ကိုယ့်အနာဂတ်ကိုကိုယ်ဖျက်စီးခြင်း
Vol. 1 Ch. 403
ကျန်းရီသည် ကောင်းကင်ကျောက်တုံး တစ်ရာ့နှစ်ဆယ်ကို ယူလာခဲ့သည်။ သူသည် ဤနေရာတွင် ကောင်းကင်ကျောက်တုံးများဖြင့် ကျင့်ကြံရန် ကြိုတင်စီစဉ်ထားခဲ့သည်။ ဤနည်းလမ်းဖြင့် ကျူးကော့ချမ်ယွမ်၊ နတ်ဆိုးဧကရီနှင့် အခြားဗာဂျရာအဆင့်လူများ သိတော့မည် မဟုတ်ပေ။
ကျန်းရီသည် ကောင်းကင်ကျောက်တုံးများမှ စွမ်းအင်များကို အလွန်လျင်မြန်စွာ စုပ်ယူနေခဲ့သည်။ ယခင်က ကောင်းကင်ကျောက်တုံး တစ်တုံးမှ စွမ်းအင်များကို စုပ်ယူရန် ငါးရက်လိုအပ်ခဲ့သည်။ ယခု သူ့အတွက် ကောင်းကင်ကျောက်တုံးတစ်တုံးမှ စွမ်းအင်များကို စုပ်ယူရန် သုံးရက်သာ လိုအပ်တော့သည်။ ကောင်းကင်ကျောက်တုံး သုံးတုံးကုန်ဆုံးသွားပြီးနောက် သူ၏ကျင့်ကြံနှုန်းမှာ နှေးကွေးနေဆဲဟု သူခံစားလာရသည်။
ဝှစ်...
မီးဝိဉာဉ်ပုလဲသည် အလင်းရောင်တစ်ချက် လင်းလက်သွားခဲ့ပြီး သူ့လက်ထဲတွင် ကျောက်စိမ်းသေတ္တာတစ်လုံး ပေါ်ထွက်လာခဲ့သည်။ သေတ္တာကို သူဖွင့်လိုက်သော် အထဲတွင် အစိမ်းရောင်နဂါးတစ်ကောင်နှင့်တူသည့် ဆေးပင်တစ်ပင်ရှိနေခဲ့သည်။ ထိုသည်မှာ စုန်းနတ်ဘုရားက သူ့အား စွမ်းအင်စုပ်ယူရန် ခိုင်းခဲ့သည့် နေနဂါးဆေးပင် ဖြစ်လေသည်။ သို့သော်လည်း ထိုစဉ်က သူ့တွင် အချိန်မရှိခဲ့ပေ။
သစ်မခုတ်ခင် ပုဆိန်ကိုသွေးရန် လိုအပ်သည်။
ကောင်းကင်ကျောက်တုံးများမှ စွမ်းအင်ကို စုပ်ယူနှုန်း နှေးကွေးနေရခြင်းမှာ သူ့ပြင်ပခန္ဓာကိုယ်နှင့် သွေးကြောများမှာ လုံလောက်အောင် မသန်မာ၍ ဖြစ်သည်။ သူသည် ကောင်းကင်ကျောက်တုံးမှ စွမ်းအင်များအား ဒန်တျန်းအတွင်း အလွန်လျင်မြန်စွာ ဝင်ခွင့်မပြုဝံ့ချေ။ နေနဂါးဆေးပင်၏ စွမ်းအင်များကို စုပ်ယူခြင်းသည် နှစ်ပတ်ခန့်ကြာနိုင်သော်လည်း သူ့သွေးကြောများ အားကောင်းလာလျှင် ကောင်းကင်ကျောက်တုံးမှစွမ်းအင်များကို စုပ်ယူခြင်းမှာ နှစ်ဆခန့် မြန်ဆန်လာနိုင်သည်။
သူသည် အနက်ရောင်အတွင်းအားများကို နေနဂါးဆေးပင်အား ရစ်ပတ်စေလိုက်သည်။ ထို့နောက် စွမ်းအင်တစ်မျိုးသည် သူ့ကိုယ်တွင်းသို့ ဖြည်းဖြည်းချင်း စီးဝင်လာခဲ့သည်။ ထိုစွမ်းအင်သည် သူ့တစ်ကိုယ်လုံးအား မီးလောင်ခံနေရသကဲ့သို့ ပူလောင်လာစေသည်။ ထူးဆန်းသည်မှာ မီးဝိဉာဉ်ပုလဲသည် ပိုင်ရှင်အား ကာကွယ်ရန် စွမ်းအင်ကို လွှဲပြောင်းပေးလာခြင်း မရှိခဲ့ပေ။
သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသော စွမ်းအင် ပိုမိုများပြားလာသည်နှင့်အမျှ ကျန်းရီ၏ကိုယ်မှာ ပိုမိုပူလောင်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးသည် ဖြည်းဖြည်းချင်း အပေါင်းခံနေရကဲ့သို့ ဖြစ်နေသော်လည်း သူဘာမှမလုပ်နိုင်ဘဲ တောင့်ခံရုံသာတတ်နိုင်လေသည်။
ကျန်းရီမှာ ညှင်းပန်းနှိပ်စက်ခံနေရသည့်အလား အသက်ရှူ၍ပင် မဝနိုင် ဖြစ်လာခဲ့သည်။ သို့သော်လည်း သူမရပ်လိုက်နိုင်ပေ။ မဟုတ်ပါက တန်ဖိုးကြီး ဆေးပင်တစ်ပင်မှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
"စိတ်အေးအေးထား...ဘာမှမတွေးနဲ့"
ကျန်းရီ၏ စိတ်မှာ မပျော့ညံ့လွန်း၍ တော်သေးသည်။ သူသည် ဖြစ်တည်လာသည့် မကောင်းသော အတွေးမျိုးစုံကို ခေါင်းထဲမှ ထုတ်လိုက်ပြီး နာကျင်မှုနှင့် အရာအားလုံးကို မေ့ပစ်ရန် ကြိုးစားလိုက်သည်။ တစ်ဖက်တွင်လည်း နေနဂါးဆေးပင်မှ စွမ်းအင်စုပ်ယူနှုန်းကို ပိုမိုမြှင့်တင်လိုက်သည်။
သူသည် နှစ်ပတ်လုံးလုံးအတွင်း ရိက္ခာခြောက်များစားခြင်း၊ ရေသောက်ခြင်းနှင့် အင်အားဖြည့်ဆေးလုံးများစားခြင်း တို့မှတစ်ပါး နေနဂါးဆေးပင်၏ စွမ်းအင်များကို စုပ်ယူရာတွင်သာ အာရုံစိုက်ထားခဲ့သည်။ နောက်ဆုံးအဆင့် အရောက်တွင် သူသည် နာလွန်း၍ ထုံကျင်နေပြီဖြစ်ပြီး ဘာကိုမှ မခံစားရတော့ချေ။ နောက်ဆုံးလက်ကျန် စွမ်းအင်စ သူ့ကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် သူဆက်လက်တောင့်မခံနိုင်တော့ဘဲ မေ့မျောသွားခဲ့တော့သည်။
သူ၏ ထိုအိပ်မောကျသွားခဲ့မှုသည် နှစ်ရက်တိုင်တိုင် ကြာမြင့်ခဲ့သည်။ သူနိုးလာသည့်အခါတွင် သူ့ကိုယ်သည် အနံဆိုးများ ထွက်ပေါ်နေပြီး အမဲရောင် ချွေးစေးများ ဖုံးလွှမ်းခံနေရကြောင်း သတိထားမိလိုက်သည်။ သူအသာရွေ့လျားကြည့်လိုက်သောအခါတွင် သူ့ကိုယ်ထဲ၌ အဆုံးအစမဲ့သော အင်အားတို့ ရှိနေသည့်အလား ခံစားလိုက်ရသည်။ သူသည် ခြေထောက်၍ ခုန်ကြည့်လိုက်သောအခါတွင် အတွင်းအား မသုံးဘဲ သုံးမီတာခန့်အထိ ခုန်နိုင်ကြောင်း တွေ့လိုက်ရသည်။
ထို့နောက်တွင် သူ့လက်ထဲမှ တံဆိပ်ပြားသည် အလင်းရောင်းများ လင်းလက်လာခဲ့ပြီး သူ့ကိုယ်သည် ဒုတိယထပ်မှ ပင်လယ်ပြင်ထံတွင် ပြန်ပေါ်လာခဲ့သည်။ သူသည် ပင်လယ်တွင်းသို့ ခုန်ဆင်းလိုက်ပြီး ကိုယ်ပေါ်မှ အညစ်အကြေးများကို ဆေးကြောလိုက်သည်။
ဝှစ်...ဝှစ်...
ပင်လယ်ထဲတွင် ပင်လယ်နတ်ဆိုးသားရဲများ အမြောက်အများ ရှိလေသည်။ ၎င်းတို့သည် ကျင့်ကြံဆင့်နိမ့်သောကြောင့် အသိဉာဏ်မရှိကြပေ။ သို့ဖြစ်ရာ လူသားတစ်ယောက်ကို တွေ့လိုက်ချိန်တွင် ၎င်းတို့သည် ချက်ချင်းပြေးဝင်လာကြသည်။ ကျန်းရီ၏ အတွေးတစ်ချက်နှင့်အတူ မရေမတွက်နိုင်သော မိုးကြိုးများ ကျဆင်းလာခဲ့ပြီး ဆယ်မိုင်ပတ်လည်အတွင်းမှ ပင်လယ်နတ်ဆိုးသားရဲများ အားလုံးကို ရှင်းလင်းလိုက်လေသည်။
သေချာရေချိုးသန့်စင်ပြီးသော် သူ့အသားအရေမှာ ပိုမိုဖြူဖွေးတောက်ပလာခဲ့ကြောင်း သူသတိပြုမိလိုက်သည်။ လူသားများသည် ကျင့်ကြံ၍ စွမ်းအားကြီးသူများ ဖြစ်ချင်ကြသည်မှာ မထူးဆန်းတော့ပေ။ ကျော်ကြားမှုနှင့် အဆင့်အတန်းကို ထည့်မတွက်လျှင်တောင် ပို၍စွမ်းအားမြင့်လာလေလေ သက်တမ်းပိုရှည်လာလေလေ ဖြစ်သည်။ စွမ်းအားနှင့် သက်တမ်းနှစ်ခုတည်းကပင် မရေမတွက်နိုင်သော လူများကို သိုင်းတာအိုလမ်းစဉ်ပေါ်သို့ ဆွဲခေါ်နိုင်ရန် လုံလောက်လေသည်။
ကျန်းရီ၏ကိုယ်သည် နေရာမှ ပျောက်ကွယ်သွားပြီး တတိယထပ်ရှိ တောအုပ်အတွင်း ရောက်သွားခဲ့ပြန်သည်။ သူသည် နတ်ဆိုးသားရဲ အကောင်ငယ်လေးများကို ဖမ်းဆီးကာ ကင်စားလိုက်သည်။ ထို့နောက် ကောင်းကင်ကျောက်တုံးများဖြင့် ဆက်လက်ကျင့်ကြံရန် အပေါ်ဆုံးထပ်သို့ ပြန်သွားလိုက်သည်။
သူ့ကိုယ် ပိုမိုကြံ့ခိုင်လာသည့်အတွက် ကောင်းကင်ကျောက်တုံးမှ စွမ်းအင်များကို စုပ်ယူနှုန်းမှာ ပိုမိုမြန်ဆန်လာခဲ့သည်။ မူလက ကောင်းကင်ကျောက်တုံး တစ်ခုကုန်ဆုံးရန် သုံးရက်ကြာသော်လည်း ယခုမူ တစ်ရက်ကျော်ကျော်သာ လိုအပ်တော့သည်။ သူ့သွေးကြောများ ပိုမိုကြံ့ခိုင်လာရာ ကောင်းကင်ကျောက်တုံးများမှ အားပြင်းလှသော စွမ်းအင်တို့သည် သူ့သွေးကြောများအပေါ် ဖိအားသိပ်မပေးနိုင်တော့ပေ။
ငါးရက်ကြာပြီးနောက် ကျန်းရီသည် နောက်ထပ်ကောင်းကင်ကျောက်တုံး သုံးတုံးကို အသုံးပြုပြီးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ကိုယ်တွင်းအမြင်အာရုံကို သုံး၍ ဒုတိယ်မြောက်ကြယ်အား ကြည့်လိုက်သောအခါတွင် အတွင်းအားတို့မှာ တစ်ဝက်ခန့်သာရှိသေးကြောင်း သတိပြုမိလိုက်သည်။ ဒုတိယမြောက်ကြယ် ပုံစံပြောင်းရန်အတွက် ပထမကြယ်ထက် အတွင်းအား နှစ်ဆလိုအပ်လေသည်။ သူသည် နောက်ထပ်ကောင်းကင်ကျောက်တုံး သုံးလေးခုကို သုံး၍ ကျင့်ကြံရဦးမည့်ပုံ ပေါ်လေသည်။
ဒုတိယကြယ် ပုံစံပြောင်းရန်အတွက် ကောင်းကင်ကျောက်တုံး ဆယ်ခုလိုအပ်မည်ဆိုလျှင် တတိယမြောက်ကြယ်အတွက် မည်မျှ လိုအပ်လိမ့်မည်နည်း။ ကျန်းရီသည် တွေးပင်မတွေးရဲတော့ချေ။ သူ့မသိစိတ်မှ ခံစားနေမိသည်မှာ နောက်ပိုင်းကြယ်များတွင် ကောင်းကင်ကျောက်တုံးလိုအပ်မှု သေချာပေါက် ပိုများလာလိမ့်မည်ဟု ဖြစ်သည်။
နောက်ထပ်သုံးရက်မြောက်နေ့တွင် ဒုတိယမြောက်ကြယ်တွင် အတွင်းအားများ ပြည့်သွားခဲ့သည်။ ကျန်းရီသည် ဒုတိယကြယ် အသွင်ပြောင်းမည်အား အတော်လေး မျှော်လင့်စောင့်စားခဲ့ရသည်။
ဒုတိယကြယ်သည် ဖြည်းဖြည်းချင်း ဖောင်းကားလာခဲ့သည်။ ၎င်းသည် အကန့်အသတ်သို့ ရောက်သည်နှင့် ကြယ်များအားလုံး လင်းလက်လာခဲ့ပြီး ၎င်းတို့အထဲမှ အတွင်းအားများ အားလုံးသည် ဒုတိယကြယ်အတွင်းသို့ စီးဆင်းသွားကြသည်။ ပထမကြယ် တစ်ခုတည်းသာ ငြိမ်သက်စွာ ကျန်ရစ်နေသည်။
တစ်ချိန်တည်းတွင် စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေအထက်မှ တိမ်များ၊ လေများအားလုံးသည် စတင်၍ ရွေ့လျားကုန်ကြသည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များသည် တားမြစ်နယ်မြေအထက် စုဝေးလာခဲ့သည်။ ထို့နောက်တွင် ကောင်းကင်ကိုးဆင့် ကြယ်များထဲမှ တစ်လုံးသည် လင်းလက်သွားခဲ့ပြီး ကောင်းကင်အလင်းတန်းတစ်စင်း ကျဆင်းလာခဲ့သည်။ ၎င်းသည် ကောင်းကင်ကိုးထပ်ကို ဖြတ်ကျော်၍ စကြဝဠာနန်းတော်၏ အစီအရင်များကို ထိုးဖောက်ကာ ကျန်းရီ၏ကိုယ်တွင်းသို့ ဝင်ရောက်လာခဲ့သည်။
ကြယ်တစ်လုံး အသွင်ပြောင်းပြီးနောက် ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးပေးမှုဖြစ်စဉ် နောက်တစ်ကြိမ်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။
ကျန်းရီသည် ဒန်တျန်းအတွင်းမှ ကြယ်၏အသွင်းပြောင်းခြင်းကိုသာ အာရုံရောက်နေ၍ ထိုအချက်ကို မသိခဲ့သေးပေ။ သူသည် ကောင်းကင်ကြယ်ကိုးလုံး၏ စွမ်းအင်များ သူ့ကိုယ်တွင်းရှိ ဒုတိယကြယ်အတွင်း ဝင်ရောက်လာပြီး အသွင်ပြောင်းပေးလိုက်သည့် အချက်ကို သတိမပြုမိခဲ့ချေ။
သူ ဘာမှမသိခဲ့သော်လည်း အပြင်လောကတွင်မူ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။
နယ်မြေ၏သမိုင်းတွင် ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးပေးမှုဖြစ်စဉ် ဖြစ်ပွားချိန်တိုင်း တစ်ယောက်ယောက် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွား၍သာ ဖြစ်ခဲ့သည်။
ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရန် မည်မျှခက်ခဲသနည်း။
မကြာသေးမီက ဖြစ်ပွားခဲ့သော ကောင်းကင်နှင့်မြေကြီး၏ ထူးခြားမှုဖြစ်စဉ်များအား လူတိုင်းက သံသယဝင်နေကြသည်။ ယခင်က ထိုသူမှာ နတ်ဆိုးဧကရီဖြစ်မည်ဟု အားလုံးက ယူဆခဲ့ကြသည်။ သို့သော်လည်း ယခုတစ်ကြိမ် ဖြစ်စဉ်မှာ တမလွန်တောအုပ်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးဧကရီသည် တောင်စဉ်သုံးထောင်အတွင်းတွင်သာ အမြဲနေထိုင်ခဲ့သည်။ ထို့ကြောင့် နတ်ဆိုးသားရဲဘုရင်တစ်ကောင်ကောင်မှ နတ်ဆိုးဧကရာဇ်အဖြစ်သို့ အဆင့်တက်ခြင်း သို့မဟုတ် တမလွန်တောအုပ်အတွင်းတွင် တစ်စုံတစ်ယောက် ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းသွားခြင်းသာ ဖြစ်နိုင်လေသည်။
နတ်ဆိုးသားရဲဘုရင်တစ်ကောင်မှ နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းခြင်းသည် လူသားတစ်ယောက် ဗာဂျရာအဆင့်မှ ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းခြင်းထက် ပိုမိုခက်ခဲလေသည်။ တမလွန်တောအုပ်ထဲတွင် နတ်ဆိုးသားရဲဘုရင်နှစ်ကောင် ရှိပြီး ထိုနတ်ဆိုးသားရဲနှစ်ကောင်သည် စွမ်းအားအလွန်မမြင့်ကြောင်း နယ်မြေမှ အင်အားကြီးသူများအားလုံး သိထားကြသည်။ ၎င်းတို့သည် နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်နိုင်သည့်အဆင့်တွင် မရှိပေ။ ရာစုနှစ်အနည်းငယ်နှင့် အလွန့်အလွန်ကောင်းသည့်ကံ ရှိပါမှ ၎င်းတို့ အဆင့်တက်ရန် ဖြစ်နိုင်လိမ့်မည်။
သို့နှင့် ထိုဖြစ်ရပ်သည် ပဟေဋ္ဌိတစ်ခု ဖြစ်လာခဲ့သည်။ ရှန်မိနိုင်ငံ၏ ငွေပန်းပွင့်အဘွားအိုသည်ပင် ဤတစ်သက်တွင် အဆင့်တက်နိုင်လိမ့်မည် မဟုတ်ပေ။ တမလွန်တောအုပ်အတွင်း ကျင့်ကြံနေသူမှာ မည်သူဖြစ်နိုင်သနည်း။
ထိုအချိန်တွင် နာမည်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ကျန်းရီ စုန်းနတ်ဘုရား၏ အမွေအနှစ်ကို ရရှိခဲ့သော သတင်းကို ဂိုဏ်းအတော်များများက သိထားခဲ့ကြသည်။ ယာ့ဇီသားရဲသည် ထင်းလင်းလွန်းနေပြီး သူတို့အနည်းငယ် စုံစမ်းကြည့်လိုက်သည်နှင့် ယာ့ဇီသားရဲမှာ စုန်းနတ်ဘုရားက ယဉ်ပါးအောင် လုပ်ခဲ့သော နတ်ဆိုးသားရဲ တစ်ကောင်ဖြစ်ကြောင်း သူတို့ သိခဲ့ရသည်။
လူအများစုသည် ယခင်ဖြစ်ရပ်တို့ကို ပြန်တွေးကြည့်သော် ယခင်အကြိမ် ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးပေးမှုသည် ကျန်းရီ တောင်စဉ်သုံးထောင်အတွင်း ရှိနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပထမတစ်ကြိမ်က ဟွာယွင်တောင်တွင် ဖြစ်လေသည်။ ထို့နောက်တွင် ကျန်းရီသည် ရှန်ဝူနိုင်ငံ၏ စစ်တပ်ကို ဝိဉာဉ်ပျက်သုန်းတောင်ကြားတွင် ဖြတ်တိုက်ခဲ့သည်။
ထိုအချက်အား တွေးမိသွားသည်နှင့် လူများစွာသည် ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ သူတို့သည် ထိုအချက်အား ကျန်းရီ၏ ရုတ်တရက် စွမ်းအားများ မြင့်မားလာမှုနှင့် ဆက်စပ်ကြည့်သော် လူတိုင်းသည် ကြက်သီးမွှေးညှင်းများ ထလာကြသည်။
မိုးပြာနဂါးအင်ပါယာနှင့် လက်အောက်ခံနိုင်ငံလေးခုသည် ရှားယွိမြို့တွင်း ပုန်းအောင်းနေကြသည့် ကင်းထောက်များထံ ချက်ချင်း သတင်းပို့လိုက်ကြသည်။ သူတို့သည် မြို့တွင်းမှ ကျန်းရီသည် အတုမှန်း၊ အစစ်မှန်း ရနိုင်သမျှ နည်းလမ်းကိုသုံး၍ စုံစမ်းရမည်။
ထိုကျန်းရီသည် အတုဖြစ်နေပါလျှင် အခြေအနေမှာ အလွန်အရေးကြီးလာလိမ့်မည်။
သူသည် သုံးနှစ်တာကာလ မပြည့်ခင် ဤပုံစံအတိုင်း ဆက်လက်ပိုမိုအင်အားကြီးလာနေပါလျှင် နိုင်ငံလေးခုနှင့် မိုးပြာနဂါးအင်ပါယာမှာ သူ့လက်တစ်ဖက်တည်းဖြင့် ဖျက်စီးခံရလိမ့်မည်။
ဒီကလေးက ကောင်းကင်ကျောက်တုံးတွေနဲ့ ကျင့်ကြံနေပြန်ပြီ။ သူက သူ့အနာဂတ်သူ ဖျက်စီးနေတာပဲ...
နတ်ဆိုးဧကရီ၊ ကျူးကော့ချမ်ယွမ်နှင့် ရွှေယို့လန်တို့သည် ချက်ချင်းနားလည်လိုက်ကြသည်။ သူတို့အားလုံးသည် နှမြောတသ အမူအရာတို့နှင့် သက်ပြင်းကိုယ်စီချမိကြသည်။ ထိုအခိုက်အတန့်သည် စွမ်းအားမြင့်သူတစ်ယောက် မွေးဖွားလာမှုနှင့်အတူ မျိုးဆက်၏ ပါရမီရှင်တစ်ယောက် ကျဆုံးမှုကို သူတို့ ကိုယ်တွေ့ကြုံလိုက်ရသော အချိန်လည်း ဖြစ်သည်။
*****