← Chapters

အရိပ်တမာန်​တော်နှင့်မိစ္ဆာသတ်ဓားစက်ဝန်း

Vol. 49 Ch. 675

အရိပ်တမာန်​တော်နှင့်မိစ္ဆာသတ်ဓားစက်ဝန်း

Vol. 49 Ch. 675

နှင်းပဒုမ္မာတောင်ထွတ်၏ အမြင့်ဆုံးတောင်ထွတ်ပေါ်၌

လီချင်းချန်မှာ သူမ၏ရှေ့တွင် ရှိနေသော လူငယ်လေးအား ကြည့်ရှုလိုက်ပြီးနောက် ညင်သာစွာ စကားဆိုလိုက်သည်။ "ငါတို့နှင်းပဒုမ္မာတောင်ထွတ်က ပိုင်ဆိုင်ထားတဲ့ ကန်ရွှမ်းသိုင်းကျမ်းကို အရိပ်တမာန်တော်ကျင့်စဉ်လို့ခေါ်တယ်။ ဒီကျင့်စဉ်က ပုန်းကွယ်ဖို့လိုလာတဲ့အခါကြရင် အရမ်းအသုံးဝင်တယ်။ မိုင်ပေါင်းထောင်ချီကိုလည်း မျက်စိတမှိတ်အတွင်း ထွက်ပြေးနိုင်တဲ့အတွက် တစ်ဖက်လူက ကိုယ့်ကိုလိုက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။"

ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကျင့်စဉ်အား လီချင်းချန် အသုံးပြုသည်ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသောကြောင့် ဖြစ်သည်။

"ဂျူနီယာမောင်တော်ဇူယွမ်ကသာ ငါ့ကိုရှာနိုင်မယ်ဆိုရင် ဒီပွဲကိုနိုင်ပြီ။"

ထိုစကားအား ဆိုလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် လီချင်းချန်၏ပုံရိပ်မှာ မြင်ကွင်းအတွင်းမှ တစ္ဆေတစ်ကောင်အလား ပျောက်ကွယ်သွားလေသည်။

ဇူယွမ်မှာ မျက်ဝန်းများ ပြူးကျယ်သွားရသည်။ လီချင်းချန်မှာ မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် အစအနပင် ရှာမရလောက်အောင် ပျောက်ကွယ်သွားရခြင်း ဖြစ်သည်။

နှင်းပဒုမ္မာတောင်ထွတ်မှာ တောင်ထွတ်ငယ်များစွာဖြင့် ခြံရံထားခြင်းဖြစ်ပြီး သစ်ပင်ပန်းမန်များ ထူထပ်များပြားလှသော နေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် သူရိယနေမင်းကြီး၏ လင်းလက်ဖြာဝေသော ရောင်ခြည်အောက်၌ နှင်းပဒုမ္မာတောင်ထွတ်မှာ အရိပ်အာဝါသကောင်းစွာ ရရှိနေပါသော်လည်း အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။

ဇူယွမ်မှာ သူတစ်ဦးတည်း၏ ချီစွမ်းအင် အငွေ့အသက်ကိုသာ တောင်ထွတ်ပေါ်၌ ရရှိနေခြင်းကြောင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ လီချင်းချန်သည် ပုန်းကွယ်ရှောင်တိမ်းခြင်းကျင့်စဉ်အား အသုံးပြုနေသည်ဟု သိရှိထားခြင်း မရှိပါက ဇူယွမ်မှာ နှင်းပဒုမ္မာတောင်ထွတ်ထံမှ သူမတိတ်တဆိတ် ထွက်ခွာသွားပြီဟုပင် ထင်မှတ်နေလောက်ပြီ ဖြစ်သည်။

ဇူယွမ်မှာ ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ သို့သော် လီချင်းချန်၏ အရိပ်အယောင်မျှပင် ရှာဖွေတွေ့ရှိရခြင်း မရှိပါချေ။

ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် စိတ်ဝိဉာဉ်စွမ်းအင်အား အသုံးပြုကာ နှင်းပဒုမ္မာတောင်ထွတ် တစ်ခုလုံးအား ပိုက်စိပ်တိုက် ရှာဖွေလိုက်သည်။

အချိန်အတော်ကြာမျှ ကြာမြင့်သွားပြီးသည့်နောက် ဇူယွမ်မှာ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့်ပင် လီချင်းချန်၏ တည်ရှိမှုအား ရှာဖွေမရနိုင်ကြောင်း အံ့အားသင့်စွာ လက်ခံလိုက်ရသည်။ အရိပ်တမာန်တော်ကျင့်စဉ်၏ ကြောက်မက်ဖွယ်ကောင်းလှသော ပုန်းကွယ်တိမ်းရှောင်ခြင်းစွမ်းအင်ကြောင့် ဇူယွမ်မှာ စိတ်နှလုံးများပင် တုန်လှုပ်သွားမိသည်။

"ကန်ရွှမ်းသိုင်းကျမ်းခုနစ်ခုက တကယ်ကို သာမန်မဟုတ်ဘူးပဲ။"

ဇူယွမ်မှာ တွေးတောလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ မျက်ဝန်းများကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ ထို့နောက် အနက်ဖော်သူတော်စင်မှော်စာလုံးအား စတင်လည်ပတ်စေကာ မျက်ဝန်းများအား ပြန်လည်ဖွင့်ဟလိုက်သည်။

သူတော်စင်မှော်စာလုံးအား လည်ပတ်စေလိုက်သည်နှင့်တစ်ပြိုင်နက် ဇူယွမ်မြင်နေရသော ပတ်ဝန်းကျင်မြင်ကွင်းမှာ ယခင်ကနှင့်မတူပဲ အနည်းငယ် ထူးခြားသွားပြီဖြစ်သည်။ သူသည် လေထုအတွင်း ရှိနေသော ချီစွမ်းအင်အမျှင်တန်းများကိုပင် မြင်တွေ့နေရ၏။

ဇူယွမ်မှာ အရာအားလုံးကိုလည်း ထိုးထွင်းမြင်နေရပြီ ဖြစ်သည်။

"အရိပ်တမာန်တော်ဆိုတော့ အရိပ်ကို ကြားခံနယ်အနေနဲ့ သုံးမှာပဲ။"

ဇူယွမ်မှာ တောင်ထွတ်တစ်ခုလုံးတွင် ရှိနေသော အရိပ်ကျနေသည့် နေရာများအား စူးရှစွာ ကြည့်ရှုလိုက်သည်။

သို့သော် တောင်ထွတ်တစ်ခုလုံးအား အနက်ဖော်သူတော်စင်မှော်စာလုံးဖြင့် ရှာဖွေပြီးသည့်တိုင် မည်သည့်ထူးခြားချက်မှ တွေ့ရှိရခြင်း မရှိသောကြောင့် ဇူယွမ်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားရသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အနက်ဖော်သူတော်စင်မှော်စာလုံးနဲ့တော​င် သူမကိုမရှာနိုင်ဘူးလား။"

ဇူယွမ်မှာ အတွေးစများအား ဖြတ်တောက်ကာ ခေါင်းအားခါယမ်းလိုက်သည်။ အနက်ဖော်သူတော်စင်မှော်စာလုံးဖြင့် ရှာဖွေနိုင်ခြင်း မရှိသည့်အရာမရှိပေ။

"ဒါပေမယ့် ဒီနှင်းပဒုမ္မာတောင်ထွတ်ပေါ်မှာ ရှိနေတဲ့ အရိပ်တိုင်းကို ငါရှာကြည့်ပြီးသွားပြီလေ။"

ဇူယွမ်မှာ တစ်ချက်မျှ တွေးတောလိုက်ပြီးနောက် လျင်မြန်စွာပင် ခြေဖဝါးအောက်တွင် ရှိနေသော သူ၏အရိပ်အား ကြည့်ရှုလိုက်သည်။ အနက်ဖော်သူတော်စင်မှော်စာလုံး၏ စွမ်းအင်ကြောင့် အရိပ်အတွင်း တစ်စုံတစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။

"သူမက ငါ့အရိပ်အောက်မှာ ပုန်းနေတာပဲ။"

ဇူယွမ်မှာ တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ပြင်းထန်လှသော ချီစွမ်းအင်များအား အရိပ်ထံသို့ ပို့လွှတ်လိုက်သည်။ ထို့နောက် သူ၏အရိပ်ကျနေသော တစ်နေရာအား တိတိကျကျ ဆွဲယူလိုက်သည်။

ဇူယွမ်၏လက်မှာ လေဟာနယ်တစ်ခုအတွင်း ဝင်ရောက်သွားရပြီးနောက် ပြန်လည်ဆွဲယူလိုက်သောအခါတွင် နှင်းစက်ကဲ့သို့ ဖြူဖွေးဝင်းမွတ်နေသော လက်ကလေးတစ်ဖက် ပေါ်ထွက်လာသည်။ လှပသောပုံရိပ်လေးတစ်ခုမှာ ဇူယွမ်၏ဆွဲယူမှုနှင့်အတူ လျင်မြန်စွာ ထွက်ပေါ်လာတော့၏။

ထိုလှပနူးညံ့သော ပုံရိပ်ကလေးမှာ လီချင်းချန်ပင် ဖြစ်သည်။

လီချင်းချန်၏ မျက်ဝန်းများမှာ အံ့သြထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေရသည်။ သူမသည် အရိပ်တမာန်တော်ကျင့်စဉ်အား အသုံးပြုထားသည့်တိုင် ဇူယွမ်မှ ယခုကဲ့သို့ လျင်မြန်စွာ ရှာတွေ့သွားနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

လီချင်းချန်မှ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။ "နင်ဘယ်လိုရှာတွေ့သွားတာလဲ။"

ဇူယွမ်မှ အားတုံ့အားနာဖြစ်နေဟန်ဖြင့် ပြုံးကာပြောလိုက်သည်။ "စီနီယာအမတော်ရဲ့လက်ကိုဆွဲလိုက်တာ ရိုင်းပြသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။"

ဇူယွမ်မှာ လီချင်းချန်၏လက်အား အသာအယာ ပြန်လွှတ်ပေးလိုက်သည်။

လီချင်းချန်၏ ဖြူဖွေးနူးညံ့သော လက်ကောက်ဝတ်ပေါ်တွင် ဇူယွမ်၏လက်ရာ အနည်းငယ် ထင်ကျန်နေသည်ကို မြင်တွေ့နေရသည်။ သူမသည် နီထွေးသော နှုတ်ခမ်းအစုံအား ခပ်ဖွဖွ ဖိကိုက်လိုက်ပြီးနောက် ကျောက်စိမ်းစာလိပ်တစ်ခုအား ထုတ်ယူကာ ဇူယွမ်ထံသို့ ပေးအပ်လိုက်သည်။

"နင်နိုင်ပြီ။" လီချင်းချန်မှ ပြောလိုက်သည်။

ဇူယွမ်မှာ ကျောက်စိမ်းစာလိပ်အား လက်ခံရယူလိုက်ပြီးနောက် အနည်းငယ် ဖတ်ရှုလေ့လာလိုက်သည်။ သူသည် အရိပ်တမာန်တော်ကျင့်စဉ်နှင့်ပက်သတ်၍ အလွန်ပင် စိတ်ဝင်စားနေမိသည်။ အရိပ်တမာန်တော်ကျင့်စဉ်၏ ပုန်းကွယ်တိမ်းရှောင်နိုင်မှုသည် သိမ်မွေ့နူးညံ့သောအသွင်သဏ္ဍာန်ထက် အဆပေါင်းများစွာ သာလွန်ထူးခြားလှသည်။ အရိပ်တမာန်တော်ကျင့်စဉ်ကိုသာ ကျင့်ကြံတက်မြောက်သွားပါက ကိုယ့်ကိုယ်ကို ကာကွယ်ရာ၌ များစွာအကျိုးသက်ရောက်မှု ဖြစ်စေလိမ့်မည်ပင် ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းလွန်းသော ရန်သူနှင့် ဆုံတွေ့ရသည့်အခါ၌ ပြန်လည်ခုခံရန် မဖြစ်နိုင်ခဲ့ပါက အရိပ်တမာန်တော်ကျင့်စဉ်အား အသုံးပြုကာ ပုန်းကွယ်တိမ်းရှောင်နိုင်လိမ့်မည် ဖြစ်သည်။

ထို့အပြင် အရိပ်တမာန်တော်ကျင့်စဉ်အား အသုံးပြုထားသည့်သူအား ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ဇူယွမ်ကိုယ်တိုင်သည်ပင်လျှင် လီချင်းချန်အား ရှာဖွေတွေ့ရှိနိုင်ရန်အတွက် အနက်ဖော်သူတော်စင်မှော်စာလုံးအား အသုံးပြုခဲ့ရသည်။

"ကျွန်တော့်ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" ဇူယွမ်မှာ လီချင်းချန်အား အရိုအသေပြုနှုတ်ဆက်လိုက်ပြီးနောက် ဓားကပ်ဘေးတောင်ထွတ်ဆီသို့ ပျံဝဲသွားလိုက်သည်။

စောင့်ကြည့်နေသော ကန်ရွှမ်းကလန်၏ တပည့်များမှာ ဓားကပ်ဘေးတောင်ထွတ်ထံသို့ ပျံသန်းသွားသော ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် နှုတ်ခမ်းများအား လျှာဖြင့်သပ်နေမိကြသည်။ နှစ်နာရီထက်နည်းပါးသော အချိန်အတွင်းမှာပင် ဇူယွမ်မှာ တောင်ထွတ်လေးခုအား အနိုင်ရရှိကာ ကန်ရွှမ်းသိုင်းကျမ်းလေးခုအား ရယူနိုင်ခဲ့ပြီပင် ဖြစ်သည်။

ယခုဆိုလျှင် ဇူယွမ်၏လက်ထဲ၌ မူလသူတော်စင်တောင်ထွတ်မှ သိုင်းကျမ်းအပါအဝင် ကန်ရွှမ်းသိုင်းကျမ်းငါးခုအား ရရှိထားပြီး ဖြစ်သည်။ ထိုအရေအတွက်သည် ကလန်၏ နံပါတ်တစ် ရွေးချယ်ခံဖြစ်သူချူချင်းနှင့် ပမာဏ တူညီနေပြီဖြစ်သည်။ ဓားကပ်ဘေးတောင်ထွတ်၏ ကန်ရွှမ်းသိုင်းကျမ်းကိုသာ ထပ်မံပိုင်ဆိုင်နိုင်ခဲ့ပါက ဇူယွမ်မှာ နှစ်ရာပေါင်းများစွာအတွင်း တောင်ထွတ်ခြောက်ခု၏ သိုင်းကျမ်းများအား စုဆောင်းနိုင်သည့် ပထမဆုံး ရွေးချယ်ခံ ဖြစ်လာလိမ့်မည်ပင် ဖြစ်သည်။

"ဓားကပ်ဘေးတောင်ထွတ်က စီနီယာအကိုတော် ခုန်းရှန်က ဘယ်လိုအ​ခြေအနေရှိမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။"

........

ဓားကပ်ဘေးတောင်ထွတ်၏ အမြင့်မားဆုံး တောင်ထွတ်တစ်ခုပေါ်၌

ခုန်းရှန်မှာ လက်နှစ်ဖက်အား ကျောဖက်တွင် ယှက်သိုင်းထားလျက် တည်ငြိမ်စွာ ရပ်နေလျက်ရှိပြီး လေထုထဲတွင် မိုးပြာရောင်ဓားစက်ဝန်းတစ်ခု ဆိတ်ငြိမ်စွာ ဝေ့ဝဲနေလေသည်။

ထိုဓားစက်ဝန်းမှာ ပြီးပြည့်စုံသော ကျောက်စိမ်းဖြင့် ထုလုပ်ထားသည့်အလား ကြည်လင်တောက်ပနေလျက် ရှိသည်။

"ဂျူနီယာညီတော် ဇူယွမ်လည်း မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားတုန်းက ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ပိုင်လီချွီးဆီကနေ မိစ္ဆာသတ်ဓားစက်ဝန်းကို မြင်ဖူးပြီးပြီမလား။ ဒါပေမယ့် အဲ့ဓားစက်ဝန်းက ဖန်တီးတည်ဆောက်ကာစ အခြေအနေဆိုတော့ စွမ်းအားသိပ်မရှိသေးဘူး။"

"ဒီနေ့ ဂျူနီယာညီတော်ဇူယွမ်က ငါ့ဆီက တိုက်ခိုက်မှုကို လက်ခံနိုင်မယ်ဆိုရင် ဓားကပ်ဘေးတောင်ထွတ်ကပိုင်တဲ့ မိစ္ဆာသတ်ဓားစက်ဝန်းကျင့်စဉ်ကို ကျေကျေနပ်နပ်ကြီး ပေးလိုက်မှာပါ။" ခုန်းရှန်မှ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "သင်ကြားပြသပေးပါဦး စီနီယာအကိုတော်။"

ဝုန်း.....

ခုန်းရှန်မှာ လက်အားဝေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် မိစ္ဆာသတ်ဓားစက်ဝန်းမှာ ပြင်းထန်စွာ တုန်ခါလာရပြီးနောက် အဆုံးအစမဲ့သော ဓားချီများ ထွက်ပေါ်လာကာ သုံးပေကျော်မျှ ရှည်လျားသော မိုးပြာရောင် ဓားတစ်လက်အသွင်သို့ ပြောင်းလဲသွားသည်။

မိုးပြာရောင်ဓားထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားမှာ အလွန်ပင် ပြင်းထန်လွန်းသောကြောင့် လေထုများပင် ပေါက်ကွဲကုန်ရသည်။

ခုန်းရှန်မှာ မိုးပြာရောင်ဓားအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်သောအမူအရာဖြင့် လက်ဖြောက်တစ်ချက်တီးလိုက်သည်။

"ဖြောက်...."

ချက်ချင်းဆိုသလိုပင် မိုးပြာရောင်ဓားမှာ လျှပ်စီးအလား ​လျင်မြန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ဦးတည်ပျံဝဲသွားသည်။

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရပြီးနောက် လက်အားဝေ့ယမ်းကာ မြွေနဂါးအသွင်ရှိသည့် ရွှေရောင်ချီစွမ်းအင်များအား ထွက်ပေါ်စေကာ မိုးပြာရောင်ဓားသွားနှင့် တွေ့ဆုံစေလိုက်သည်။

ဘန်း....ဘန်း....

စွမ်းအင်နှစ်ခု ပြင်းထန်စွာ တွေ့ဆုံသွားကြသည်။ သို့သော် မိုးပြာရောင်ဓားမှာ တစ်ချက်မျှ တုန်ခါသွားရပြီးနောက် မြွေနဂါးအသွင်ရှိသည့် ရွှေရောင်ချီစွမ်းအင်များအား အသာအယာပင် ပိုင်းဖြတ်ပစ်လိုက်သည်။

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ ရွေးချယ်ခံစိန်ခေါ်ပွဲ စသည့်အချိန်မှစ၍ ယခုကဲ့သို့ ဇူယွမ်ပိတ်ပင်တားဆီးခံရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ဇူယွမ်မှာ ဦးတည်ပျံဝဲလာနေသော မိုးပြာရောင်ဓားအား စူးရှသောမျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ပြီးနောက် ရှောင်ရှားခြင်းမပြုပဲ လက်အားဆန့်ထုတ်လိုက်သည်။

ထို့နောက် ချီပင်လယ်အတွင်း ရှိနေသော ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်သည်။ ကောင်းကင်ဘုံယွမ်စုတ်တံမှာ ချက်ချင်းဆိုသလို ပေါ်ထွက်လာပြီးနောက် စုတ်တံထိပ်ရှိ မြူနှင်းကဲ့သို့ ဖြူဖွေးနေသော အမွှေးများမှာ ဇူယွမ်၏ လက်သီးအား ရစ်ပတ်ချည်နှောင်သွားလေသည်။

ဝှစ်....

လေထုကို ဖြိုခွင်းလျက် ​ပျံဝဲလာနေသော မိစ္ဆာသတ်ဓားစက်ဝန်းမှာ ဇူယွမ်နှင့် အလွန်နီးကပ်နေပြီပင် ဖြစ်သည်။

"ချီဖြိုခွဲခြင်း....."

ဇူယွမ်မှာ နှလုံးသားအတွင်းမှ အော်ဟစ်လိုက်သည်။

သူ၏လက်အား ရစ်ပတ်ချည်နှောင်ထားသော ဖြူဖွေးနေသည့် စုတ်တံအမွှေးများမှာ ရုတ်ချည်းဆိုသလို မဟူရာရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဇူယွမ်မှာ ချီစွမ်းအင်များကိုလည်း အကုန်အစင် ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် စောင့်ကြည့်နေကြသော အကြည့်များစွာ၏အောက်၌ပင် မိုးပြာရောင်ဓားအား ဆွဲကိုင်လိုက်သည်။

ဘန်း...

ဓားချီများမှာ ချက်ချင်းဆိုသလို ပေါက်ကွဲသွားရပြီးနောက် အလင်းမှုန်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားရသည်။

စောင့်ကြည့်နေကြသူများမှာ အလွန်ပင် ထိတ်လန့်အံ့သြသွားရပြီးနောက် အလင်းမှုန်များဖြင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်အား မျက်တောင်ပင်မခတ်ပဲ ကြည့်ရှုနေကြသည်။ အလင်းမှုန်များအားလုံး လေနှင့်အတူ လွင့်မြောပျောက်ကွယ်သွားပြီးနောက် မူလနေရာမှ နောက်သို့အနည်းငယ် လွင့်စင်သွားသော ဇူယွမ်အား တွေ့ရှိလိုက်ကြရသည်။ သို့သော် မိုးပြာရောင်ဓားအား မြင်တွေ့ရခြင်း မရှိတော့ပေ။

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။ "မိစ္ဆာသတ်ဓားစက်ဝန်းက ဘယ်ရောက်သွားတာလဲ။"

တောင်ထိပ်ပေါ်တွင် ရှိနေသော ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ခုန်းရှန်အား ကြည့်ရှုလိုက်သည်။ ဇူယွမ်မှာ လက်အား ရစ်ပတ်ချည်နှောင်ထားသော အနက်ရောင်အမွှေးများအား ဖယ်ရှားစေလိုက်သည်။ ထိုအခါ သူ၏လက်ဝါးပေါ်တွင် ဆိတ်ငြိမ်စွာ ရှိနေသော  မိစ္ဆာဓားစက်ဝန်းအား တွေ့ရှိလိုက်ရလေသည်။

ထိုမိစ္ဆာသတ်ဓားစက်ဝန်းမှာ ဇူယွမ်ထံမှ ထွက်ပေါ်နေသော ပြင်းထန်လွန်းလှသည့် စွမ်းအင်ဖိအားများအား ခံနိုင်ရည် မရှိသောကြောင့် မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် အက်ကွဲသွားရသည်။

"ဟာ...."

စောင့်ကြည့်နေကြသော ကန်ရွှမ်းကလန်၏ တပည့်များမှာ အလွန်ပင် အံ့အားသင့်သွားကြရသည်။ အထူးသဖြင့် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ ထိတ်လန့်တုန်လှုပ်သွားရ၏။

ဇူယွမ်မှာ ခုန်းရှန်၏ မိစ္ဆာသတ်ဓားစက်ဝန်းကိုပင် ဖမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ရှေ့တွင်ရှိနေသော ကျောင်းဇူနှင့် ပိုင်လီချွီးမှာ စိတ်မသက်မသာဖြစ်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။ ဇူယွမ်မှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင်ပင် တိုတောင်းလှသော အချိန်အတွင်း၌ ၎င်းတို့အားလုံးထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။

ဇူယွမ်မှာ မိစ္ဆာသတ်ဓားစက်ဝန်းအား ခုန်းရှန်ထံသို့ ပြန်လည်ပို့လွှတ်ပေးလိုက်သည်။ ခုန်းရှန်မှာ မိစ္ဆာသတ်ဓားစက်ဝန်းအား ရယူလိုက်ပြီးနောက် ချီပင်လယ်အတွင်း သိမ်းဆည်းထားလိုက်သည်။ ခုန်းရှန်မှာ ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ကျောက်စိမ်းစာလိပ်အား ပေးအပ်လိုက်သည်။

"ဂျူနီယာညီတော် ဇူယွမ် နိုင်သွားပါပြီ။"

"မင်းရဲ့နောက်ဆုံးပြိုင်ဖက်ဖြစ်တဲ့ ချူချင်းကိုသာ နိုင်သွားမယ်ဆိုရင် ထူးခြားတဲ့ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာလိမ့်မယ်။ ကန်ရွှမ်းကလန် စပြီးဖြစ်တည်လာတည်းက ကန်ရွှမ်းသိုင်းကျမ်းခုနစ်ခုလုံးကို စုစည်းနိုင်တဲ့သူ မရှိသေးဘူး။ အဲ့ဒါကြောင့် သေချာကြိုးစားခဲ့။"

ဇူယွမ်မှာ ကျောက်စိမ်းစာလိပ်အား လက်ခံရယူလိုက်ပြီးနောက် ခုန်းရှန်အား အရိုအသေပြုနှုတ်ဆက်ကာ နောက်ဆုံးတောင်ထွတ်ဖြစ်သည့် ကန်ရွှမ်းတောင်ထွတ်ဆီသို့ ပျံသန်းထွက်ခွာလာခဲ့သည်။

ကန်ရွှမ်းတောင်ထွတ်ပေါ်တွင် လေးနက်သော မျက်ဝန်းများဖြင့် ဇူယွမ်အား စောင့်ဆိုင်းနေသော ပုံရိပ်တစ်ခု ရှိနေသည်။

စောင့်ကြည့်နေကြသော ကန်ရွှမ်းကလန်၏ တပည့်များမှာ အသက်ပင်မရှူနိုင်အောင် ဖြစ်နေကြရသည်။

တစ်ဦးမှာ ကန်ရွှမ်းကလန်၏ နံပါတ်တစ် ရွေးချယ်ခံဖြစ်ပြီး တစ်ဦးမှာ ကန်ရွှမ်းကလန်၏ အသန်မာဆုံး ရွေးချယ်ခံအသစ် ဖြစ်သည်။

ရွေးချယ်ခံစိန်ခေါ်ပွဲ၏ အကောင်းမွန်ဆုံး မြင်ကွင်းများအား ယခုမှစ၍ မြင်တွေ့ခံစားရတော့မည်ပင် ဖြစ်လေတော့သတည်း.....

All Chapters