← Chapters

အခန်း (၇၀၃-၇၀၄)

Vol. 45 Ch. 703-704

အခန်း (၇၀၃-၇၀၄)

Vol. 45 Ch. 703-704

အပိုင်း (၇၀၃)

နင်ချီက သေရမည်ကို မကြောက်ချေ။ ရွှဲ့ပြည်နယ်ကို ကယ်တင်နိုင်ပြီး ယနေ့ အဆုံးရှုံးခံရသည့် မြေများကို ပြန်လည်ကာ သိမ်းဆည်းနိုင်ပေလိမ့်မည်။ သူမှားခဲ့သည်လား။ သူက နင်ကျန်းလို သတ္တိရှိသည်ဟု သတ်မှတ်ခံရဖို့ သေရဲမှ ဖြစ်မည်လား။ သူ၌ ဤကဲ့သို့သော သတ္တိမျိုး တကယ်ရှိ၏။

ရုတ်တရက် နင်ချီက ကျောဘက်တွင် ထပ်မံကာ ဓားနှင့် ထိုးနှက်ခြင်းကို ခံရသည်။

“အား..” သူက ကြမ်းတမ်းသည့် အော်ဟစ်သံကို ထုတ်လွှတ်ပြီး သူ့ကို ချောင်းမြောင်း တိုက်ခိုက်သူထံသို့ သားရဲတစ်ကောင် ကဲ့သို့ပင် ခုန်ဝင်သွား၏။ ချောင်ပြည်နယ်မှ သိုင်းပညာရှင်နှင့် သူ၏ မြင်းက နင်ချီ၏ တွန်းတိုက်ခြင်းကို ခံရပြီး မြေပေါ်သို့ လဲကျသွားခဲ့၏။

“ခုတ်စမ်း” နင်ချီက သူ၏ ဓားဖြင့် ထိုးချသည်။

လူနှင့် စစ်မြင်း နှစ်ဦးလုံးကို သတ်လိုက်သည်။ ချက်ချင်းပဲ သူ့ကို ဝိုင်းရံနေသည့် ချောင်ပြည်နယ်မှ ပညာရှင် ထက်ဝက်ကျော်တို့က သူ၏ သတ်ဖြတ်ခြင်းကို ခံရ၏။ “သေစမ်း... သေစမ်း...”

ရူးသွပ်သွားပုံရသည့် နင်ချီက ချောင်အိမ်ရှေ့စံဆီသို့ ထပ်မံကာ ပြေးဝင်၏။ အိမ်ရှေ့စံ၏ ပတ်ပတ်လည်ရှိ မြင်းစီးစစ်သည် ၁၀၀ တို့က နင်ချီ၏ သတ်ဖြတ်လိုစိတ်ကြောင့် ထိတ်လန့်နေကြ၏။ ဤသည်ကို မြင်သည်နှင့် ချောင်အိမ်ရှေ့စံက သတ္တိရှိရှိပင် ထပ်မံကာ ရှေ့သို့ တိုးလာပြီး နင်ချီနှင့် တိုက်ခိုက်သည်။ ဤသို့ အရေးပါသည့် အခိုက်အတန့်တွင် သူက ကြောက်ရွံ့မှုကို လုံးဝ မပြသခဲ့ချေ။

မျှော်လင့်ထားသည့် အတိုင်းပင်။ အိမ်ရှေ့စံ၏ တိုက်စစ်က ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် လူများ၏ သွေးကို ထပ်မံကာ ဆူပွက်စေ၏။ ပတ်ဝန်းကျင်ရှိ စစ်သည်တော်များက အားတင်းပြီး နင်ချီကို ဝန်းရံလိုက်ကြသည်။

“တတိယမင်းသား... ကျုပ် မထိန်းနိုင်တော့ဘူး။ ဒီနှစ်ယောက်ကို ကျုပ် ရှုံးတော့မယ်။ ကျုပ် အသတ်ခံ ရတော့မယ်။”

တုတနှင့် တုအာတို့က ကျန်းလီ၏ သွေးမျိုးဆက်များဖြစ်၏။ သူတို့က အမွှာညီအစ်ကိုများ ဖြစ်၏။ သူတို့က အနည်းငယ်,အ သော်လည်း စစ်မြေပြင်အတွင်း ပူးပေါင်းတိုက်ခိုက်မှုက အပြစ်အနာအဆာ ကင်းမဲ့၏။ သူတို့က ယခင်တုန်းက အရူးကြီးကိုပင်လျှင် အနိုင်တိုက်ခိုက်နိုင်ခဲ့သေး၏။ နောက်ပိုင်း အားနည်းချက်များ ပေါ်လာခဲ့သောကြောင့် ရှုံးနိမ့်ခဲ့ခြင်းပင်။

လန်ပေါင်က သူတို့ကို သဘာဝအတိုင်း နိုင်လိမ့်မည် မဟုတ်ချေ။ မကြာခင် သူတို့ ညီအစ်ကိုနှစ်ဦး၏ တူဖြင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခြင်းကို ခံရ၏။ သွေးများက ပန်းထွက်လာခဲ့၏။

“တတိယမင်းသား.... ကျုပ် အသတ်ခံရတော့မယ်။ ကျုပ် ခင်ဗျားကို ကာကွယ်နိုင်တော့မှာ မဟုတ်ဘူး။” လန်ပေါင်က အော်ဟစ်လိုက်သည်။

နင်ချီက အော်ဟစ်လိုက်၏။ “ကဲ... ဒါဆိုရင်လည်း တို့တွေ အတူတူ သေကြရအောင်။”

“ဒါဆိုရင် သေနိုင်ပြီ။” အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာ၏။ ချောင်ပြည်နယ်၏ မဟာပညာရှင်၊ အိမ်ရှေ့စံ၏ဆရာ လီချွမ်ချီက ပြေးဝင်လာ၏။ လူတစ်ယောက်၊ ဓားတစ်ချောင်းနှင့် သူက အိမ်ရှေ့စံကို ကူညီရန် နင်ချီဆီသို့ ပြေးတက်လာ၏။ သူက နင်ချီကို ခြေလက်အင်္ဂါများ ယိုယွင်းသွားစေရန် ပြုလုပ်ပြီး အိမ်ရှေ့စံကို နင်ချီ၏ခေါင်းအား ဖြတ်ခိုင်းရန် စဉ်းစားထား၏။ ဤသို့သောနည်းဖြင့် စစ်ပွဲ အောင်မြင်မှုကို ဖန်တီးရပေမည်။ ချောင်အိမ်ရှေ့စံက သူ၏ ဩဇာအာဏာကို ထူထောင်ပြီးသား ဖြစ်ပေလိမ့်မည်။

တတိယမင်းသားနင်ချီ၏ မျက်လုံးများက ပေကလပ် ၊ ပေကလပ် ဖြစ်သွား၏။ မဟာပညာရှင် တစ်ယောက်ဆီမှ သူ ဆုတ်ခွာရမည်လား။ မဟုတ်ပေ။ ဆုတ်ခွာသည်၊ မခွာသည် အရာအားလုံးက အရေး မကြီးတော့ပေ။

“အဖေ... ကျုပ် ဒီနေရာ၊ ဒီတိုက်ပွဲမှာ သေဆုံးသွားမယ်ဆိုရင် နောင်တ ရမှာလား။” ပြီးနောက် နင်ချီက ထပ်မံ ကြုံးဝါးလိုက်၏။ သူက ဓားကိုမြောက်ပြီး ချောင်ပြည်နယ်၏ ဆရာကြီး လီချွမ်ချီကို တိုက်ခိုက်၏။ ဤတစ်ကြိမ်မှာတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် အားထုတ်ကြိုးပမ်းမှုပင် ဖြစ်၏။

သို့သော်ငြား သူ မသေခဲ့ချေ။ ပုံရိပ်တစ်ခုက သူ၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့ပြီး လီချွမ်ချီ၏ ဓားကို ပိတ်ဆို့လိုက်သည်။ “ဆရာကြီး လီချွမ်ချီ... တွေ့ရတာ ဝမ်းသာပါတယ်။”

ဤလူက ဝူအန်းမြို့စား ရွှယ်ချီပင် ဖြစ်၏။ ရှမ့်လန်၏ ရန်သူစာရင်းတွင် တည်ရှိနေသည့် နောက်ဆုံးလူပင်။ ဤလူ၏နောက်မှ တောင်ပင်လယ်ဓားဂိုဏ်း၏ ပညာရှင် ရာပေါင်းများစွာတို့ လိုက်ပါလာ၏။ ရွှယ်ချီ၏ သိုင်းပညာက အမှန်ပင် နက်နဲ၏။ သူက စာပေပညာရှင်တစ်ဦးနှင့် တူသော်လည်း သူ၏ သိုင်းပညာက တကယ့်ကို ထက်မြက်လွန်းသည်။ သူက ချောင်ပြည်နယ်၏ ဆရာကြီး လီချွမ်ချီနှင့် တိုက်ခိုက်ပြီး တန်းတူရည်တူ လက်စမျိုး ရှိနေ၏။

“တတိယမင်းသား... ကျုပ် ခင်ဗျားကို ကူညီဖို့ ဒီကိုလာခဲ့တာပဲ။” ကျယ်လောင်သည့် အော်ဟစ်သံတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့၏။ ရွှဲ့ပြည်နယ်၏ နောက်ထပ် ကြီးမားသည့် စစ်သူကြီး တစ်ယောက်ဖြစ်သူ ကျန်ကျောင်းက ရှေ့သို့ပြေးတက်လာသည်။

ဤလူက တကယ်ပင် သတ္တိရှိ၏။ တောင်ပိုင်းနိုင်ငံ စစ်မြေပြင်တွင် ရွှဲ့ပြည်နယ်က လူလေးသောင်းနှင့် သဲကန္တာရလူရိုင်းမျိုးနွယ် နှစ်သိန်းကို တိုက်ခိုက်ခဲ့၏။ စစ်ပွဲပြိုလဲလုနီးပါး ဖြစ်နေသည်ကို မြင်ချိန်မှာတော့ ကျန်ကျောင်းက မြင်းစီးစစ်သည်များကို ဦးဆောင်ပြီး စစ်ပွဲအခြေအနေကို ပြောင်းပြန်လှန်ခဲ့သူပင်။ ဤလူ၏ အပြုအမူနှင့် စိတ်နေစိတ်ထားက ရိုင်းစိုင်းလွန်းသောကြောင့် ရာထူးတိုးမြှင့်ခြင်း မခံရချေ။ သို့သော်ငြား သူက စစ်မြေပြင်တွင် တကယ့်ကို အတော်ဆုံးလူသားတစ်ယောက်ဖြစ်၏။

နင်ချီက ချောင်ဘုရင်ကိုသတ်မည့် ထိတ်လန့်ဖွယ်ရာ ပြကွက်ကို တင်ဆက်ရန် ဂရုစိုက်ခဲ့၏။ သူက လန်ပေါင်ကို ခေါ်ဆောင်ပြီး ရှေ့သို့ ထိုးထွက်သွား၏။ နောက်ပိုင်း မြင်းစီးစစ်သည်များ၏ တိုက်ပွဲကို ကျန်ကျောင်းထံသို့ ချန်ခဲ့၏။ မြင်းစီးစစ်သည် တစ်သောင်းက ချောင်ပြည်နယ်၏ တစ်သောင်း သုံးထောင်နှင့် တိုက်ခိုက်၏။ ကျန်ကျောင်းက အမှန်တကယ် အနိုင်ရခဲ့၏။ ဤအချိန်မှာတော့ သူက ကျန်ရှိနေသည့် မြင်းစီးစစ်သည် နှစ်ထောင်မှ သုံးထောင်ကို ခေါ်ဆောင်ပြီး ရှေ့ဆီသို့ ချီတက်လာသည်။

စစ်ပွဲ၏အခြေအနေက စိုးရိမ်ပူပန်စရာ အခြေအနေမျိုး၌ ရှိ၏။ ချောင်ပြည်နယ်၏ ဗဟိုစစ်တပ်ကြီးက မူလက ချောင်ဘုရင်ကို ကာကွယ်ရန်ဖြစ်၏။ ယခု ချောင်ဘုရင် သေဆုံးသွားပြီ ဖြစ်သောကြောင့် သူတို့က ဗဟိုတပ်တွင် စောင့်နေစရာ မလိုအပ်ချေ။ ရှိနေသည့် လူတစ်သောင်းလုံးက သတ္တိရှိရှိပင် ရှေ့တိုးလာ၏။ သို့ပေမည့် ဤလူ တစ်သောင်းတို့က ခြေလျင် စစ်သည်များဖြစ်၏။

ချောင်ဘုရင်၏ သေဆုံးမှုကြောင့် စစ်ပွဲက မပြီးဆုံးသွားခဲ့ချေ။ ထိုအစား ပိုမိုကာပင် ပြင်းထန်လာခဲ့၏။ မင်းသားနှစ်ပါးဖြစ်သည့် ချောင်အိမ်ရှေ့စံနှင့် နင်ချီတို့က အလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်သောကြောင့် နှစ်ဖက်စစ်သည်များက စိတ်ဓာတ်ပြိုလဲမှုများ မရှိကြချေ။

အခြားတစ်ဖက်မှာတော့ အလုံးစုံ တိုက်ခိုက်မှုများက ပိုမိုကာ ပြင်းထန်လာ၏။ ကျုံးယောင်က ကျုံးမိသားစု၏ စစ်တပ်ကို ဦးဆောင်ပြီး ဆက်လက်ကာ တိုက်ခိုက်၏။ အခြားတစ်ဖက်မှာတော့ နင်ချီနှင့် ချောင်အိမ်ရှေ့စံတို့ အကြား တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။

ချောင်အိမ်ရှေ့စံ၏ မြင်းစီးစစ်သည် သုံးထောင်၌ တစ်ထောင်ခန့်သာ ကျန်ရှိတော့သည်။ သို့သော်ငြား သူတို့၏ နောက်ကွယ်၌ ခြေလျင်စစ်သည်တစ်သောင်းက ပံ့ပိုးရန် ထပ်မံရောက်ရှိလာခဲ့၏။ အခြားတစ်ဖက်တွင်တော့ နင်ချီက လူသုံးထောင်ခန့်သာရှိ၏။ နင်ချီ၏ လူသုံးထောင်က ချောင်ပြည်နယ်၏ လူ တစ်သောင်းခြောက်ထောင်ကို တိုက်ခိုက်နေရ၏။

ဤမျှရှုပ်ထွေးပြီး စိတ်ပူစရာကောင်းသည့် စစ်မြေပြင်မှာတော့ မြင်းစီးစစ်သည်များ၏ အရှိန်အဟုန်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ နင်ချီ၏စစ်သည်များက လျင်မြန်စွာဖြင့် အားနည်းလာခဲ့၏။ စစ်မြေပြင်က ပိုမိုကာ ရှုပ်ထွေးလာသည်။

လန်ပေါင်၊ တုတနှင့် တုအာတို့က လုံးဝအားနည်းကုန်ကြ၏။ ရွှယ်ချီနှင့် ချောင်ပြည်နယ်၏ မဟာပညာရှင် လီချွမ်ချီတို့က တန်းတူရည်တူ တိုက်ခိုက်၏။ နင်ချီက တောင်ပင်လယ်ဓားဂိုဏ်းမှ သိုင်းပညာရှင်ပေါင်း များစွာတို့၏ ဝိုင်းရံကူညီမှုကို ခံထားရသောကြောင့် ချောင်အိမ်ရှေ့စံ၏ ကိုယ်ရံတော်များကို တိုက်ခိုက်ကာ အသာစီး ရယူနေ၏။

သို့ပေမည့် အပြင်ဘက် စစ်မြေပြင်တွင် ကျန်ကျောင်း၏ လူသုံးထောင်လောက်က ချောင်စစ်သည်များကို တိုက်ခိုက်ရာတွင် တဖြည်းဖြည်း အားနည်းလာခဲ့၏။ ချောင်းစစ်သည်တို့၏ ဝန်းရံ၊ တိုက်ခိုက်ခြင်း ခံရမှုကြောင့် သူတို့က ဗရိုဗရဲ ဖြစ်လာ၏။ နင်ချီသာ အခြေအနေကို မဖျက်ဆီးနိုင်ဘူးဆိုပါက တိုက်ပွဲတွင် ရှုံးနိမ့်ရဦးမှာ သေချာ၏။

ကျန်ကျောင်း ဦးဆောင်သည့် မြင်းစီးတပ်သား အကုန်လုံး သေဆုံးသွားသည့် အခြေအနေမျိုးတွင် နင်ချီက ရှုံးနိမ့်ပေလိမ့်မည်။ အခြေအနေကို ပြောင်းပြန်လှန်လိုပါက သူက တိုက်ပွဲ၏ အားသာချက်ကို အသုံးပြုရပေမည်။ နည်းလမ်း တစ်ခုတည်းသာ ကျန်တော့သည်။ ချောင်အိမ်ရှေ့စံကို ဖမ်းဆီးခြင်းပင်။

နင်ချီက သူ၏မျက်လုံးများကို ခဏလောက် မှိတ်ထားလိုက်သည်။ “ဘိုးဘေးတို့... ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပါ။”

နင်ချီက စစ်မြေပြင်တွင် ကြောက်မက်ဖွယ်ရာ သားရဲရိုင်းကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချောင်အိမ်ရှေ့စံ၏ ရှေ့ဆီသို့ အရူးအမူးနှင့် ပြေးတက်သွားခဲ့သည်။ သူ၏ နောက်ဘက်တွင် ရှိနေသည့် တောင်ပင်လယ်ဓားဂိုဏ်းမှ သိုင်းပညာရှင်များကလည်း လိုက်ပါလာခဲ့၏။

ချောင်အိမ်ရှေ့စံက တုန်လှုပ်သွားခဲ့၏။ သူ့၌ စစ်သည်ပေါင်း တစ်သောင်းကျော် ရှိပြီး အကြွင်းမဲ့သည့် အားသာချက် ရှိလို့နေ၏။ သို့သော်ငြား ဤတည်နေရာ အငယ်လေးထဲတွင် သူ့၌ အားနည်းချက်များ ရှိနေ၏။ ဘာလုပ်ရမည်နည်း။ ထွက်ပြေးရမည်လား။ သူ လုပ်၍ မရနိုင်ချေ။ နင်ချီက ဝန်းရံခံထားရသည့်တိုင် ထွက်မပြေးခဲ့ချေ။

သူနှင့်အတူ မြင်းစီးစစ်သည် ထောင်ကျော်ရှိ၏။ အဘယ်ကြောင့် ထွက်ပြေးရမည်နည်း။ ထွက်ပြေးပါက အခြေအနေတစ်ခုလုံးက ပြိုလဲသွားပေလိမ့်မည်။ သူ၏သိက္ခာကို မည်သို့ ထိန်းသိမ်းမည်နည်း။ သူ၏ ဂုဏ်သိက္ခာ တစ်ခုလုံးက ပျက်စီးယိုယွင်း သွားပေလိမ့်မည်။

ထို့ကြောင့် ချောင်အိမ်ရှေ့စံက သူ၏ နောက်ဘက်တွင် ရှိနေသည့် ကိုယ်ရံတော်တပ် တစ်ထောင်ကို ဦးဆောင်ခဲ့ပြီး ရဲရင့်စွာဖြင့် နင်ချီထံကို တိုး၏။

နင်ချီ၏ လူရာဂဏန်းတို့က ချောင်အိမ်ရှေ့စံ၏ လူတစ်ထောင်နှင့် ထပ်မံ တိုက်ခိုက်ကြပြန်၏။ ဤကဲ့သို့သော အခိုက်အတန့်မျိုးတွင် သူတို့နှစ်ယောက်က စစ်မြေပြင်ထဲတွင် အပြင်းအထန်နှင့် တိုက်ခိုက်နေကြသည်။

ချောင်အိမ်ရှေ့စံက ချောင်ဘုရင်၏ ဖိနှိပ်မှုကို အမြဲခံခဲ့ရ၏။ သူက အိမ်ရှေ့စံ ဖြစ်သော်လည်း သိက္ခာဟူ၍ များများစားစား မရှိချေ။ သူက သူ့ကိုသူ ချောင်ပြည်နယ်တော်၏ ကိုယ်စားလှယ်တစ်ယောက်အဖြစ် သက်သေပြနိုင်ရန် နှစ် ၂၀ ကျော်ကြာ ဖိနှိပ်ခံထားရ၏။

နင်ချီကလည်း ထိုနည်းလည်းကောင်းပင်။ ယခင်က သူက နင်ယီ၏ ဖိနှိပ်မှုကို ခံခဲ့ရ၏။ ယခု နင်းကျန်း ကလည်း သူ၏ ပြိုင်ဘက် ဖြစ်လာခဲ့၏။ တော်ဝင်ရန်အင်ပါယာနှင့် သူ၏ လျှို့ဝှက် သဘောတူညီချက်ကြောင့် သူက သစ္စာဖောက်ဟု တံဆိပ်ခတ်ခံရသေး၏။ သူ လက်မခံနိုင်ချေ။

ထို့ကြောင့် မင်းသားငယ် နှစ်ပါးတို့က ရူးသွပ်လွန်းသည့် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ကြ၏။ သူတို့နှစ်ယောက်က မကြာသေးခင်ကပင် အတူတူ သောက်စားပြီး ပျော်ရွှင်စွာ စကားပြောခဲ့သေး၏။ နိုင်ငံနှစ်ခု၏ကြား ဆက်ဆံရေးက မကောင်းသော်လည်း ချောင်ပြည်နယ်တွင် အရေးကြီးကိစ္စ ဖြစ်လာလျှင် ရွှဲ့ပြည်နယ်က လူများကို စေလွှတ်၏။

ဥပမာအားဖြင့် ချောင်ဘုရင်၏ မွေးနေ့ သို့မဟုတ် အိမ်ရှေ့စံ၏ မင်္ဂလာပွဲ။ ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံ နင်ယီက မသွားသောကြောင့် နင်ချီက သွားရ၏။ လွန်ခဲ့သည့် ၇ နှစ်၊ ချောင်ပြည်နယ်၏ မြို့တော်အတွင်းတွင် ချောင်အိမ်ရှေ့စံက နင်ချီကို ကိုယ်တိုင် ဧည့်ခံသည်။

သူတို့နှစ်ဦးက သိုင်းပညာကို ချစ်မြတ်နိုးကြပြီး လရောင်အောက်တွင် တိုက်ခိုက်ပွဲတစ်ခုကိုပင်လျှင် ယှဉ်ပြိုင် လက်ရည်စမ်းခဲ့ကြသေး၏။ ထိုပွဲတွင် ချောင်အိမ်ရှေ့စံက အနိုင်ရခဲ့၏။ သို့သော်ငြား နင်ချီက တစ်ဖက်လူကို ရည်ရွယ်ချက်ရှိရှိဖြင့် အနိုင်ပေးခဲ့ခြင်း ဖြစ်၏။ ထို့အပြင် နင်ချီက ယခုကဲ့သို့လည်း အားကောင်းခြင်း မရှိသေးချေ။

ထို့ကြောင့် တိုက်ကွက်ပေါင်း ၁၀၀ ကျော်ကို တိုက်ခိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ တိုက်ခိုက်ရေးသမား အရေအတွက်က လျော့နည်းသွား၏။ သူတို့နှစ်ဦးက အလုံးစုံ ရူးသွပ်သွားသည့်ပုံပင်။ ဆံပင်များက ရှုပ်ပွနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း သွေးများဖြင့် ဖုံးလွှမ်းနေ၏။

နင်ချီက အချိန်တော်ကြာကတည်းက အနိုင်ရရှိခဲ့ပြီး ဖြစ်၏။ သို့သော်ငြား သူက ဒဏ်ရာရပြီး သွေးများ အလွန်အကျွံ ထွက်နေ၏။ သူတို့နှစ်ယောက်က ၂ နာရီကျော် တိုက်ခိုက်နေခဲ့၏။ ချောင်အိမ်ရှေ့စံ၏ တိုက်ခိုက်ရေး စွမ်းအားက အထွတ်အထိပ်တွင် ရှိနေဆဲပင်။ ထို့ကြောင့် သူတို့နှစ်ဦးလုံးက အစပိုင်းတွင် တန်းတူဖြစ်၏။ သို့သော်ငြား တဖြည်းဖြည်းနှင့် နင်ချီက ယိုင်လဲလာသည်။

“ဖြောက်” နင်ချီ၏ လက်ထဲရှိ ဓားက ရုတ်တရက် ကျိုးပဲ့သွား၏။

“စွပ်”

အိမ်ရှေ့စံက သူ၏ ဓားကို နင်ချီ၏ ရင်ဘတ်ထဲသို့ ထိုးသွင်း၏။ ပြီးနောက် သူ ဝမ်းမြောက်သွား၏။ နောက်ဆုံးတော့ သူ အနိုင်ရခဲ့ပြီ။ သို့သော်ငြား နောက်တစ်စက္ကန့်မှာတော့ သူ၏ ရင်ဘတ်တွင် ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။

ပါးလွှာလွန်းသည့် ဓားတစ်ချောင်းက နင်ချီ၏ ကျိုးပဲ့နေသည့် ဓားဆီမှ ရုတ်တရက် ထွက်ပေါ်လာ၏။ ပြီးနောက် သူ၏ ရင်ဘတ်ရှိ နာကျင်မှုက ထုံကျင်မှုဖြစ်သို့ ပြောင်းလဲသွား၏။ သူက ယိုင်နဲ့ပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျ၏။

နင်ချီက သူ၏ ပါးလွှာသည့် ဓားကို အသာဆွဲထုတ်ရင်း ချောင်အိမ်ရှေ့စံ၏ ဆံပင်ကို ဆွဲကိုင်လိုက်၏။ သူ၏ဓားကို လည်ပင်းထက်တွင် တင်သည်။ “ချောင်အိမ်ရှေ့စံကို ဖမ်းလိုက်ပြီ။”

ချောင်အိမ်ရှေ့စံက အော်ဟစ်လိုက်၏။ “ချောင်တပ်မှူးတွေ.. ကျုပ်ကို ဂရုမစိုက်နဲ့။ ရွဲ့စစ်သည်တွေကို သတ်ကြ။ သူတို့အားလုံးကို သတ်ပစ်။”

ပြီးနောက် သူက လည်ပင်းကို နင်ချီ၏ ဓားဖြင့် ရိုက်ချ၏။ ချက်ချင်းပင် လည်ပင်းမှ သွေးများ ပန်းထွက် လာခဲ့၏။ ချောင်အိမ်ရှေ့စံက လဲကျသွား၏။ သေဆုံးသွားပြီလား။ မသေသေးချေ။ သူက နင်ချီ၏ ဓားကို လည်ပင်းနှင့် ရိုက်ချခဲ့သော်လည်း သူ၏ပင်မ သွေးလွှတ်ကြောကို အသုံးပြုခဲ့ခြင်း မရှိချေ။ ထို့အစား သူက လည်ပင်း၏ အနောက်ကြောကိုသာ အသုံးပြုခဲ့သည်။

သူက တကယ်ပင် ဤမျှလောက် သတ္တိရှိသည်လား။ မဟုတ်ချေ။ သူက လုံးဝ သတ္တိမရှိချေ။ သို့ပေမည့် သူက ဤကဲ့သို့သာ အော်ဟစ်ရပေလိမ့်မည်။ ထိုမှသာလျှင် သူ၏ တိုက်ခိုက်လိုသည့် စိတ်ဓာတ်ကို ပြသရာ ရပေလိမ့်မည်။ ဤကဲ့သို့ လည်ပင်းဖြင့် ဓားကုဝင်ရောက်ကာ တိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသကဲ့သို့ ထင်ရ၏။

သို့ပေမည့် သူ လုပ်ဆောင်ရပေလိမ့်မည်။ ဖမ်းဆီးခံရသည့် အိမ်ရှေ့စံက ထီးနန်း ဆက်ခံရန် မျှော်လင့်ချက်ဟူ၍ မရှိချေ။ သို့သော်ငြား ဖမ်းဆီးခံရသည့်အစား မိမိကိုယ်ကို အဆုံးစီရင်ရန် ပိုမိုနှစ်သက်သည့် အိမ်ရှေ့စံက လူတိုင်း၏ ချစ်ခင်မှုကို ခံရလိမ့်မည်။ ဖမ်းဆီးခံရလျှင်တောင်မှ လူထု၏ ထောက်ခံမှုကို မဆုံးရှုံးနိုင်ချေ။

ထို့ကြောင့် အရေးပါသည့် အခိုက်အတန့်မျိုးမှာတော့ ချောင်အိမ်ရှေ့စံက သူ၏ နှလုံးသားထဲတွင် ရှိနေသည့် ကြောက်ရွံ့မှုများကို ဖယ်ရှားပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သကဲ့သို့ ပြုမူခဲ့၏။ ချက်ချင်းပဲ သူ၏ လည်ပင်းမှ သွေးများ ပန်းထွက်လာ၏။ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။

နင်ချီက ချောင်အိမ်ရှေ့စံကို လေထဲတွင် မြင့်မားစွာ မြောက်ပြီး ဟစ်အော်လိုက်၏။ “ချောင်စစ်သည်တွေ.. ခင်ဗျားတို့ရဲ့ အိမ်ရှေ့စံ အသက်အန္တရာယ်ရှိတယ်။ ခင်ဗျားတို့အားလုံး အိမ်ရှေ့စံ သေဆုံးသွားတာကို ကြည့်ချင်နေတာလား။ နောက်ကို ဆုတ်ကြ။”

နင်ချီ အော်ဟစ်လိုက်ချိန်မှာတော့ ချောင်စစ်သည်များက မျက်ရည်များ ကျဆင်းလာ၏။ ကောင်းကင်ဘုံက အဘယ်ကြောင့် ဤသို့ လုပ်ရသနည်း။ သူတို့၏ ဘုရင်က စောကလေးကပင် သေဆုံးခဲ့၏။ လူတိုင်းက တုန်လှုပ်နေကြတုန်းပင်။ သို့ပေမည့် အိမ်ရှေ့စံက ရှေ့သို့ လှမ်းတက်ပြီး အခြေအနေကို ထိန်းထားခဲ့၏။ ယခု အိမ်ရှေ့စံကလည်း သေတော့မည်လား။ အိမ်ရှေ့စံသာ သေဆုံးပါက ချောင်ပြည်နယ်က မည်သူ့ကို အားကိုးရမည်နည်း။

ပြောနေစရာပင် မလိုအပ်ချေ။ ချောင်အိမ်ရှေ့စံ၏ စွမ်းဆောင်ရည်က ချောင်စစ်တပ်၏ နှလုံးသားကို အနိုင်ယူခဲ့၏။ သူက လက်နက်ချပြီး ဖမ်းဆီးခံခဲ့ခြင်း မဟုတ်ချေ။ ဒဏ်ရာရပြီး ဖမ်းဆီးခံရ၏။ ထို့ပြင် အကျဉ်းသား ဖြစ်ရမည့်အစား မိမိကိုယ်ကို အဆုံးစီရင်ရန် ပိုမိုနှစ်သက်ခဲ့၏။ ထိုသို့သော အိမ်ရှေ့စံမျိုး ရှိနေသည်ဆိုမှတော့ သူတို့က ဘာကိုများ တောင်းဆိုရမည်နည်း။

အပိုင်း (၇၀၄)

နင်ချီက အော်ဟစ်လိုက်၏။ “ကျုပ် ချောင်အိမ်ရှေ့စံကို ချက်ချင်း ကယ်တင်မယ်။ ခင်ဗျားတို့အားလုံး ဆုတ်ခွာကြ။ ခင်ဗျားတို့အားလုံးက အိမ်ရှေ့စံ သေဆုံးတာကို မြင်ချင်တာလား။”

အိမ်ရှေ့စံ၏ မဟာပညာရှင် လီချွမ်းချီ၏ မျက်လုံးများက ပြူးထွက်လုနီးပါး ဖြစ်နေ၏။ သူနှင့် ရွှယ်ချီတို့က အနိုင်မတိုက်နိုင်ကြသေးချေ။ သို့ပေမည့် အိမ်ရှေ့စံ၏ အခြေအနေကို မြင်ရချိန်မှာတော့ ချောင်ပြည်နယ်က အန္တရာယ်ကြီးဆုံးသော အခြေအနေဆီသို့ ရောက်ရှိသွားကြောင်း သူက မြင်သည်။

နန်းမြို့တော်ကို ရှမ့်လန်က သိမ်းပိုက်ထား၏။ ချောင်ဘုရင်က သေဆုံးသွားသည်။ အိမ်ရှေ့စံ၏ အခြေအနေကို မသိရသေးချေ။ သူ၏ ရှေ့မှောက်တွင် ရှိနေသည့် တိုက်ပွဲက အရေးကြီးဆုံး မဟုတ်တော့ချေ။ အိမ်ရှေ့စံကို ကယ်တင်ခြင်းကသာ အဓိကအရာ ဖြစ်လာခဲ့၏။

“တိုက်တာတွေအကုန်လုံး ရပ်ကြ။ နောက်ကို ဆုတ်ကြ။”

အိမ်ရှေ့စံ၏ ဆရာကြီး လီချွမ်းချီက စစ်တပ်ကို ဦးဆောင်ကာဖြင့် နောက်သို့ ဆုတ်ခွာသည်။

“နင်ချီ..... ငါ့ရဲ့ အိမ်ရှေ့စံသာ သေဆုံးသွားရင် ငါ လူတွေအများကြီး သေဆုံးတဲ့အထိ အဆုံးစွန် ပေးဆပ်ပြီး မင်းတို့ ရွှဲ့ပြည်နယ်ကို တိုက်ခိုက် ဖျက်ဆီးပစ်မယ်။” လီချွမ်းချီက အော်ဟစ်လိုက်၏။

နင်ချီက အော်ဟစ်သည်။ “အိမ်ရှေ့စံ သေရင် ကျုပ် သူနဲ့အတူ လိုက်သေလိုက်မယ်။”

“တိုက်တာကို ရပ်စမ်း။ တိုက်တာကို ရပ်ကြ။” အိမ်ရှေ့စံ၏ ဆရာကြီး လီချွမ်းချီက အော်ဟစ်လိုက်၏။ ချောင်ဘုရင် သေဆုံးသွားခဲ့ပြီး အိမ်ရှေ့စံ၏ကံကြမ္မာကို မသိရသေးချေ။ လီချွမ်းချီက ချောင်စစ်တပ်တွင် စစ်ရေးအာဏာ အများကြီး မရှိသော်လည်း အသက်ကြီးသူ၊ ရာထူးကလည်း မြင့်မား၏။

သူ၏ အမိန့်ကို ကြားရချိန်မှာတော့ ဗဟိုစင်မြင့်ပေါ်တွင် ရှိနေသည့် စစ်သူကြီးများက တစ်ယောက်နှင့် တစ်ယောက် ကြည့်၏။ ပြီးနောက် ဆုတ်ခွာရန် အမိန့်ပေးလိုက်ကြ၏။ ဆုတ်ခွာသည့် စည်ကို တီးခတ်၏။ မကြာခင်မှာပင် စည်သံများက ဆူညံလာခဲ့၏။ စစ်သည်ပေါင်း နှစ်သိန်းနီးပါးတို့က ဒီရေကဲ့သို့ပင် ဆုတ်ခွာသွားသည်။

နင်ချီ၏ ခြေထောက်က ရွှံ့ဖြစ်သို့ ပြောင်းလဲသွား၏။ သူက ခေါင်းတွေလည်း မူးနောက်နေ၏။ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ အိပ်မက်ဆိုးကဲ့သို့သော ဤတိုက်ပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့၏။ သူက အဆုံးထိ ထိန်းသိမ်းထားနိုင်ခဲ့၏။

သူ့အတွက် ငရဲကဲ့သို့သော နိုင်ငံရေး စမ်းသပ်မှုတစ်ခုက စောင့်ကြိုနေဆဲ ဖြစ်သော်လည်း သူက အနည်းဆုံး ယနေ့စစ်ပွဲကို ထိန်းထားနိုင်ခဲ့၏။ ထျန်းရှစ်မြို့က မကျရှုံးခဲ့ချေ။ ကျိုးမိသားစုကလည်း မပျက်စီးခဲ့ပေ။

နင်ချီက ချောင်အိမ်ရှေ့စံကိုပင် ဖမ်းဆီးခဲ့၏။ သူ၏ ချောင်ဘုရင်ကိုသတ်ခြင်း ပြကွက် မအောင်မြင်ခဲ့သော်လည်း လက်ရှိ ဆိုးဝါးသည့် အခြေအနေမှ ကယ်တင်နိုင်ခဲ့၏။ အိမ်ရှေ့စံကို ဖမ်းဆီးခြင်းက ချောင်ဘုရင်ကို သတ်ခြင်းကဲ့သို့ ထိတ်လန့်စေခြင်း မရှိသော်လည်း ထိုအရာက ဂုဏ်ယူဝင်ကြွားစရာ ကိစ္စရပ်တစ်ခုအဖြစ် ဖြစ်နေဆဲပင်။

“ရှမ့်လန် မင်းက အံ့အားသင့်စရာ ကောင်းတယ်။ မင်းက ငါ့ကို အဆုံးမဲ့ ချောက်နက်ထဲကို တကယ်ပဲ ကန်ချလုနီးပါး လုပ်ခဲ့တယ်။ ဒါပေမဲ့ ငါက စိတ်ပျက်အားငယ်နေတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ငါက ချောက်ကမ်းပါးထဲက အစွန်းတစ်ဖက်ကို ဖမ်းဆုပ်နိုင်ခဲ့ပြီး ချောက်ကမ်းပါးအောက်ကို မကျခဲ့ဘူး။”

ချောင်စစ်တပ်များ ဆုတ်ခွာသွားခဲ့ပြီးနောက် ရွှယ်ချီက ချောင်အိမ်ရှေ့စံ၏ အသက်ကို အရင်ကယ်တင်ခဲ့၏။ အနည်းဆုံး သူက စစ်မြေပြင်တွင် မသေတော့ပေ။ ပြီးနောက် နင်ချီက စစ်သည် ထောင်ပေါင်းများစွာတို့ကို ဦးဆောင်ပြီး ထျန်းရှစ်မြို့ ထဲသို့ ပြန်လည် ဝင်ရောက်၏။

ဤနေရာမှာတော့ ထျန်းရှစ်မြို့၏ တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

.......

ချောင်အိမ်ရှေ့စံက ပြန်လည် နိုးထလာခဲ့၏။

“အစ်ကိုဝမ် နိုးလာပြီလား။”

နင်ချီက မေးလိုက်၏။ “ဘယ်လိုခံစားရလဲ။”

သူက ချောင်အိမ်ရှေ့စံထက် အခြေအနေပိုမိုဆိုးပုံရပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာပေါင်းများစွာ တည်ရှိနေသည်။

“ကျုပ် အဆင်ပြေတယ်။” ချောင်အိမ်ရှေ့စံက ဒေါသဖြင့် စိတ်လိုက်မာန်ပါ ပြောဆိုအော်ဟစ်ခြင်းမျိုး မရှိဘဲ နင်ချီကိုသာ ကြည့်နေ၏။ သူ၏ အကြည့်များထဲတွင် ရန်လိုမုန်းထားမှု အရိပ်အယောင် မရှိချေ။

“ဆရာကြီးရွှယ်.. ကျုပ်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။” ချောင်အိမ်ရှေ့စံက ရွှယ်ချီကို ပြော၏။

“အိမ်ရှေ့စံမင်းသားက အရမ်းကို ယဉ်ကျေးတာပဲ။”

ရွှယ်ချီက ပြောသည်။ “အရှင်မင်းသားက ချောင်ပြည်နယ်ရဲ့ မျှော်လင့်ချက်ကို ထမ်းပိုးထားတယ်။ ကျုပ် ဒီလိုမလုပ်ရဲပါဘူး။”

ဤအရာက မမှားချေ။ ချောင်အိမ်ရှေ့စံ၏ ဆရာကြီး လီချွမ်းချီက ထျန်းရှစ်မြို့၏ အပြင်ဘက်တွင် တပ်မှူးပေါင်းများစွာတို့နှင့်အတူ ချောင်အိမ်ရှေ့စံ၏သတင်းကို နားစွင့်နေဆဲဖြစ်၏။ ရွှဲ့ပြည်နယ်က ချောင်အိမ်ရှေ့စံကို မလွှတ်ပေးပါက သူတို့က မြို့ကိုအင်အားအပြည့်ဖြင့် တိုက်ခိုက်မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသထား၏။

“အိမ်ရှေ့စံ အဆင်ပြေတယ်ဆိုရင် ဆရာကြီးလီချွမ်းချီ ကို ကျုပ် အကြောင်းကြားပေးပါမယ်။”

ရွှယ်ချီက ပြောသည်။ “ပြီးတော့ အိမ်ရှေ့စံ ဖမ်းဆီးခံရခြင်း မဟုတ်ကြောင်း ကျုပ် ရှင်းရှင်းလင်းလင်း ပြောပါမယ်။ ဒဏ်ရာရပြီး သတိလစ်သွားရုံပါပဲ။ ရွှဲ့ပြည်နယ်က ခင်ဗျားကိုကုသပေးဖို့ နန်းမြို့တော်ထဲ ခေါ်ဆောင်လာခဲ့တာပါ။”

ထိုသို့ပြောပြီးနောက် ရွှယ်ချီက ထွက်ခွာသွား၏။

အခန်းထဲမှာတော့ ချောင်အိမ်ရှေ့စံနှင့် နင်ချီတို့သာ ကျန်ရှိခဲ့သည်။

“ခင်ဗျား စေတီတောင်နဲ့ ပူးပေါင်းပြီးတော့ ကျုပ်ရဲ့အဖေကို လုပ်ကြံခဲ့တယ်ဆိုတာ တကယ်လား။”

ချောင်အိမ်ရှေ့စံက မေးလိုက်၏။ “ကိုယ်လုပ်တော်ရန်နဲ့ လျန်ယန်တို့က လူသတ်သမားတွေလား။”

နင်ချီက ခေါင်းညိတ်ကာ ပြောသည်။ “ချောင်ဘုရင်ကို လုပ်ကြံခဲ့တာ စေတီတောင် အမှန်ပါပဲ။ ပြီးတော့ ဒါက ကြိုတင်ကြံစည်ထားတာ။ ကျုပ်က အဲဒီအချိန်တုန်းက စစ်နိုင်မယ်လို့ ယူဆပြီး ချောင်ဘုရင်သေဆုံးတာနဲ့ ပတ်သက်ပြီး အံ့အားသင့်စရာ ပြကွက်တစ်ခုကို ဖန်တီးတာပေါ့။ ဂုဏ်ယူစရာ လုပ်ရပ်တစ်ခုကို ဖန်တီးချင်ခဲ့တယ်။ နောက်ဆုံးမှာတော့ အစ်ကိုဝမ်လည်း မြင်ခဲ့ရတဲ့အတိုင်းပဲ ဘေးဒုက္ခနဲ့ ကြုံလုနီးပါးပါပဲ။”

ချောင်အိမ်ရှေ့စံက မေး၏။ “ဒါဆိုရင် ကိုယ်လုပ်တော်ရန်နဲ့ လျန်ယန်တို့ကရော။”

နင်ချီက ပြောသည်။ “သူတို့ စေတီတောင်ကလူတွေဆိုတာ ကျုပ် မသိခဲ့ဘူး။ ပြီးတော့ ချောင်ဘုရင် ဘယ်လိုသေတယ် ဆိုတာ ကျုပ် မသိဘူး။ ကျုပ်ရဲ့မြားက အချက်ပြမှုသက်သက်ဆိုတာပဲ ကျုပ်သိတယ်။ ကျုပ်ရဲ့မြားက ချောင်ဘုရင်ရဲ့ခေါင်းပေါ်မှာ ပေါက်ကွဲတဲ့အချိန်ကျရင် သူ သေဆုံးလိမ့်မယ်။”

ချောင်အိမ်ရှေ့စံက ချောင်ဘုရင်၏ သေဆုံးမှုကို ပြန်လည်ကာ အမှတ်ရ၏။ ထိုအရာက ဝမ်းနည်းဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်၏။ သွေးများ ပန်းထွက်လာပြီး နောက်စေ့နှင့် လည်ပင်းတို့တွင် အပေါက်များဖြင့် ပြည့်နေ၏။ တကယ်တော့ ထိုအရာက မရေတွက်နိုင်သည့် ကူပိုးကောင်များ ကိုက်ခဲ့ခြင်းကြောင့် ဖြစ်၏။

ချောင်အိမ်ရှေ့စံက သက်ပြင်းကိုချကာ ပြောသည်။ “တကယ်တော့ တစ်စုံတစ်ဦးက ကျုပ်ကို အရိပ်အမြွက် ပြောခဲ့တယ်။ အဖေက သူ ငယ်စဉ်မှာတည်းက အင်ပါယာကို အမြတ်ထွက်စေခဲ့တယ်။ မကြာသေးခင် နှစ်တုန်းက စေတီတောင်ရဲ့နယ်မြေကြောင့် ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့သေးတယ်။ အဖေက အပေါ်ယံမှာ လေးစားမှုရှိတဲ့ပုံ ပေါ်နေပေမဲ့ သူ့ရဲ့နှလုံးသားထဲမှာ တခြားလူတွေအပေါ် တစ်ချက်ကလေးမှ အလျှော့ မပေးခဲ့ဘူး။”

စေတီတောင်က ချောင်နှင့် အဘယ့်ကြောင့် နယ်မြေ ပဋိပက္ခ ဖြစ်ရသနည်း။ စေတီတောင်၏ နယ်မြေက ဖူဟွမ်ဟုခေါ်သည့် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ မြင့်မားသည့် ရေကန်ဖြစ်၏။ ချောင်ပြည်နယ် အပါအဝင် နိုင်ငံများစွာနှင့် နယ်နိမိတ်ချင်း ထိစပ်နေ၏။ သို့သော်ငြား တချို့သော အကြောင်းများကြောင့် ရေပေါ်ပင်လယ်၏ ရေမျက်နှာပြင်က ဆက်လက်မြင့်တက်လာခဲ့ပြီး ၁၀ နှစ်အတွင်း တခြားနယ်မြေများကို လွှမ်းမိုးလာ၏။

ရေပေါ်ပင်လယ်နှင့် ပတ်သက်သမျှ တည်နေရာတိုင်းက သူတို့၏ ပိုင်နက်ဖြစ်သည်ဟု စေတီတောင်က ပွင့်ပွင့်လင်းလင်း တစ်နည်းအားဖြင့် စေတီတောင်က နေ့စဉ်နေ့တိုင်း နိုင်ငံပေါင်းများစွာတို့၏ နယ်မြေကို ဝါးမြိုနေသကဲ့သို့ပင်။

ချောင်ပြည်နယ်က စေတီတောင်၏ အရှေ့တောင်ဘက်တွင် တည်ရှိ၏။ သူတို့၏ မြေမျက်နှာပြင်က နှိုင်းယှဉ်ချက်အရ နိမ့်၏။ ထို့ကြောင့် ရေပေါ်ပင်လယ် နှစ်မြုပ်သွားသည့် အခြေအနေမျိုးတွင် ဧရိယာက တော်တော်ကြီးကြီးမားမားဖြင့် ချောင်ပြည်နယ်၏ နယ်မြေများကို ဝါးမြိုသွားခဲ့သည်။

ချောင်ဘုရင်က သဘာဝအတိုင်း လက်လွတ်ပေးရန် အစီအစဉ်မရှိခဲ့ချေ။ ထို့ကြောင့် သူက နယ်စပ်တွင် ဆည်ကို ဆောက်လုပ်ခဲ့ပြီး ရေပေါ်ပင်လယ် ပြန်ပွားခြင်းကို ရပ်တန့်ခဲ့၏။ စေတီတောင်က ချောင်ဘုရင်နှင့် အကြိမ်ပေါင်းများစွာ ညှိနှိုင်းခဲ့သော်လည်း မကျေမနပ်ဖြင့် အရာအားလုံး ပြီးဆုံးသွားခဲ့၏။

ချောင်အိမ်ရှေ့စံက မေးသည်။ “နင်ချီ... ကျုပ် ခင်ဗျားကို မေးခွန်းတစ်ခု မေးလို့ရမလား။”

နင်ချီက ပြော၏။ “ကဲ ပြောပါအုံး။”

ချောင်အိမ်ရှေ့စံက မေးလိုက်သည်။ “အင်ပါယာနဲ့ ခင်ဗျားတို့က လျှို့ဝှက်သဘောတူညီမှု ရှိနေတာလား။”

နင်ချီက တိတ်ဆိတ်နေ၏။

ချောင်အိမ်ရှေ့စံက မေးလိုက်သည်။ “ဘာ လျှို့ဝှက် သဘောတူညီချက်လဲ။”

နင်ချီက တိတ်ဆိတ်နေတုန်းပင်။ နင်ချီ ဘာမှမပြောသော်လည်း ချောင်အိမ်ရှေ့စံက အဖြေကို သိရှိသွားပုံ ပေါ်၏။

“ရွှဲ့ဘုရင်ကနေ ရွှဲ့ပြည်နယ်မင်းသားအဖြစ် တော်ဝင်ရန်အင်ပါယာရဲ့ ဘွဲ့ပေးအပ်ခြင်းကို လက်ခံခဲ့တာလား။” ချောင်အိမ်ရှေ့စံက မေးသည်။

ထိုအရာက သိဖို့ခက်ခဲသည် မဟုတ်ချေ။ တော်ဝင်ရန်အင်ပါယာ၏ သံတမန်များက ချောင်ဘုရင်ကို အကြိမ်ကြိမ် ဆွဲဆောင်ရန် ကြိုးစားခဲ့သော်လည်း ငြင်းပယ်ခံရကြောင်း သူ သတင်းရရှိ၏။ ရွှဲ့ဘုရင်ကနေ ရွှဲ့မင်းသားအဖြစ် ပြောင်းလဲခြင်းဆိုသည်မှာ ကြီးကြီးမားမား ကိစ္စမဟုတ်သော်လည်း ပြဿနာကမူ အလွန်အမင်း ပြင်းထန်၏။ မူလ စည်းမျဉ်းစည်းကမ်းများအရ တော်ဝင်ရန်အင်ပါယာက တခြားအင်ပါယာ များနှင့် ပူးပေါင်းကာ တော်ဝင်ရန်မင်းဆက်ကို ဖန်တီးခဲ့၏။ အင်ပါယာက အုပ်စိုးသူဖြစ်ပြီး လက်အောက်ခံ ပြည်နယ်များက ညီအစ်ကိုများဖြစ်၏။

ရွှဲ့ဘုရင်ကို ရွှဲ့မင်းသားအဖြစ် ပြောင်းလဲလိုက်သည်နှင့် တပြိုင်နက် ရွှဲ့ပြည်နယ်က တော်ဝင်ရန်အင်ပါယာ၏ လက်အောက်ခံပြည်နယ် ဖြစ်လာမည်ဟု အဓိပ္ပာယ်ပေါ်၏။ လက်အောက်ခံပြည်နယ်နှင့် လက်အောက်ခံ နိုင်ငံတို့က မတူညီသည့် သဘောတရားနှစ်ခုပင် ဖြစ်သည်။

လက်အောက်ခံနိုင်ငံများ၏ အုပ်ချုပ်မှုကို တောင်ဝင်ရန်အင်ပါယာက ဝင်ရောက်ဆုံးဖြတ်ပေး၍ မရပေ။ သို့သော်ငြား လက်အောက်ခံပြည်နယ် ဖြစ်သွားပါက အရာအားလုံးကို သိမ်းပိုက်သွားမှာ ဖြစ်ပြီး လက်အောက်ခံ ပြည်နယ်၏ ဝန်ကြီးချုပ်ကိုပင် တော်ဝင်ရန်အင်ပါယာက ခန့်အပ်ပေးနိုင်၏။

ချောင်အိမ်ရှေ့စံက ပြောသည်။ “နင်ချီ.. ခင်ဗျားက လှုံ့ဆော်သူ တစ်ယောက်ပဲ။”

နင်ချီက ပြော၏။ “အစ်ကိုဝမ်သာ ကျုပ်နေရာမှာဆိုရင် ဘယ်လိုလုပ်မလဲ။”

ချောင်အိမ်ရှေ့စံက သက်ပြင်းချလိုက်သည်။ ဟုတ်ပေ၏။ သူသာ နင်ချီနေရာမှာဆိုရင် ပိုကောင်းအောင် လုပ်နိုင်ပါ့မည်လား။ သေချာပေါက် မလုပ်နိုင်လောက်ပေ။

နင်ချီက အလွန်ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပြီး ဖြစ်၏။ အင်ပါယာ၏ အာဏာက တကယ်ကို ထိတ်လန့်စရာပင်။ ထို့အပြင် တော်ဝင်ရန်အင်ပါယာ၏ မူဝါဒအသစ်ကလည်း ပြီးမြောက်လုနီးပါး ဖြစ်ခဲ့၏။ နိုင်ငံတော်ဝန်ကြီးကို ဖမ်းဆီးထိန်းသိမ်းခြင်းဖြင့် နီးကပ်နေပြီဖြစ်၏။

ဝန်ကြီးအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းခြင်းအား အရှိန်အဟုန်မြင့်စွာ လုပ်ဆောင်နေ၏။ မူဝါဒသစ်များ ပြီးမြောက်သွားသည်နှင့်တပြိုင်နက် တော်ဝင်အာဏာက ဗဟိုချုပ်ကိုင်မှု ဖြစ်လာပေလိမ့်မည်။ တော်ဝင်ရန် အင်ပါယာ၏ အမျိုးသားရေးအင်အားကလည်း နောက်တစ်ဆင့်သို့ တက်လှမ်းသွားပေလိမ့်မည်။ အင်ပါယာက ဆန္ဒရှိသရွေ့ အရာအားလုံးကို လွှမ်းမိုးပေတော့မည်။

အင်ပါယာ၏အကြည့်က နင်ချီအပေါ်သို့ ရောက်ရှိနေသည့်အချိန်တွင် နင်ချီ ခုခံနိုင်ပါ့မည်လား။ ချောင်အိမ်ရှေ့စံက ခဏမျှ တွေဝေနေသည်ဆိုသော်လည်း မပြောခဲ့ချေ။

အပေါ်ယံတွင် ချောင်ဘုရင်၏ သေဆုံးမှုက နင်ချီနှင့် စေတီတောင်တို့ ကျူးလွန်သည့် လူသတ်မှုဖြစ်၏။ သို့သော်ငြား ချောင်ဘုရင်ကို သတ်သူက အင်ပါယာဖြစ်၏။ အင်ပါယာ၏ ခွင့်ပြုချက်မရှိဘဲ စေတီတောင်က လက်ရဲဇက်ရဲ လုပ်ဆောင်ဝံ့လိမ့်မည် မဟုတ်ချေ။

ချောင်ပြည်နယ်၏ အိမ်ရှေ့စံက ပြော၏။ “လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက အဖေက ကျန်းလီနဲ့ အင်ပါယာ ကြားမှာ ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်ခဲ့တယ်။ ကျန်းလီ သေဆုံးခဲ့ပြီးတဲ့နောက် အခွင့်အရေးကို အသုံးချပြီး တော်ဝင်ချန်နိုင်ငံရဲ့ ပြည်နယ်နှစ်ခုကို သိမ်းယူခဲ့တယ်။ နောက်ဆုံးမှာတော့ သူက နောက်ထပ် ပြည်နယ်တစ်ခုကို ပြန်ပေးလိုက်တယ် ဆိုပေမဲ့ အင်ပါယာကို အမျက်ထွက်စေခဲ့တာပဲ။

ကျုပ်ရဲ့နှလုံးသားထဲမှာ ကျင်းမင်းသားက ဆုတ်ခွာသွားပြီ။ ဝူဘုရင်ကလည်း ဆုတ်ခွာသွားပြီ။ စစ်ပွဲက ပြီးဆုံးသွားပြီလို့ ခံစားရတယ်။ အဖေ့ကို ရွှဲ့ပြည်နယ်နဲ့ တရားဝင် ညီနောင်ဖွဲ့ဖို့နဲ့ နယ်မြေ အနည်းငယ်လောက် တောင်းဖို့ပဲ ကျုပ်အကြံပေးဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ အဖေက သဘောတူမှာ မဟုတ်မှန်း ကျုပ်သိတယ်။”

ချောင်ဘုရင်က သေချာပေါက် သဘောမတူနိုင်ချေ။ ဤလူ၏ နယ်မြေလောဘက အကန့်အသတ်မဲ့ဖြစ်သည်။

နင်ချီက ပြော၏။ “အစ်ကိုဝမ်... လောကကြီးက ပြောင်းလဲတော့မယ်။ နောက်ထပ် ၁၀ နှစ်ကနေ ၂၀ အတွင်း အာဏာအတွက် အလုံးစုံ ရုန်းကန်ရမှုတွေ ဖြစ်လာတော့မယ်။ ရှင်သန်ခြင်းက အရေးကြီးဆုံး ဖြစ်လိမ့်မယ်။”

ချောင်အိမ်ရှေ့စံက တိတ်ဆိတ်သွားသည်။ တော်ဝင်ရန်အင်ပါယာက ကျန်းလီကို ဖျက်ဆီးခဲ့ပြီးနောက် လောကကြီးကို ချက်ချင်း မစည်းလုံးခဲ့ချေ။ ထိုအစား သူက ကြီးမားသည့် အောင်ပွဲကို အခွင့်အရေးယူပြီး အင်ပါယာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုအသစ်များကို အကောင်အထည်ဖော်၏။ ယခုအချိန်မှာတော့ အောင်ပွဲ၏ အသီးအပွင့်များကိုလည်း စတင် ခံစားနေရသည်။

အင်ပါယာက သူ၏ကိုယ်ပိုင်နိုင်ငံကို အာရုံစိုက်ပြီး လက်အောက်ခံနိုင်ငံများကို လက်လွှတ်ပေးထား၏။ ထို့ကြောင့် ချောင်နှင့် ရွှဲ့ပြည်နယ်တို့က တောင်ပိုင်းတွင် အာဏာအတွက် တိုက်ခိုက်နေကြခြင်း ဖြစ်၏။

ယခု ပြုပြင်ပြောင်းလဲမှုများ ပြီးဆုံးသွားသည့်အချိန်တွင် ကျန်ရှိနေသည့် နိုင်ငံများအပေါ် သူ၏ သဘောထားက လုံးဝပြောင်းလဲသွားပေလိမ့်မည်။ တော်ဝင်ရန်အင်ပါယာအတွက် လောကကို စည်းလုံးဖို့ အချိန်တန်ပြီ ဖြစ်သည်။ အင်ပါယာကို တိုက်ရိုက်ခုခံရန်လား။ ထိုအရာက မဖြစ်နိုင်ချေ။ ထိုအရာက သေခြင်းကို ရှာဖွေနေခြင်းသာ ဖြစ်ပေမည်။ သူတို့သာ မခုခံလျှင် တိုက်ရိုက် ဝါးမြိုခံရပေလိမ့်မည်။

နင်ချီပြောသည်က မှန်၏။ လောကကြီးက ပြောင်းလဲသွားခဲ့၏။ နိုင်ငံအသီးသီးကြားတွင် ရှိသည့် စစ်ပွဲနှင့် ပဋိပက္ခများက ပင်မရေစီးကြောင်းတစ်ခု မဟုတ်တော့ချေ။ တစ်ခုတည်းသော တာဝန်က အင်ပါယာ၏ သိမ်းယူမှုကို စည်းစည်းလုံးလုံးနှင့် ခုခံရန်ပင်။

“နင်ကျန်းက မဆိုးဘူး။”

နင်ချီက ပြော၏။ “သူ့မှာ သံမဏိလို စိတ်ဓာတ်မျိုးရှိပြီး စိတ်သဘောထား ကလည်း ကြီးမြတ်တယ်။ သူက နိုင်ငံတွင်းမှာရှိနေတဲ့ ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေကို ဖြေရှင်းဖို့ ဆုံးဖြတ်ထားတယ်။ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တာက ငါးသေးသေးလေးတွေကို ဟင်းချက်တာနဲ့ တူတူပဲ။

ဒီလို အရည်အချင်းမျိုးက သူ့ဆီမှာ ရှိတာ ထင်ရှားတယ်။ ဒါပေမဲ့ သူက အရမ်းကို ဖြောင့်မတ်လွန်းတယ်။ ထီးနန်းကို ဆက်ခံတာနဲ့တပြိုင်နက် သူက အင်ပါယာကို ဆန့်ကျင်ဖို့ သေချာပေါက် ရွေးချယ်လိမ့်မယ်။ အဲဒီအချိန်ကျရင် ရွှဲ့ပြည်နယ်ရဲ့ နှစ်ပေါင်းရာချီတည်ရှိခဲ့တဲ့ အခြေခံတွေအကုန်လုံး ပျောက်ဆုံးသွားလိမ့်မယ်။”

All Chapters