← Chapters

ဘေးဒုက္ခကို ကြိုတင်ရှောင်ကွင်းခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ လှုပ်ရှားခြင်း (၂)

Vol. 8 Ch. 104

ဘေးဒုက္ခကို ကြိုတင်ရှောင်ကွင်းခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ လှုပ်ရှားခြင်း (၂)

Vol. 8 Ch. 104

ဘေးကင်းရာ အရပ်သို့ ရောက်ရှိသွားမှ ရှင်းပြလည်း နောက်မကျပေ။

"ကောင်းပါပြီ"

စုဝေဝေသည် ခေါင်းညိတ်လိုက်ပြီးနောက် အဝတ်အစားများ သိမ်းဆည်းရန် ချက်ချင်း ပြန်ဝင်သွားလေသည်။

အမှန်တကယ်တမ်းတွက် သိမ်းဆည်းစရာ များများစားစား မရှိချေ။ အိပ်ရာခင်းအချို့၊ အဝတ်အစားများနှင့် အခြေခံ အသုံးအဆောင် ပစ္စည်းအချို့သာ ရှိသည်။

ခဏချင်းအတွင်းမှာပင် သူတို့၏ ပိုင်ဆိုင်မှု အားလုံးကို ဝိညာဉ်သိုလှောင်လက်စွပ် အတွင်းသို့ ထည့်သွင်း သိမ်းဆည်းလိုက်ကြသည်။

ဤကဲ့သို့သော မသေမျိုးရတနာ တစ်ခု ရှိနေခြင်းက အိမ်ပြောင်းရွှေ့ခြင်းကို အလွန်တရာ လွယ်ကူစေခဲ့သည်။

ရှူး…

အရာအားလုံး ပြီးစီးသွားသောအခါ ကျန်းဖန်သည် စုဝေဝေကို ပွေ့ချီကာ ထိုနေရာမှ တိတ်တဆိတ် ထွက်ခွာခဲ့လေသည်။

လမ်းကြားလေးများအတွင်း အကွေ့အကောက်များစွာကို ဖြတ်သန်းရင်း ဘေးပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသော မျက်လုံးများကို ရှောင်တိမ်းခဲ့ကြ၏။

နောက်ဆုံးတွင်မူ သူတို့သည် လီမိသားစု စံအိမ်တော်သို့ ရောက်ရှိလာ၏။ ထို့နောက် မြေအောက်ခန်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက် ပုန်းအောင်းလိုက်ကြလေသည်။

ဤနည်းဖြင့် သူတို့ဇနီးမောင်နှံနှစ်ဦးမှာ ယာယီအားဖြင့် ဘေးကင်းသွားခဲ့ပြီ ဖြစ်သည်။

"ယောကျာ်း... ဒီလောက် လျှို့ဝှက်တဲ့နေရာကို ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ"

စုဝေဝေသည် အလွန်အမင်း အံ့အားသင့်နေမိသည်။

ယွင်ဇီမြို့အတွင်းတွင် ဤကဲ့သို့သော မြေအောက်ခန်းမျိုး ရှိနေလိမ့်မည်ဟု သူမ တစ်ခါမျှ ထင်မထားခဲ့ဖူးချေ။ ထို့ပြင် ၎င်းမှာ အလွန်ပင် လျှို့ဝှက်လှသည်။

ငွေကြေးဂိုဏ်းနှင့် အစိုးရအဖွဲ့မှ လူစုဆောင်းလိုလျှင်ပင် သူတို့နှစ်ဦးကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

ဤနေရာတွင် ပုန်းနေရခြင်းက သူမကို အလွန် ဘေးကင်းသည်ဟု ခံစားရစေသည်။

ယင်းမှာ ဖရိုဖရဲဖြစ်နေသော ကမ္ဘာပျက်ကပ်အတွင်းမှ ဘေးကင်းရာ နိဗ္ဗာန်ဘုံလေးတစ်ခုနှယ်ပင်။

"ကံကောင်းလို့ ရှာတွေ့တာပါ"

ကျန်းဖန်က အသာအယာ ပြုံးလိုက်သည်။

ဤအတွက် နဂါးဘုရင်ဂိုဏ်းနှင့် လီမိသားစုကို ကျေးဇူးတင်ရပေလိမ့်မည်။

သူတို့သာ မရှိခဲ့လျှင် ဤကဲ့သို့သော မြေအောက်ခန်းကို သူ မည်သို့ ရှာတွေ့နိုင်ပါမည်နည်း။

ထိုလူများကို သူကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း၊ သူတို့၏ ကြိုးစားအားထုတ်မှုများကိုမူ သူ အသိအမှတ်ပြုရပေမည်။

ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။

ဂူကျင်းနှင့် အခြားလူများ သေဆုံးသွားခြင်းနှင့် ပတ်သက်၍ မည်သည့် ဂယက်မျှ ထမလာခဲ့ပေ။ အကြောင်းမှာ သူတို့သည် လူ့အဖွဲ့အစည်း၏ အစွန်အဖျားတွင် နေထိုင်ကြသူများ ဖြစ်ကြပြီး၊ သူတို့၏ တည်ရှိမှုကို သိရှိသူ အလွန်နည်းပါးသောကြောင့်ပင်။

ထိုသို့သာ မဟုတ်ပါက သူတို့သည် အစိုးရကို အဆုံးထိ တော်လှန်ရန် မျက်ခုံးနီ ပုန်ကန်သူတပ်ထဲသို့ ဝင်ရောက်ကြမည် မဟုတ်ချေ။

သူတို့သည် ဆုံးရှုံးစရာ ဘာမျှမရှိသော ခြေဗလာ စစ်သည်တော်များသာ ဖြစ်ကြသည်။

သူတို့ကို သိရှိသူ ရှိသည်ဆိုလျှင်ပင် ၎င်းတို့မှာ မျက်ခုံးနီ ပုန်ကန်သူတပ်မှ လူများသာ ဖြစ်လိမ့်မည်။ သို့သော် ထိုသူများသည်လည်း ပေါ်ပေါ်ထင်ထင် မည်သို့ ရှာဖွေရဲပါမည်နည်း။

ထို့ပြင် သူတို့၏ ခြေရာလက်ရာများ ပေါ်သွားပြီး အစိုးရ၏ အမြစ်ပြတ် ချေမှုန်းခြင်းကို ခံရမည်ကိုသာ သူတို့ စိုးရိမ်နေကြသည်။

ဂူကျင်းနှင့် အခြားလူများ ပျောက်ဆုံးသွားကြောင်း သိလိုက်ရသောအခါ မျက်ခုံးနီ ပုန်ကန်သူတပ်မှ လူများသည် အလွန်တရာ ကြောက်လန့်သွားကြပြီး၊ ထိုလူများ အဖမ်းခံလိုက်ရပြီဟု သံသယဝင်ကာ ပုန်းအောင်းနေကြတော့သည်။

ထို့ကြောင့် ဤကိစ္စမှာ ဘာမျှ မဖြစ်ခဲ့သကဲ့သို့ တိတ်တဆိတ်ပင် မှေးမှိန်သွားခဲ့လေသည်။

သို့သော် မျက်ခုံးနီ ပုန်ကန်သူတပ်နှင့် ယွင်ဇီမြို့တို့အကြား တိုက်ပွဲမှာမူ ပိုမို ပြင်းထန်လာခဲ့၏။ နေ့စဉ်နှင့်အမျှ အထိအခိုက် အကျဆုံးများ များပြားလာကာ မြို့ကျဆုံးတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် အုပ်ချုပ်ရေးမှူး အဖွဲ့နှင့် မိသားစုကြီး သုံးစုတို့မှာ ပို၍ စိုးရိမ်ထိတ်လန့်လာကြတော့သည်။

နေ့စဉ်နေ့တိုင်း လူအများအပြားမှာ ဖမ်းဆီးခံရပြီး အမြောက်စာ အဖြစ် အတင်းအဓမ္မ စေခိုင်းခံနေရရှာသည်။

အကယ်၍ အမိန့်ကို ငြင်းဆန်ပါက မည်သူမဆို လမ်းပေါ်တွင်ပင် ရိုက်နှက်ခြင်း ခံကြရလေသည်။ သူတို့အားလုံးမှာ ရူးသွပ်မှုများနှင့်အတူ လမ်းဆုံးသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ထိုအချိန်တွင် ငွေကြေးဂိုဏ်းမှ လူတစ်စုသည် ကျန်းဖန် အရင်က နေထိုင်ခဲ့သည့် လမ်းထဲသို့ ရောက်ရှိလာခဲ့ကြ၏။

အဖွဲ့ကို ဦးဆောင်လာသူမှာ ငွေကြေးဂိုဏ်း၏ အကြီးအကဲ ဟယ်ယွိလျန်ပင် ဖြစ်သည်။

သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ရက်စက်ကြမ်းကြုတ်သည့် ပုံစံမျိုး ပေါက်နေသည်။ ဓားရှည်များ၊ လှံများ၊ သံတူများ စသည့် လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြသည်။

ယခုအခါ ငွေကြေးဂိုဏ်းဝင်များသည် စစ်တပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သူတို့သည် မြို့အတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် မည်သည့် ဆူပူမှုမျှ မဖြစ်ပေါ်စေရန် တာဝန်ယူထားကြရသည်။ သို့မှသာ အပြင်ဘက်ရှိ မျက်ခုံးနီ ပုန်ကန်သူတပ်က အခွင့်ကောင်း မယူနိုင်မည် ဖြစ်သည်။

"အားလုံး ထွက်ခဲ့ကြစမ်း..."

"အခု စစ်ပွဲ အခြေအနေက အရမ်း စိုးရိမ်ရနေပြီ၊ ယွင်ဇီမြို့မှာရှိတဲ့ အိမ်ထောင်စုတိုင်းက ပါဝင်ကူညီမှရမယ်"

"အသက် ၁၄ နှစ်အထက် အမျိုးသားအားလုံး စစ်ထဲဝင်ရမယ်"

"အမိန့်ကို ဖီဆန်တဲ့သူကို နေရာတင် ချက်ချင်း ကွပ်မျက်မယ်"

အကြီးအကဲ ဟယ်ယွိလျန်သည် အစိုးရ၏ အမိန့်စာကို ကိုင်ဆောင်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ယခုအခါ သူသည် ငွေကြေးဂိုဏ်း၏ အကြီးအကဲ တစ်ဦးသာမက အုပ်ချုပ်ရေးမှူးအတွက် အလုပ်လုပ်ပေးနေသူလည်း ဖြစ်သည်။

ဘာ...

ဤစကားကို ကြားသောအခါ အိမ်နီးနားချင်းများ၏ မျက်နှာမှာ ဖြူဖျော့သွားကြသည်။

အခြေအနေ ဆိုးရွားနေသည်ကို သိထားသော်လည်း အိမ်တိုင်းမှ အမျိုးသားများကို ယခုကဲ့သို့ အတင်းအဓမ္မ စစ်ထဲသွင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ဤသည်မှာ သူတို့ကို သေတွင်းထဲသို့ အတင်းတွန်းပို့နေခြင်းပင် မဟုတ်ပါလော။

ထိုလူများ တုံ့ပြန်ရန် အချိန်မရခင်မှာပင် ငွေကြေးဂိုဏ်းဝင်များသည် အိမ်ထဲသို့ ဝင်ရောက်ကာ အမျိုးသားများကို တစ်ယောက်ပြီး တစ်ယောက် ဆွဲထုတ်သွားကြတော့သည်။

မိန်းမများသာ ကျန်ရစ်ခဲ့ရ၏။ အမိန့်ကို ဆန့်ကျင်သူများမှာမူ ရက်စက်စွာ ရိုက်နှက်ခံကြရသည်။

ဤအချက်က ယွင်ဇီမြို့သူမြို့သားများကို တုန်လှုပ်ခြောက်ခြားသွားစေရာ မည်သူမျှ မဆန့်ကျင်ရဲတော့ချေ။ သူတို့သည် အညံ့ခံ အရှုံးပေးရခြင်းကို ကျင့်သားရနေကြပြီ ဖြစ်သည်။

"ဘာဖြစ်တာလဲ... ဘာလို့ အိမ်ထောင်စု တစ်ခု လိုနေသေးတာလဲ"

အကြီးအကဲ ဟယ်ယွိလျန်သည် လူစာရင်းကို စစ်ဆေးကြည့်ပြီးနောက် အိမ်ထောင်စုတစ်ခုက အမိန့်ကို မလိုက်နာဘဲ အိမ်ထဲမှ ထွက်မလာသည်ကို တွေ့ရှိသွားသည်။ ထို့ကြောင့် သူ မကျေမနပ် ဖြစ်သွား၏။

ဤသည်မှာ သူ၏ မျက်နှာကိုသာမက ငွေကြေးဂိုဏ်းနှင့် အုပ်ချုပ်ရေးမှူး၏ မျက်နှာကိုပါ လက်ဝါးဖြင့် ရိုက်လိုက်ခြင်းပင်။

ဒီနေ့တော့ သူသည် တစ်စုံတစ်ယောက်ကို စံနမူနာပြ အပြစ်ပေးပြမှ ရတော့မည်။ သို့မှသာ ဤလူရမ်းကားများက သူ နောက်ပြောင်နေသည်ဟု မထင်ကြတော့မည် ဖြစ်သည်။

"ဒါ ကျန်းဖန်ရဲ့ အိမ်ပါ"

"ယွင်ဇီမြို့ကို ရောက်တာ မကြာသေးဘူး လင်မယားနှစ်ယောက်ပဲ ရှိတာပါပဲ"

ငွေကြေးဂိုဏ်းဝင်များက ချက်ချင်း သတင်းပို့လိုက်သည်။ သူတို့တွင် ဤလမ်းရှိ နေထိုင်သူအားလုံး၏ မှတ်ပုံတင် အချက်အလက်များ ရှိနေသည် ဖြစ်ရာ မည်သည့်အိမ် ပျောက်ဆုံးနေသည်ကို ရှင်းရှင်းလင်းလင်း သိနေကြသည်။

"ဘာ... အဲ့ဒီ လူသစ် နှစ်ယောက်လား"

"ပြီးခဲ့တဲ့ အခေါက်ကတော့ အခွန်တွေကို အချိန်မီ ပေးဆောင်ကြပြီး‌တော့၊ ငါက လူကောင်းတွေလို့ ထင်ထားတာ"

"အခုကျတော့မှ အမိန့်မနာခံတဲ့ လူရမ်းကားတွေ ဖြစ်နေတယ်ဆိုတာ သိတော့တယ်"

"ချက်ချင်း အထဲဝင်စမ်း... သူတို့ကို ဆွဲထုတ်ခဲ့၊ တခြားလူတွေအတွက် သင်ခန်းစာ ဖြစ်သွားအောင် လုပ်ရမယ်"

ဟယ်ယွိလျန် ဒေါသထွက်နေလေသည်။ သူက အလျှော့ပေးလွန်း၍ ကျန်းဖန်က သူ့ကို အထင်သေးသွားပြီး ယခုကဲ့သို့ အမိန့်ကို ပြောင်ပြောင်တင်းတင်း ဖီဆန်နေသည်ဟု သူ ထင်မှတ်သွားသည်။

ဝုန်း…

ချက်ချင်းပင် ငွေကြေးဂိုဏ်းဝင် ဆယ်ဂဏန်းခန့်သည် ကျန်းဖန် နေထိုင်ခဲ့သော အိမ်ဝင်းအတွင်းသို့ ပြေးဝင်သွားကြသည်။

သူတို့သည် အိမ်အနှံ့ကို အသည်းအသန် လိုက်လံ ရှာဖွေကြသော်လည်း အိမ်မှာ အလွတ်ကြီး ဖြစ်နေသည်ကိုသာ တွေ့လိုက်ရ၏။ မည်သည့် လူအရိပ်အယောင်မျှ ကျန်မနေခဲ့ပေ။

"အကြီးအကဲ... အထဲကလူတွေ ထွက်ပြေးသွားကြပြီ၊ ဘယ်ကို ရောက်သွားလဲဆိုတာ ခြေရာလက်ရာတောင် မကျန်ဘူး"

တစ်ယောက်က ပြောလိုက်သည်။

"ထွက်ပြေးတယ် ဟုတ်လား... ယွင်ဇီမြို့က ဒီလောက် အကျယ်ကြီး ရှိတာ၊ အဲ့ဒီလူနှစ်ယောက် ဘယ်ကို ပြေးနိုင်မှာလဲ"

"ချက်ချင်း သွားရှာကြစမ်း၊ သူတို့ ဘယ်ကို ရောက်သွားလဲဆိုတာ မရရအောင် ရှာဖွေကြ"

"အဲ့ဒီ လူနှစ်ယောက်က ယွင်ဇီမြို့ထဲကနေ ထွက်သွားနိုင်တယ်ဆိုတာ ငါ လုံးဝ မယုံဘူး"

အကြီးအကဲ ဟယ်ယွိလျန်သည် ဒေါသကြောင့် အံကြိတ်နေမိသည်။

သူ့မျက်စိရှေ့မှောက်မှာတင် တစ်စုံတစ်ယောက်က ထွက်ပြေးသွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

သူတို့က စစ်သားစုဆောင်းမည်ကို ကြိုသိပြီး ကြိုတင် တိမ်းရှောင်သွားကြခြင်းလော။

ကံဆိုးစွာဖြင့် ယွင်ဇီမြို့မှာ ပိတ်ဆို့ထားခြင်း ခံနေရသဖြင့် မည်သည့်နေရာသို့ ပြေးပြေး အပိုပင် ဖြစ်လိမ့်မည်။

အစောရှာတွေသည်နှင့် နောက်ကျမှ ရှာတွေ့သည်သာ ကွာပေလိမ့်မည်။ ရှာတွေ့သည်နှင့် သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးကာ သူ၏ စွမ်းပကားကို ပြသရပေမည်။

"ဟုတ်ကဲ့ပါ အကြီးအကဲဟယ်"

ငွေကြေးဂိုဏ်းဝင် အမြောက်အမြားသည် အမိန့်ကို လက်ခံရယူကာ ကျန်းဖန်နှင့် စုဝေဝေတို့၏ ခြေရာကို စတင် ရှာဖွေကြတော့သည်။ သို့သော် အဆုံးတွင်မူ သူတို့၏ ခြေရာလက်ရာကို ရှာတွေ့ရန် မဖြစ်နိုင်ခဲ့ပေ။

စင်စစ် ယွင်ဇီမြို့၏ ဧရိယာမှာ အလွန်ပင် ကျယ်ဝန်းလှသည်။ အဆောက်အဦး များစွာရှိပြီး အိမ်တိုင်းတွင်လည်း လူများ ပြည့်နှက်နေတတ်သည်။ လူဦးရေ သန်းချီရှိသော မြို့တော်ကြီးအတွင်း လူနှစ်ယောက်ကို ရှာဖွေခြင်းမှာ မလွယ်ကူလှပေ။

အရေးကြီးဆုံးအချက်မှာ သူတို့တွင် လူအင်အား မလုံလောက်ခြင်းပင် ဖြစ်သည်။

ဇနီးမောင်နှံနှစ်ဦးကို ရှာဖွေရန်အတွက် ဤမျှလောက်သော အချိန်နှင့် အင်အားကို အလဟဿ အကုန်ခံနိုင်ခြင်း မရှိကြချေ။

ထို့ကြောင့် နောက်ဆုံးတွင် သူတို့သည် လက်ဗလာဖြင့်သာ ပြန်လာခဲ့ကြရပြီး ရှာဖွေမှုကို လက်လျှော့လိုက်ကြရလေသည်။

စစ်သားစုဆောင်းရန်အတွက် မည်သူ့ကိုမဆို ဖမ်းဆီးနိုင်သဖြင့် ကျန်းဖန်တစ်ယောက်တည်းကိုသာ အာရုံစိုက်နေရန် မလိုအပ်ပေ။

"ကျန်းဖန်တို့ လင်မယား တကယ်ပဲ ထွက်ပြေးသွားကြတာလား"

"ပြေးတာပေါ့... ဟယ်ယွိလျန်နဲ့ သူ့လူတွေ အသည်းအသန် ရှာတာတောင် ဘာခြေရာမှ မတွေ့ဘူးတဲ့"

"ယွင်ဇီမြို့က ဒီလောက် ကျဉ်းကျဉ်းလေး၊ ဘယ်ကို ပြေးလို့ရမှာလဲ"

"သူတို့မှာ ဆွေမျိုးတွေ ရှိနေလို့ နေမှာပေါ့၊ ဆွေမျိုးတွေအိမ်မှာ သွားပုန်းနေတာ ဖြစ်ရမယ်"

"ဟူး... သူတို့က တော်လိုက်တာ၊ အချိန်မီ ထွက်ပြေးသွားနိုင်တယ်။ ငါ့ယောကျာ်းကတော့ အဖမ်းခံလိုက်ရပြီ၊ စစ်တပ်ထဲမှာ အမြောက်စာ ဖြစ်နေရပြီ။ သူ ပြန်လာနိုင်ပါ့မလားတောင် မသိဘူး"

"ငါကတော့ ငါ့သားလေးအတွက် ပိုစိုးရိမ်တယ်၊ ခုမှ ၁၄ နှစ်ပဲ ရှိသေးတာ၊ စစ်မြေပြင်ကို ဘယ်လိုများ သွားရမှာလဲ"

အိမ်နီးချင်းများမှာ မဆုံးနိုင်အောင် ဆွေးနွေးနေကြလေသည်။ ကျန်းဖန်တို့ လင်မယားနှင့် ရင်းရင်းနှီးနှီး မရှိကြသော်လည်း မျက်မှန်းတန်းမိသော ဆက်ဆံရေးတော့ ရှိကြသည်။

ယခုအခါ ကျန်းဖန်တို့ လင်မယားမှာ အောင်မြင်စွာ ထွက်ပြေးတိမ်းရှောင်နိုင်ပြီး ငွေကြေးဂိုဏ်း၏ ဖမ်းဆီးမှုအား ရှောင်ရှားနိုင်ခဲ့သည်ကို သိရသောအခါ အားလုံးက မနာလို ဖြစ်နေကြသည်။

အနည်းဆုံးတော့ သူတို့က ဘေးအန္တရာယ်မှ လွတ်ကင်းသွားခဲ့ပြီဖြစ်ရာ အသက်ရှင်နိုင်ဦးမည် မဟုတ်ပါလော။

သို့သော် သူတို့၏ အမျိုးသားများမှာမူ ကံကြမ္မာ မရေမရာ ဖြစ်နေကြရသည်။

ပြင်းထန်လှသော စစ်ပွဲအတွင်း၌ နေ့စဉ် လူအမြောက်အမြား သေဆုံးနေကြသည်ကို မြင်တွေ့နေရသည်ဖြစ်ရာ အသက်ရှင် လွတ်မြောက်လာရန်မှာ အလွန် ရှားပါးလှသည်။

သို့သော်ငြားလည်း သူတို့သည် မရပ်မနား ဖြစ်ပွားနေသော ပဋိပက္ခများကို မတားဆီးနိုင်ကြဘဲ ကံကြမ္မာ၏ စေခိုင်းရာအတိုင်းသာ လိုက်ပါနေကြရလေတော့သည်။

…

All Chapters