အခန်း (၇၀၉-၇၁၀)
Vol. 45 Ch. 709-710
အပိုင်း (၇၀၉)
အင်ပါယာ၏ တော်ဝင်သံတမန်က ထိုစကားကို ကြားချိန်မှာတော့ တုန်လှုပ်သွားမိ၏။ ဤအရာက လျှို့ဝှက်ချက်တစ်ခုဖြစ်၏။ သို့သော်ငြား လျှို့ဝှက်ချက် တစ်ခုလည်း မဟုတ်ပေ။
ရှမ့်လန်က ဆက်ပြောသည်။ “အချိန်မီ မကုသဘူးဆိုရင် အဲလူက အချိန်ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”
တော်ဝင်သံတမန်က အေးစက်စက် ပြောလိုက်၏။ “မင်း သူ့ကို ဒီလိုပြောရဲတယ် ဟုတ်လား။ ကျိန်စာ တိုက်နေတာလား။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် အဖြစ်မှန်ကို ပြောပြတာပါ။”
တော်ဝင်သံတမန်က သူ၏မျက်လုံးများကို မှိတ်လိုက်၏။ ရှမ့်လန်ပြောနေသည့်သူက အင်ပါယာ၏ အချစ်ဆုံးသောသူ ဖြစ်၏။ သူမက အင်ပါယာ၏ အချစ်ကို ခံရရုံသာမက အင်ပါယာမိဖုရားကြီး၏ အသက် သွေးကြောလည်း ဖြစ်၏။ သူမက တကယ့်ကို တန်ဖိုးထားရသူ တစ်ဦးပင်။ သူမက တော်ဝင်မိသားစုတွင် လက်တွေ့ကျကျ အချစ်ခံရဆုံးသူ ဖြစ်သည်။ တကယ့်ကို နူးညံ့ပြီး၊ ဉာဏ်ရည်ကလည်း ထက်မြက်၏။ ရောဂါဖြစ်ပြီးနောက် သူမ၏ ကျန်းမာရေးက ကုသ၍မရနိုင်သည်အထိ ဆိုးရွားခဲ့၏။
တော်ဝင်မိသားစုက သူမ၏ ဈာပနအတွက် ကြိုတင်ကာ ပြင်ဆင်ခဲ့၏။ ပြီးနောက် အင်ပါယာ မိဖုရားကြီးနှင့် အခြားသူအားလုံးက ရင်ကွဲခဲ့၏။ မိဖုရားကြီးဆိုလျှင် ငိုပင် ငိုခဲ့၏။ ရောဂါ ဖြစ်ပြီးနောက် အင်ပါယာက သူမကို ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးပင်။ သူမ၏ ကိုယ်အလေးချိန်က ဆက်လက် ကျဆင်းနေဆဲပင်။ သူမ၏ အသက်ဓာတ်များကလည်း တဖြည်းဖြည်း အားနည်းလာခဲ့ပြီး သေဆုံးမည်ကိုသာ သူတို့ ထိုင်ကြည့်နိုင်ပေလိမ့်မည်။
ယခု ရှမ့်လန် ဤကဲ့သို့ ဖော်ပြပြောဆိုလိမ့်မည်ဟု မထင်ခဲ့ချေ။
အင်ပါယာ၏တော်ဝင်သံတမန်က မပေါ့ဆရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က နာမည်ကြီး သမားတော်၊ အံ့ဖွယ်ရာများကို ဖန်တီးနိုင်သူ ဖြစ်ကြောင်း သိရှိသောကြောင့်ပင်။ အတိုင်းအတာ တစ်ခုအထိ ရှမ့်လန် မာနကြီးစွာ အသက်ရှင်နိုင်သည့် အကြောင်းပြချက်က ထိုအရာကြောင့်လည်း ဖြစ်၏။
အင်ပါယာ၏ တော်ဝင်သံတမန်က ပြောလိုက်သည်။ “ဒါက ဘယ်လိုရောဂါမျိုးလဲ သိလား။”
ဟုတ်ပေ၏။ ရှမ့်လန်က ထိုအရာက ဆီးချိုအမျိုးအစား (၁) ဖြစ်ကြောင်း သိရှိ၏။ အကြောင်းရင်းကိုတော့ သေသေချာချာ မသိရှိချေ။ ထိုအရာက ကိုယ်ခံအားစနစ်၏ ချို့ယွင်းချက် ဖြစ်နိုင်၏။ သို့မဟုတ် မျိုးရိုးဗီဇ ပြဿနာလည်း ဖြစ်နိုင်၏။ ဤရောဂါက တကယ့်ကို လျင်လျင်မြန်မြန် ဖြစ်ပွားပြီး အချိန်မီ မကုသပါက အန္တရာယ် ရှိ၏။
ဤရောဂါကို ကုသရန်တစ်ခုတည်းသော နည်းလမ်းက အင်ဆူလင် ထိုးခြင်းပင်။ အင်ဆူလင်အတုက အဆင့်မြင့် နည်းပညာဖြစ်ပြီး မျိုးရိုးဗီဇနှင့်လည်း သက်ဆိုင်သည်။ သို့သော်ငြား ဝက်၊ နွားများမှ ထုတ်ယူခြင်းကို ၁၉၂၂ ခုနှစ်က အောင်မြင်ခဲ့ပြီးသား ဖြစ်သည်။
ဤလောကကြီး၏ နည်းလမ်းများဖြင့် အလွန် သန့်စင်သည့် အင်ဆူလင်ကို ရရှိထို့ ခက်ခဲသည်မှာ မှန်၏။ သို့သော်ငြား ပန်းတင်း ဖြေရှင်းနည်းနှင့် တခြား ဆားရည်ဖြေရှင်းချက်ကို အသုံးပြုရန် လိုအပ်၏။
(ဤနေရာကို ဘာသာပြန်သူ နားမလည်ပါ။ ပန်ကရိကထဲက အစာခြေအင်ဇိုင်း နဲ့ အင်ဆူလင် ဆိုတာလောက်ပဲ ကြားဖူးနားဝ ရှိပါတယ်။ ဆေးပညာနဲ့ ပတ်သက်ပြီး အလှမ်းဝေးတာမို့ တောင်းပန်ပါတယ်ခင်ဗျာ။ )
..............
ရှမ့်လန်က ပြောလိုက်သည်။ “ဒီရောဂါကို ဆီးချိုရောဂါလို့ ခေါ်တယ်။”
အင်ပါယာ၏တော်ဝင်သံတမန်က ချက်ချင်းပင် မျက်မှောင်ကုတ်လိုက်၏။ ရောဂါ၏နာမည်ကိုက မကောင်းပေ။ သို့သော်ငြား ဤအရာက အဓိက အချက် မဟုတ်ချေ။
“မင်း ဒီရောဂါကို ကုသနိုင်လား။” တော်ဝင်သံတမန်က မေး၏။
“သေချာပေါက်ပေါ့။” ရှမ့်လန်က ပြောသည်။
တော်ဝင်သံတမန်က ပြောလိုက်၏။ “ဘယ်လောက်မြန်မြန်လဲ။”
“ချက်ချင်းရတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က လူနာရဲ့ ဆီးချိုရောဂါကို ချက်ချင်းပဲ ကုသနိုင်တယ်။ ဒါပေမဲ့ ခင်ဗျား မြန်မြန်လုပ်ရလိမ့်မယ်။ သူ့ရဲ့ရောဂါက အရမ်းကို အရေးပေါ်နေပြီ။ နောက်ထပ် အနည်းငယ်လောက် နှောင့်နှေးသွားမယ်ဆိုရင် အသက်အန္တရာယ် စိုးရိမ်ရတယ်။”
အင်ပါယာ၏ တော်ဝင်သံတမန်က ရှမ့်လန်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ ဤကိစ္စက သူ ရောက်ရှိ လာရသည့် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်း မဟုတ်ချေ။ ထို့အပြင် သူ၏ တာဝန်ကလည်း အရမ်းကို ရိုးရှင်း၏။ ပထမတောင်းဆိုချက် နှစ်ခုကို သဘောတူဖို့ ရှမ့်လန်ကို အတင်းအကြပ် ဖိအားပေးရန်ပင်။ သို့ပေမည့် အင်ပါယာ၏ အချစ်ဆုံးသောသူကို ကယ်တင်နိုင်ပါက ကြီးမားသော ဂုဏ်ကျက်သရေ ဖြစ်ပေလိမ့်မည်။ သူ၏ ရာထူးလည်း တိုးတက်လာပေလိမ့်မည်။
တော်ဝင်သံတမန်က ပြော၏။ “ရှမ့်လန်... မင်း ဒါကို သေချာစဉ်းစားရမယ်။ ဒီလူနာက အရမ်းကို ရာထူးကြီးတယ်။ ကုသရင်း မတော်တဆမှု တစ်ခုခုဖြစ်ရင် မင်းချက်ချင်း သေလိမ့်မယ်။ မင်း ကျင်းမင်းသားရဲ့ ရှေးဟောင်းအမွေအနှစ် ဝင်ပေါက်ကို ငါတို့ကို ပြောမယ်ဆိုရင်တောင် မင်းရဲ့ အသက်ကို ကယ်တင်နိုင်တော့မှာ မဟုတ်ဘူး။”
ရှမ့်လန်က ပြောသည်။ “ကျုပ် ၉၀ ရာခိုင်နှုန်း သေချာတယ်။ ဒါပေမဲ့ အရမ်းကို အရေးပေါ်နေပြီ။ ဘာလို့လဲဆိုတော့ တော်ဝင်သံတမန်က ကျုပ်ကို ရက်အနည်းငယ်ကြာအောင် မတွေ့ခဲ့တာကြောင့်ပဲ။ သူ့ရဲ့ အသက်ကို ကယ်တင်ဖို့ ကျုပ် ချက်ချင်း မြောက်ဘက်ကို သွားရမယ်။ လူနာအတွက် နှောင့်နှေးလို့ မရဘူး။”
တော်ဝင်သံတမန်က မျက်လုံးကို မှိတ်လိုက်၏။ သူ၏ဆုံးဖြတ်ချက်ကို ပြန်လည်ကာ စဉ်းစား၏။ ဤကိစ္စအတွက် တာဝန်ယူရပေမည်။ ရှမ့်လန်က ဤလူကို ကယ်တင်နိုင်မည်ဆိုပါက ကျိန်းသေပေါက် အသိအမှတ်ပြုခံရမှာ ဖြစ်၏။ ဤအရာက ကြီးမားသည့် ဂုဏ်ကျေးဇူးပင်။
သို့သော်ငြား ရှမ့်လန်က မကယ်တင်နိုင်ခဲ့ပါက သို့မဟုတ် ကုသမှုတွင် မတော်တဆ တစ်ခုခု ဖြစ်ပွားခဲ့ပါက ထိုတာဝန်ကို သူလည်း ယူရပေမည်။ ထို့ကြောင့် သူက ရှမ့်လန်၏ တောင်းဆိုခြင်းကို လျစ်လျူရှုခဲ့သင့်လား။ မရချေ။ ဤရောဂါကို ကုသနိုင်သည့် အခွင့်အရေးရှိကြောင်း ရှင်းရှင်းလင်းလင်း သိရှိသော်လည်း ထိမ်ဝှက်ခဲ့ပါက သိရှိသွားလျှင် ပြဿနာတက်ပေလိမ့်မည်။
ထို့ကြောင့် တော်ဝင်သံတမန်၌ တခြား ရွေးချယ်စရာ မရှိတော့ချေ။ “ဒါဆိုရင် မြန်မြန် လှုပ်ရှားကြစို့။ ကျုပ်တို့ အဲဒီအရေးကြီးတဲ့လူကိုသာ မကယ်တင်နိုင်ဘူးဆိုရင် ဒုက္ခရောက်ကုန်လိမ့်မယ်။”
၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် ရှမ့်လန်နှင့် တော်ဝင်သံတမန်တို့က ချောင်နိုင်ငံ၏ မြို့တော်မှ ထွက်ခွာခဲ့ပြီး မြန်ဆန်လွန်းသည့် အရှိန်ဟုန်နှင့် မြောက်ဘက်သို့ ဦးတည်ခဲ့၏။
..........
ချောင်ဘုရင်သစ်၏ စခန်းမှာတော့ နောက်ထပ် တော်ဝင်သံတမန် တစ်ဦး ရောက်ရှိလာခဲ့၏။ ထိုသူက ရင်းနှီးကျွမ်းဝင်ပြီးသား အသိမိတ်ဆွေတစ်ဦးဖြစ်သော မင်းသားလျန်ပင် ဖြစ်၏။ ထိုသူက နင်ယွမ်ရှန်းနှင့် ယခင်က ခမည်းခမက် ဖြစ်ခဲ့ဖူး၏။ သူတို့က အသိကျွမ်းဟောင်းများဟုလည်း သတ်မှတ်နိုင်သည်။
နင်ယွမ်ရှန်းက ယခင်အမဲလိုက်ပြိုင်ပွဲတွင် ဖျားနာပြီး အားနည်းချင်ယောင်ဆောင်ခဲ့၏။ ထိုအရာက မင်းသားလျန်ကို တကယ်ပင် ဒေါသထွက်စေခဲ့၏။ ထို့ကြောင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးက ယိုယွင်း သွားခဲ့၏။
မင်းသားလျန်က တော်ဝင်အင်ပါယာ၏ ကိုယ်စား သေဆုံးသွားခဲ့သော ချောင်ဘုရင်ဟောင်းကို ဂါရဝလာပြုသည်။ ထို့အပြင် ချောင်ဘုရင်သစ်အတွက် သူ၏ရင်းနှီးပျူငှာလွန်းသည့် ဟန်ပန်အမူအရာကို ထုတ်ဖော်ပြီး သူ၏ စိုးရိမ်မှုကိုလည်း ထုတ်ဖော် ပြသခဲ့သည်။
ချောင်ဘုရင်သစ်က ကျေးဇူးတင်မှုကို ဖော်ပြခဲ့ပြီး ချောင်ပြည်နယ်က အင်ပါယာအပေါ် အမြဲတမ်း သစ္စာခံမည်ဖြစ်ကြောင်း ဝန်ခံခဲ့၏။
တော်ဝင်မင်းသားလျန်က သူ၏ စိတ်ကျေနပ်မှုကို ဖော်ပြခဲ့ပြီး ယခင်ချောင်ဘုရင်ဟောင်း၏ လုပ်ကြံခံရမှုကို စတင်စစ်ဆေးပြီဖြစ်ကြောင်း လူသိရှင်ကြားပင် ကြေညာခဲ့သည်။
ပြီးနောက် မင်းသားလျန်က သူ၏ စစ်ဆေးမေးမြန်းမှုကို စတင်ခဲ့၏။ ထိုအရာက တကယ့်ကို တရားဝင်ပြီး အသေးစိတ် စစ်ဆေးမေးမြန်းမှုများလည်း ဖြစ်၏။ သက်သေအထောက်အထား တစ်ခုချင်းစီတိုင်းအား ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားပြီး အချိန်မရွေး ပြန်လည်စစ်ဆေးနိုင်ရန် စီစဉ်ထားသလိုပင်။
စစ်ဆေးမေးမြန်းမှု၏ ဝါကျတစ်ခုချင်းစီတိုင်းကို မှတ်တမ်းတင်ထား၏။ လေသံနှင့် ပုံစံကိုပင် အသေးစိတ် မှတ်တမ်းတင်၏။ စစ်ဆေးမေးမြန်းမှု၌ အဓိက ပါဝင်သူများက လူသုံးဦး ဖြစ်၏။ ချောင်ပြည်နယ်၏ သတ္တမမင်းသား ချောင်ချင်း၊ မိန်းမစိုးခေါင်းဆောင် ယန်လျန်နှင့် ရွှဲ့ပြည်နယ်၏ တတိယမင်းသား နင်ချီ တို့ဖြစ်၏။
စစ်ဆေးမေးမြန်းမှုက ၅ ရက်၊ ၅ ည ကြာခဲ့၏။ သက်သေအထောက်အထားများ အပါအဝင် အမျိုးမျိုးသော အကြောင်းအရာများကို ခွဲခြမ်းကာဖြင့် စစ်ဆေးမေးမြန်းမှုကို ပြုလုပ်ခဲ့၏။ စာဖြင့် မှတ်တမ်းတင်ထားသည့် မှတ်တမ်းများက စကားလုံး နှစ်သိန်းကျော်ပင် ရှိသည်။
ချောင်ချင်း ကွယ်လွန်သူ ဘုရင်ထံသို့ ပေးပို့ခဲ့သည့် လျှို့ဝှက်စာနှစ်စောင်ကို အကြိမ်ပေါင်း တစ်ရာကျော် စစ်ဆေး၏။ အဆိပ်ကို စမ်းသပ်သည့် ပညာရှင် ၃၀ ကျော်တို့က ထိုအမှုကို တာဝန်ယူခဲ့၏။
ဆဋ္ဌမ မြောက်နေ့မှာတော့ မင်းသားလျန်က နင်ချီကို လျှို့ဝှက်စွာဆင့်ခေါ်ခဲ့သည်။
………….
“နင်ချီ... သက်သေအထောက်အထား အားလုံးက ဆန့်ကျင်နေတယ်။ အဖြစ်မှန်က ကိုယ်လုပ်တော်ရန်နဲ့ ယန်လျန်တို့က ကွယ်လွန်သွားတဲ့ဘုရင်ကို လုပ်ကြံဖို့ တကယ်ကြီး စီစဉ်ခဲ့ကြတယ် ဆိုတာကို သက်သေပြ နေတယ်။ မိန်းမစိုးကြီးယန်လျန်က မင်းရဲ့မြားကို ချောင်ဘုရင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ပေါက်ကွဲစေဖို့ တာဝန်ယူထားတယ်။ ပြီးရင် ချောင်ဘုရင်ရဲ့ ခန္ဓာကိုယ်ထဲက ကူပိုးကောင်ကို အသက်ဝင်စေခဲ့တယ်။ ဒါကြောင့် မင်းကို လူသတ်မှုရဲ့ အဓိကတရားခံအဖြစ် သတ်မှတ်နိုင်တယ်။ ဒီတော့ မင်း ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ဖို့ အစီအစဉ်ရှိလား။”
တတိယမင်းသားနင်ချီက ဒူးထောက်၏။ ပြီးနောက် ဦးတိုက်လိုက်သည်။ “မရှိပါဘူး။ ကျုပ်က တော်ဝင်သံတမန်ရဲ့ ဆုံးဖြတ်ချက်ကို နာခံပါ့မယ်။”
မင်းသားလျန်က ပြော၏။ “နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ဒါက မင်းလုပ်ခဲ့တာပဲ။ မင်းဘာလို့ ကောလာဟလတွေဖြန့်ပြီး ချောင်ဘုရင် လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ရှမ့်လန်နဲ့ ချောင်ဘုရင်အသစ်ကို စွပ်စွဲခဲ့တာလဲ။”
နင်ချီက ဦးတိုက်လိုက်သည်။ “တော်ဝင်သံတမန်ကို လျှောက်တင်ပါရစေ။ ကျုပ် ဒါကို မလုပ်ခဲ့ပါဘူး။ ချောင်ဘုရင် ရုတ်တရက် သေဆုံးသွားပြီးတဲ့နောက် နောက်နေ့မှာပဲ ကျုပ်က အင်ပါယာရဲ့ စုံစမ်းစစ်ဆေးမှုကို စောင့်မျှော်ဖို့ ချောင်စစ်စခန်းထဲကို တစ်ယောက်တည်း လာခဲ့တာပါ။ အဲဒါအပြင် ကျုပ် ဘာမှမလုပ်ခဲ့ပါဘူး။ အထူးသဖြင့် ရှမ့်လန်ရဲ့ ခေါင်းပေါ်ကို အပြစ်မပုံချဖို့ အားလုံးကို အမိန့်ပေးထားခဲ့ပါတယ်။”
တော်ဝင်မင်းသားလျန်က ပြော၏။ “ဘယ်သူ ဒါကို သက်သေခံနိုင်လဲ။”
နင်ချီက ပြောသည်။ “ထျန်းရှစ်နယ်စားကြီး ကျုံးယောင်နဲ့ ထျန်းရွှဲ့အုပ်ချုပ်ရေးမှူးချုပ် ရွှယ်ချီတို့နှစ်ဦးက သက်သေခံနိုင်ပါတယ်။”
တော်ဝင်မင်းသားလျန်က ပြော၏။ “မင်းရဲ အဖေက မင်းကို ထျန်းရွှဲ့မြို့ဆီ ပြန်ခေါ်ခဲ့တယ်။ မင်းဘာလို့ မသွားတာလဲ။”
နင်ချီက ပြောသည်။ “ကောင်းကင်နှင့် မြေပြင်ရဲ့ အုပ်စိုးသူ အင်ပါယာကသာ ကောင်းကင်ကြီး ဖြစ်ပါတယ်။ ကျုပ်ရဲ့ပထမဦးစားပေးက အင်ပါယာအပေါ်မှာ သစ္စာခံဖို့ပါ။ ပြီးတော့မှ ကျုပ်ရဲ့အဖေ နင်ယွမ်ရှန်းအပေါ် သစ္စာရှိပြီး သားသမီးဝတ္တရားကို ကျေပွန်ဖို့ ဖြစ်ပါတယ်။”
တတိယမင်းသားလျန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “အမှန်တိုင်း ပြောစမ်းပါ။ ချောင်ဘုရင်ကို ဘယ်သူသတ်တယ်လို့ မင်းထင်လဲ။”
နင်ချီက ခဏလောက် စဉ်းစား၏။ ပြီးနောက် ပြောလိုက်သည်။ “ဒါ ရှမ့်လန်လို့ ထင်တယ်။”
တော်ဝင်မင်းသားလျန်က စားပွဲကို ထရိုက်၏။ ပြီးနောက် တင်းမာခက်ထန်စွာ ပြောလိုက်၏။ “ဒါ မင် စွပ်စွဲနေတာပဲ မဟုတ်လား။ မင်း ဒီအချိန်ထိတောင် ရှမ့်လန်ကို စွပ်စွဲဖို့ ကြိုးစားနေတုန်းပဲလား။”
နင်ချီက ဦးညွှတ်ကာ ပြော၏။ “တော်ဝင်သံတမန် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။ ကျုပ်က အမှန်တရားကို ပြောနေတာပါ။”
တော်ဝင်မင်းသားလျန်က ပြောသည်။ “နင်ချီ... ကွယ်လွန်သွားတဲ့ ချောင်ဘုရင် မသေခင် အော်ဟစ်ခဲ့တာကို လူပေါင်းများစွာတို့က ကြားခဲ့တယ်။ နင်ချီက စေတီတောင်နဲ့ ပူးပေါင်းပြီး သူ့ကို သတ်ခဲ့ပါတယ်လို့ ပြောခဲ့တယ်။ ဒီစွပ်စွဲချက်ကို မင်းအနေနဲ့ ဘယ်လိုမှ ဖယ်ရှားနိုင်မှာ မဟုတ်ဘူးဆိုတာ သိသင့်တယ်။”
နင်ချီက သူ၏ နဖူးဖြင့် မြေပြင်ကို ဦးတိုက်၏။ ပြီးနောက် ဘာတစ်ခုမှ မပြောခဲ့ချေ။
တော်ဝင်မင်းသားလျန်၏ အသံက ပို၍ ထည်ဝါလာခဲ့၏။ သူက အေးစက်စက်ဖြင့် ပြော၏။ “ပြီးတော့ ကွယ်လွန်သူ ချောင်ဘုရင်ကို လုပ်ကြံမှုက ဘယ်လို အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေထိ ရောက်ရှိသွားတယ် ဆိုတာ မင်းသိလား။ လောကမှာရှိတဲ့ ဘုရင်တွေအကုန်လုံးက မလုံခြုံမှုကို ခံစားနေရပြီ။ ပြီးတော့ ပြည်နယ်ဘုရင်တိုင်းရဲ့ နန်းတွင်းမှာ ကြီးမားတဲ့ သုတ်သင်ရှင်းလင်းမှုတွေ ပေါ်ပေါက်လာခဲ့တယ်။ သွေးတွေက မြစ်လိုပဲ စီးဆင်းခဲ့တယ်။”
နင်ချီက ဦးညွှတ်ကာ ပြော၏။ “ဒီအပြစ်သားက အပြစ်ရှိပါတယ်။”
တော်ဝင်မင်းသားလျန်က ခက်ထန်စွာ ပြောလိုက်သည်။ “လောကမှာရှိတဲ့ ဘုရင်တွေအကုန်လုံးက အခု အင်ပါယာကို စူးစိုက်ကြည့်နေကြတယ်။ သူတို့က အင်ပါယာရဲ့မူဝါဒ ပြောင်းလဲသွားပြီလားလို့ စိုးရိမ်နေကြပြီ။ အင်ပါယာက လက်အောက်ခံ ပြည်နယ်တွေကို ပြောင်းလဲတော့မှာလား။ ပြည်နယ်ဘုရင်ဖြစ်နေတာကနေ နယ်စားပယ်စားတွေအဖြစ် ပြောင်းလဲရတော့မှာလား။ အဲလိုတွေးနေကြပြီ။ ဒါတွေအားလုံးက မင်း လုပ်ခဲ့တာပဲ။ မင်း ချောင်ဘုရင်ကို လုပ်ကြံခဲ့တယ်။ မင်းက အင်ပါယာအတွက် ဘယ်လောက်ကြီးမားတဲ့ ဒုက္ခတရားတွေကို သယ်ဆောင်လာခဲ့လဲ ဆိုတာကို သိရဲ့လား။”
နင်ချီက ဦးညွှတ်ကာ ပြော၏။ “ဒီအပြစ်သားက ဒီကိစ္စတွေကို နားမလည်ခဲ့ပါဘူး။ စိုးရွံ့မိပါတယ်။”
တော်ဝင်မင်းသားလျန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူက ဘာတစ်ခုမှ ထပ်မံကာ မပြောတော့ဘဲ လက်ဖက်ရည်ကိုသာလျှင် အသာငုံလျက်ရှိ၏။ “တော်ဝင်ဝန်ကြီးရုံးကို ဖျက်သိမ်းလိုက်ပြီ ဆိုတာ မင်းသိလား။ အခု ဝန်ကြီးများအဖွဲ့ကို ထူထောင်လိုက်ပြီ။ ယွမ်ချမ်ပိက ဝန်ကြီးချုပ် ဖြစ်လာတယ်။ ပြီးတော့ ကျူးဟုန်တုကတော့ ဒုဝန်ကြီး ဖြစ်လာလိမ့်မယ်။”
ထိုစကားကို ကြားချိန်မှာတော့ နင်ချီ၏ နှလုံးသားများက အနည်းငယ် တုန်ယင်သွား၏။ တော်ဝင်ရန် မြို့တော်၏ ကျူးမိသားစုက ဤပြန်လည်ဖွဲ့စည်းလိုက်သည့် ဝန်ကြီးအဖွဲ့ဆီမှ ကြီးမားသည့် အကျိုးကျေးဇူး များကို ရရှိခဲ့၏။ ယွမ်ချမ်ပိက အသက် ၇၅ နှစ်ရှိပြီဖြစ်၏။ ဝန်ကြီးချုပ်အဖြစ် ကြာကြာနေနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ကျူးဟုန်တုက အသက် ၅၀ ကျော်သာ ရှိသေး၏။
တစ်နည်းအားဖြင့် တော်ဝင်ရန်မြို့တော်တွင် ကျူးမျိုးနွယ်စုက အင်ပါယာ၏ အမြင့်ဆုံးသော အာဏာကို နောက်ထပ် နှစ် ၂၀ လောက် တာဝန်ယူနေပေဦးမည်။ သူတို့က တကယ်တမ်း နှစ်ထောင်ချီ တည်ရှိခဲ့သည့် တော်ဝင်မျိုးနွယ်စု ပီသပါပေသည်။
ကျူးဟုန်တု ဝန်ကြီးအဖွဲ့ကို တာဝန်ယူရန် ကြိုတင်ဆုံးဖြတ်ပြီးသားဖြစ်၏။ ထိုသို့ဆိုလျှင် လောကတွင် ရှိနေသည့် နိုင်ငံအားလုံးတို့၏ ကံကြမ္မာ အစိတ်အပိုင်းကြီးက ထိုသူ၏ လက်ထဲတွင် ရှိနေပေလိမ့်မည်။
အင်ပါယာ၏ ဆန္ဒအရဆိုလျှင် သူက လောကတွင် ရှိနေသည့် ဘုရင်အားလုံးတို့ကို ဘွဲ့များ ပေးအပ်မည်ဖြစ်ပြီး တော်ဝင်မင်းသားဘွဲ့ကိုပင် ပေးအပ်ပေလိမ့်မည်။ တဖြည်းဖြည်းနှင့် လက်အောက်ခံ နိုင်ငံများက လက်အောက်ခံ ပြည်နယ်များ ဖြစ်လာပေလိမ့်မည်။ ပြီးနောက် နယ်စားပယ်စားများက နိုင်ငံရေးရာ ကိစ္စနှင့် ပတ်သက်၍ လမ်းညွှန်မှုကို ခံယူရန် ဝန်ကြီးအဖွဲ့သို့ လျှောက်ထားရပေလိမ့်မည်။
ယွမ်ချမ်ပိ ဦးဆောင်သည့် ဝန်ကြီးအဖွဲ့က နိုင်ငံအားလုံး သို့မဟုတ် အရာရှိပေါင်းများစွာအား ဗဟိုချုပ်ကိုင်မှု ရရှိနိုင်ရန် ကြိုးစားပေလိမ့်မည်။ ကျူးဟုန်တုက ဝန်ကြီးအဖွဲ့သို့ ဝင်ရောက်တော့မည် ဖြစ်သောကြောင့် ရွှဲ့ပြည်နယ် ကျူးမျိုးနွယ်စု၏ ဂုဏ်သတင်းက အဆမတန် တိုးတက်လာပေလိမ့်မည်။
အပိုင်း (၇၁၀)
တော်ဝင်မင်းသားလျန်က ပြော၏။ “အရေးကြီးတဲ့ အခိုက်အတန့်မှာ ချောင်ဘုရင် သေဆုံးမှုက ဘုရင်အားလုံးရဲ့ စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်။ အဲဒီ နိုင်ငံရေးဩဇာလွှမ်းမိုးမှုကို ဘယ်လို ဖြေရှင်းသင့်တယ်လို့ မင်းထင်လဲ။”
နင်ချီက ဦးညွှတ်လိုက်သည်။ “ကျုပ်မှာ အပြစ်ရှိပါတယ်။ ကျုပ် စိုးရွံ့မိပါတယ်။”
တော်ဝင်မင်းသားလျန်က စကားလုံး တစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်း ပြော၏။ “မင်း နင်ချီက သေဆုံးသွားခဲ့တဲ့ ချောင်ဘုရင်ကို လုပ်ကြံမှုနဲ့ သံသယရှိတယ်။ ပြီးတော့ ပြင်းထန်လွန်းတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြောင်း သိသာနေတာကြောင့် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သက်သေရမယ်။ မင်း ဘယ်လိုထင်လဲ။”
နင်ချီ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့၏။ သို့ပေမည့် သူက ချက်ချင်းပဲ ပြန်လည် တည်ငြိမ်သွားသည်။ “ကျုပ် နားလည်ပါတယ်။”
တော်ဝင်မင်းသားလျန်က သူ၏ရင်ဘတ်ထဲမှ ပုလင်းကလေးတစ်ခုကို ထုတ်ယူပေးလိုက်၏။ လက်ဖက်ရည်က အဆင်သင့် ရှိနေ၏။ တော်ဝင်မင်းသားလျန်က နင်ချီအတွက် လက်ဖက်ရည်ခွက်ငယ် တစ်ခုကို အသာငှဲ့ပေး၏။ ပြီးနောက် ပုလင်းထဲမှ အဆိပ်များကို လက်ဖက်ရည်ထဲသို့ ထည့်၏။
“ဒါက စေတီတောင်ရဲ့ အဆိပ်ပဲ။ ဒါကို သောက်ပြီးရင် နာကျင်မှုမရှိဘဲ အိပ်ပျော်သွားလိမ့်မယ်။”
တော်ဝင်မင်းသားလျန်က ပြောသည်။ “ကဲ ... မင်း အခု သောက်နိုင်ပြီ။ ပြီးတော့ မင်းရဲ့ ရုပ်အလောင်းက မပျက်မစီးနဲ့ ရှိလိမ့်မယ်။ မင်း မသောက်ဖို့လည်း ရွေးချယ်နိုင်တယ်။ ဒီလိုဆိုရင်တော့ စီရင်ချက်ကို လူသိရှင်ကြား ကြေညာပြီး မင်းက လူသိရှင်ကြားပဲ ခေါင်းဖြတ်ခံရလိမ့်မယ်။”
နင်ချီက ရုတ်တရက် ထရပ်၏။ ပြီးနောက် တော်ဝင်မင်းသားလျန်၏ ရှေ့ဆီသို့ သွားရောက်ကာ ဒူးထောက် ထိုင်၏။ “ကျုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆန္ဒရှိပါတယ်။”
ပြီးနောက် နင်ချီက သူ၏ ရှေ့တွင် ရှိနေသည့် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ခါတည်း မော့သောက်လိုက်သည်။
တော်ဝင်မင်းသားလျန်က ပြောလိုက်၏။ “နင်ချီ.. မင်း သေချာစဉ်းစားပြီးပြီလား။ မင်း ပြောစရာ တခြား တစ်ခုခု ရှိသေးလား။”
နင်ချီက ပြောသည်။ “ကျုပ် တော်ဝင်သံတမန်ရဲ့ ဆုံးဖြတ်ချက်ကို နာခံပါတယ်။”
ပြီးနောက် သူက လက်ဖက်ရည်ခွက်ကို သောက်၏။
ခဏအကြာမှာတော့ အမဲရောင်သွေးများက သူ၏ ပါးစပ်ထောင့်နှင့် နှာခေါင်းများဆီမှ စီးကျလာ၏။ သူက မလှုပ်မယှက်နှင့် ထိုင်နေ၏။ သူ၏ နှလုံးခုန်သံက ရပ်တန့်သွား၏။ ပြီးနောက် သူက မြေပြင်ပေါ်သို့ လဲကျသွားသည်။
................
မြေပြင်ပေါ်တွင် ရှိနေသည့် နင်ချီကို ကြည့်လိုက်လျှင် ဒွါရကိုးပေါက်ဆီမှ သွေးများစီးကျနေပြီး ခန္ဓာကိုယ် တစ်ခုလုံးကလည်း အေးစက်နေ၏။
ချောင်ဘုရင်သစ်က အနည်းငယ် တုန်ယင်သွားမိသည်။
တော်ဝင်မင်းသားလျန်ကပြော၏။ “ချောင်ဘုရင်... ဒီကိစ္စအတွက် အင်ပါယာက ခင်ဗျားကို ဘယ်လို ရှင်းပြချက်တွေ ပေးစေချင်လဲ။”
ချောင်ဘုရင်သစ်က ဒူးထောက်ကာဖြင့် ဦးတိုက်သည်။ “ကျုပ် အင်ပါယာရဲ့ ဆုံးဖြတ်ချက် အကုန်လုံးကို နာခံပါ့မယ်။”
တော်ဝင်မင်းသားလျန်က ပြောလိုက်၏။ “မင်းက တကယ့်ကို နားလည်လွယ်တဲ့လူပဲ။ မင်းက မင်းရဲ့ အဖေထက် အများကြီး ပိုပြီးတော့ လိမ္မာတယ်။ ဒီနှစ်တလျှောက်လုံး မင်းက မင်းရဲ့ ထက်မြက်မှုတွေ အကုန်လုံးကို ဖုံးကွယ်ခဲ့ရတာပဲ။ ဒီအတွက် မင်းက ခက်ခဲခဲ့မှာ သေချာတယ်။”
“ကျုပ် မရဲပါဘူး။”
ချောင်ဘုရင်သစ်က ပြောသည်။ “ကျုပ်က ကျုပ်အဖေလောက် ပါရမီ မရှိပါဘူး။ ဒါပေမဲ့ အင်ပါယာအပေါ်မှာ ကျုပ်ရဲ့ သစ္စာခံမှုကတော့ ကောင်းကင်နဲ့ မြေကြီးကတောင် မြင်နိုင်တဲ့ အရာပါ။”
တော်ဝင်မင်းသားလျန်က သက်ပြင်းချလိုက်၏။ “လောကမှာ အရည်အချင်းရှိတဲ့လူတွေ အရမ်းကို များတာပဲ။”
တော်ဝင်မင်းသားလျန်က ထရပ်၏။ ပြီးနောက် မြေပုံတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ “လောကကြီး ငြိမ်းချမ်းနေတဲ့အချိန်မှာတော့ ခန့်မှန်းရခက်တယ်။ ဒါပေမဲ့ အနည်းငယ် မငြိမ်မသက် ဖြစ်တာနဲ့ မရေမတွက်နိုင်တဲ့ အံ့မခန်း ပါရမီရှင်တွေ ထွက်ပေါ်လာခဲ့တာပဲ။ တောင်ဘက်မှာ ကျင်းမင်းသား၊ ရွှဲ့ပြည်နယ်မှာ ရှမ့်လန်နဲ့ နင်ကျန်း၊ ချောင်ပြည်နယ်မှာ မင်းနဲ့ နင်ချီ၊ ငါတို့ရဲ့ အရှေ့တိုင်းလောကကြီးက တကယ်တမ်းမှာ သူရဲကောင်းတွေရဲ့ မြေ လိုတောင် ဖြစ်နေပြီ။”
ချောင်ဘုရင်သစ်က ပြန်ဖြေရန် မရဲချေ။ သူက မြေကြီးပေါ်တွင် မလှုပ်မယှက်ဖြင့် ဒူးထောက်နေ၏။ သူက တကယ်တမ်းမှာတော့ နားလည်လွယ်၏။ တော်ဝင်သံတမန် ရောက်ရှိလာခြင်းက နင်ချီ၏ ကံကြမ္မာကို သာမက ချောင်ဘုရင်သစ်အနေနှင့် သူ၏ ကံကြမ္မာကိုပါ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်းပင်။
ချောင်ဘုရင်ဟောင်းကို လုပ်ကြံခဲ့ရခြင်းက အရမ်းကို လောဘကြီးပြီး မနာခံလိုစိတ် ရှိနေခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် တော်ဝင်သံတမန်အား လက်ရှိ ချောင်ဘုရင်သစ်အနေဖြင့် လုံလောက်စွာ နာခံမှု ရှိ၊ မရှိ လာရောက်ကာ ကြည့်စေခြင်းပင်။ မရှိလျှင် ဘာဖြစ်မည်နည်း။
ချောင်ချင်းက အိမ်ရှေ့စံနှင့် ကိုယ်လုပ်တော်ရန်တို့ ဖောက်ပြန်နေကြကြောင်း လျှို့ဝှက်စာတစ်စောင်ကို ယူဆောင်လာခဲ့၏။ ထိုစာကြောင့် ချောင်အိမ်ရှေ့စံက ချောင်ဘုရင်ကို လုပ်ကြံရန် စတင်ခဲ့၏။ ဟုတ်ပေ၏။ ဤရှင်းပြချက်က တကယ့်ကို အတင်းအကျပ်ဆန်လွန်းရာ ကျ၏။ သို့ပေမည့် တခြားရွေးချယ်စရာ မရှိသောကြောင့် လောကကြီးကို ဤသို့ ရှင်းပြနိုင်သည်။ ထို့ကြောင့် ချောင်ဘုရင်သစ်က လုံးဝ နာခံမှုကို ပြသရပေမည်။
“အင်း… ကောင်းတယ်။ ကောင်းတယ်” တော်ဝင်မင်းသားလျန်က ပြော၏။
ချောင်ဘုရင်သစ်က မြေပြင်ပေါ်တွင် မလှုပ်မယှက်ဖြင့် ဒူးထောက်နေဆဲပင်။ တော်ဝင်မင်းသားလျန်၏ သဘောထားကို ကြည့်ရှုရမည်ဆိုလျှင် အင်ပါယာ၏မူဝါဒက ပြောင်းလဲသွားပြီဖြစ်၏။ တော်ဝင်မင်းသားလျန် က ယခင်က မည်မျှ ချစ်ချစ်ခင်ခင်နှင့် ရိုရိုကျိုးကျိုး ရှိခဲ့သနည်း။ သူက နင်ယွမ်ရှန်းကို ညီအစ်ကိုဟုပင် ခေါ်ခဲ့သေး၏။ ထို့အပြင် ချောင်ဘုရင်၏ အရှေ့တွင်လည်း နိမ့်ချစွာ ပြုမူ ဆက်ဆံခဲ့သည်။
သို့ပေမည့် ယခုအချိန်မှာတော့ သူ၏ သဘောထားက ပြောင်းလဲသွား၏။ သူက တကယ့်ကို သာလွန်လာခဲ့၏။ မာန်တက်လာခဲ့၏။ သူက တော်ဝင်မင်းသား ဖြစ်သော်လည်း ချောင်ဘုရင်က နိုင်ငံတစ်ခု၏ ဘုရင်ဖြစ်၏။ အတိုင်းအတာတစ်ခုအထိ ချောင်ဘုရင်က ပို၍ ရာထူးကြီးမား၏။ သို့သော်ငြား တော်ဝင်မင်းသားလျန်က သူ့ကိုယ်သူ သာလွန်သည့် လူတစ်ယောက်ဟု ယူဆလာခဲ့၏။
ဟုတ်ပေ၏။ ဤအရာက မာနကြီးသောကြောင့်မဟုတ်ဘဲ အင်ပါယာ၏ သဘောထားကို ပြသခြင်းပင်။ တော်ဝင်ရန်မိသားစုဝင်များက လက်အောက်ခံနယ်မြေ၏ ဘုရင်များထက် ပို၍ ဂုဏ်သိက္ခာနှင့် မြင့်မား၏။ တော်ဝင်မိသားစုက သခင်ဖြစ်ပြီး လောကတွင် ရှိနေသည့် ဘုရင်အများစုက လက်အောက်ခံများသာဖြစ်သည်။
သို့ပေမည့် ချောင်ဘုရင်သစ်နှင့် နင်ချီတို့က မှန်ကန်စွာဖြင့် ပေါင်းစပ်နိုင်ခဲ့ပြီဖြစ်၏။ အင်ပါယာ၏ မူဝါဒသစ် ပြီးဆုံးသွားခဲ့ပြီးနောက် အလုံးစုံသော ဗဟိုချုပ်ကိုင်မှုစနစ်က စတင်လာခဲ့ပြီဖြစ်၏။ လောကကြီးက ပြောင်းလဲသွားခဲ့ပြီ။
…………
အချိန် မည်မျှကြာမြင့်ခဲ့ပြီကို မသိချေ။ နင်ချီက အမှောင်ထုထဲ နစ်မြှုပ်လျက် ရှိနေသည်ဟု ခံစားရ၏။ သူက ငရဲကြီးရှစ်ထပ်သို့ ကျရောက်ခဲ့သလိုပင်။ သူက သေခြင်းတရား၏ အရသာကို တကယ်ပဲ ခံယူခဲ့ရ၏။ ပြီးနောက် အလုံးစုံသော အေးစက်မှု၊ အသက်ဓာတ်များ ပျောက်ကွယ်သွားမှု၊ မည်သည့်စကားလုံးနှင့်မှ သူက ထိုအရာများကို ဖော်ပြနိုင်လိမ့်မည် မဟုတ်ချေ။
ကြောက်လန့်မှု၊ အကန့်အသတ်မဲ့ ကြောက်ရွံ့မှုနှင့် အထီးကျန်မှု၊ ပြီးနောက် သူ၏ ဝိညာဉ်လောကတွင် အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ သူ၏အမြင်အာရုံက တဖြည်းဖြည်း ပြန်လည် ကောင်းမွန် လာခဲ့၏။ အသက်ဓာတ်များက ပြန်လည် ထွက်ပေါ်လာသည်။
သေဆုံးခဲ့ပြီဟု ယူဆရသည့် နင်ချီက မျက်လုံးကို တဖန်ဖွင့်၏။ ပြီးနောက် သူက တော်ဝင်မင်းသားလျန်ကို မြင်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက နာကျင်ပြီး ထုံကျင်ကိုက်ခဲနေသည် ဆိုသော်လည်း သူက မရှိမဲ့ရှိမဲ့ အားအင်များကို အသုံးပြုပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ ထထိုင်၏။
“အင်း.. မင်းက အရမ်းကို တော်တယ်လို့ ပြောရမယ်။ ဒါမှမဟုတ် ကောက်ကျစ်တယ်လို့လည်း ပြောရမယ်။”
တော်ဝင်မင်းသားလျန်က ပြောသည်။ “ဒါပေမဲ့ မင်းက အင်ပါယာရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီ။”
နင်ချီက ဦးညွတ်လိုက်၏။ “ဒီအပြစ်သားက စိုးရွံ့မိပါတယ်။ ဒီအပြစ်သားရဲ့အသက်က အင်ပါယာရဲ့ လက်ထဲမှာ အမြဲတမ်း ရှိပါတယ်။ အင်ပါယာက ဒီအပြစ်သားရဲ့ အသက်ကို ယူနိုင်ပါတယ်။”
တော်ဝင်မင်းသားလျန်က ပြောလိုက်သည်။ “ထလိုက်။ လက်ဖက်ရည် သောက်ပါအုံး။”
တော်ဝင်မင်းသားလျန်က နင်ချီအတွက် လက်ဖက်ရည်ကို နောက်တစ်ခွက်ကို ငှဲ့ပေး၏။ ယခင်က ဒွါရကိုးပေါက်မှ သွေးထွက်စေခဲ့သည့် ခွက်နှင့် အတူတူပင်။ နင်ချီက ရိုသေစွာဖြင့် ထိုခွက်ကို ကောက်ယူပြီး တစ်ခါတည်း အကုန်မော့သောက်၏။
တော်ဝင်မင်းသားလျန်က မေးလိုက်သည်။ “နင်ကျန်းက ဘယ်လိုလဲ။”
နင်ချီက ပြော၏။ “တကယ့်ကို တော်ပါတယ်။ ဆုံးဖြတ်ချက်ကလည်း ခိုင်မာတယ်။ သံမဏိလို စိတ်ဆန္ဒလည်း ရှိတယ်။”
တော်ဝင်မင်းသားလျန်က မေးပြန်သည်။ “ရှမ့်လန်ကရော ဘယ်လိုလဲ။”
နင်ချီက ပြော၏။ “အရမ်း ... အရမ်းကို တော်ပါတယ်။ ဒါပေမယ့် သူက စည်းကမ်းမဲ့တယ်။ သူ့ တစ်ကိုယ်ရေ ပျော်ရွှင်မှုကိုပဲ ဂရုစိုက်တယ်။ တခြားသူ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။”
တော်ဝင်မင်းသားလျန်က ခေါင်းညိတ်ကာ ထရပ်လိုက်သည်။ “ဘုရင်မင်းမြတ်ရဲ့ နှုတ်အမိန့်...”
နင်ချီက မြေကြီးပေါ်တွင် တဖန် ဒူးထောက်လိုက်၏။
တော်ဝင်မင်းသားလျန်က ပြောသည်။ “ရွှဲ့ဘုရင်ရဲ့ တတိယသား နင်ချီ... တော်တယ်။”
နင်ချီက ဦးညွှတ်လိုက်၏။ “ဒီအပြစ်သားက အင်ပါယာကို ကျေးဇူးတင်ပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။”
တော်ဝင်မင်းသားလျန်က ခေါင်းညိတ်၏။ ဤနင်ချီက တကယ်ပင် နားလည်လွယ်သူ တစ်ယောက် ဖြစ်၏။ ဝန်ကြီးများအဖွဲ့က သတင်းအချက်အလက်များကို လောကဆီသို့ ထုတ်ပြန်ပြီးသား ဖြစ်ပေလိမ့်မည်။ ယခင်က “သက်တော်ရာကျော် ရှည်ပါစေ” ဆိုသည့် စကားလုံးကို ပေါ့ပေါ့ပါးပါး ပြောခဲ့၏။
အရပ်သားနှင့် စစ်သည်အများအပြားတို့က စိတ်လှုပ်ရှားသည့်အချိန်တွေမျိုး ‘ရွှဲ့ပြည်နယ် သက်တော်ရာကျော် ရှည်ပါစေ’ ၊ ‘ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ’ ဆိုသည့် စကားလုံးများကို အော်ဟစ်ရခြင်းအား နှစ်သက်ကြ၏။ ထိုစကားလုံးကို အနာဂတ်တွင် အသုံးပြု၍ မရနိုင်တော့ချေ။ မဟုတ်ချေ။ အသုံးပြု၍ရသည်။ အင်ပါယာတစ်ယောက်တည်းကိုသာ အသုံးပြုနိုင်ပေတော့မည်။
ထိုတင်သာမကသေးချေ၊ လောကတွင်ရှိနေသည့် ဘုရင်အားလုံးတို့၏အမိန့်ကို တော်ဝင်အမိန့်ဟု မခေါ်ဆိုတော့ချေ။ ထိုအရာကို ဘုရင်အမိန့်ဟုသာ ခေါ်ဆိုရပေတော့မည်။ ထို့အပြင် ဘုရင်အားလုံးတို့၏ ဘုရင်အမိန့်တွင် အင်ပါယာ၊ ဧကရာဇ် စသည့် စကားလုံးများ သုံးနှုန်းခွင့် မရှိတော့ချေ။ အင်ပါယာ ၊ ဧကရာဇ် စသော သီးသန့်စကားလုံးက အင်ပါယာအတွက်သာ ဖြစ်ရပေလိမ့်မည်။
ထို့အပြင် အမည်များကို တားမြစ်ခြင်းကိုလည်း တရားဝင် မိတ်ဆက်ပေလိမ့်မည်။ ယခင်က ပြည်သူများဖြစ်စေ၊ ဘုရင်များဖြစ်စေ အမည်ပေးခြင်းက တော်တော်လေးကို ပေါ့ပေါ့ပါးပါး ရှိ၏။ မိမိ ကြိုက်နှစ်သက်ရာကို ပေးနိုင်၏။ ဥပမာအားဖြင့် ဝူဘုရင်ကို ဝူချီဟု ခေါ်၏။ ပြီးနောက် နင်ယွမ်ရှန်း၏ ဦးလေးကိုလည်း နင်ချီဟု ခေါ်၏။
သို့ပေမည့် ယခု အင်ပါယာ၏ နာမည်၊ အိမ်ရှေ့စံ၏ နာမည်၊ မိဖုရားကြီး၏ နာမည်၊ မိဖုရားခေါင်ကြီး၏ နာမည်များကို ရှောင်ကြဉ်ရပေတော့မည်။ ရွေးချယ်ပြီးသားနာမည်များ ဆိုလျှင်ပင် တော်ဝင်မိသားစုနှင့် နာမည်ချင်း တူနေပါက ပြောင်းလဲရပေလိမ့်မည်။
“သက်တော်ရာကျော် ရှည်ပါစေ” ဆိုသည့် စကားလုံးများက တော်ဝင်ဝန်ကြီးအဖွဲ့၏ အစပျိုး အမိန့်တော်တစ်ခု ဖြစ်လိမ့်မည်။ မမျှော်လင့်ဘဲ နင်ချီက ထိုအရာကို ကြိုတင် နားလည်ပြီးသားဖြစ်နေသည်။
“နင်ချီ... မင်းက မဆိုးဘူးပဲ။”
တော်ဝင်မင်းသားလျန်က ပြော၏။ “ငါ မင်းပေါ်မှာ မျှော်လင့်ချက် ကြီးကြီးမားမား ထားထားတယ်။ မင်းရဲ့ ဦးဆောင်မှုအောက်မှာ ရွှဲ့ပြည်နယ်က တလောကလုံးက ဘုရင်တွေအတွက် စံနမူနာဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။”
နင်ချီက ဤစကားကိုကြားချိန်မှာတော့ ချက်ချင်း ဦးညွှတ်လိုက်သည်။ “ဒီအပြစ်သားက စိုးရွံ့မိပါတယ်။ ဒါပေမဲ့ အင်ပါယာအတွက် သေရမယ်ဆိုရင် မစိုးရွံ့ပါဘူး။”
ပြီးနောက် သူက လုံးဝ တွန့်ဆုတ်သွား၏။ သူ၏ ခန္ဓာကိုယ်ကလည်း တုန်ရင်၏။ သူ၏ နှလုံးသားများက ကျွမ်းလောင်နေ၏။ သူ လောင်းကြေးကို နိုင်ခဲ့၏။ သူက အင်ပါယာ၏ ထောက်ခံမှုကို ရရှိရန် သူ၏ အသက်နှင့် လဲလှယ်ပြီး စွန့်လွန့်စတေးခဲ့ရ၏။
တော်ဝင်မင်းသားလျန်၏ ထုတ်ပြန်ချက်က ရှင်းလင်းသည်။ အင်ပါယာအနေနှင့် နင်ချီကို ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံအဖြစ် ထောက်ခံပေမည်။ နောက်ဆုံးမှာတော့ ဤအချိန်က ရောက်ရှိလာခဲ့၏။ နင်ချီက ဝမ်းသာရ လွန်းသောကြောင့် ဝမ်းသာမျက်ရည်များပင် ကျလုနီးပါး ဖြစ်ရသည်။
………..
ရှမ့်လန်နှင့် တော်ဝင်သံတမန်တို့က မြောက်ဘက်သို့ ဦးတည်ကာ သွားကြ၏။ သူတို့က လမ်းတလျှောက်လုံး လုံးဝ မရပ်နားခဲ့ကြချေ။ နေ့နေ့ညည ခရီးနှင်ခဲ့ကြသည်။ သူတို့က ချောင်ပြည်နယ်၊ လျန်နိုင်ငံ တို့ကို ဖြတ်သန်းသွားခဲ့ပြီး ချန်နိုင်ငံသစ်၏ နယ်မြေသို့ ဝင်ရောက်ခဲ့၏။
ထိုနိုင်ငံက ကောင်းကင်အောက်ရှိနိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး ထိုအရာကို နောက်ပိုင်းတွင် ကျန်းလီက သိမ်းယူခဲ့၏။ ကျန်းလီ ရုတ်တရက် သေဆုံးခဲ့ပြီးနောက် တော်ဝင်ချန်နိုင်ငံ ဖြိုခွင်းခံခဲ့ရပြီး လျန်နိုင်ငံကလည်း သူတို့၏ လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သည်။
၃ ရက်နှင့် ၄ ည ၊ မိုင်ပေါင်း ၁၅၀၀ ကို ခရီးနှင်ပြီးသော်လည်း သူတို့က တော်ဝင်ရန်အင်ပါယာ၏ နယ်မြေထဲသို့ မဝင်သေးချေ။ သူတို့က မီးလျှံမြို့တော်နှင့် မိုင်ထောင်ချီ ဝေးကွာလျက် ရှိနေသေး၏။ ဤကဲ့သို့သော အခိုက်အတန့်မျိုးမှာတော့ ရှမ့်လန်က တော်ဝင်ရန်အင်ပါယာ၏ ကျယ်ပြန့်မှုကို နောက်ဆုံးတွင် ခံစားခဲ့ရ၏။ ထိုအရာက တကယ်တမ်း မိုင်တစ်သောင်းကျော်၊ စတုရန်းကီလိုမီတာ ဆယ်သန်းကျော်ပင် ကျယ်ဝန်းလ။
တော်ဝင်ရန်အင်ပါယာက အရှေ့တိုင်းလောကကြီးတစ်ခုလုံးကို တရားဝင် ပေါင်းစည်းချင်ပုံ ပေါ်၏။ သို့ပေမည့် လက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အခြေအနေများဖြင့် သူက ထိုကဲ့သို့သော ကျယ်ပြန့်သည့် မြေပြင်ပိုင်နက်ကို မည်သို့ အုပ်ချုပ်မည်နည်း။
သူတို့က တော်ဝင်ရန်အင်ပါယာ၏ နယ်မြေနှင့် အလွန် နီးစပ်လာခဲ့၏။ မနက်ဖြန်တွင် အင်ပါယာထဲသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။
ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာထဲသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား တော်ဝင်သံတမန်က သူ့ကို ရှေ့သို့ ဆက်မသွားခိုင်းဘဲ ရှိသည့်နေရာတွင်သာ နေရန် အမိန့်ပေးခဲ့၏။ ပြီးနောက် တော်ဝင်သံတမန်က ရှမ့်လန်ကို နန်းတော်တစ်ခုထဲသို့ ခေါ်ဆောင်သွား၏။ ဤနေရာက တော်ဝင်ရန် အင်ပါယာနှင့် မိုင်ဒါဇင်အဝေး လိုသေးသည်။
ရှမ့်လန်က အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ သူတို့ အဘယ်ကြောင့် အင်ပါယာ၏ နယ်မြေထဲသို့ မဝင်ရသနည်း။ သူတို့က ရှမ့်လန်အပေါ်တွင် အထူးရည်ရွယ်ချက် တစ်ခုခု ရှိနေသည်လား။ နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် ရှမ့်လန်က တစ်ယောက်တည်း ထိုင်နေ၏။ ပြီးနောက် သူက ခမ်းနားသည့် မြင်ကွင်းကို မြင်လိုက်ရ၏။
များပြားလွန်းသည့် တပ်ဖွဲ့ဝင်များကို ယာယီတော်ဝင်နေအိမ်တွင် နေရာချထား၏။ အင်ပါယာ၏ မြင်းစီးတပ်နှင့် အင်ပါယာ၏ တော်ဝင် စစ်သည်ပေါင်း သုံးသောင်းကျော်က ယာယီတော်ဝင်နေအိမ် တစ်ခုလုံးကို ရေတစ်စက်မှ မဝင်နိုင်အောင် တင်းတင်းကျပ်ကျပ်ဖြင့် ဝိုင်းရံကာ ကာကွယ် စောင့်ရှောက်ထားသည်။ ပြီးနောက် မိန်းမစိုးများ၊ နန်းတွင်းအမျိုးသမီး အစေခံများနှင့် သမားတော် ၁၀၀ ကျော်တို့ ရောက်ရှိလာသည်။