← Chapters

ဘေးဒုက္ခကို ကြိုတင်ရှောင်ကွင်းခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ လှုပ်ရှားခြင်း

Vol. 8 Ch. 103

ဘေးဒုက္ခကို ကြိုတင်ရှောင်ကွင်းခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ လှုပ်ရှားခြင်း

Vol. 8 Ch. 103

“ဘာ... ဘာဖြစ်သွားတာလဲ”

မျက်မှောက်က မြင်ကွင်းကြောင့် ဂူကျင်းနှင့် ကျန်ရှိနေသောသူများမှာ ဆွံ့အအံ့အားသင့်သွားကြသည်။

သူတို့ရှေ့တွင် ရှိနေသည့် ရိုးသားအေးဆေးပုံရပြီး စကားအနည်းငယ် ထစ်တတ်သည့် ဤလူငယ်က ဤမျှအထိ ရက်ရက်စက်စက် လက်ဦးမှုယူ တိုက်ခိုက်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။

ထို့အပြင် တစ်ဖက်လူမှာ အစပိုင်းတွင် လက်နက်မဲ့ ဖြစ်နေခဲ့သည် မဟုတ်ပါလား။ ဤဓားက ဘယ်နေရာကနေ ရုတ်ချည်း ပေါ်ထွက်လာသနည်း။

သို့သော်လည်း ယခုအချိန်မှာ ထိုအကြောင်းအရာများကို အသေးစိတ် စဉ်းစားနေရမည့် အချိန်မဟုတ်တော့ချေ။

ဤလူငယ်မှာ သူတို့၏ လူကို သတ်ဖြတ်ရန် ဝံ့ရဲနေမှတော့ သူသည် သူတို့၏ ရန်သူဖြစ်ကြောင်း ရှင်းလင်းနေပြီ ဖြစ်သည်။ ဤကဲ့သို့သော သူအတွက် သေခြင်းတရားမှလွဲ၍ အခြား ပေးဆပ်ရန် လမ်းမရှိပေ။

ချက်ချင်းဆိုသလိုပင် ဂူကျင်းနှင့် အခြားသူများမှာ သူတို့၏ လက်နက်များကို အသီးသီး ဆွဲထုတ်လိုက်ကြပြီး ကျန်းဖန်ကို ဝိုင်းဝန်း တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

ဝုန်း၊ ဝုန်း၊ ဝုန်း၊

သို့သော် ဂူကျင်းနှင့် အခြားသူများ လှုပ်ရှားနိုင်ခြင်း မရှိသေးမီမှာပင် ဓားချီများက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာသည်။

ထိုဓားချီများမှာ အမှောင်ထုကို ခွဲခြမ်းလိုက်သည့် အနက်ရောင် အလင်းတန်းများပမာ လျှင်မြန်လှပေသည်။

နောက်တစ်စက္ကန့်တွင်တော့ အိမ်အတွင်းရှိ လူအားလုံးမှာ အသက်မဲ့သွားကြလေပြီ။

သူတို့အားလုံး၏ ခန္ဓာကိုယ်များမှာ ဓားချီများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

သူတို့၏ မျက်လုံးများမှာ ပြူးကျယ်လျက်ပင်...

ဤမျှလောက် မြန်ဆန်လှသော တိုက်ကွက်အောက်တွင် သူတို့ ဤကဲ့သို့ အလွယ်တကူ သေဆုံးသွားရလိမ့်မည်ဟု မယုံကြည်နိုင်ကြသေးပုံရသည်။

အိုင်ထွန်းနေသော သွေးပူနွေးနွေးများမှာလည်း မြေပြင်ပေါ်သို့ စီးဆင်းလာခဲ့ချေပြီ။

ကျန်းဖန်အနေနှင့် ဤလူများ သေဆုံးသွားခြင်းအပေါ် မည်သည့် ခံစားချက်မှ မရှိသလို၊ သူ၏ စိတ်အစဉ်မှာလည်း လှုပ်ခတ်သွားခြင်း မရှိပေ။

ဤကဲ့သို့သော ပရမ်းပတာခေတ်တွင် သာမန်လူသားများ၏ အသက်မှာ မြက်ပင်တစ်ပင်လောက်ပင် တန်ဖိုးမဲ့သည် မဟုတ်ပါလား။

သူသည် သေဆုံးနေသော လူအလောင်းများစွာကို မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။

သို့သော်လည်း သူ့ကို စိုးရိမ်ပူပန်စေသည့် အချက်မှာ ‘မျက်ခုံးနီတပ်’ နှင့် ‘ယွင်ကျီမြို့’ အုပ်ချုပ်ရေးမှူး၏တပ်တို့အကြား ပဋိပက္ခမှာ တစ်နေ့ထက်တစ်နေ့ ပိုမို ပြင်းထန်လာခြင်းပင်။

ဤအခြေအနေက မြို့ကို ပို၍ မလုံခြုံအောင် ပြုလုပ်နေသည်။

သာမန်မြို့သူမြို့သားများပင်လျှင် ဤမုန်တိုင်းဒဏ်မှ ရှောင်ကွင်းနိုင်ရန် ခဲယဉ်းလှပေသည်။

“ဒီနေရာကနေ ထွက်သွားဖို့ အချိန်တန်ပြီထင်တယ်...”

“အခု လက်ရှိအိမ်မှာ ဆက်နေနေရင်တော့ ဒီရုတ်ရုတ်သည်းသည်းတွေကြားထဲမှာ ငါပါ ပါသွားနိုင်တယ်။”

“မျက်ခုံးနီတပ်က အတင်းအကျပ် စစ်ထဲဆွဲသွင်းတာမျိုး ဒါမှမဟုတ် အုပ်ချုပ်ရေးမှူးတပ်က အမြှောက်စာအဖြစ် ဖမ်းဆီးသွားတာမျိုး ကြုံရနိုင်တယ်။”

“ဒါတွေကို စဉ်းစားကြည့်ရင်... လီမျိုးနွယ်စု စံအိမ်တော်ရဲ့ မြေအောက်ခန်းထဲမှာ သွားပုန်းနေတာက ပိုကောင်းလိမ့်မယ်။”

ကျန်းဖန်က မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။

အမှန်စင်စစ် သူသည် ဤလက်ရှိအိမ်မှ ထွက်ခွာချင်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် လီမျိုးနွယ်စု စံအိမ်တော်တွင် မမျှော်လင့်ထားသော အန္တရာယ်တစ်ခုခု ရှိနေမည်ကို စိုးရိမ်နေခဲ့၍သာ မသွားဖြစ်သေးခြင်း ဖြစ်သည်။

သို့သော် ရက်အတော်ကြာ အကဲခတ်ကြည့်ပြီးနောက် လီမျိုးနွယ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်များ အားလုံး သေဆုံးကုန်ကြပြီ ဖြစ်သည့်အတွက် ထိုစံအိမ်တော်ကြီးမှာလည်း လူသူကင်းမဲ့ပြီး အားလုံး၏ မေ့လျော့ခြင်းကို ခံထားရကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် ထိုနေရာမှာ သူနှင့် စုဝေဝေတို့အတွက် အကောင်းဆုံး ယာယီ ခိုလှုံရာနေရာ ဖြစ်ပေလိမ့်မည်။

မြေအောက်ခန်းထဲတွင် ခဏတဖြုတ် ပုန်းကွယ်နေသရွေ့ မျက်ခုံးနီတပ်ဖြစ်စေ၊ အုပ်ချုပ်ရေးမှူး၏တပ်ဖြစ်စေ သူတို့ကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

ဟုတ်ပါသည်... သူသည် ထိုနေရာတွင် ထာဝရ ပုန်းကွယ်နေရန် စိတ်ကူးမရှိပါ။ ယာယီမျှသာ ဖြစ်သည်။

မျက်ခုံးနီတပ်နှင့် အုပ်ချုပ်ရေးမှူးတပ်တို့၏ တိုက်ပွဲ ပြီးဆုံးသွားသည့်အခါ သူသည် မြေအောက်ခန်းထဲမှ ပြန်ထွက်လာမည် ဖြစ်သည်။

ထိုအချိန်ကျလျှင် ယွင်ကျီမြို့မှာပဲ ဆက်နေနေ တခြားတစ်နေရာသို့ ပြောင်းရွှေ့ရွှေ့ အန္တရာယ် ကြီးကြီးမားမား ရှိနိုင်တော့မည် မဟုတ်ပေ။

အတိုချုပ်ပြောရလျှင် အခုလောလောဆယ် ဖြစ်ပေါ်နေသည့် ဆူပူသောင်းကျန်းမှု ကာလကို အရင်ဆုံး ရှောင်ရှားရန်သာ ဖြစ်သည်။

ဤသို့ တွေးတောပြီးနောက် ကျန်းဖန်က ‘အလောင်းဖျောက် ရေစင်’ ကို ထုတ်ယူကာ အလောင်းများကို ရှင်းလင်းလိုက်သည်။

ဤနည်းလမ်းက သူ့အတွက် အချိန်အနည်းငယ် ပိုရစေလိမ့်မည်။

အနည်းဆုံးတော့ လူသတ်မှု ဖြစ်ပွားကြောင်း သိရှိရန် အချိန်ကြန့်ကြာသွားမည် ဖြစ်ရာ အုပ်ချုပ်ရေးမှူးဘက်မှ အမှုဖွင့်ပြီး သူ့ကို ခြေရာခံနိုင်မည့် အခွင့်အရေးကို လျှော့ချနိုင်ပေလိမ့်မည်။

ဝုန်း…

ထိုစဉ်မှာပင် သူ၏ စိတ်အစဉ်ထဲသို့ သတင်းစကားတစ်ခု စီးဝင်လာသည်။ “သင်သည် မိမိအသက်ဘေးအတွက် တိုက်ခိုက်ခဲ့ပြီး ဂူကျင်းနှင့် အခြားသူများကို သတ်ဖြတ်ကာ သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့သည်။ ဘေးဒုက္ခတစ်ခုကို ကျော်လွှားနိုင်ခဲ့သဖြင့် ကံကောင်းခြင်းအမှတ် (၃၀၀) ရရှိပါသည်။”

“ဟင်”

ဤသတင်းစကားကို သိလိုက်ရသည့်အခါ ကျန်းဖန် မျက်တောင်ခတ်လိုက်မိသည်။ ဒါက သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့တာလား။

မည်သို့ပင်ဆိုစေ၊ ဤသည်မှာ သူ ကျော်လွှားနိုင်ခဲ့သည့် ဘေးဒုက္ခတစ်ခု ဖြစ်သည်မှာ အမှန်ပင်။

အကယ်၍ သူ့တွင် သာမန် ခွန်အားလောက်သာ ရှိခဲ့လျှင် ထိုလူတစ်စု၏ သတ်ဖြတ်ခြင်းကို ခံရသည်မှာ ကြာလှလောက်ပြီ။ ယခုကဲ့သို့ အေးအေးဆေးဆေး ရှိနေနိုင်မည် မဟုတ်ပေ။

ထို့အပြင် ယခုတစ်ကြိမ်တွင် ကံကောင်းခြင်းအမှတ် (၃၀၀) တောင် ရရှိခဲ့သည်။ ယခုဆိုလျှင် သူ၏ စုစုပေါင်း ကံကောင်းခြင်း အမှတ်မှာ (၁၃၆၀) အထိ ပြန်လည် မြင့်တက်လာခဲ့ချေပြီ။

ယခင်က အလင်းတန်းဓားသိုင်းကိူ လေ့လာရန်အတွက် အမှတ် (၃၀၀) သုံးစွဲခဲ့ရသော်လည်း ယခုအခါ ချက်ချင်းဆိုသလို ပြန်လည် ဖြည့်တင်းနိုင်ခဲ့သည်။

ဤကဲ့သို့သော ပရမ်းပတာခေတ်ကြီးတွင် ဘေးဒုက္ခများမှာ ဘယ်သောအခါမှ ကုန်စင်မသွားနိုင်ဟူ၍သာ ဆိုရပါမည်။

ရိုးရှင်းစွာ ရှင်သန်နေထိုင်ရုံနှင့်ပင် မရေမတွက်နိုင်သော ဘေးဒုက္ခများက ရောက်ရှိလာတတ်ပြီး၊ ထိုဘေးများကို ကျော်လွှားနိုင်ခြင်းက သူ့အတွက် ကံကောင်းခြင်း အမှတ်များကို ရရှိစေသည်။

“ဒီပုံစံအတိုင်းဆိုရင် ကံကောင်းခြင်းအမှတ် (၂၀၀၀) ပြည့်ဖို့က အချိန်တစ်ခုပဲ လိုတော့တာပဲ။”

ကျန်းဖန်သည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

အမှတ် (၂၀၀၀) ပြည့်ရန်အတွက် အမှတ် ခြောက်ရာ သို့မဟုတ် ခုနစ်ရာခန့်သာ လိုတော့သည် မဟုတ်ပါလား။ နောက်ထပ် ဘေးဒုက္ခ နှစ်ခု၊ သုံးခုလောက်ကိုသာ ကျော်လွှားနိုင်ခဲ့လျှင် သူ လိုချင်သည့် ပန်းတိုင်ကို ရောက်ရှိပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူသည် မူလအဆင့် သိုင်းပညာရှင်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ဝိညာဉ်အမြစ်ကိုပါ ပျိုးထောင်နိုင်မည် ဖြစ်သည်။

ရှူး

ဘာမှ ထပ်မစဉ်းစားတော့ဘဲ ကျန်းဖန်သည် ထိုနေရာမှ အမြန်ထွက်ခွာကာ အိမ်သို့ ပြန်လာခဲ့သည်။

သူ ပြန်လာသည့်လမ်းတွင် မည်သူမျှ သတိမထားမိစေရန် အတွက် လျှို့ဝှက်စွာ သွားလာခဲ့သည်။

“ယောကျာ်း... ပြန်လာပြီလား။”

ကျန်းဖန် ပြန်ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ စုဝေဝေက ချက်ချင်းပင် ပြုံးရွှင်သွားသည်။

သူမသည် သူမ၏ ခင်ပွန်းဖြစ်သူ အပြင်ထွက်ရာတွင် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ကို အလွန် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

အကြောင်းမှာ ယခုအခါ ယွင်ကျီမြို့မှာ လုံးဝ ပရမ်းပတာ ဖြစ်နေပြီး လမ်းမပေါ်ရှိ လူများကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားမှုများလည်း နေရာအနှံ့ ဖြစ်ပွားနေသောကြောင့် ဖြစ်သည်။

ကြားသိရသလောက်ဆိုလျှင် အနီးနားရှိ ပန်းပဲဆရာတစ်ဦးမှာ အပြင်တွင် ဟင်းသီးဟင်းရွက် သွားဝယ်စဉ် အုပ်ချုပ်သူတပ်နှင့် တိုးမိပြီး ချက်ချင်းပင် အသေခံတပ်ဖွဲ့ဝင်အဖြစ် အဖမ်းခံလိုက်ရသည်ဟု ဆိုကြသည်။

ထို့ကြောင့် သူမ၏ ခင်ပွန်းမှာလည်း ထိုကဲ့သို့သော မတော်တဆမှုမျိုး ကြုံရမည်ကို သူမ အလွန် စိုးရိမ်ခဲ့သည်။

“ပစ္စည်းတွေ အမြန်ထုပ်၊ ငါတို့ အခုချက်ချင်း ဒီကနေ ထွက်သွားရမယ်။”

ကျန်းဖန်က အများကြီး ရှင်းမပြတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

“ဘယ်ကိုလဲ ယောကျာ်း...”

ဤစကားကို ကြားလိုက်ရသည့်အခါ စုဝေဝေမှာ ထိတ်လန့်သွားသည်။

သူမ၏ ခင်ပွန်းက ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုး ချလိုက်ပြီဆိုလျှင် ကြီးမားသော အပြောင်းအလဲတစ်ခုခု ဖြစ်ပျက်နေပြီဆိုသည်ကို သူမ သိလိုက်သည်။

သူမအနေနှင့် အကြောင်းပြချက်များကို လိုက်မေးနေရန် စိတ်ကူးမရှိပေ။

သူမ၏ ခင်ပွန်းတွင် ဤသို့လုပ်ဆောင်ရန် ခိုင်လုံသော အကြောင်းပြချက် ရှိလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။

သူမ လုပ်ဆောင်ရန် လိုအပ်သည်မှာ ခင်ပွန်းဖြစ်သူ နောက်သို့ လိုက်ပါသွားရန်သာ ဖြစ်သည်။

“ငါ ဘေးကင်းတဲ့ မြေအောက်ခန်းတစ်ခု ရှာထားတယ်...”

“အဲ့ဒီနေရာက အရမ်းကို လျှို့ဝှက်တယ်။”

“ဒီရုတ်ရုတ်သည်းသည်းတွေ ပြီးသွားတဲ့အထိ ငါတို့ အကြာကြီး ပုန်းနေဖို့ လုံလောက်တဲ့ နေရာမျိုးပဲ။”

အချိန်တစ်စက္ကန့်ချင်းစီက အဖိုးတန်နေသဖြင့် ကျန်းဖန်က အသေးစိတ် ထပ်မရှင်းပြတော့ဘဲ အမြန်ပြင်ဆင်ရန်သာ တိုက်တွန်းလိုက်လေတော့သည်။

…

All Chapters