ဂိုဏ်းချုပ်ထက် အနည်းငယ်သာ အဆင့်နိမ့်ခြင်း
Vol. 12 Ch. 117
ရှုရှန်းဂိုဏ်းချုပ်သည် အထွတ်အထိပ် အဆင့်မျှသာ ရှိသည်ဟူသော အချက်က လင်ချွမ်ကို အနည်းငယ် စိတ်ပျက်သွားစေသည်။
သူ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ တကယ့်ပညာရှင် အစစ်အမှန်နှင့် ယှဉ်ပြိုင်ရန် မဟုတ်ပါလား။
"သိရဲ့သားနဲ့ ထုတ်မပြောရင် ငါတို့ မိတ်ဆွေတွေ ဖြစ်နေဦးမှာပဲကို"
ဟု ရှောင်းထျန်းချွမ် က မကျေမနပ် ပြောလိုက်သည်။
သူသည် လင်ချွမ်ကို ခြောက်လှန့်၍ ပြန်လွှတ်ရန် ကြံစည်ခဲ့သော်လည်း ယဲ့ဝူရှဲ့က ဖော်လိုက်သဖြင့် အစီအစဉ် ပျက်သွားရခြင်း ဖြစ်သည်။
ယဲ့ဝူရှဲ့က "လူငယ်လေး ငါတို့သုံးယောက်က တောင်ပေါ်ကို ဂါရဝပြုဖို့ လာတာပါ"
"ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘူး"
"စားခဲ့တဲ့ ယုန်ကင်ကို ထောက်ထားပြီး လမ်းပြပေးပါဦး"
ဟု အပြုံးဖြင့် ဖြောင်းဖျသည်။
သို့သော် သူ၏မျက်နှာမှာ လူကောင်းတစ်ယောက်နှင့် မတူသဖြင့် ဖြောင်းဖျမှုက ထိရောက်မှု မရှိလှချေ။
လင်ယန်ရွှယ်ကမူ စိတ်မရှည်တော့ဘဲ ရှောင်းထျန်းချွမ်၏ ဝတ်ရုံကိုဆွဲကာ
"နင်လမ်းပြမလား၊ ဒါမှမဟုတ် လက်တွေ ခြေတွေဖြတ်ပြီး တောထဲက ဝံပုလွေတွေကို ကျွေးရမလား"
ဟု အေးစက်စွာ ခြိမ်းခြောက်လိုက်တော့မှ ရှောင်းထျန်းချွမ်မှာ ကြောက်လန့်တကြားနှင့် လမ်းပြရန် သဘောတူတော့သည်။
သို့သော် တစ်နေ့လုံး လမ်းလျှောက်ပြီးနောက် တောနက်ထဲ၌ပင် လည်နေသည်ကို ရိပ်မိသောအခါ လင်ယန်ရွှယ်မှာ ဒေါသပေါက်ကွဲပြီး ရှောင်းထျန်းချွမ်ကို ထုရိုက်တော့၏။
ရှောင်းထျန်းချွမ်၏ အော်ဟစ်သံများကြောင့် တောတွင်းမှ ငှက်များပင် လန့်ကုန်သည်။
ခဏအကြာတွင် ရှောင်းထျန်းချွမ်မှာ ချောင်တစ်ချောင်၌ ကုပ်ကုပ်လေးထိုင်ကာ ငိုနေရရှာသည်။
သူ၏ ချောမောသော မျက်နှာမှာ ဝက်ခေါင်းကဲ့သို့ ဖူးရောင်နေပြီဖြစ်သည်။
လင်ချွမ်က "မင်းကတော့ နည်းနည်းကြမ်းလွန်းတယ်" ဟု ဆိုသော်လည်း
လင်ယန်ရွှယ်က "သူက ငါတို့ကို လမ်းမှားအောင် ပတ်ပို့နေတာကိုး"
ဟု ပြန်ပြောသည်။
ယဲ့ဝူရှဲ့ကမူ မီးပုံကိုထိုးဆွရင်း
"လူငယ်တွေ အားအင်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ နောက်ထပ် ရောက်လာမယ့် ရှုတောင်တပည့်တွေအတွက် အားချန်ထားဦး"
ဟု ခပ်အေးအေးပင် ဆိုလိုက်၏။
ရှောင်းထျန်းချွမ်၏ ထူးဆန်းသော အပြုအမူများကြောင့် တစ်စုံတစ်ယောက်ကို အချက်ပေးထားမှန်း လင်ချွမ်တို့ သိထားပြီးသားဖြစ်သည်။
မကြာမီပင် တောအုပ်အတွင်းမှ သစ်ရွက်လှုပ်သံများ ကြားလိုက်ရပြီး လူရိပ်များ ရောက်လာကြသည်။
လင်ယန်ရွှယ်က ဒေါသတကြီးနှင့် ရှောင်းထျန်းချွမ်ကို သွားရောက် ကိုင်တွယ်ရန် ပြင်သော်လည်း လင်ချွမ်က တားလိုက်သည်။
သူသည် ရှုရှန်းဂိုဏ်းနှင့် အငြိုးအတေး မဖြစ်လိုဘဲ ပညာဖလှယ်ရုံသာ ရည်ရွယ်သောကြောင့်ပင် ဖြစ်သည်။
ထို့အပြင် သူအလိုချင်ဆုံးဖြစ်သော မဟာကောင်းကင်ဘုံ မသေမျိုးပညာသည်လည်း ရှုတောင်တွင် ရှိနေသည် မဟုတ်ပါလား။
မကြာမီ ကောင်းကင်ယံမှ ပျံလွှားဓားများ၏ အအေးဓာတ်နှင့်အတူ လူငါးဦး ဆင်းသက်လာသည်။
ထိုအထဲမှ မျက်နှာလေးထောင့်နှင့် ဖန်းကျွင်းအမည်ရှိသော အကြီးဆုံးတပည့်က ရှောင်းထျန်းချွမ်ကို လွှတ်ပေးရန် အော်လိုက်သည်။
သို့သော် ရိုက်နှက်ခံထားရသော ရှောင်းထျန်းချွမ်၏ မျက်နှာမှာ ဖူးရောင်နေသဖြင့် သူ၏ဂိုဏ်းတူ အစ်ကိုကိုယ်တိုင်ပင် အစပိုင်း၌ မှတ်မိခြင်း မရှိချေ။
ဖန်းကျွင်းက ဒေါသတကြီးနှင့် လင်ချွမ်တို့၏ ဂိုဏ်းအမည်ကို မေးမြန်းရာ လင်ယန်ရွှယ်က
"ရှုရှန်းဂိုဏ်းက ဒီလို လူအတွေပဲ မွေးထုတ်တာလား"
ဟု လှောင်ပြောင်လိုက်သည်။
ရှုတောင်တပည့်များသည် မိမိကိုယ်ကိုယ် ကျင့်ကြံသူများအဖြစ် သတ်မှတ်ကာ သာမန် သိုင်းသမားများထက် မြင့်မြတ်သည်ဟု ယူဆထားကြသဖြင့် ဤသို့ အပြောခံရခြင်းကို လက်မခံနိုင်ကြချေ။
"မင်းတို့ကိုဖမ်းပြီး ဂိုဏ်းကို ပြန်ခေါ်သွားရမယ်"
ဟု ဖန်းကျွင်းက ကြုံးဝါးကာ တိုက်ခိုက်ရန် ပြင်တော့၏။
လင်ချွမ်က အရှေ့သို့ တက်လာပြီး ၎င်းတို့၏ ပညာကို စမ်းသပ်ရန် အသင့်ဖြစ်နေသည်။
ရှောင်းထျန်းချွမ်က သူ၏ ဂိုဏ်းတူအစ်ကိုကို အော်ဟစ် သတိပေးလိုက်သည် ။
"အစ်ကိုဖန်း သတိထားဦး၊ လင်လို့ခေါ်တဲ့ အဲဒီလူက အရမ်းသန်မာတယ်"
ဖန်းကျွင်းက မထီမဲ့မြင်ဖြင့်
"အသက် ၂၀ ကျော် လူငယ်တစ်ယောက်က ဘယ်လောက်များ သန်မာမှာမလို့လဲ"
ဟု ဆိုသည်။
ရှောင်းထျန်းချွမ်က တုန်တုန်ရင်ရင်ဖြင့် ပြန်ပြောလိုက်သည်။
"သူက သိပ်မသန်မာပါဘူး"
"ကျွန်တော်တို့ ဂိုဏ်းချုပ်ထက် နည်းနည်းလေးပဲ ညံ့တာပါ"