← Chapters

ရွေးချယ်ခံခေါင်းဆောင်

Vol. 49 Ch. 676

ရွေးချယ်ခံခေါင်းဆောင်

Vol. 49 Ch. 676

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ကန်ရွှမ်းတောင်ထွတ်ပေါ်သို့ တည်ငြိမ်စွာဖြင့် ဆင်းသက်လာကာ အသင့်စောင့်ဆိုင်းနေသော ပုံရိပ်အား ကြည့်ရှုလိုက်သည်။

ချူချင်းမှာ ထင်းရှူးပင်ပေါ်တွင် ထိုင်နေလျက်ရှိပြီး ဖြာကျနေသော နေရောင်ခြည်အောက်တွင် သူ၏ဦးခေါင်းမှာ ပြောင်လက်နေလျက် ရှိသည်။

ချူချင်းမှာ ရောက်ရှိလာသော ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလိုက်ပြီးနောက် သက်ပြင်းချကာ ရေရွတ်လိုက်သည်။ "အခုတစ်ခေါက်တိုက်ပွဲက ကျောင်းထိုက်ရှင်းနဲ့ တိုက်ရမှာထက်တောင် ပိုပြီးပင်ပန်းရဦးမယ်။"

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ကျောင်းထိုက်ရှင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရပြီးနောက် ချူချင်းမှာ ကန်ရွှမ်းကလန်သို့ ပြန်လည်ရောက်ရှိသောအခါတွင် အပြည့်အဝ အနားယူမည်ဟု တွေးတောထားခဲ့သည်။ သို့သော် ကလန်သို့ ပြန်လည်ရောက်ရှိပြီး မကြာမီမှာပင် ပြင်းထန်ခါးသက်သောတိုက်ပွဲအား ရင်ဆိုင်နေရပြီပင် ဖြစ်သည်။

ဇူယွမ်မှာ ငြီးငြူနေသောချူချင်းအားကြည့်ကာ အားတုံ့အားနာ ဖြစ်သွားရသဖြင့် ပြုံးကာပြောလိုက်သည်။ "အနှောင့်အယှက်ပေးရတာကို စိတ်မရှိပါနဲ့ စီနီယာအကိုတော် ချူချင်း။"

ချူချင်းမှ လက်ကိုခါယမ်းကာ ပြောလိုက်သည်။ "မင်းကဒီထက်ကြီးတဲ့ ပြဿနာတွေကိုတောင် ရင်ဆိုင်ရဦးမှာပဲ။ ငါနားလည်ပါတယ်။"

ဇူယွမ်မှ ရွေးချယ်ခံစိန်ခေါ်ပွဲအား ပြုလုပ်ရခြင်းမှာ တိုက်ပွဲစွမ်းရည်များ အလျင်အမြန် လိုအပ်နေသောကြောင့်ပင် ဖြစ်သည်။ ကလန်ခေါင်းဆောင်ချင်းယန်နှင့်တကွ တောင်ထွတ်ဆရာသခင်များအားလုံး ဇူယွမ်အား ကူညီထောက်ခံနေပါသော်လည်း ကန်ရွှမ်းသိုင်းကျမ်းများကို ကလန်၏စည်းမျဉ်းစည်းကမ်းအရသာ ရယူရမည်ပင် ဖြစ်သည်။

ကန်ရွှမ်းသိုင်းကျမ်းများအား စုဆောင်းရရှိပြီးပါက ဇူယွမ်မှာ ကန်ရွှမ်းကလန်မှထွက်ခွာကာ ကန်းမင်တိုက်ကြီးထံသို့ သွားရောက်နိုင်တော့မည်ပင် ဖြစ်သည်။ ထိုအချိန်ကြလျှင် ဇူယွမ်မှာ ကျောင်းထိုက်ရှင်းအား အနိုင်ယူခဲ့သည့် ဝူဟောင်နှင့် နတ်ဘုံခန်းဝါအဆင့်ရှိသည့် ဝူဘုရင်တို့အား ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ဇူယွမ်အား စောင့်ဆိုင်းနေသောတိုက်ပွဲများမှာ ခက်ထန်ကြမ်းတမ်းလွန်းလှပြီး ပြန်လမ်းမရှိပင် ဖြစ်သွားနိုင်ပေသည်။

အဘယ့်ကြောင့်ဆိုသော် လက်ရှိအချိန်၌ ဇူယွမ်မှာ အလွန်သန်မာနေပါသော်လည်း ဝူဟောင်သည် လျှော့တွက်၍ရမည့်သူမျိုး မဟုတ်ပေ။ ထို့အပြင် ဝူဘုရင်မှာ မူလစဦးအဆင့်ထက် အဆင့်ကြီးတစ်ဆင့်မြင့်မားသော နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ ဇူယွမ် ပိုင်ဆိုင်ထားသော တစ်သိန်းရှစ်သောင်းမျှရှိသည့် ချီကြယ်ပွင့်ပမာဏမှာ မူလစဦးအဆင့် ကျင့်ကြံသူများအတွက် အလွန်များပြားပါသော်လည်း နတ်ဘုံခန်းဝါအဆင့်ကို အနည်းငယ်မျှပင် မှီနိုင်လိမ့်မည် မဟုတ်ချေ။

ထိုသို့ခက်ထန်ကြမ်းတမ်းသည့် တိုက်ပွဲများ၊ အခက်အခဲများက ချူချင်းကိုပင် အံ့သြထိတ်လန့်စေသည်။ သူသာ ဇူယွမ်နေရာတွင် ရှိနေပါက ယခုအချိန်ထိပင် အသက်ရှင်နေလိမ့်မည် မဟုတ်ပေ။

ချူချင်းမှ ဇူယွမ်အားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "မင်းရဲ့အခက်အခဲတွေကို နားလည်တယ်ဆိုပေမယ့်လည်း ကန်ရွှမ်းတောင်ထွတ်ရဲ့ ရွေးချယ်ခံတစ်ယောက်အနေနဲ့ ငါတို့တောင်ထွတ်က ပိုင်ဆိုင်ထားတဲ့ ကန်ရွှမ်းသိုင်းကျမ်းကိုတော့ မင်းဆီလွယ်လွယ်ပေးလိုက်မှာ မဟုတ်ဘူး။ မဟုတ်ရင် ကန်ရွှမ်းတောင်ထွတ်က တပည့်တွေကို မျက်နှာမပြရဲပဲ နေလိမ့်မယ်။"

ဇူယွမ်မှ ချူချင်းအားကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးပြုပြီး သင်ကြားပြသပေးပါဦး စီနီယာအကိုတော်ချူချင်း။"

ချူချင်းမှာ လေးနက်သောအမူအရာဖြင့် သူ၏ပြောင်လက်နေသော ဦးခေါင်းအား ပွတ်သပ်လိုက်သည်။ ထို့နောက် စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ချူချင်း၏ဦးခေါင်းထက်မှ နက်မှောင်ရှည်လျားသောဆံနွယ်များ ပေါ်ထွက်လာလေသည်။

ချူချင်း၏ ဆံနွယ်များထံမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေလျက်ရှိပြီးဘဆံနွယ်တစ်ချောင်းချင်းစီမှာလည်း အပ်များကဲ့သို့ စူးရှချွန်ထက်နေလျက် ရှိသည်။

အဆုံးအစမဲ့သော ပြင်းထန်လှသည့် ချီစွမ်းအင်များ ချူချင်းထံမှ အထိန်းအကွပ်မရှိ ပေါက်ကွဲထွက်ပေါ်လာသည်။

လက်ရှိအချိန်၌ ဇူယွမ်မှာ အလွန်သန်မာနေသောကြောင့် ချူချင်းမှာ အနည်းငယ်မျှပင် စွမ်းအင်များအား ချန်လှပ်ထားရဲခြင်း မရှိပေ။ တစ်စုံတစ်ခု မှားယွင်းသွားလျှင်ပင် ဇူယွမ်၏တိုက်ကွက်အတွင်း ချက်ချင်းဆိုသလို ရှုံးနိမ့်သွားရလိမ့်မည်ဖြစ်ကြောင်း ချူချင်းမှ ကောင်းစွာသိရှိနားလည်ထားသည်။

ချူချင်းမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် လက်တစ်ဖက်အား ဆန့်ထုတ်လိုက်သည်။ သူ၏လက်ဝါးပေါ်တွင် ရွှေရောင်အလင်းတန်းများ စုစည်းလာပြီးနောက် ရွှေလွန်းတစ်ခုသဏ္ဍာန် ဖြစ်ပေါ်လာသည်။

ထိုရွှေလွန်းထံမှ အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်နေပေသည်။

"စိတ်ဝိဉာဉ်ခွဲထုတ်ခြင်းရွှေလွန်းပဲ။"

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ရှိစဉ်အချိန်ကာလများ၌ ချူချင်းမှာ ထိုရွှေလွန်းအား ကျောင်းထိုက်ရှင်းနှင့် တိုက်ခိုက်ခဲ့ရစဉ်တွင် ထုတ်ယူခဲ့ဖူးသည်။

ယခုအခါတွင် ချူချင်းမှာ ကန်ရွှမ်းတောင်ထွတ်ထံမှ စွမ်းအင်အထောက်အပံ့များပါ ရရှိနေသောကြောင့် ရွှေလွန်းသည်လည်း ကျောင်းထိုက်ရှင်းနှင့် ရင်ဆိုင်ခဲ့ရစဉ်ကထက် ပို၍ကြောက်မက်ဖွယ်ကောင်းမည်မှာ အသေအချာပင် ဖြစ်သည်။

"ဂျူနီယာညီတော် ဇူယွမ် စိတ်ဝိဉာဉ်ခွဲထုတ်ခြင်းရွှေလွန်းက ငါ့ဘာသာငါ ရရှိခဲ့တဲ့ကျင့်စဉ်ပဲ။ ဒါက ငါတို့တောင်ထွတ်က ပိုင်ဆိုင်ထားတဲ့ ကန်ရွှမ်းသိုင်းကျမ်းမဟုတ်ဘူး။"

"ငါတို့တောင်ထွတ်က ပိုင်ဆိုင်ထားတဲ့ ကန်ရွှမ်းသိုင်းကျမ်းကို မိုးပြာရောင်ကောင်းကင်လို့ခေါ်တယ်။"

ထိုစကားအား ပြောလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ချူချင်း၏လက်ဝါးတစ်ဖက်ထံမှ မိုးပြာရောင်ရေစင်တစ်စက် ထွက်ပေါ်လာသည်။

"ဒီကျင့်စဉ်က ပတ်ဝန်းကျင်မှာရှိတဲ့ ချီစွမ်းအင်တွေကနေတဆင့် မိုးပြာရောင်ကောင်းကင်အဆီအနှစ်ကို ဖန်တီးရယူတာပဲ။ ဘယ်မူလလက်နက်မဆို ဒီမိုးပြာရောင်ကောင်းကင်အဆီအနှစ်နဲ့ပေါင်းစပ်ပြီး စွမ်းအင်မြှင့်တင်လို့ရတယ်။"

ချူချင်းမှာ ဇူယွမ်အား ရှင်းလင်းပြောပြလိုက်ပြီးသည့်နောက် မိုးပြာရောင်ကောင်းကင်အဆီအနှစ်အား ရွှေလွန်းနှင့် ပေါင်းစပ်လိုက်သည်။

ရွှေလွန်းမှာ ပြင်းထန်စွာ တုန်ခါသွားရပြီးနောက် ယင်း၏ကိုယ်ထည်ပေါ်တွင် မိုးပြာရောင်ရှေးဟောင်းအမှတ်အသားများ ပေါ်ပေါက်လာသည်။

ရွှေလွန်းထံမှ ရွှေမိုးပြာရောင် အရှိန်အဝါများလည်း တောက်ပလင်းလက်စွာ ထွက်ပေါ်နေလျက် ရှိသည်။

စောင့်ကြည့်နေကြသောသူများမှာ ကြောက်ရွံ့ထိတ်လန့်နေသော မျက်ဝန်းများဖြင့် ချူချင်းလက်ဝါးပေါ်တွင် ရှိနေသော ရွှေလွန်းအား ကြည့်ရှုလိုက်ကြသည်။ လီချင်းချန်နှင့် ခုန်းရှန်တို့သည်ပင်လျှင် ယင်းရွှေလွန်းနှင့် တိုက်ခိုက်ခံရပါက မရဏလမ်းသို့ ဆင်မြန်းရန်သာရှိလိမ့်မည်ဟု တွေးတောနေမိကြသည်။

ချူချင်းမှာ ရွှေမိုးပြာရောင်များ လင်းလက်တောက်ပနေသော ရွှေလွန်းအား ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကန်ရွှမ်းတောင်ထွတ်က စွမ်းအင်အထောက်အပံ့သာ မရှိနေဘူးဆိုရင် ငါ့ရဲ့ရွှေလွန်းက မိုးပြာရောင်ကောင်းကင်အဆီအနှစ်ရဲ့စွမ်းအင်ကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။"

ထို့နောက် ချူချင်းမှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဂျူနီယာညီတော်ဇူယွမ်ကသာ ငါ့ရဲ့မိုးပြာရောင်ရွှေလွန်းအပ်ကို ခုခံနိုင်ခဲ့မယ်ဆိုရင် ဒီပွဲကိုမင်းနိုင်ပြီ။"

ဇူယွမ်မှာ ရွှေမိုးပြာရောင် အရှိန်အဝါများ လင်းလက်တောက်ပနေသည့် ရွှေလွန်းကို လေးနက်သောအမူအရာဖြင့် ကြည့်ရှုလိုက်သည်။ ထိုရွှေလွန်းမှာ ချူချင်း၏ အကောင်းမွန်ဆုံး တိုက်ခိုက်မှုဖြစ်ပြီး ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ကျောင်းထိုက်ရှင်းအား ရင်ဆိုင်ခဲ့ရစဉ်ကထက်ပင် အဆပေါင်းများစွာ ပိုမိုသာလွန်နေသည်။

လက်ရှိအချိန်၌ ဇူယွမ်မှာ အတော်ပင် သန်မာနေပြီဖြစ်ပါသော်လည်း ထိုရွှေလွန်းနှင့်ပက်သတ်၍ သတိလက်လွတ် မပြုမူရဲပေ။

ဇူယွမ်မှာ ပြင်းထန်လွန်းလှသော ရွှေရောင်ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်ကာ မိုးကောင်းကင်ကိုပင် လွှမ်းခြုံသွားသည်။

ချူချင်းမှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် လေးနက်သောအမူအရာဖြင့် ရွှေလွန်းအား ဇူယွမ့်ထံသို့ ဦးတည်ပို့လွှတ်လိုက်သည်။

ရွှေလွန်း၏အရှိန်မှာ အလွန်ပင် လျင်မြန်လွန်းလှပြီး ရှောင်ရှားရန် မည်သို့မျှ မဖြစ်နိုင်ပေ။

ဝှစ်....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်၏ပါးနှစ်ဖက်မှာ ဖောင်းကားလာပြီးနောက် နက်ရွှေရောင်မီးတောက်များအား မှုတ်ထုတ်လိုက်သည်။

"ကောင်းကင်ဘုံနေမင်းမီးတောက်။"

ဇူယွမ်၏ ချီစွမ်းအင် တိုးတက်လာမှုကြောင့် ကောင်းကင်ဘုံနေမင်းမီးတောက်မှာ အလွန်ဆန်းကြယ်လှပသော မီးပင်လယ်ကြီးဖြစ်ပေါ်နေပြီ ဖြစ်သည်။

ချပ်....

သို့သော် မိုးပြာရောင် ရွှေလွန်းမှာ နက်ရွှေရောင်မီးပင်လယ်အား တစ်ချက်တည်းဖြင့်ပင် ပိုင်းဖြတ်ပြသွားသည်။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်ပြီးနောက် ပျံဝဲလာနေသော မိုးပြာရောင်ရွှေလွန်းထံ ပစ်လွှတ်လိုက်သည်။

"ချီဖြိုခွဲခြင်း..."

ကောင်းကင်ဘုံယွမ်စုတ်တံ၏ အမွှေးများမှာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် မိုးပြာရောင်ရွှေလွန်းနှင့် တွေ့ဆုံသွားရသည်။

ချလန်း...ချလန်း...ချလန်း...

ကောင်းကင်ဘုံယွမ်စုတ်တံ၏ အနက်ရောင် အမွှေးများမှာ ပင်လယ်တစ်ခုအလား များစွာပြန့်ကားလာပြီးနောက် မိုးပြာရောင်ရွှေလွန်းကို တားဆီးရန် ကြိုးစားနေလျက် ရှိသည်။

ဘန်း....

သို့သော် အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် မိုးပြာရောင်ရွှေလွန်းမှာ အနက်ရောင်အမွှေးမျာအား ဖြတ်ကျော်ကာ ဇူယွမ်ထံသို့ ဆက်လက်ပျံဝဲလာသည်။

"ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်။"

ဇူယွမ်မှ တွေးတောလိုက်သည်နှင့်တစ်ပြိုင်နက် ဆန်းကြယ်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ အတောင်များအား ဖြန့်ထုတ်လျက် ဇူယွမ်အား ဒိုင်းတစ်ခုသဖွယ် ကာကွယ်ပေးထားလိုက်သည်။

ဒုန်း...

မိုးပြာရောင်ရွှေလွန်းမှာ အတောင်များအား ဖြတ်သန်းသွားသည့်အတွက် လေထုသည်ပင် ပေါက်ကွဲပျက်စီးကုန်ရသည်။ သူတော်စင်စိတ်ဝိဉာဉ်၏ အတောင်များမှာလည်း ကျိုးပဲ့ပျက်စီးကုန်ရ၏။

စောင့်ကြည့်နေကြသော တပည့်များမှာ ထိုမြင်ကွင်းကြောင့် အလွန်ပင် အံ့အားသင့်သွားကြရသည်။ ဇူယွမ်မှ ယခုကဲ့သို့ အရေးနိမ့်သည်ကို မြင်တွေ့ရသည်မှာ ယနေ့အတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ကန်ရွှမ်းတောင်ထွတ်မှ တပည့်များမှာလည်း အလွန်ပင် စိတ်လှုပ်ရှားနေကြရသည်။ ဇူယွမ်၏ ကန်ရွှမ်းသိုင်းကျမ်းများအား သိမ်းယူခြင်း အစီအစဉ်သည် ကန်ရွှမ်းတောင်ထွတ်၌ ရပ်တန့်သွားနိုင်ပေသည်။

တစ်ဖက်တွင်မူ မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ အလွန်ပင် သောကများနေရပြီး အသက်ပင် ရဲရဲမရှူရဲလောက်အောင် ဖြစ်နေကြရသည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် မိုးပြာရောင်ရွှေလွန်းမှာ အကာအရံများအားလုံးကို ကျော်ဖြတ်ကာ ဇူယွမ်၏အနီးသို့ ရောက်ရှိလာသည်။

ဇူယွမ်၏ မျက်ဝန်းများမှာ လေးနက်ခက်ထန်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက်ရှိသည်။ သူ၏အသားအရေပေါ်တွင် ကြည်လင်သောကျောက်စိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အသွေးအသားများမှာလည်း ငွေရောင်ခြည်အလင်းတန်းများဖြင့် ပြည့်နှက်သွားရသည်။ ယင်း၏နှလုံးသားအတွင်း ရှိနေသော ရွှေအိုရောင်သွေးစက်မှာလည်း ပြင်းထန်စွာ တုန်ခါလာရပြီးနောက် ဆံခြည်မျှင်သွေးကြောများမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ စီးဝင်ပျံ့နှံ့သွားသည်။

ဇူယွမ်မှာ ပြင်ပခန္ဓာသန်မာမှုအား အပြည့်အဝ ထုတ်ဖော်လိုက်ပြီပင် ဖြစ်သည်။

ထိုအချိန်မှာပင် ဇူယွမ်၏​ခြေဖဝါးအောက်တွင် ရှိနေသော မြေပြင်မှာ အက်ကွဲလာရပြီးနောက် ပြင်းထန်လှသော မြေဓာတ်စွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်အတွင်း အတိုင်းအဆမဲ့စွာ စီးဝင်လာသည်။

ဇူယွမ်မှာ ချီပင်လယ်အတွင်းရှိ ချီကြယ်ပွင့် တစ်သိန်းရှစ်သောင်းကိုလည်း အသုံးပြုနေလျက်ရှိပြီး မြေဓာတ်စွမ်းအင်သူတော်စင်မှော်စာလုံးဖြင့် ပြင်းထန်လှသော မြေဓာတ်စွမ်းအင်များကိုလည်း စုပ်ယူကာ ပြင်ပခန္ဓာသန်မာမှုကိုလည်း အသုံးပြုနေခြင်း ဖြစ်သည်။

ဇူယွမ်၏ ခန္ဓာကိုယ်ထက်၌ သွေးထွက်ဒဏ်ရာများ အနည်းငယ် စတင်ပေါ်ပေါက်လာသည်။

မိုးပြာရောင်ရွှေလွန်းမှာ ဇူယွမ်၏မျက်ခုံးနှင့် တစ်ပေမျှသာ ကွာဝေးတော့သည့်အချိန်တွင် ဇူယွမ်မှာ ရုတ်ချည်းဆိုသလို ယင်းရွှေလွန်းအား လက်နှစ်ဖက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဘန်း....

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ မုန်တိုင်းတစ်ခုအလား အဆုံးအစမဲ့ ထွက်ပေါ်လာလေသည်။

အနီးအနား ပတ်သန်းကျင်တဝိုက်တွင်ရှိနေသော ကျောက်တုံးကျောက်ဆောင်များအားလုံးမှာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားရသည်။

စွမ်းအင်လှိုင်းဂယက်များနှင့် ဖုန်မှုန့်များ ဖြည်းညင်းစွာဖြင့် လွင့်ပြယ်သွားပြီးသည့်နောက် စောင့်ကြည့်နေကြသူများမှာ ဇူယွမ်၏ပုံရိပ်အား မြင်တွေ့လိုက်ကြရသည်။

ဇူယွမ်မှာ ထိုနေရာတွင်ပင် ရပ်နေလျက်ရှိပြီး သူ၏မျက်ခုံးနှင့် လက်တစ်လုံးမျှသာ ကွာဝေးသော မိုးပြာရောင်ရွှေလွန်းအား ဆုပ်ကိုင်ထားလျက် ရှိသည်။

ရွှေလွန်းထံမှ ထွက်ပေါ်နေသည့် ပြင်းထန်လှသော စွမ်းအင်များကြောင့် ဇူယွမ်၏ မျက်ခုံးနှစ်ခုအကြားတွင် အပ်ပေါက်ရာတစ်ခု ဖြစ်ပေါ်နေပြီး သွေးစအနည်းငယ် ထွက်ပေါ်နေရသည်။

ဇူယွမ်မှာ ရွှေလွန်းအား ဆုပ်ကိုင်ထားသည်ကို ဖယ်ရှားလိုက်ပြီး မကြာမီမှာပင် ယင်းရွှေလွန်းသည်လည်း လေထုထဲတွင်ပင် ပျောက်ကွယ်သွားရသည်။

စောင့်ကြည့်နေသော ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေရသည်။

ဇူယွမ်မှာ မျက်ခုံးနှစ်ခုကြားရှိသွေးစအား ပွတ်ထုတ်လိုက်ပြီးနောက် ချူချင်းအားကြည့်ကာ လေးနက်စွာဖြင့် စကားဆိုလိုက်သည်။ "စီနီယာအကိုတော်ချူချင်းရဲ့ စိတ်ဝိဉာဉ်ခွဲထုတ်ခြင်းရွှေလွန်းက တကယ်ကို ကြောက်စရာကောင်းတာပဲ။"

ချူချင်းမှာ လေထုအတွင်း ပျောက်ကွယ်သွားသော ရွှေလွန်းအား ကြည့်ရှုနေရင်းဖြင့် အချိန်အနည်းငယ်မျှ တိတ်ဆိတ်ငြိမ်သက်နေမိသည်။ သူသည် ယခုမှသာ ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဂျူနီယာညီတော် ဇူယွမ် ငါကန်ရွှမ်းကလန်ကိုရောက်တာ ဆယ်နှစ်ရှိပြီ။ ပြီးတော့ ရွေးချယ်ခံခေါင်းဆောင် ဖြစ်ခဲ့တာလည်း နှစ်တွေမနည်းတော့ဘူး။ ဒီနေ့တော့ ငါ့ရဲ့နေရာကို လွှဲပေးရတော့မယ်။"

"ဒါကကောင်းတဲ့အရာတစ်ခုပဲ။ ဒါက ကန်ရွှမ်းကလန်မှာ အရည်အချင်းရှိသူတွေ အများကြီးရှိနေတယ်ဆိုတဲ့ သက်သေပဲ။"

ချူချင်း၏ ဆံနွယ်များမှာ တိုဝင်လာပြီးနောက် ကတုံးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည်။

ချူချင်းမှာ ဇူယွမ်အားကြည့်ရှုလိုက်ပြီးနောက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

"ဂုဏ်ယူပါတယ် ဂျူနီယာညီတော် ဇူယွမ်။ အခုဆိုရင်မင်းက ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံခေါင်းဆောင် ဖြစ်သွားပြီ။"

"ပြီးတော့ ကန်ရွှမ်းသိုင်းကျမ်းခုနစ်ခုလုံးကို သမိုင်းတလျှောက် ပထမဆုံး ရယူနိုင်တဲ့သူ ဖြစ်သွားတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။"

ချူချင်းမှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ဇူယွမ်အား အရိုအသေပြုကာ ကြည်လင်ပြတ်သားသောအသံဖြင့် ကျယ်လောင်စွာ စကားဆိုလိုက်သည်။ "ကန်ရွှမ်းတောင်ထွတ်က ရွေးချယ်ခံခေါင်းဆောင်အသစ်ကို ဂုဏ်ပြုကြိုဆိုပါတယ်။"

ကန်ရွှမ်းကလန်မှ တပည့်များမှာလည်း စိတ်ခံစားချက်များ အလွန်ပင် လှုပ်ရှားရှုပ်ထွေးနေကြရသည်။ ယနေ့တွင် ကန်ရွှမ်းကလန်မှ ဒဏ္ဍာရီတွင်မည့် အဖြစ်အပျက်တစ်ခုနှင့် ထူးချွန်ထက်မြက်သော ရွေးချယ်ခံခေါင်းဆောင်တစ်ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီပင် ဖြစ်သည်။

ခုန်းရှန်၊ လီချင်းချန်၊ ရှမ့်ချွမ်ချူးနှင့် အခြားသော တောင်ထွတ်အသီးသီးမှ ရွေးချယ်ခံများမှာလည်း ကန်ရွှမ်းတောင်ထွတ်ဆီသို့ ပျံဝဲရောက်ရှိလာကြသည်။

"ဓားကပ်ဘေးတောင်ထွတ်က ရွေးချယ်ခံခေါင်းဆောင်အသစ်ကို ဂုဏ်ပြုကြိုဆိုပါတယ်။"

"နှင်းပဒုမ္မာတောင်ထွတ်က ရွေးချယ်ခံခေါင်းဆောင်အသစ်ကို ဂုဏ်ပြုကြိုဆိုပါတယ်။"

"......"

အခြားသော တပည့်များမှာလည်း တစ်ဦးပြီးတစ်ဦး အသီးသီး လာရောက်ဂုဏ်ပြုကြိုဆိုနေလျက် ရှိသည်။

ယနေ့တွင် ကန်ရွှမ်းကလန်မှာ ရွေးချယ်ခံခေါင်းဆောင်အသစ်တစ်ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီပင် ဖြစ်လေတော့သတည်း.....

All Chapters