ရှောင်လင်ဘုန်းကြီးများ တိုက်ရည်ခိုက်ရည်မှာ အားရစရာ သိပ်မရှိ
Vol. 12 Ch. 112
ရှောင်လင်ကျောင်းတော်။
မြေအောက်အကျဉ်းထောင်လမ်းမှ လူသုံးဦး ရုတ်တရက် ထွက်ပေါ်လာသည်။
ရှောင်လင်တပည့် တစ်ရာနီးပါးက သူတို့ကို တားဆီးကြသော်လည်း လူငယ်ဖြစ်သူက လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ ဆယ်ယောက်ကျော် လွင့်ထွက်သွားသည်။
ထိုကြောက်မက်ဖွယ် အတွင်းအားကြောင့် လူတိုင်းက မှင်တက်သွားကြရ၏။
"သူတို့ကို ဖမ်းကြ"
"မိစ္ဆာဂိုဏ်းသားတွေကို အလွတ်မပေးနဲ့"
ကျဲ့ခုန်းသည် အကျဉ်းထောင်ထဲမှ အမောတကော ထွက်လာပြီး လင်ချွမ်တို့ကို အေးစက်စွာ ကြည့်၍ ပြောလိုက်လေသည်။
"ဟား အချည်းနှီးပဲ"
"သီလပဲ စောင့်ဖို့သိတဲ့ ကတုံးအိုကြီးရေ"
"မျက်စိမမြင်ရရင်လည်း သေချာကုဦး"
ဟု လင်ယန်ရွှယ်က မထီမဲ့မြင်ပြုံးရင်း ဆိုလိုက်သည်။
"ငါတို့သာ ညှာတာမှုမရှိရင် နင့်တပည့်တွေ အခုလောက်ဆို အလောင်းဖြစ်နေပြီ"
"ငါ့ကို အတင်းအကျပ် လူဆိုးဖြစ်အောင် မလုပ်နဲ့"
သို့သော် ရှောင်လင်အကြီးအကဲများနှင့် တပည့်များမှာမူ ၎င်းတို့၏ စေတနာကို အသိအမှတ်မပြုဘဲ
"ဓမ္မနဲ့ အဓမ္မဆိုတာ ဟိုးအရင်ကတည်းက မတည့်တဲ့ ရန်သူတွေပဲ"
ဟု ဟစ်ကြွေးကာ ပိုမိုတင်းမာလာခဲ့သည်။
လင်ချွမ်သည် ၎င်းတို့၏ ခေါင်းမာမှုကို မြင်သောအခါ သက်ပြင်းချလိုက်မိ၏။
သူသည် လူသတ်လိုစိတ် မရှိသော်လည်း ယဲ့ဝူရှဲ့ကိုတော့ လက်လွှတ်မည် မဟုတ်ပေ။
"သူတို့ကို ဂရုမစိုက်နဲ့၊ သွားကြရအောင်"
ဟု လင်ချွမ်က အေးဆေးစွာဆိုကာ လေထဲသို့ ပျံတက်လိုက်သည်။
ထိုစဉ် ကောင်းကင်ယံမှ လူသုံးဦး ရုတ်တရက် ဆင်းသက်လာပြီး လင်ချွမ်၏ ဦးခေါင်းထက်သို့ လက်ဝါးများဖြင့် ဖိနှိပ် တိုက်ခိုက်လိုက်ကြသည်။
ပြင်းထန်လှသော အတွင်းအားများ ရိုက်ခတ်မှုကြောင့် ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်သွားသည်။
ထိုသူသုံးဦးမှာ ရှောင်လင်ကျောင်းတော်၏ လူမသိသူမသိ တိတ်တဆိတ် ကျင့်ကြံနေသော ပထမအဆင့် အထွတ်အထိပ် သုံးဦးပင်ဖြစ်ကြသည်။
သို့သော် လင်ချွမ်ကမူ ယဲ့ဝူရှဲ့ကို ချီပိုးလျက်ပင် လေထဲ၌ တစ်လက်မမျှ မလှုပ်ဘဲ တည်ငြိမ်စွာ ရှိနေခဲ့၏။
"ရှောင်လင်ရဲ့ တောထွက်လာတဲ့ ပညာရှင်တွေပေါ့"
ဟု သူက ရေရွတ်လိုက်သော်လည်း သူတို့၏ အစွမ်းမှာ သူမျှော်လင့်ထားသလောက် မရှိသဖြင့်
"ပထမအဆင့် သုံးယောက်ပဲလား အားရစရာ သိပ်မရှိလှဘူး"
ဟု သက်ပြင်းချကာ ခေါင်းခါလိုက်မိသည်။
ဤသည်မှာ လင်ချွမ်က အမှန်အတိုင်းပြောခြင်း ဖြစ်သော်လည်း ဘုန်းကြီးများအတွက်မူ အကြီးအကျယ် စော်ကားခံရသကဲ့သို့ ဖြစ်သွားခဲ့၏။
သူတို့သည် 'ဗုဒ္ဓသုံးဆူ စစ်ဗျူဟာ' ကို ဖော်ဆောင်ကာ လင်ချွမ်ကို ပတ်လည် တိုက်ခိုက် ကြသည်။
ဤဗျူဟာသည် သုံးဦးစလုံး၏ အသက်ရှူနှုန်းနှင့် အတွင်းအားကို တစ်သားတည်း ဖြစ်စေပြီး အစွမ်းကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သော်လည်း လင်ချွမ်၏ ရှေ့တွင်မူ သာမန်မျှသာ ဖြစ်သည်။
လင်ချွမ်သည် တည်ငြိမ်စွာဖြင့် လက်ဝါးတစ်ချက် ပြန်လည် ရိုက်ထုတ်လိုက်ရာ ဘုန်းကြီးသုံးဦးစလုံး သွေးများအန်ကာ လွင့်ထွက်သွားကြတော့သည်။
ရှောင်လင်၏ နောက်ဆုံးလက်နက်ဖြစ်သော ဤပညာရှင်ကြီးများပင် လင်ချွမ်၏ လက်ဝါးတစ်ချက်ကို မခံနိုင်သည်မှာ လူတိုင်းအတွက် ထိတ်လန့်စရာ ဖြစ်နေသည်။
ကျဲ့ခုန်းသည် လင်ချွမ်းကိုကြည့်ကာ သဲကန္တာရထဲမှ ဆံပင်ဖြူနှင့်လူကို အနိုင်ယူခဲ့သည့် လင်ဖန်ဖြစ်ကြောင်း မှတ်မိသွားသည်။
သူက လင်ယန်ရွှယ်ကို ကြည့်ကာ
"ဂိုဏ်းချုပ်လင် နင့်ရဲ့လုပ်ရပ်က ဒုတိယအကြိမ်မြောက် ဓမ္မနဲ့ အဓမ္မစစ်ပွဲကို ဖြစ်လာစေမှာ မကြောက်ဘူးလား"
ဟု ကြိမ်းမောင်းလိုက်သည်။
လင်ယန်ရွှယ်သည် သူမ၏မျက်နှာဖုံးကို ချွတ်လိုက်ရာ သူမ၏ အလှအပမှာ ကိုရင်ငယ်လေးများကိုပင် စိတ်လှုပ်ရှား သွားရစေ၏။
"ကျဲ့ခုန်း၊ ယဲ့ဝူရှဲ့ကိုတော့ ငါရအောင် ကယ်မှာပဲ"
"နင်မကျေနပ်ရင် အနောက်ဘက်ဒေသကို လာခဲ့လိုက်"
"စစ်ပွဲဆိုတာနဲ့တော့ ငါ့ကို ခြိမ်းခြောက်မနေနဲ့၊ ငါတို့ နတ်ဆိုးဂိုဏ်းက စောင့်နေတာ ကြာလှပြီ"
ဟု သူမက ပြတ်သားစွာ တုံ့ပြန်လိုက်သည်။
ထို့နောက် လင်ယန်ရွှယ်က လင်ချွမ်ကိုကြည့်ကာ ပြုံးလိုက်ပြီး ကျဲ့ခုန်းကို တစ်ချက် ထိုးနှက်လိုက်သည်။
"ဒါပေမဲ့ မေးစရာတစ်ခုရှိတယ် ကျဲ့ခုန်း"
"လင်ဖန်လိုလူမျိုး ငါတို့ နတ်ဆိုးဂိုဏ်းဘက်မှာ ရှိနေရင်၊ သူတော်စင်ဂိုဏ်းတွေက တကယ်ပဲ စစ်တိုက်ရဲကြပါဦးမလား"