ပထမဆုံးရွေးချယ်မှု
Vol. 49 Ch. 673
ဟေမာန်ရာသီ ဆောင်းဥတု အစချီသော အချိန်ကာလဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ နှင်းပွင့်နှင်းစက်များဖြင့် ဖုံးလွှမ်းနေပေသည်။
သို့သော် ကန်ရွှမ်းကလန်တစ်ခုလုံးမှာ မီးပြင်းသောအိုးတစ်ခုထဲ ရောက်နေသည့်အလား အလွန်ပင် စိတ်လှုပ်ရှားနေကြပြီး ကောင်းကင်ထက်မှ နှင်းမြူများကိုပင် အရည်ပျော်ကျစေလျက် ရှိသည်။
ကန်ရွှမ်းကလန်၏ နေရာတိုင်းတွင် တပည့်များဖြင့် ပြည့်နှက်နေလျက်ရှိပြီး မျက်စိတဆုံးပင် ကျော်လွန်နိုင်လောက်သော လူပမာဏဖြစ်သည်။ တပည့်များအားလုံးမှာ ကြီးကျယ်ခမ်းနားသောတိုက်ပွဲအား ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ကြည့်ရှုနိုင်ရန် ကျင့်ကြံခြင်းအစီအစဉ်များအား ရပ်နားကာ ထွက်လာခဲ့ကြခြင်း ဖြစ်သည်။
ကန်ရွှမ်းကလန်၏ တပည့်များအားလုံးမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြလေသည်။
ကလန်ခေါင်းဆောင်ချင်းယန်၊ တောင်ထွတ်ဆရာသခင်များနှင့် များပြားလှသော အကြီးအကဲများမှာလည်း ကောင်းကင်ထက်တွင် နေရာယူထားလျက် ရှိသည်။
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် မူလသူတော်စင်တောင်ထွတ်ထံမှ ချီတိမ်တိုက်တစ်ခု ထွက်ပေါ်လာသည်။ ချီတိမ်တိုက်အား စီးနင်းလိုက်ပါလာသူမှာ ဇူယွမ်နှင့် ယောင်ယောင်တို့ပင် ဖြစ်သည်။
ဇူယွမ်မှာ အတော်လေး ချောမောခန့်ညားသူဟု ဆိုနိုင်ပါသော်လည်း ကောင်းကင်ဘုံမှ ဆင်းသက်လာသော အလှနတ်ဘုရားမလေးအလား ကျက်သရေရှိလွန်းလှသည့် ယောင်ယောင်နှင့် ဘေးချင်းယှဉ်လျက် ရှိနေရသောကြောင့် ဇူယွမ်၏ ခန့်ညားမှုများမှာ အတော်ပင် မှေးမှိန်သွားရသည်။ အကယ်၍ ယနေ့၏ အဓိကဇာတ်လိုက်သည်သာ ဇူယွမ်မဟုတ်ပါက ကလန်တစ်ခုလုံးရှိ တပည့်များအားလုံးမှာ ယောင်ယောင်တစ်ဦးတည်းကိုသာ ကြည့်ရှုနေကြလိမ့်မည် ဖြစ်သည်။
ယောင်ယောင်မှာ ထန်ထန်အား ပွေ့ပိုက်ထားလျက်ရှိပြီး ၎င်း၏နူးညံ့သော သားမွေးလေးများအား ပွတ်သပ်ပေးနေလျက် ရှိသည်။ သူမသည် မျက်စိတဆုံး မြင်တွေ့နေရသော လူအုပ်ကြီးကြောင့် အနည်းငယ် စိတ်ရှုပ်နေမိသည်။ ကန်ရွှမ်းကလန်သို့ စတင်ရောက်ရှိသည့် အချိန်မှစ၍ ယခုလောက်များပြားသော လူအုပ်ကြီးအား မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ဇူယွမ်မှာ ချီတိမ်တိုက်အား ရပ်တန့်စေလိုက်ပြီးနောက် တောင်ထွတ်ခြောက်ခုအား သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်သည်။ ထိုအချိန်မှာပင် တောင်ထွတ်ခြောက်ခုထံမှ ချီစွမ်းအင်အလင်းတန်းများ ကောင်းကင်ထက်သို့ ထိုးတက်မြင့်မားလာ၏။
မြင့်တက်လာသော ချီစွမ်းအင် အလင်းတန်းများထံမှ ထွက်ပေါ်လာသော စွမ်းအင်ဖိအားများကြောင့် များစွာသော တပည့်များ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ထိုအလင်းတန်းခြောက်ခု၏အလယ်တွင် ခန့်ထည်စွာရပ်တည်နေသော ပုံရိပ်ခြောက်ခုကိုလည်း မြင်တွေ့နေရသည်။
ထိုပုံရိပ်များမှာ ဇူယွမ်၏ စိန်ခေါ်ခြင်းအား လက်ခံရန် အသင့်ရှိနေကြသော တောင်ထွတ်ခြောက်ခုမှ ရွေးချယ်ခံခြောက်ဦးပင် ဖြစ်သည်။
ကန်ရွှမ်းတောင်ထွတ်၌ ချူချင်း
ဓားကပ်ဘေးတောင်ထွတ်၌ ခုန်းရှန်
နှင်းပဒုမ္မာတောင်ထွတ်၌ လီချင်းချန်
ဟုန်ယာတောင်ထွတ်၌ ရှမ့်ချွမ်ချူး
မိုးကြိုးအကျဉ်းထောင်တောင်ထွတ်၌ လုကျင်းရှန်း
သူတော်စင်မှော်စာလုံးတောင်ထွတ်၌ ယဲ့ကယ်
ရွေးချယ်ခံခြောက်ဦး၏ စွမ်းအင်များမှာ သက်ဆိုင်ရာတောင်ထွတ်များမှ အထောက်အပံ့များ ရရှိနေသောကြောင့် နဂိုထက် အဆပေါင်းများစွာ သာလွန်မြင့်မားနေလျက် ရှိသည်။
ဇူယွမ်မှာ တောင်ထွတ်ခြောက်ခုမှ ရွေးချယ်ခံများအား ကြည့်ရှုလိုက်ပြီးနောက် လေးနက်စွာ စကားဆိုလိုက်သည်။ "သက်ဆိုင်ရာတောင်ထွတ်တွေရဲ့ အထောက်အပံ့တွေက တကယ်ကြောက်စရာကောင်းလောက်အောင် စွမ်းအင်ကို မြှင့်တင်ပေးနိုင်တာပဲ။ အကိုတော်ချုချင်းတောင် ရွေးချယ်ခံစိန်ခေါ်ပွဲကို ရှုံးတာအံ့သြစရာ မဟုတ်တော့ပါဘူး။"
လူတိုင်းမှာ ဇူယွမ်၏ ပထမဆုံး ရွေးချယ်မည့်သူအား အလွန်ပင် သိချင်နေကြပြီ ဖြစ်သည်။
ဇူယွမ်မှာ အနည်းငယ်မျှ တွေဝေနေဟန်ဖြင့် ယောင်ယောင်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ကျွန်တော်သွားတော့မယ်နော်။"
ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဒီနေ့ နင်နိုင်မယ်ဆိုရင် ညကြရင် ငါနင်နဲ့တူတူ အဖော်လုပ်ပြီး အရက်သောက်ပေးမယ်။"
ဇူယွမ်မှာ မျက်ဝန်းများ တောက်ပသွားရပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ "တခြားကိစ္စတွေရော ပါဦးမှာလား။"
ယောင်ယောင်မှာ ရုတ်တရက် အံ့အားသင့်သွားရပြီးနောက် အေးစက်နေသော မျက်ဝန်းများဖြင့် ခက်ထန်စွာ စကားဆိုလိုက်သည်။ "အဆင့်တက်သွားပြီးတော့ တော်တော်သတ္တိရှိနေတဲ့ပုံပဲ... ဟုတ်လား။"
ယောင်ယောင်၏ ရင်ခွင်ထဲတွင် ရှိနေသော ထန်ထန်မှာလည်း ဇူယွမ်အား အမဲဖြတ်တော့မည့်အလား စူးရဲစွာ ကြည့်ရှုနေလေသည်။ ဤနေရာ၌သာ ဆက်နေနေပါက ဇူယွမ်မှာ ယောင်ယောင်၏ လက်ချက်ဖြင့်ပင် သေပွဲဝင်ရတော့မည့်ဟန် ရှိသည်။
ထို့ကြောင့် ဇူယွမ်မှာ တွေဝေမနေတော့ပဲ တစ်ချိုးတည်း ထွက်လာခဲ့လိုက်တော့သည်။
ဇူယွမ်မှာ ကောင်းကင်ထက်မှ စွမ်းအင်အလင်းတန်းများ ထွက်ပေါ်နေသော တောင်ထွတ်တစ်ခုထံသို့ ဦးတည်ပျံဝဲသွားလိုက်သည်။
စောင့်ကြည့်နေသူများမှာ ဇူယွမ်၏ ရွေးချယ်မှုအား အလွန်ပင် အံ့အားသင့်သွားကြရ၏။ "ဟာ...သူ့ရဲ့ ပထမဆုံး ရွေးချယ်မှုက ဟုန်ယာတောင်ထွတ်ပဲ။"
ယခုလက်ရှိ ဇူယွမ်၏ စိန်ခေါ်ခြင်းအား လက်ခံရန် အသင့်ရှိနေကြသော တောင်ထွတ်ခြောက်ခုမှ ရွေးချယ်ခံများအနက် ယဲ့ကယ်မှာ တိုက်ခိုက်ရန် အလွယ်ကူဆုံး ဖြစ်သည်။ တစ်ဖက်တွင်မူ ရှမ့်ချွမ်ချူးမှာ ဇူယွမ်မပါဝင်မှီ ရွေးချယ်ခံ ဆယ်ဦးထဲရှိစဉ်အချိန်၌ စတုတ္ထမြောက် အထူးချွန်ဆုံးနေရာအား ရရှိထားသူ ဖြစ်၏။ ထို့ကြောင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ရှမ့်ချွမ်ချူးအား ရွေးချယ်လိုက်ခြင်းသည် ယဲ့ကယ်အား ရွေးချယ်ခြင်းထက် ပို၍ခက်ခဲလိမ့်မည်ပင် ဖြစ်သည်။
ဟုန်ယာတောင်ထွတ်၏ အမြင့်မားဆုံး တောင်ထွတ်ပေါ်၌ ရှမ့်ချွမ်ချူးမှာ လေးနက်သောအမူအရာဖြင့် ကောင်းကင်ထက်မှ ဆင်းသက်လာသော ဇူယွမ်အား ကြည့်ရှုလိုက်သည်။
ရှမ့်ချွမ်ချူး၏ အသားအရေထက်တွင် အလင်းတန်းများ စီးဆင်းနေလျက်ရှိပြီး သွေးများလည်း ဆူပွက်နေကာ ခန္ဓာကိုယ်မှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။
ဟုန်ယာတောင်ထွတ်ထံမှ စွမ်းအင်အထောက်အပံ့အား ရရှိထားသောကြောင့် ရှမ့်ချွမ်ချူးမှာ ယခင်ကထက်ပို၍ အဆပေါင်းများစွာ သာလွန်မြင့်မားနေလျက် ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ရှမ့်ချွမ်ချူး၏ အမူအရာမှာ အလွန်ပင် လေးနက်ခက်ထန်နေလျက်သာ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ပိန်ပါးကျစ်လစ်သော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် ဇူယွမ်ထံမှ ပြင်းထန်လွန်းလှသော အန္တရာယ်အငွေ့အသက်အား ရရှိနေသောကြောင့် ဖြစ်သည်။
ရှမ့်ချွမ်ချူးမှ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဂျူနီယာညီတော် ဇူယွမ်က ငါ့ရဲ့ဟုန်ယာတောင်ထွတ်ကို ပထမဆုံး ရွေးချယ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
ဇူယွမ်မှ ရှမ့်ချွမ်ချူးအား ပြုံးရယ်ပြလိုက်သည်။ ကန်ရွှမ်းသိုင်းကျမ်းခုနစ်ခုအနက် ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်မှလွဲ၍ ဇူယွမ် စိတ်အဝင်စားဆုံး သိုင်းကျမ်းမှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ပင် ဖြစ်သည်။
ဇူယွမ် ကျင့်ကြံထားသော ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်သည် မူလဆန်းကြယ်သောခန္ဓာကျင့်စဉ်ထံမှ ထုတ်နှုတ်ထားသော သိုင်းကျမ်းအကျဉ်းချုပ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် ဇူယွမ်နှင့် ရှမ့်ချွမ်ချူးတို့သည် မြစ်ဖျားခံရာ တူညီသည့် သိုင်းကျမ်းများကို ကျင့်ကြံနေခြင်းဖြစ်သည်ဟု ဆိုလိုနိုင်ပေသည်။ သို့သော် အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်မှာ သိုင်းကျမ်းအကျဉ်းချုပ်ဖြစ်သည့် ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်ထက် အဆပေါင်းများစွာ ပို၍သာလွန်နေလျက် ရှိသည်။
ဇူယွမ်သာ အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား ရရှိခဲ့ပါက ကျင့်ကြံရသည်မှာ အလွန်လွယ်ကူအဆင်ပြေလိမ့်မည်ပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်အနေဖြင့် သိုင်းကျမ်းအကျဉ်းချုပ်ဖြစ်သည့် ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်အား ကျင့်ကြံထားပြီးဖြစ်သလို ကျင့်စဉ်နှင့်ပက်သတ်သည့် အတွေ့အကြုံများစွာလည်း ရှိနေပြီဖြစ်သောကြောင့် ဖြစ်သည်။
အခြားသော သိုင်းကျမ်းငါးခုမှာမူ ရရှိခဲ့လျှင်ပင် ထိုကျင့်စဉ်များအား သဘောပေါက်နားလည်စေရန်အတွက် အချိန်များစွာပေးကာ လေ့လာရဦးမည် ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်၏ တိုက်ပွဲစွမ်းရည်အား အလျင်မြန်ဆုံး မြှင့်တင်ပေးနိုင်မည့်သိုင်းကျမ်းမှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ပင် ဖြစ်သည်။
စသည့်အကြောင်းအရင်းများကြောင့် ဇူယွမ်မှာ ဟုန်ယာတောင်ထွတ်အား ပထမဆုံး ရွေးချယ်လိုက်ရခြင်းပင် ဖြစ်၏။
"ကျွန်တော့်ကို သင်ပြပေးပါဦး စီနီယာအကိုတော် ချွမ့်ချူး။" ဇူယွမ်မှ အရိုအသေပြုကာ ပြောလိုက်သည်။
ရှမ့်ချွမ်ချူး၏ အမူအရာမှာ လေးနက်ခက်ထန်သွားရပြီးနောက် ခန္ဓာကိုယ်မှ သွေးများဆူပွက်လာကာ ခြေဖဝါးအောက်ရှိ မြေပြင်များသည်ပင် အက်ကွဲကုန်ရသည်။
ရှမ့်ချွမ်ချူး၏ အသားအရေထက်တွင် စီးဆင်းနေသော ကျောက်စိမ်းရောင်အလင်းတန်းများမှာ သန့်စင်ကြည်လင်လွန်းလှသည်။ သူ၏ အသွေးအသားများမှာလည်း ငွေရောင်ခြည်အလင်းတန်းများဖြင့် ပြည့်နှက်နေလျက် ရှိသည်။
အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်တွင်လည်း အဆင့်သုံးခုရှိပြီး ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်၏ ကျောက်စိမ်းရောင်အသားအရေ၊ ငွေရောင်ခြည်အသွေးအသား၊ ရွှေအိုရောင်သွေးစက် စသောအဆင့်သုံးခုနှင့် အခေါ်အဝေါ် အနည်းငယ် ခြားနားပေသည်။ အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်မှ အဆင့်သုံးခု၏ အမည်များမှာ ဆန်းကြယ်သော ကျောက်စိမ်းရောင်အသားအရေ၊ ငွေခြည်ကြယ်ပွင့်အသွေးအသား၊ ရွှေပြဒါးသွေးစက်တို့ ဖြစ်သည်။
အမည်များမှာ ကွဲပြားသကဲ့သို့ စွမ်းအင်အရာတွင်လည်း ခြားနားလေသည်။
ရှမ့်ချွမ်ချူးထံမှ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ အတားအဆီးမဲ့စွာ ထွက်ပေါ်နေလျက် ရှိသည်။ ထွက်ပေါ်နေသော စွမ်းအင်များမှာ ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်ပါသော်လည်း ထိုမျှလောက်ဖြင့် မလုံလောက်သေးကြောင့် ရှမ့်ချွမ်ချူးမှ ကောင်းစွာသိရှိနေသည်။
"ဝေါင်း...."
ရှမ့်ချွမ်ချူးထံမှ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်နှင့်အတူ ယင်း၏ခန္ဓာကိုယ်မှာလည်း ပုံမှန်ထက် အဆပေါင်းများစွာ ကြီးထွားလာသည်။
ရှမ့်ချွမ်ချူး၏ ခန္ဓာကိုယ်အတွင်း ပြည့်နှက်နေလျက်ရှိသော ငွေရောင်ခြည်အလင်းတန်းများမှာ အကန့်အသတ်သို့ ရောက်ရှိသွားပြီးနောက် ရွှေရောင်အလင်းတန်းများ စတင်ထွက်ပေါ်လာသည်။
ထိုရွှေရောင်အလင်းတန်းများမှာ မီးပြင်းပြင်းပေါ်တွင် အရည်ပျော်ကျနေလျက်ရှိသော ရွှေပြဒါးရည်များကဲ့သို့ အနီရဲရဲအလင်းတန်းများ ပါဝင်နေလျက် ရှိသည်။
ဟုန်ယာတောင်ထွတ်မှ တပည့်များမှာ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အော်ဟစ်ပြောဆိုလိုက်ကြသည်။ "စီနီယာအကိုတော် ရှမ့်ချွမ်ချူးရဲ့ ဆန်းကြယ်သောခန္ဓာကျင့်စဉ်က ရွှေပြဒါးသွေးစက်အဆင့်ကို ရောက်သွားပြီကွ။"
ဟုန်ယာတောင်ထွတ်ထံမှ ရရှိထားသော စွမ်းအင်အထောက်အပံ့များကြောင့် ရှမ့်ချွမ်ချူး၏ ဆန်းကြယ်သောခန္ဓာကျင့်စဉ်မှာ ရွှေပြဒါးသွေးစက်အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
လက်ရှိအချိန်၌ ရှမ့်ချွမ်ချူးမှာ ရွှေရည်စိမ်ထားသော ကျားသားရဲကြီးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော အနေအထားတွင် ရှိသည်။ သူသည် ဇူယွမ်အား စူးရဲစွာ ကြည့်ရှုလိုက်ပြီးနောက် မြေပြင်အားဆောင့်နင်းကာ ကောင်းကင်ထက်သို့ ခုန်တက်သွားတော့သည်။
ဝုန်း....
"ဂျူနီယာညီတော်ဇူယွမ် ငါ့ဆီကလက်သီးချက်ကို လက်ခံပေးပါ။"
ရှမ့်ချွမ်ချူး၏ အသွင်သဏ္ဍာန်မှာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ထည်လွန်းလှပြီး ထိုးနှက်ချက်မှာလည်း တောင်များကိုပင် အမှုန့်ခြေနိုင်လောက်သည်အထိ ပြင်းထန်လှသည်။
ဇူယွမ်မှာ နီးကပ်လာသော ရှမ့်ချွမ်ချူး၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိပဲ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
ဇူယွမ်၏ ချီပင်လယ်အတွင်း ရှိနေသော ချီကြယ်ပွင့် တစ်သိန်းရှစ်သောင်းမှာ တောက်ပလင်းလက်လာပြီးနောက် ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာသည်။
ဇူယွမ်ကိုယ်တိုင်သည်ပင် တစ်သိန်းရှစ်သောင်းသော ချီကြယ်ပွင့်များထံမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကြောင့် အနည်းငယ် အံ့အားသင့်မိသွားရသည်။
ဝုန်း....
ဇူယွမ်မှာ လက်သီးဆုပ်လျက် ရှမ့်ချွမ်ချူး၏ ထိုးနှက်ချက်အား ခုခံလိုက်သည်။
လက်သီးနှစ်ခုမှာ လေထုထဲတွင် တွေ့ဆုံသွားရပြီးနောက် ပြင်းထန်လွန်းလှသော စွမ်အင်လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
လူတိုင်းမှာ မျက်တောင်ပင်မခတ်ပဲ ရှမ့်ချွမ်ချူးနှင့် ဇူယွမ်တို့အား ကြည့်ရှုနေလျက် ရှိသည်။
အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် ရှမ့်ချွမ်ချူးမှာ ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရကာ ပြင်းထန်လှသောအရှိန်ဖြင့် အဝေးသို့ လွင့်စင်သွားရသည်ကို တွေ့ရှိလိုက်ကြရသည်။
ဝုန်း....
ရှမ့်ချွမ်ချူး လွင့်စင်သွားရာ မြေပြင်တလျှောက် ကြီးမားသော စွတ်ကြောင်းကြီးပင် ဖြစ်ပေါ်သွားရပြီး အဆုံးသတ်တွင်မူ တောင်ကုန်းတစ်ခုနှင့် ရိုက်ခတ်မိသွားသည်။
စောင့်ကြည့်နေကြသော ကန်ရွှမ်းကလန်၏ တပည့်များအားလုံးမှာ ထိုမြင်ကွင်းကြောင့် အလွန်အံ့အားသင့်သွားကြရသည်။
မည်သူကမှ ဇူယွမ်သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် တားဆီးမရနိုင်သော ရှမ့်ချွမ်ချူးအား တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု ထင်မှတ်မထားကြချေ။
ဇူယွမ်က ဘယ်လောက်တောင် သန်မာနေတာလဲ...