← Chapters

အဲ့ဒါကို ဘယ်သူရရ၊ သူတို့ဆီက ငါတို့ရအောင်ယူမယ်

Vol. 1 Ch. 405

အဲ့ဒါကို ဘယ်သူရရ၊ သူတို့ဆီက ငါတို့ရအောင်ယူမယ်

Vol. 1 Ch. 405

တစ်ရက်ကြာသော် ချမ်ဝမ်ကွမ်၏ ပြန်စာ ရောက်ရှိလာခဲ့သည်။ အဖြေသည် ကျန်းရီအား ဆွံ့အသွားစေသည်။ ချမ်ဝမ်ကွမ် ပြောသည်မှာ တစ်စုံတစ်ယောက်သည် အနောက်ဘက်ပင်လယ်ပြင်တွင် ရှားပါးနတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည့် အနက်ရောင်နကျယ်ကောင်ကို ရှာတွေ့ခဲ့သည်ဟူ၍ ဖြစ်လေသည်။

အနက်ရောင်နကျယ်ကောင်ဆိုသည်မှာ နကျယ်ကောင်မျိုးနွယ်ဝင် ဖြစ်သော်လည်း သာမန်ထက်ထူးခြားလေသည်။ ၎င်းသည် တစ်မီတာအရှည်ရှိရုံသာမက ၎င်း၏ဝမ်းဗိုက်မှာလည်း ကိုယ်ဝန်ရှိအမျိုးသမီးတစ်ဦးကဲ့သို့ ဖောင်းနေသည်။ ထိုအနက်ရောင် နကျယ်ကောင်တွင် ပျားများနှယ် တုပ်နိုင်သည့် အဆိပ်ပြင်းသော ဆူးချွန်တစ်ခုပါရှိသည်။ ထိုဆူးချွန်ကြောင့်ပင် သေဆုံးရသည့် သတ္တဝါများမှာ မနည်းမနောပင်။ သို့သော်လည်း အနက်ရောင် နကျယ်ကောင်၏ ပျားရည်သည် ကောင်းကင်နှင့်မြေပြင်၏ ထိပ်ဆုံးသော ရတနာဆယ်ခုထဲတွင် အဆင့်သုံး ဖြစ်လေသည်။

ထိုသည်က အဓိကအချက်မဟုတ်သေး။ ပိုအရေးကြီးသည့်အချက်မှာ အနက်ရောင်နကျယ်ကောင်၏ ပျားရည်သည် ကျင့်ကြံသူတစ်ယောက်၏ သက်တမ်းကို ဆွဲဆန့်နိုင်သည်။ ပျားရည်ကို စားရုံမျှဖြင့် လူတစ်ယောက်၏ သက်တမ်းမှာ ဆယ်စုနှစ် အမြောက်အများ တိုးသွားနိုင်သည်။

ကျင့်ကြံသူများ အသည်းအသန် ကျင့်ကြံနေကြသည်မှာ သက်တမ်းရှည်နိုင်ရန်ပင် မဟုတ်ပါလော။ အာဏာရှိ၍ အဆင့်အတန်း မြင့်သူများသည် အသက်ပိုရှည်ချင်ကြသည်မှာ သဘာဝသာ။ သို့သော် အဆင့်အတန်း မြင့်သော အမျိုးသမီးတို့မှာ ပျားရည်ကို အမက်မောကြဆုံးဖြစ်လေသည်။ ၎င်းသည် သက်တမ်းကိုတောင် ဆွဲဆန့်ပေးနိုင်ရာ နုပျိုစေရန် အသားအရည်နှင့် အလှအပကိုလည်း ထိန်းသိမ်းပေးနိုင်လေသည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက တစ်စုံတစ်ယောက်သည် အနက်ရောင်နကျယ်ကောင်၏ ပျားအုံကို တွေ့ရှိခဲ့သည်။ နယ်မြေမှ စွမ်းအားမြင့်သူများသည် ပျားရည် အနည်းငယ်အတွက် တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံး၌ လူပေါင်းရာချီသေဆုံးသွားခဲ့ပြီး မြောက်ဘက်လျန်နိုင်ငံသည် အနိုင်ရသူ ဖြစ်လာခဲ့သည်။ မြောက်ဘက်လျန်နိုင်ငံ၏ ထိုမျိုးဆက်ဘုရင်သည် မူလသက်တမ်းထက် အပိုဆောင်း နှစ်ရာချီ၍ အသက်ရှင်သွားခဲ့သည်။

အနက်ရောင်နကျယ်ကောင်သည် တတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပြီး ပျားအုံတစ်ခုထဲတွင် အနည်းဆုံး အကောင်ရေထောင်ချီ၍ ရှိလေသည်။ ၎င်းတို့တွင် အဆိပ်ပြင်းသည့် ဆူးချွန်တစ်ခုရှိသော်လည်း သတိထားပါက ၎င်းတို့ကို ရှင်းလင်းရန် မခက်ခဲပေ။

ကျန်းရီသည် ထိုကိစ္စကို စိတ်မဝင်စားသော်လည်း ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးကိုယ်တိုင်တောင် သွားရောက်ကြသည်။ သူသည် အနည်းငယ် သိချင်စိတ်များနေရာ သတင်းရသည်နှင့် တစ်ခဏစဉ်းစားလိုက်ပြီး မေးလိုက်သည်။

"ဘုရင်မလောရွှယ်ရော လူလွှတ်ခဲ့သေးလား"

"သူမ လွှတ်ခဲ့တယ်"

ချမ်ဂိုဏ်း၏ တာဝန်ခံသည် ခေါင်းငြိမ့်၍ ပြန်ဖြေလာခဲ့သည်။

"ဒါပေမယ့် သူမက စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် စစ်သူကြီးတစ်ဦးရယ် ရတနာအမြောက်အမြားနဲ့ လူအနည်းငယ်ရယ်ပဲ လွှတ်ထားတာ။ သူမက သူတို့ကို အဲ့ဒါအတွက် တိုက်ခိုက်ခိုင်းတာ မဟုတ်ဘဲ ရတနာတွေသုံးပြီး လဲလှယ်ခိုင်းတာဖြစ်မယ်လို့ ကျွန်တော်ယူဆမိတယ်"

"ဟမ်"

ကျန်းရီသည် စိတ်မကောင်းဖြစ်သွားခဲ့သည်။ သူမသည် နိုင်ငံတစ်ခု၏ ဘုရင်မဖြစ်သော်လည်း လူအနည်းငယ်သာ စေလွှတ်ခဲ့သည်။ ထိုအနေအထားမှာ ဂိုဏ်းတစ်ခုနှင့်တောင် ယှဉ်၍ မရပေ။ နိုင်ငံတစ်ခု၏ အုပ်ချုပ်သူသည် တစ်စုံတစ်ခုကို လိုချင်သော်လည်း လုယူရန် လူမလွှတ်ရဲပေ။ သူမသည် အုပ်ချုပ်သူအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း နေလွန်းသည်။

"လောရွှယ်ကလည်း ပျားရည်ကို လိုချင်တာလား"

ကျန်းရီသည် စိတ်ဝင်စားသွားခဲ့သည်။ သူ စုလောရွှယ်ကို သိချိန်မှစ၍ သူမနှစ်သက်သော အရာတစ်ခုမှ လက်ဆောင်မပေးခဲ့ဖူးပေ။ သူမသည် နတ်စစ်သည်တော်လေးကို နှစ်သက်သော်လည်း သူမ၏ကျင့်ကြံဆင့်မှာ နိမ့်လွန်းနေ၍ ကျန်းရှောင်နူအား ပေးလိုက်ရသည်။

"ငါတို့က မကြာခင်မှာ လက်ထပ်ကြတော့မှာ...ငါသာ ပျားရည်ကို ရအောင်ယူပြီး လောရွှယ်ကို လက်ဆောင်ပေးရင် သူမသေချာပေါက် ပျော်သွားမှာပဲ။ ဒါဆိုရင် ငါအနောက်ဘက် ပင်လယ်ပြင်ကို သွားသင့်တယ်။ အဲ့မှာ လူတွေအများကြီးရှိနေတော့ ဗာဂျရာအဆင့်လူတွေက ငါ့ကိုပေါ်ပေါ်ထင်ထင် သတ်ကြမှာမဟုတ်ဘူး"

ကျန်းရီသည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။ ယာ့ဇီသားရဲ၏ အမြန်နှုန်းနှင့်ဆိုလျှင် ရှီးနဉ်မြို့သို့ ခရီးသည် နှစ်ပတ်ဝန်းကျင်သာ ကြာမြင့်လိမ့်မည်။ စုန်းနတ်ဘုရား၏ အမွေအနှစ်တို့ကို ရရှိခဲ့ပြီဖြစ်ရာ နှစ်ပတ်ခန့် အချိန်ပိုကြာသွား၍လည်း သိပ်မထူးခြားပေ။

"ဘုရင်မလောရွှယ်ဆီ ငါရှီးနဉ်မြို့ကို သွားတဲ့အကြောင်း လူလွှတ်ပြီး အကြောင်းကြားလိုက်၊ ငါပြန်အလာကို စိတ်ချလက်ချ စောင့်နေဖို့ ပြောပေး"

ကျန်းရီသည် ချမ်ဂိုဏ်း၏ တာဝန်ခံအား ညွှန်ကြားလိုက်ပြီး ယာ့ဇီသားရဲကိုစီး၍ မြို့ငယ်လေးထဲမှ ထွက်လာလိုက်သည်။ သူသည် အနောက်မြောက်ဘက်သို့ ပျံသန်းသွားခဲ့ပြီး တမလွန်တောအုပ်၏ နယ်နိမိတ်အတွင်း လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားခဲ့သည်။

သူသည် အနီးအနားတွင် မည်သူမှမရှိကြောင်း သေချာအောင် စစ်ဆေးလိုက်ပြီး မီးနဂါးဓားကို ထုတ်လိုက်သည်။ ထို့နောက် လိမ္မော်ရောင်အတွင်းအားကို သွေးကြောများအတွင်း လှည့်ပတ်လိုက်ပြီး မီးနဂါးဓားအတွင်း ဖြည့်သွင်းလိုက်သည်။ ထို့နောက်တွင် သူသည် အရှေ့ဘက်သို့ စိတ်အားထက်သန်စွာ ခုတ်ချလိုက်သည်။

လိမ္မော်ရောင်အတွင်းအားသည် မီးနဂါးသေးသေးလေးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး အရှေ့ဘက်သို့ ပြေးထွက်သွားခဲ့သည်။ တောအုပ်တစ်ခွင်တစ်ပြင်သည် ချက်ချင်း ဖျက်စီးခံလိုက်ရပြီး မြေပြင်အပေါ်ဘက်ရှိ မြေသားများ၊ ကျောက်သားများသည် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ ဖုန်မှုန့်များသည် ကောင်းကင်ထက်တွင် ဖုံးလွှမ်းသွားခဲ့သည်။

"အိုး..."

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ကျန်းရီသည် အပျက်အစီးများကို ဝေ့ကြည့်လိုက်ပြီးနောက် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ အရှေ့မှ တောအုပ်တစ်ဝိုက်သည် ပျက်စီးသွားခဲ့ပြီး အပျက်အစီးဧရိယာ၏ အကျယ်အဝန်းသည် တစ်မိုင်ပတ်လည်ခန့် ရှိလေသည်။ မြေပြင်တွင်လည်း မီတာတစ်ရာကျော် နက်သော ချိုင့်ကြီးတစ်ခု ကျန်ရစ်နေခဲ့သည်။

"နတ်ဆိုးသားရဲ ဘုရင် သွားကြစို့"

ကျန်းရီ၏ ယုံကြည်မှုမှာ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်၏ တိုက်ခိုက်မှုနှင့် ယှဉ်နိုင်လေသည်။ သူ နောက်ထပ် ကောင်းကင်ကျောက်တုံး ပမာဏအနည်းငယ်မှ စွမ်းအင်များကို စုပ်ယူပြီးသည်နှင့် သူ့တိုက်ခိုက်နိုင်စွမ်းသည် ဗာဂျရာအဆင့်နှင့် ယှဉ်နိုင်သွားလိမ့်မည်။

ယာ့ဇီသားရဲသည် အနောက်မြောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။ ကျန်းရီသည် ယာ့ဇီသားရဲအား ကောင်းကင်အထက် ကီလိုမီတာသုံးဆယ်ကျော်အမြင့်မှ ပျံသန်းခိုင်းခဲ့သည်။ သာမန်ကျင့်ကြံသူတစ်ယောက်သည် သူတို့အား အာရုံခံမိလိမ့်မည် မဟုတ်ပေ။ ယခု သူသည် ကျင်းရှန်နိုင်ငံနှင့် ရှန်မိနိုင်ငံ၏ နယ်စပ်အထက်မှ ပျံသန်းနေခြင်းဖြစ်သည်။ ထို့ကြောင့် အောက်ဘက်တွင် ဗာဂျရာအဆင့်များ ရှိနေနိုင်ချေမှာ သုညရာခိုင်နှုန်း ဖြစ်လေသည်။

ထို့ပြင် ဗာဂျရာအဆင့်တစ်ယောက် သူ့အား သတိပြုမိသွားလျှင်တောင် သူမကြောက်ပေ။ မည်သူက သူ့အား ပေါ်ပေါ်ထင်ထင် သတ်ရဲပါမည်နည်း။ ယာ့ဇီသားရဲသည် စီးတော်ယာဉ်သက်သက် မဟုတ်ပေ။

***

ရှန်မိနိုင်ငံ၏ အနောက်မြောက်ဘက်ရှိ ပင်လယ်အနီးမှ ရှီးနဉ်မြို့သည် သက်ဝင်လှုပ်ရှား လူစည်ကားနေခဲ့သည်။ စွမ်းအားမြင့် ကျင့်ကြံသူများ မြို့အတွင်း စုစည်းလာမှုသည် ရှီးနဉ်မြို့စား ယွင်လီအား ထိတ်လန့်စေခဲ့ပြီး ညဘက်တောင် ကောင်းကောင်းအိပ်မပျော်စေခဲ့ပေ။

မြို့ထဲတွင် စစ်သည်တစ်သောင်းခန့် ရှိသော်လည်း စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များမှာ အယောက်တစ်ရာပင် မပြည့်ချေ။ ယခု ဂိုဏ်းအသီးသီးမှ သခင်လေး၊ သခင်မလေးများသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အရေအတွက် ငါးရာခန့်ကျော်ကို ခေါ်ဆောင်၍ မြို့တွင်း ရောက်ရှိနေခဲ့သည်။

ကံကောင်းထောက်မ၍ ယွင်ဖေးသည် လူအချို့ကို ခေါ်ဆောင်လာခဲ့သလို ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်မှာလည်း စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အဆင့်များကို ခေါ်ဆောင်လာခဲ့သည်။ မင်းသား၊ မင်းသမီးများနှင့် ဂိုဏ်းအသီးသီးမှ သခင်လေး၊ သခင်မလေး ရှိနေရာ မည်သူကမှ ပြဿနာ မရှာရဲခဲ့ပေ။ ထို့ကြောင့် ယွင်လီမှာ အနည်းငယ် စိတ်အေးသွားခဲ့သည်။

ဤအချိန်များ အတောအတွင်း ရှီးနဉ်မြို့ဝန်းကျင်ရှိ တောတောင်များအားလုံးအား ကင်းထောက်များက စူးစမ်းရှာဖွေခဲ့ကြသည်။ သို့သော်လည်း မည်သူကမှ အနက်ရောင်နကျယ်ကောင်၏ အသိုက်ကို ရှာမတွေ့ခဲ့ကြပေ။

အနက်ရောင်နကျယ်ကောင်များ၏ အသိုက်သည် အနောက်ဘက်ပင်လယ်ပြင်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ရှိလောက်သည်မှာ ထင်ရှားနေသည်။ မကြာသေးခင်က မင်းသား၊ မင်းသမီးများ၊ သခင်လေး၊ မမလေးများသည် ပင်လယ်ခရီးထွက်ရာတွင် လိုအပ်သည့် ပစ္စည်းများအားလုံးကို ဝယ်ယူခဲ့ကြသည်။ ထို့ကြောင့် ရှီးနဉ်မြို့မှ ကုန်သည်များမှာ အမြတ်အစွန်းများစွာ ရရှိခဲ့သည်။

ပင်လယ်ပြင်သို့ ခရီးထွက်ခြင်းသည် အလွန်အန္တရာယ်များသည်။ ပင်လယ်ထဲတွင် ပင်လယ်နတ်ဆိုးသားရဲများ အမြောက်အများ ရှိသည့်အပြင် သခင်လေး၊ သခင်မလေးများမှာလည်း များသောအားဖြင့် အားမကောင်းကြပေ။ သူတို့သာ ပင်လယ်ထဲသို့ မတော်တဆ ပြုတ်ကျသွားပါလျှင် အကျိုးဆက်များမှာ မတွေးရဲစရာပေ။ ထို့ကြောင့် ဂိုဏ်းအသီးသီးနှင့် တော်ဝင်မိသားစုများသည် လုံလောက်သည်ထက်ပိုသော ပြင်ဆင်မှုများ ပြုလုပ်ကြသည်။ သူတို့သည် တစ်ခုခုလွဲမှားသွားပြီး လက်ရှိသင်္ဘောများ ပျက်စီးသွားလျှင် အဆင်သင့် အသုံးပြုနိုင်ရန် ခိုင်ခံ့သော သစ်သားသဘောၤများ အမြောက်အမြား ပြုလုပ်ကာ ရှေးဟောင်းနတ်ဘုရား လက်စွပ်များအတွင်း ထည့်သိမ်းထားကြသည်။

သုံးရက်ကြာပြီးနောက်တွင် သင်္ဘောပေါင်းများစွာသည် စတင်ထွက်ခွာကြသည်။ မြင့်မြတ်တော်ဝင်သော လူငယ်မျိုးဆက်များမှာ အလွန်စိတ်လှုပ်ရှားနေကြသည်။ ပင်လယ်ပြင်သည် ကောင်းကင်ကြယ်တာရာနယ်မြေအတွက် တားမြစ်နယ်မြေတစ်ခုဖြစ်ရာ ပင်လယ်ပြင်သို့ ထွက်ခွာရန် သူတို့ တစ်ခါမှ အခွင့်အရေး မရခဲ့ပေ။

ယခုမူ အနက်ရောင်နကျယ်ကောင်များကြောင့် လူတိုင်းသည် စုစည်းလာကြရာ သူတို့အား မိမိတို့ ဂိုဏ်းအသီးသီးမှ စွန့်စားခွင့် ပြုခဲ့သည်။ သူတို့သည်လည်း အရွယ်ရောက်လာရန် အချို့သောအန္တရာယ်များကို တွေ့ကြုံခံစားဖူးရန် လိုအပ်လေသည်။

ဤတစ်ခေါက်တွင် မိုးပြာနဂါးအင်ပါယာမှ မင်းသားလင်းဖေးနှင့် မင်းသမီးလင်းယွဲ့ကို စေလွှတ်ခဲ့သည်။ မြောက်ဘက်မန့်နိုင်ငံသည် နိုင်ငံ၏ နံပါတ်တစ် မင်းမျိုးနွယ်ဝင်ဂိုဏ်းမှ ရှောင်ထျန်းဟူ၊ တောက်ကျန့်နှင့် အခြားလူများကို စေလွှတ်ခဲ့သည်။ ရှန်ဝူနိုင်ငံမှ ရှားဖေးယွီ၊ ကျန်းရိလျှို၊ ကျန့်ဝူရွှမ်း၊ ကျန့်လင်းအာ၊ ချမ်ဝမ်ကွမ်နှင့် အခြားသူများကို စေလွှတ်ခဲ့သည်။ ရှန်မိနိုင်ငံကမူ ယွင်ဖေးနှင့် သခင်လေးဟော်ရှုကိုသာ စေလွှတ်ခဲ့သည်။ မြောက်ဘက်လျန်နိုင်ငံသည် မင်းသမီးတစ်ပါးနှင့် အခြားသခင်လေးကိုးယောက်ကို စေလွှတ်ခဲ့သည်။ ကျင်းရှန်နိုင်ငံမှလည်း အလားတူစွာ မင်းသမီးတစ်ပါးနှင့် အခြားသော သခင်လေးဆယ်ယောက်ကို စေလွှတ်ခဲ့သည်။

သင်တန်းကျောင်းသုံးခုသည် ဒုကျောင်းအုပ်အနည်းငယ်နှင့် ကျောင်းသားအချို့ စေလွှတ်ခဲ့သည်။ ကျန်းရီ၏ အရှက်ခွဲခြင်း ခံခဲ့ရသော ရွှေချမ်လော့သည် စိတ်ဓာတ်ကျနေခဲ့သည်။ ထို့ကြောင့် ရွှေယို့လန်သည် အခွင့်ကြုံခိုက်တွင် သူမမေ့မေ့ပျောက်ပျောက် ဖြစ်သွားမည်စိုး၍ သူမအား လူတစ်အုပ်ကို ဦးဆောင်ခိုင်းကာ စေလွှတ်ခဲ့သည်။ ဇင်ဘုရားကျောင်းသည် ယခင်အတိုင်းပင် ဘုန်းကြီးလေးဟွေ့ကန်းကို ခေါင်းပြောင်ပြောင် ဘုန်းကြီးတစ်အုပ်နှင့်အတူ လာစေခဲ့သည်။

တုကူးယန်သည်လည်း ရောက်ရှိနေခဲ့သည်။ သူမခေါ်ဆောင်လာခဲ့သော လူအရေအတွက်မှာ အခြားသောဂိုဏ်းများအောက် မလျော့ပေ။ မိန်းကလေးတစ်ယောက်သည် သူမ၏ ရုပ်ရည်သွင်ပြင်ကို စိတ်အပူဆုံးဖြစ်ပြီး အနက်ရောင်နကျယ်ကောင်၏ ပျားရည်သည် အိုမင်းရင့်ရော်ခြင်းအား ပျောက်ကင်းစေလေသည်။ ထို့ပြင် ဤနေရာတွင် နယ်မြေ၏ ပါရမီရှင်သခင်လေးအားလုံးနှင့် တွေ့ဆုံနိုင်လေသည်။ သူမသည် ဤသို့သော အခွင့်အရေးမျိုးကို လက်လွှတ်ခံမည်မဟုတ်ပေ။

မျိုးဆက်၏ ပါရမီရှင်လူငယ်များ စုစည်းနေကြရာ စွမ်းအားမြင့် အစောင့်အရှောက်များလည်း ပါလာသည်မှာ သဘာဝပင်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များမှာ အယောက်ငါးရာကျော်ရှိပြီး ထိပ်ဆုံးအဆင့် ရောက်နေသူများမှာ တစ်ရာကျော်လေသည်။ သို့သော် အနက်ရောင်နကျယ်ကောင်များ၏ အသိုက်လေးတစ်ခုသာဖြစ်ရာ ဗာဂျရာအဆင့်များ ရောက်မလာကြပေ။ သူတို့သာ လှုပ်ရှားလာပါက ဘာမဟုတ်သည့် ကိစ္စလေးကို ရေးကြီးခွင်ကျယ်လုပ်သလို ဖြစ်သွားလိမ့်မည်။

လူတိုင်းမသိလိုက်ကြသည်မှာ သူတို့ပင်လယ်ပြင်သို့ ထွက်ခွာပြီး နှစ်ရက်အကြာတွင် သားရဲကြီးတစ်ကောင် အနောက်ဘက်မှ လျှို့ဝှက်စွာ လိုက်ပါလာသည်ကိုပင်။ ကျန်းရီသည် ယာ့ဇီသားရဲအပေါ်တွင် အေးအေးလူလူ ထိုင်နေပြီး အကွာအဝေးတစ်နေရာမှ အနက်ရောင်အစက်ကလေးများကို ကြည့်နေလေသည်။ သူသည် စဉ်းလဲစွာ ပြုံးလိုက်ပြီး ယာ့ဇီသားရဲအား ပြောလိုက်သည်။

"နတ်ဆိုးသားရဲဘုရင် သူတို့နောက် အကွာအဝေးတစ်ခုကနေပဲ လိုက်မယ်၊ အရမ်းကြီး ကပ်မသွားနဲ့။ သူတို့ အရှေ့မှာ တိုက်နေတုန်း ငါတို့ အနောက်ကနေ အလစ်ချောင်းနေကြမယ်။ အဲ့ဒါကို ဘယ်သူပဲရရ  သူတို့ဆီက ငါတို့ ရအောင်ယူကြတာပေါ့"

*****

All Chapters