← Chapters

ထောပတ်တုံးအားဓားပူပူနှင့်လှီးဖြတ်လိုက်သကဲ့သို့

Vol. 49 Ch. 674

ထောပတ်တုံးအားဓားပူပူနှင့်လှီးဖြတ်လိုက်သကဲ့သို့

Vol. 49 Ch. 674

ကျောက်တုံးကျောက်ဆောင်များမှာ အဆင်မပြတ် ပြိုကျနေလျက်ရှိပြီး ပုံရိပ်တစ်ခုမှာ ကျောက်တုံးများကြား နစ်မြုပ်နေရလျက် ရှိသည်။ တစ်ဖက်သတ်ဆန်လွန်းသော တိုက်ပွဲရလဒ်ကြောင့် စောင့်ကြည့်နေသူများအားလုံး အလွန်ပင် ထိတ်လန့်အံ့သြသွားကြရသည်။

အခြားတောင်ထွတ်ငါးခုမှ ရွေးချယ်ခံများမှာလည်း မျက်ဝန်းများ ကျဉ်းမြောင်းသွားကြရသည်။

ရှမ့်ချွမ်ချူး၏ အစောပိုင်း တိုက်ခိုက်မှုမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ပြီးပြည့်စုံလုနီးပါးရှိသည်ဟု ဆိုနိုင်ပေသည်။ သို့သော် ထိုတိုက်ခိုက်မှုသည်ပင် ဇူယွမ်အား အနည်းငယ်မျှ မတုန်လှုပ်နိုင်စေခဲ့ပေ။

ဇူယွမ်သည် မည်သည့်ကျင့်စဉ်ကိုမှ အသုံးပြုခြင်းမရှိပဲ ချီစွမ်းအင်သက်သက်ဖြင့်သာ ရှမ့်ချွမ်ချူးအား ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တစ်သိန်းရှစ်သောင်းမျှသော ချီကြယ်ပွင့်များ၏စွမ်းအင်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

အံ့အားသင့်နေကြသော တပည့်များအကြားတွင် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ကျယ်လောင်စွာ အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။ ၎င်းတို့မှာ ဟုန်ယာတောင်ထွတ်၏ အမြင့်ဆုံးတောင်ထွတ်ပေါ်တွင် ရှိနေသော ဇူယွမ်၏ပုံရိပ်အား လေးစားအားကျနေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။

ဇူယွမ်သည် ကလန်အတွင်းမှ မျိုးဆက်တူ ရွေးချယ်ခံတစ်ဦးအား လှပသေသပ်စွာ အနိုင်ယူခဲ့ပြီပင် ဖြစ်သည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ချီစွမ်းအင်များအား ပြန်လည်တည်ငြိမ်စေလိုက်သည်။

ဇူယွမ်မှာ ကျိုးပဲ့ပျက်စီးသွားသော ကျောက်တုံးကျောက်ဆောင်များအား ကြည့်ရှုလိုက်ပြီးနောက် သက်ပြင်းချလိုက်မိသည်။ အတိတ်ကာလများ၌ ချီစွမ်းအင်ချင်း ယှဉ်ပြိုင်ရာတွင် အမြဲတစေ ဖိနှိပ်ခံခဲ့ရသည်မှာ သူသာဖြစ်ခဲ့ပါသော်လည်း ယခုအခါတွင် ဇူယွမ်သည် တစ်ဖက်လူအား လုံလောက်ကောင်းမွန်စွာ ဖိနှိပ်နိုင်သည်အထိ သန်မာလာခဲ့ပြီပင် ဖြစ်သည်။

နတ်ဘုံခန်းဝါအဆင့်ထက်နိမ့်သော မူလစဦးအဆင့်များတွင် ချီကြယ်ပွင့် တစ်သိန်းရှစ်သောင်းခန့်ရှိသူမှာ လွန်စွာရှားပါးလွန်းလှသည်။

ရှမ့်ချွမ်ချူးမှာ ပြိုကျပျက်စီးနေသော ကျောက်တုံးကျောက်ဆောင်များကြားမှ ထွက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာ သွေးအလိန်းလိန်းဖြင့် ပေကျံနေလျက်ရှိပြီး အဝတ်အစားများမှာလည်း ဆုတ်ပြဲပျက်စီးနေရသည်။

ရှမ့်ချွမ်ချူးမှာ နှုတ်ခမ်းထောင့်စွန်းတွင် ပေကျံနေသော သွေးစများအား ခပ်ကြမ်းကြမ်း ပွတ်ထုတ်လိုက်ပြီးနောက် ခါးသက်စွာရယ်မောလျက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဂျူနီယာညီတော် ဇူယွမ်ရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်က တကယ်ကို ကြောက်စရာကောင်းတာပဲ။ ဒီအရှုံးကို ငါကျေကျေနပ်နပ်ကြီး လက်ခံပါတယ်။"

"ကျွန်တော့်ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" ဇူယွမ်မှ ရှမ့်ချွမ်ချူးအား အရိုအသေပြုကာ ပြောလိုက်သည်။

ရှမ့်ချွမ်ချူးမှာ အင်္ကျီလက်မောင်းအိုးအတွင်း သိမ်းဆည်းထားသော ကျောက်စိမ်းစာလိပ်တစ်ခုအား ထုတ်ယူလိုက်သည်။

ဇူယွမ်မှာ လင်းလက်တောက်ပနေသော ကျောက်စိမ်းစာလိပ်အား လက်ခံရယူလိုက်သည်။ ထိုကျောက်စိမ်းစာလိပ်သည် အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား မှတ်တမ်းတင်ထားသည့် စာလိပ်ပင် ဖြစ်သည်။

"ဂျူနီယာညီတော်ကလည်း ပြင်ပသန်မာမှုကျင့်စဉ်တစ်ခုကို ကျင့်ကြံထားတယ်မလား။ အဲ့တာကို ဘယ်ကရလာတာလဲ မပြောတက်ပေမယ့် မင်းရဲ့ကျင့်စဉ်က အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်နဲ့ တော်တော်လေးဆင်တူတယ်။ အဲ့ဒါကြောင့် အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်နဲ့ဆိုရင် မင်းရဲ့ပြင်ပသန်မာမှုကျင့်ကြံရေးက နောက်ထပ်အဆင့်တစ်ခုကို တက်သွားလိမ့်မယ်။" ရှမ့်ချွမ်ချူးမှ ပြောလိုက်သည်။

ဇူယွမ်မှာ ကျောက်စိမ်းစာလိပ်အား သိမ်းဆည်းလိုက်ပြီးနောက် ရှမ့်ချွမ်ချူးအား နောက်ထပ်တစ်ကြိမ် အရိုအသေပြုနှုတ်ဆက်လိုက်သည်။

ကန်ရွှမ်းကလန်၏ တပည့်များမှာ ထိုမြင်ကွင်းအားကြည့်ကာ သက်ပြင်းချလိုက်မိကြသည်။ ၎င်းတို့သည် ရှမ့်ချွမ်ချူးနှင့် ဇူယွမ်တို့အား ရှည်လျားခါးသက်သော တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားကြခြင်း ဖြစ်သည်။ သို့သော် တိုက်ပွဲမှာ မယုံနိုင်စရာကောင်းလောက်အောင် တစ်ချက်တည်းဖြင့် ပွဲသိမ်းသွားခဲ့သည်။

ဤသို့ဖြင့် စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ဟုန်ယာတောင်ထွတ်မှ ထွက်ခွာလာကာ သူတော်စင်မှော်စာလုံးတောင်ထွတ်ပေါ်သို့ ဆင်းသက်လိုက်သည်။

...........

သူတော်စင်မှော်စာလုံးတောင်ထွတ်ပေါ်တွင် ရှိနေသော ယဲ့ကယ်မှာ ဇူယွမ်ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရပြီးနောက် သက်ပြင်းချလိုက်မိသည်။ သူ့ထက်ပို၍ အဆင့်မြင့်သော ရှမ့်ချွမ်ချူးသည်ပင် တစ်ချက်တည်းဖြင့် ဇူယွမ်အား ရှုံးနိမ့်ခဲ့ရသည်။ သူသာဆိုလျှင် အဘယ်သို့များ ဇူယွမ်အား ခုခံတိုက်ခိုက်နိုင်လိမ့်မည်နည်း။

"ဂျူနီယာညီတော်ဇူယွမ် ငါကနိုင်နိုင်ခြေမရှိဘူးဆိုပေမယ့်လည်း သူတော်စင်မှော်စာလုံးတောင်ထွတ်ရဲ့ ရွေးချယ်ခံတစ်ယောက်အနေနဲ့ ငါတို့တောင်ထွတ်က ပိုင်ဆိုင်ထားတဲ့ ကန်ရွှမ်းသိုင်းကျမ်းကို မင်းဆီအလွယ်တကူပေးမှာ မဟုတ်ဘူး။" ယဲ့ကယ်မှ စကားဆိုလိုက်သည်။

ဇူယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော့်ကို သင်ပြပေးပါဦး စီနီယာအကိုတော်ယဲ့ကယ်။"

ယဲ့ကယ်၏ အမူအရာမှာ လေးနက်ခက်ထန်သွားရပြီးနောက် လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်သည်။ သူ၏မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိဉာဉ်စွမ်းအင် ထွက်ပေါ်လာပြီးနောက် မီးအိမ်တစ်ခုအသွင် ဖြစ်ပေါ်သွားလေသည်။

"ဒါက ငါတို့သူတော်စင်မှော်စာလုံးတောင်ထွတ်က ပိုင်ဆိုင်ထားတဲ့ ကန်ရွှမ်းသိုင်းကျမ်းပဲ။ စိတ်ဝိဉာဉ်မီးအိမ်လို့ခေါ်တယ်။"

"စိတ်ဝိဉာဉ်မီးအိမ်ကို ဖန်တီးလိုက်နိုင်ပြီဆိုတာနဲ့ အဲ့တာကို စိတ်ဝိဉာဉ်မီးတောက် သိမ်းဆည်းဖို့နဲ့ ထုတ်ဖော်ဖို့အတွက် အသုံးပြုလို့ရတယ်။ ငါက နတ်ဘုံခန်းဝါအဆင့်ကို မတက်နိုင်သေးဘူးဆိုပေမယ့် စိတ်ဝိဉာဉ်မီးအိမ်ရဲ့ စွမ်းအင်ကိုငှားယူပြီး စိတ်ဝိဉာဉ်မီးတောက်ကို သုံးနိုင်တယ်။" ယဲ့ကယ်မှ စကားဆိုပြီးသည့်နှင့်တစ်ပြိုင်နက် စိတ်ဝိဉာဉ်မီးအိမ်အတွင်း မီးတောက်ငယ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုမီးတောက်ငယ်လေးမှာ စိတ်ဝိဉာဉ်မီးတောက်ပင် ဖြစ်သည်။

ဇူယွမ်မှာ အလွန်ပင် အံ့အားသင့်သွားရသည်။ နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းနိုင်ခြင်းမရှိသေးပဲ စိတ်ဝိဉာဉ်မီးတောက်အား ဖန်တီးနိုင်သူကို မြင်တွေ့ရသည်မှာ ယောင်ယောင်ပြီးလျှင် ယဲ့ကယ်မှာ ပထမဆုံးသူ ဖြစ်သည်။

စိတ်ဝိဉာဉ်မီးတောက်၏စွမ်းအင်အား ဇူယွမ်မှ ကောင်းစွာနားလည်သိရှိထားပြီး ဖြစ်သည်။ မြင့်မြတ်သောနန်းတော်မှ ကျန်းထိုက်ချင်သည်ပင် ယောင်ယောင်၏ စိတ်ဝိဉာဉ်မီးတောက်ကြောင့် များစွာဒုက္ခရောက်ခဲ့ရ၏။

"ဂျူနီယာညီတော် ဇူယွမ်သာ ငါ့ရဲ့စိတ်ဝိဉာဉ်မီးတောက်ကို ခုခံနိုင်မယ်ဆိုရင် သူတော်စင်မှော်စာလုံးတောင်ထွတ်က ပိုင်ဆိုင်ထားတဲ့ ကန်ရွှမ်းသိုင်းကျမ်းကို ကျေကျေနပ်နပ်ကြီး ပေးအပ်လိုက်ပါ့မယ်။"

ယဲ့ကယ်မှာ ထိုစကားအား ဆိုလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် စိတ်ဝိဉာဉ်မီးတောက်အား ဇူယွမ်ထံသို့ ပို့လွှတ်လိုက်သည်။

ဇူယွမ်မှာ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိပဲ စိတ်ဝိဉာဉ်မီးတောက်အား ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်သည်။

စောင့်ကြည့်နေသောသူများမှာ အလွန်ပင် အံ့အားသင့်သွားကြရသည်။ စိတ်ဝိဉာဉ်မီးတောက်သည် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့်တကွ စိတ်ဝိဉာဉ်အား လောင်ကျွမ်းစေနိုင်ပေသည်။ ဇူယွမ်မှာ ချီစွမ်းအင် မည်မျှပင် သန်မာစေကာမူ စိတ်ဝိဉာဉ်မီးတောက်၏ တောက်လောင်မှုကြောင့် ယင်း၏စိတ်ဝိဉာဉ်မှာ ထိခိုက်ဒဏ်ရာ ရသွားနိုင်သည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် အတွေးတစ်ခုအား ပို့လွှတ်လိုက်သည်။

ဇူယွမ်၏ စိတ်ဝိဉာဉ်အတွင်း အဆုံးမဲ့သော နတ်ဘုရားကျောက်တုံးမှာ စတင်၍ လည်ပတ်လာတော့သည်။

နတ်ဘုရားကျောက်တုံး၏ ကြောက်မက်ဖွယ်ကောင်းလှသော ပွတ်တိုက်ဖျက်စီးမှုကြောင့် စိတ်ဝိဉာဉ်မီးတောက်မှာ ချက်ချင်းဆိုသလိုပင် ပျက်စီးပျောက်ကွယ်သွားရသည်။

ဇူယွမ်မှာ ခပ်ဖွဖွမှိတ်ထားသော မျက်ဝန်းများအား ပြန်လည်ဖွင့်ဟလိုက်သည်။ သူ၏ မျက်ဝန်းများမှာ တောက်ပမှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။ တစ်ဖက်တွင်မူ ယဲ့ကယ်၏ အမူအရာမှာ တမုဟုတ်ချင်း ပြောင်းလဲသွားရသည်။ သူသည် စိတ်ဝိဉာဉ်မီးတောက်၏ ပျက်စီးပျောက်ကွယ်သွားမှုအား အာရုံခံလိုက်မိသောကြောင့်ပင် ဖြစ်သည်။

အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ဇူယွမ်မှာ စိတ်ဝိဉာဉ်မီးတောက်အား ဖျက်စီးလိုက်နိုင်ခြင်း ဖြစ်သည်။

ယဲ့ကယ်မှာ အလွန်အံ့အားသင့်သွားရပြီးနောက် ခါးသက်စွာ ရယ်မောရင်းဖြင့် ပြောလိုက်သည်။ "ငါရှုံးပြီ။"

ထို့နောက် ယဲ့ကယ်မှာ စိတ်ဝိဉာဉ်မီးအိမ်ကျင့်စဉ်အား မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းစာလိပ်ကို ဇူယွမ့်ထံ ပေးအပ်လိုက်သည်။

ဇူယွမ်မှာ ကျောက်စိမ်းစာလိပ်အား သိမ်းဆည်းကာ ယဲ့ကယ်အား အရိုအသေပြုလိုက်ပြီးနောက် မိုးကြိုးအကျဉ်းထောင်တောင်ထွတ်ဆီသို့ ပျံသန်းထွက်ခွာလာခဲ့တော့သည်။

...........

လုကျင်းရှန်းမှ မိုးကြိုးအကျဉ်းထောင်တောင်ထွတ်ထံသို့ ရောက်ရှိလာသော ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ငါတို့မိုးကြိုးအကျဉ်းထောင်တောင်ထွတ်က ပိုင်ဆိုင်ထားတဲ့ ကန်ရွှမ်းသိုင်းကျမ်းကို မိုးကြိုးအကျဉ်းထောင်ကျင့်စဉ်လို့ ခေါ်တယ်။ နာမည်အတိုင်းပဲ အဲ့ကျင့်စဉ်က လွတ်မြောက်ဖို့ မဖြစ်နိုင်လောက်တဲ့ မိုးကြိုးအကျဉ်းထောင်ကို ဖန်တီးပေးတယ်။ အကျဉ်းထောင်ထဲ ပိတ်မိသွားတဲ့ ဘယ်သူမဆို မိုးကြိုးပေါင်းတစ်သောင်းရဲ့ ဒေါသလျှပ်စီးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။"

ဝုန်း....

လုကျင်းရှန်းထံမှ ပြင်းထန်လှသော မိုးကြိုးချီများ ထွက်ပေါ်လာသည်။

ထို့နောက် ဇူယွမ်နှင့် အနီးတဝိုက်တွင် လျှပ်စီးများဖြင့် ပြည့်နှက်နေသော မိုးကြိုးတိမ်တိုက်များစွာ ဖြစ်ပေါ်လာသည်။

ဝုန်း....ဝုန်း.....

မိုးကြိုးတိမ်တိုက်များထံမှ သောင်းနှင့်ချီသော မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာကာ ဇူယွမ်၏ခန္ဓာကိုယ်အား ဝါးမြိုသွားတော့သည်။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်သာ ရပ်နေလျက်ရှိပြီး ချီစွမ်းအင် အကာအကွယ်လွှာအား ပြုလုပ်ကာ မိုးကြိုးများအား ခုခံနေလျက် ရှိသည်။ သူ၏ခန္ဓာကိုယ်မှာလည်း ကြည်လင်တောက်ပသော ကျောက်စိမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေလျက် ရှိပေသည်။ အကာအကွယ်လွှာအား ကျော်ဖြတ်ကာ မိုးကြိုးလျှပ်စီးများ သူ့ထံသို့ ရောက်ရှိလာမည်ဆိုလျှင်ပင် ယင်း၏ပြင်ပခန္ဓာသန်မာမှုကြောင့် ထိုမိုးကြိုးလျှပ်စီးများအား ခုခံနိုင်လိမ့်မည် ဖြစ်သည်။

ချီစွမ်းအင် အကာအကွယ်လွှာနှင့် ပြင်ပခန္ဓာသန်မာမှုတို့ကြောင့် ဇူယွမ်မှာ အချိန်အတော်ကြာမျှ ကြာမြင့်သွားသည့်တိုင် မည်သည့်ထိခိုက်ဒဏ်ရာမှ ရရှိသေးခြင်း မရှိပေ။

ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ တိုက်ပွဲရလဒ်နှင့်ပက်သတ်၍ မည်သည့်အငြင်းပွားချက်မှ ထွက်ပေါ်လာစရာ အကြောင်းမရှိတော့ချေ။

လုကျင်းရှန်းမှာလည်း ရလဒ်အား ကြိုတင်ခန့်မှန်းထားပြီးဖြစ်သော​ကြောင့် မိုးကြိုးအကျဉ်းထောင်အား ရုတ်သိမ်းကာ တည်ငြိမ်စွာဖြင့်ပင် ကျောက်စိမ်းစာလိပ်အား ဇူယွမ်ထံသို့ ပေးအပ်လိုက်သည်။

ဇူယွမ်မှာ ကျောက်စိမ်းစာလိပ်အားရယူကာ ချီစွမ်းအင်များကို ရုတ်သိမ်းလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။

တောင်ထွတ်သုံးခုကတော့ ပြီးသွားပြီ။ သုံးခုပဲ လိုတော့တယ်....

ဇူယွမ်မှာ ထိုသို့တွေးတောလိုက်ပြီးနောက် နှင်းပဒုမ္မာတောင်ထွတ်ဆီသို့ ဆက်လက်ပျံသန်းသွားလိုက်သည်။

..........

လီချင်းချန်မှာ နှင်းပဒုမ္မာတောင်ထွတ်ပေါ်တွင် ကျက်သရေရှိစွာ ထိုင်နေလျက်ရှိပြီး သူမထံ ပျံဝဲလာသော ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုကာ အနည်းငယ် စိတ်ရှုပ်ထွေးနေဟန် ရှိသည်။

လီချင်းချန်သည် ဇူယွမ်အား သူမ၏ကိုယ်ပိုင် ရေပူစမ်းအတွင်း ပထမဆုံး တွေ့ဆုံခဲ့ရသည်ကို ယခုထိတိုင် အမှတ်ရနေဆဲ ဖြစ်သည်။ ယောင်ယောင်ကြောင့်သာ မဟုတ်ပါက သူမသည် ဇူယွမ်အား ပြင်းထန်သောသင်ခန်းစာ ပေးလိုက်မည်ပင် ဖြစ်သည်။

အတိတ်ကာလများ၌ လီချင်းချန်မှာ ဇူယွမ်အပေါ်ထားရှိသော ယောင်ယောင်၏ ခံစားချက်များနှင့်ပက်သတ်၍ အမြဲလိုလိုပင် သဘောမကျသလို ခံစားခဲ့ရသည်။ လှပကာ ထူးချွန်ထက်မြက်လွန်းသည့် ယောင်ယောင်ကဲ့သို့သော မိန်းမငယ်လေးသည် ကန်ရွှမ်းကောင်းကင်ဒေသ၏ လူငယ်မျိုးဆက်၌ အထူးချွန်ဆုံးဖြစ်သည့် ယောက်ျားလေးတစ်ဦးဦးနှင့်သာ လိုက်ဖက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

ယောင်ယောင်၏ လှပထူးချွန်မှုမှာ မြင့်မြတ်သောနန်းတော်မှ ကျန်းထိုက်ချင်ပင် နှိုင်း၍မမှီနိုင်အောင် သာလွန်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် လီချင်းချန်မှာ အမြဲတစေပင် ဇူယွမ်အား လှပသောငန်းမလေးကို အရှက်မရှိ ဖက်တွယ်ထားသည့် ဖားပြုတ်တစ်ကောင်ဟုသာ ထင်မြင်နေခဲ့သည်။

လီချင်းချန်သည် ဇူယွမ်အပေါ် ထားရှိသော ယောင်ယောင်၏ခံစားချက်များအား နားလည်ခဲ့ခြင်း မရှိပေ။ "နဂါးတစ်ကောင်သည် မြွေတစ်ကောင်နှင့် အတူနေရိုး ထုံးစံမရှိ၊ ဇာမဏီငှက်သည် စာကလေးငှက်နှင့် အတူတကွ အသိုက်ဆောက်လေ့မရှိ" ဟူသော ဆိုရိုးစကားကဲ့သို့ ဇူယွမ်နှင့်ယောင်ယောင်မှာ မလိုက်ဖက်သောစုံတွဲဟုသာ ယူဆခဲ့သည်။

သို့သော် နှစ်နှစ်နီးပါးမျှသော အချိန်အတွင်း ဇူယွမ်ဟူသည့် ထိုလူငယ်လေးမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် တိုးတက်လာခဲ့ပြီး ယခုဆိုလျှင် သူမတို့ထက်ပင် သာလွန်နေပြီ ဖြစ်သည်။

ယောင်ယောင်၏ အမြင်စူးရှမှုသည် သူမထက် အဆပေါင်းများစွာ သာလွန်သည်ဟူသော အချက်အား လီချင်းချန်မှ လက်ခံရလိမ့်မည်ပင် ဖြစ်သည်။

ထိုအချိန်မှာပင် ဇူယွမ်မှာ နှင်းပဒုမ္မာတောင်ထွတ်ပေါ်သို့ ဆင်းသက်လာပြီးနောက် လီချင်းချန်အားကြည့်ကာ ပြုံးပြလိုက်သည်။ လီချင်းချန်မှာ ဇူယွမ်၏အပြုံးအား ကြည့်ရှုနေရင်းဖြင့် လွန်ခဲ့သော နှစ်နှစ်ခန့်၌ ရေပူစမ်းအတွင်း ရုတ်တရက် ပေါ်ထွက်လာသော ထိုလူငယ်လေး၏ပုံရိပ်အား ပြန်လည်အမှတ်ရနေမိသည်။

ယခုအခါတွင် ထိုလူငယ်လေးမှာ ယခင်ကထက် ပိုမိုတည်ငြိမ်ရင့်ကျက်နေပြီ ဖြစ်သည်။

"ကျွန်တော့်ကို သင်ပြပေးပါဦး စီနီယာအမတော်လီချင်းချန်..."

All Chapters