လျှို့ဝှက်ဆန်းပြားသော ရှုရှန်းဂိုဏ်း
Vol. 12 Ch. 116
တောနက်ကြီးအတွင်းတွင်ဖြစ်သည်။
ရှုတောင်မှ တပည့်သည် ယုန်ကင်ခြေထောက်ကို အဆီတပြိုက်ပြိုက်နှင့် အငမ်းမရ စားသောက်နေ၏။
ဆာလောင်လွန်း၍ အရောင်မှိန်နေသော သူ၏မျက်လုံးများမှာ ယခုမှပင် အသက်ဝင်လာတော့သည်။
"ဒီလူတော့"
လင်ယန်ရွှယ် ၏ မျက်နှာမှာ မည်းမှောင်သွားသည်။
ထိုယုန်ခြေထောက်မှာ မူလက သူမစားရန်ပင် ဖြစ်သည်။
ယဲ့ဝူရှဲ့က ပြုံးကာ ထိုသူကို ရေဘူးကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ရှုတောင်တပည့်သည် ရေကို အငမ်းမရ သောက်လိုက်သည်။
သူသည် အသက်အန္တရာယ်နှင့် ကြုံနေရချိန်ဖြစ်၍ ဂိုဏ်း၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အဝစားလိုက်တော့သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်"
"ကျွန်တော်က ရှုတောင်က ရှောင်းထျန်းချွမ် ပါ"
ဟု သူက မိတ်ဆက်သည်။
"ပိုက်ဆံပေး"
လင်ချွမ်က လက်ဖြန့်ကာ တည့်တည့်ပင် တောင်းလိုက်သည်။
အားလုံး မှင်တက်သွားကြသည်။
တောထဲတောင်ထဲအထိ စီးပွားရေး လာလုပ်နေသည့် လင်ချွမ်ကိုကြည့်ကာ ရှောင်းထျန်းချွမ်က မျက်နှာပျက်ပျက်နှင့်
"ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး"
ဟု ဝန်ခံလိုက်ရသည်။
"အေး သိသာပါတယ်"
ဟု လင်ချွမ်ကဆိုကာ ရှောင်းထျန်းချွမ် ကျောပိုးထားသော ဓားကို စိုက်ကြည့်လိုက်သည်။
"ဒါဆိုရင် တခြားဟာနဲ့ အစားထိုးရမှာပေါ့"
"မရဘူး"
ရှောင်းထျန်းချွမ်က နောက်သို့ ချက်ချင်း ဆုတ်လိုက်၏။
ရှုတောင်တပည့်များအတွက် ဓားသည် သူတို့၏ အသက်ပင်။
လင်ချွမ်က ရုတ်တရက် ရှောင်းထျန်းချွမ်ထံသို့ တိုးဝင် တိုက်ခိုက်လိုက်ရာ ရှောင်းထျန်းချွမ်သည်လည်း တုန့်ပြန်သည့် အနေဖြင့် သူ၏ ပျံလွှားဓားကို ထုတ်လိုက်ရတော့သည်။
"ဓားထိန်းချုပ်ပညာလား"
လင်ချွမ်က မျက်မှောင်ကြုတ်ကာ ဆိုသည်။
သူသည် ရှောင်းထျန်းချွမ်၏ အစွမ်းကုန်ကို မြင်လိုသဖြင့်
"ဒါပဲလား၊ ဒီလောက်ပဲဆိုရင်တော့ မင်း ငါ့လက်ထဲမှာ သေရလိမ့်မယ်"
ဟု စိန်ခေါ်လိုက်သည်။
ရှောင်းထျန်းချွမ်သည် အံကြိတ်ကာ သူ၏ အစွမ်းထက်ဆုံး ပညာဖြစ်သော 'ဓားတစ်သောင်းကျိန်စာ' ကို အသုံးပြုလိုက်သည်။
ကောင်းကင်ယံမှ ဓားရိပ်ရာပေါင်းများစွာ မြေပြင်သို့ မိုးသီးကြွေသကဲ့သို့ ကျဆင်းလာသော်လည်း ဖုန်မှုန့်များ ငြိမ်သက်သွားချိန်တွင် လင်ချွမ်သည် ဓားသွားကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် အသာအယာ ညှပ်ထားသည်ကို တွေ့လိုက်ရသည်။
သူ၏ပတ်ဝန်းကျင် သုံးလှမ်းအတွင်း မြေပြင်မှာလည်း တစ်ချက်မျှ မပွန်းပဲ့ချေ။
"ဒါ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ရှောင်းထျန်းချွမ်မှာ ပါးစပ်အဟောင်းသားနှင့် အံ့ဩသွားရသည်။
၎င်းမှာ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်သော်လည်း လင်ချွမ်ကို ခြစ်ရာလေး တစ်ခုပင် မပေးနိုင်ခဲ့ချေ။
"ပြောစမ်း၊ မင်းက ရှုရှန်းဂိုဏ်းမှာ ဘယ်အဆင့်က တပည့်လဲ"
လင်ချွမ်က မေးကာ ဓားကို ပြန်ပေးလိုက်သည်။
သူသည် ရှောင်းထျန်းချွမ် ဗိုက်ဝပြီး အားအင်ပြည့်သည်အထိ စောင့်ကာမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ သူ၏အစွမ်းကို စမ်းသပ်လို၍သာ ဖြစ်ကြောင်း အားလုံးက သဘောပေါက်သွားကြသည်။
ရှောင်းထျန်းချွမ်သည် ကြောက်လန့်တကြားနှင့် မြေပြင်ပေါ်သို့ ထိုင်ချလိုက်မိသည်။
"လန့်လိုက်တာ"
သူက လင်ချွမ်ကို ရှုတောင်သို့ မသွားရန် တားမြစ်သည်။
"အကြီးအကဲက ပထမအဆင့်ထက် သာတယ်ဆိုပေမယ့် ကျွန်တော်တို့ဂိုဏ်းမှာ ခင်ဗျား ထက် အစွမ်းထက်တဲ့သူတွေ အများကြီးရှိတယ်"
ဟု ကြွားဝါပြောဆိုလိုက်၏။
သို့သော် လင်ချွမ်၏ မျက်လုံးများမှာမူ တောက်ပလာသည်။
သူသည် မိမိထက် အစွမ်းထက်သူများနှင့်သာ ယှဉ်ပြိုင်လိုသူ မဟုတ်ပါလား။
"အကြီးအကဲလင်၊ ဒီကလေးရဲ့ စကားကို နားမယောင်နဲ့"
ဟု ယဲ့ဝူရှဲ့က ဝင်ပြောသည်။
"ရှုရှန်းဂိုဏ်းက လျှို့ဝှက်တယ်ဆိုတာ လောကထဲကို တပည့်တွေ ထွက်လာတာ နည်းလို့ပါ"
"ငါကြားဖူးသလောက်တော့ ရှုရှန်းဂိုဏ်းချုပ်ဟာ အစွမ်းအထက်ဆုံးဖြစ်ပြီး သူဟာလည်း အထွတ်အထိပ် အဆင့်မှာပဲ ရှိပါသေးတယ်"