန်းမ အချစ်ရေး မပြုရဘူးဆိုပေမဲ့ ဒီလောက်အစွမ်းထက်တဲ့ သမက်မျိုး ရလာရင်တော့ ဂိုဏ်းကြီး ပိုပြီး ကြီးပွားတော့မှာပဲ"
ဟု အချင်းချင်း တီးတိုးပြောဆိုကာ အားကျနေကြလေတော့သည်။