အခန်း (၇၁၁-၇၁၂)
Vol. 45 Ch. 711-712
အပိုင်း (၇၁၁)
နန်းတော်၏မိုင်နှစ်ရာပတ်လည်ရှိ လမ်းအားလုံးကို ပိတ်ဆို့ထား၏။ ပတ်ဝန်းကျင်ရှိမြို့များနှင့် မြို့ငယ် အားလုံးက ညမထွက်ရအမိန့်အောက်တွင် ရှိနေ၏။ ခမ်းနားထည်ဝါမှုနှင့် ကြီးကျယ်ခမ်းနားမှုက စိတ်ကူးထားသည် ထက်ပင် ပိုမိုကာ ကျော်လွန်နေ၏။
မြေကမ္ဘာရှိ နိုင်ငံတော်အကြီးအကဲများပင်လျှင် ထိုကဲ့သို့ ခမ်းနားထည်ဝါမှု မရှိချေ။ ထိုအရာက အင်ပါယာ တော်ဝင်ဧကရာဇ်၏ ဂုဏ်ကျက်သရေပင်လား။
သူတို့က နှစ်ရက်လုံးလုံး စောင့်ဆိုင်းနေခဲ့၏။ မှူးမတ်များက နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လူရာပေါင်းများစွာတို့က ရွေ့လျားနန်းဆောင်ကြီး တစ်ခုကို တော်ဝင်နေအိမ်ထဲသို့ သယ်ဆောင်လာခဲ့၏။ လှုပ်ရှားစဉ် တစ်လျှောက်လုံးတွင် ရွေ့လျားနန်းဆောင်ကြီးက လှုပ်ယမ်းမှု ၊ လှုပ်ခါမှု မရှိခဲ့ပေ။ မည်သည့် တုန်ခါမှု မရှိဘဲ မြန်မြန်ဆန်ဆန်နှင့် မှန်မှန် ရွေ့လျားလာခဲ့၏။
…………
ညသို့ ရောက်ချိန်မှာတော့ တော်ဝင်သံတမန်က ပြောသည်။ “ရှမ့်... ငါ့နောက်ကို လိုက်ခဲ့။”
ရှမ့်လန်က သေတ္တာကိုကိုင်ဆောင်ပြီး တော်ဝင်သံတမန်၏ နောက်သို့ လိုက်၏။ သူတို့က နန်းတွင်း အစောင့်များကို အထပ်ထပ် ဖြတ်သန်းခဲ့ရ၏။ လုံခြုံရေးအဆင့်က လုံးဝ စိတ်ကူးထဲကအတိုင်းပင်။ တင်းကျပ်လွန်းနေသည်။ နောက်ဆုံးမှာတော့ သူတို့က ကန်တစ်ခု၏ဘေးရှိ နန်းဆောင်ဆီသို့ ရောက်ရှိလာ၏။
“ကျေးဇူးပြုပြီး ဝင်ပါ။”
ရှမ့်လန်က အတွင်းသို့ ဝင်လိုက်၏။ ပြီးနောက် သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူက မဟာပညာရှင် အဆင့် ကျွမ်းကျင်သူ ၁၀ ဦးခန့်ကို မြင်လိုက်ရသည်။ “ဒါ ဘာကြီးလဲ။”
ရွှဲပြည်နယ်တစ်ခုလုံးတွင် မဟာပညာရှင် ခြောက်ဦးသာ ရှိ၏။ ရှမ့်လန်က သူ၏ဘေးတွင် မဟာပညာရှင် သက်တော်စောင့်တစ်ဦး အမြဲတမ်းထားရှိ၏။ ထိုအရာကပင်လျှင် ကြီးကျယ်ခမ်းနားနေပြီ ဖြစ်၏။
သို့ပေမည့် ယခုအချိန်မှာတော့ မဟာပညာရှင်ဆယ်ဦးက အခန်းထဲ ရှိနေ၏။ ထိုသူတို့က စေတီတောင်၊ ကောင်းကင်ပင်လယ်နန်းဆောင်နှင့် ကောင်းကင်ကွပ်မျက်စံအိမ်တို့မှ အကြီးအကဲများပင် ဖြစ်သည်။
ထိုကဲ့သို့ ခမ်းနားလှသည့် လူစာရင်းဖွဲ့စည်းပုံက တကယ် လိုအပ်နေလေသည်လား။ သဘာဝလွန် အင်အားစုများဆီမှ လူ ၁၀၀ ကျော် ရှိနေသေး၏။ ပြင်ပတွင် ဆေးဝါးပေါင်း တစ်ထောင်ကျော်ကို ပြင်ဆင်ထား၏။ ဤခေါင်းဆောင်များက စကားပြောနေကြပြီး ထိုသူတို့နှင့် ဝင်ရောက်ရောနှောရန် ဆိုသည်မှာ ခက်ခဲလှ၏။
ခဏအကြာမှတော့ သူတို့က ရုတ်တရက် တိတ်ဆိတ်သွား၏။ ပြီးနောက် အမျိုးသမီးနှစ်ဦး ထွက်လာ၏။ တစ်ဦးက မင်းသမီး နင်ဟန် ဖြစ်၏။ သူမက ကောင်းကင်ပင်လယ်နန်းဆောင်၏ အနာဂတ်အမွေခံနှင့် ရွှဲ့ပြည်နယ်၏ အလှဆုံး အမျိုးသမီး ဖြစ်၏။ သူမက အနည်းငယ် အနောက်တွင်ရှိသည်။
သူမ၏အရှေ့တွင်တော့ အမျိုးသားဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရှိ၏။ သူမက တော်ဝင်ရန် အင်ပါယာ ဧကရာဇ်၏ သမီးတော် မင်းသမီး ကျိရွှမ် ပင် ဖြစ်၏။ သူမက အသက် ၂၈ နှစ် ရှိပြီဖြစ်ပြီး လက်မထပ်ရသေးချေ။ သူမက ကျန်းလီ၏ သားနှင့် စေ့စပ်ထားဖူးပြီး တကယ်ဆိုလျှင် တော်ဝင်ချန် နိုင်ငံ၏ မိဖုရား ဖြစ်လာသင့်၏။
ကျန်းလီက သူ၏သားသည် လောကတွင် ရှိနေသည့် မင်းသမီးအားလုံးကို လက်ထပ်လိမ့်မည်ဟု နောက်ပြောင် ခဲ့၏။ ကျိရွှမ်က လောကတွင် အလှဆုံး အမျိုးသမီး ဖြစ်ပေမည်။ နင်ဟန်၏ ရွှဲ့ပြည်နယ်မှ အလှဆုံး မင်းသမီးဆိုသော ဂုဏ်သတင်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ကျိရွှမ်က ပို၍ ဂုဏ်သိက္ခာကြီးမားသည်။
သူမ ပေါ်လာသည်နှင့် စေတီတောင်၊ ကောင်းကင်ပင်လယ် နန်းဆောင်နှင့် ကောင်းကင်ကွပ်မျက်စံအိမ်တို့မှ ခေါင်းဆောင်အားလုံးတို့က တိတ်ဆိတ် ငြိမ်သက်သွား၏။ သူတို့က အသာထကာဖြင့် ဦးညွှတ်ကာ နှုတ်ဆက်၏။ “ဂါရဝပြုပါတယ်... အရှင့်မင်းသမီး...”
မင်းသမီးကျိရွှမ်က အင်ပါယာ၏ကိုယ်စား သဘာဝလွန်အင်အားစုများနှင့် ဆက်သွယ်ရန် အပြည့်အဝ အခွင့်အာဏာ ရှိ၏။ သူမက တကယ်တမ်းတွင် လောကကြီးတစ်ခုလုံးကိုပင် ထိန်းချုပ်ထားခဲ့သည်။
ပြီးနောက် ရှမ့်လန်က ဤအမျိုးသမီးတွင် ရွှေရောင်သွေးမျိုးဆက်မရှိသော်လည်း သူမက ရွှေရောင် သွေးမျိုးဆက်နှင့် နီးနီးစပ်စပ် အနေအထားမျိုးတွင် ရှိနေကြောင်းကို တွေ့လိုက်ရ၏။ ဤအမျိုးသမီးက ဤမျှလောက်ပင် စွမ်းထက်နေလေသည်လား။ ရှမ့်လန်က သူ၏အကြည့်ကို ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်၏။
“ကျေးဇူးတင်ပါတယ် ရှမ့်…”
မင်းသမီး ကျိရွှမ်က ပြောသည်။ “ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပါ။”
ရှမ့်လန်က မင်းသမီးကျိရွှမ်၏ နောက်သို့ လိုက်ပါ၍ အခန်းထဲရောက်၏။ ပြီးနောက် သူက အလုံးစုံ ထိတ်လန့်သွားခဲ့၏။ ဤအခန်းက အလုံးစုံ ဖုန်မှုန့်ကင်းမဲ့သည့် အခန်းတစ်ခု ဖြစ်နေ၏။ လေကပင်လျှင် လုံးဝ သန့်ရှင်းနေ၏။ ဖုန်မှုန့်ဟူ၍ လုံးဝမရှိသလောက်ပင်။ မည်သို့ လုပ်ထားသနည်း။
အဖြူရောင်ကျောက်စိမ်းကုတင်ပေါ်တွင်တော့ ပိန်ပါးပြီး အားနည်းပုံပေါက်သည့် မိန်းကလေးငယ်လေး တစ်ဦးက လဲလျောင်းနေ၏။ သူမက လူနာ၊ တော်ဝင်ရန်အင်ပါယာ၏ မင်းသမီးငယ်လေး ကျိနင် ပင် ဖြစ်၏။ သူမက ပိန်သည် ဆိုသော်လည်း သူမ၏ မျက်နှာက စကားလုံးများဖြင့်ပင် ဖော်ညွှန်း၍ မရနိုင်အောင် လှပသည်။
သူမက လူ့သဘာဝအတိုင်း ကြီးထွားလာသည်နှင့် မတူဘဲ ကောင်းကင်မှ နတ်ဒေဝါများက ကျောက်စိမ်းကို နတ်သမီးပုံအဖြစ် ထွင်းထုပြီး မြေပြင်ပေါ် ပစ်လွှတ်ချလိုက်သကဲ့သို့ပင်။ သူမက ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များနှင့် မွေးဖွားလာသူ တစ်ယောက်ကဲ့သို့ပင် ထင်ရ၏။ တကယ့်ကို နတ်သမီး စစ်စစ်ပင်။
ဤကဲ့သို့သော အခိုက်အတန့်မှာတော့ သူမက သတိမေ့နေ၏။ သူမ၏ အသက်ဓာတ်ကလည်း အလွန် အားနည်းနေ၏။ ရှမ့်လန်က သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် အရှေ့သို့ သွား၏။ သူက လက်အိတ်တစ်စုံကို ဝတ်ဆင်ပြီး သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်၏။
ပြီးနောက် သူ၏နှလုံးသားများက စတင်တုန်ယင် လာခဲ့၏။ ဤအရာက သူ၏ခန္ဓာကိုယ် ဗီဇပင်။ သူနှင့် ဤမိန်းကလေးကတို့က သွေးသားဆက်နွယ်မှု တူညီနေသကဲ့သို့ပင်။ ထူးဆန်းလွန်းလှချေသည်။ သို့ပေမည့် ရှမ့်လန်က မည်သည့် ပုံမှန်မဟုတ်သည့် အရာကိုမှ ထုတ်ဖော်ပြသရန် မရဲချေ။ ထို့ကြောင့် သူက မိန်းကလေး၏ ခန္ဓာကိုယ်သာ ဆက်လက်ကာ စစ်ဆေးခဲ့သည်။
ပြီးနောက် ပိုမို၍ ထိတ်လန့်စရာကောင်းသည့် အရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ပထမဦးဆုံးအားဖြင့် ဤမိန်းကလေးက သေဆုံးသွားခဲ့သင့်သည်မှာ ကြာပြီဖြစ်၏။ သို့ပေမည့် ယခုအချိန်ထိ အသက် ရှင်သန်လျက် ရှိနေခြင်းပင်။
သူမတွင် ရောဂါများစွာ ရှိ၏။ ဆီးချိုရောဂါ အမျိုးအစား (၁)၊ ဤအရာက ထိုရောဂါများထဲမှ တစ်ခုသာဖြစ်ပြီး တခြားသော ရောဂါ ဆယ်ဂဏန်းကျော်လည်း ရှိ၏။
သို့သော်ငြား ကောင်းကင်ပင်လယ်နန်းဆောင်နှင့် စေတီတောင်တို့က အံ့အားသင့်ဖွယ်ရာ ကောင်း၏။ တခြားသော ရောဂါအားလုံးကို သူတို့က ကုသခဲ့ခြင်း သို့မဟုတ် ထိန်းချုပ်ခဲ့ခြင်းပင်။ ဆီးချိုရောဂါ အမျိုးအစား (၁) က သူမအတွက် အရေးမပါသည့် ရောဂါဖြစ်သော်လည်း တခြားသော ရောဂါများကို ပိုမိုဆိုးရွားစေနိုင်သည်။ ဤရောဂါက ဤလောကကြီး၏ ဗဟုသုတအနေနှင့် လက်လှမ်းမမီသည့် အရာထဲတွင် ပါဝင်သည်။
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ဤမင်းသမီးငယ်လေး၌ တခြားရောဂါများ ရှိ၏။ ရှမ့်လန်က ထိုအရာ ဘာလဲ ဆိုသည်ကို မသိချေ။ ကုသရန် ဆိုသည်မှာ ပိုမိုကာ ဝေး၏။ သို့သော်ငြား သူမကို စေတီတောင်နှင့် ကောင်းကင်ပင်လယ် နန်းဆောင်တို့က ကုသပေးခဲ့၏။ အနည်းဆုံးတော့ သူမ၏ အသက်ကို လက်ရှိ အခြေအနေအထိ ထိန်းသိမ်းထားနိုင်ခဲ့၏။
အဖွဲ့အစည်းနှစ်ခုက မည်မျှ အစွမ်းထက်ပြီး မည်မျှမှော်ဆန်ကြောင်း ဤအချက်ကို ကြည့်ခြင်းဖြင့် မြင်သာ၏။ သူတို့က ရှမ့်လန် တစ်ခါမှမမြင်ဖူးသည့် ရောဂါများကိုပင် ကုသနိုင်ခဲ့၏။ ပုံမှန်အခြေအနေတွင် ဤမိန်းကလေးငယ်လေးက အသက်တစ်နှစ်ကို ကျော်လွန်၍ အသက်ရှင်ရန်ပင် ခက်ခဲမည် ဖြစ်သော်လည်း သူမက ယခုအချိန်အထိ အသက်ရှင်နေသည်။
သူမက သေဆုံးသင့်နေသည်မှာ ကြာပြီဖြစ်၏။ သို့သော်ငြား စေတီတောင်နှင့် ကောင်းကင်ပင်လယ် နန်းဆောင်တို့က သူမကို ကြာရှည်အိပ်စက်ခြင်း အခြေအနေဆီသို့ ရောက်အောင် ထိန်းချုပ်ကာဖြင့် သူမ၏ အသက်ကို စောင့်ရှောက်ခဲ့၏။ ဤအရာက မှော်ဆန်သည့်အရာတစ်ခု ကဲ့သို့ပင်။ ခေတ်သစ် ဆေးပညာအရ မလုပ်နိုင်သည့် အရာလည်း ဖြစ်၏။ ဤအဖွဲ့အစည်းနှစ်ခုက တကယ့်ကို အံ့အားသင့်စရာ ကောင်း၏။ အင်ပါယာက မင်းသမီးငယ်၏ အသက်အတွက် မည်မျှ ပေးဆပ်ခဲ့သည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲ၏။
ပြီးနောက် ရှမ့်လန်က မင်းသမီးငယ်၏ သွေးသားကို X-ray အမြင်ဖြင့် ကြည့်ခဲ့၏။ သူမ၏ သွေးသားက ဗလာဖြစ်နေကြောင်း တွေ့ရှိရချိန်မှာတော့ သူ ထိတ်လန့်သွားခဲ့သည်။
သို့သော်ငြား ဤမင်းသမီးငယ်လေးက ကောင်းကင်မှ ပြုတ်ကျလာခဲ့သည့် နတ်သမီးကဲ့သို့ပင် ဖြစ်၏။ ဗလာသွေးမျိုးဆက်ရှိသူများ၌ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်နှင့် စိတ်ဓာတ်ကျခြင်းများ ရှိ၏။ သူမကတော့ ရှိပုံမပေါ်ပေ။
ရှမ့်လန်က ရှမ့်ယီလေးကိုပင် သတိရသွား၏။ ရှမ့်ယီလေး မွေးဖွားချိန်တွင် ကောင်းကင်ကိုပင် ဖီဆန်နိုင်သည့် ရွှေရောင်သွေးမျိုးဆက် ရှိခဲ့၏။ သို့ပေမည့် မကြာခင်မှာပဲ ထိုရွှေရောင်သွေးမျိုးဆက်က ခန္ဓာကိုယ်ထဲမှ ပျောက်ကွယ်သွားခဲ့ပြီး သွေးသားစွမ်းအင် လုံးဝကင်းမဲ့သော ဗလာသွေးမျိုးဆက်ကဲ့သို့ ပြောင်းလဲသွားခဲ့၏။
သို့ပေမည့် ဤကလေးရှန့်ယီက တကယ့်ကို ကျန်းမာ၏။ သူ နှင့် မူလန်တို့က သူတို့၏ ပြုမူဆောင်ရွက်ပုံ ၊ ထိန်းကျောင်းပုံများကြောင့် သွေးမျိုးဆက် တစ်စုံတစ်ခု ရှုပ်ထွေးသွားမည်ကို စိုးရိမ်သောကြောင့် ရှမ့်ယီလေးကို ချစ်လွန်းသော်လည်း ချီပိုးခြင်း သိပ်မလုပ်ကြပေ။ ရှမ့်လန်၏ သွေးက ဆန်းကြယ်လွန်းပြီး ကူပိုးကောင်များကိုပင် သေစေနိုင်သည်။ မူလန်ကလည်း ဒုတိယမြောက် သွေးမျိုးဆက်၏ မျိုးရိုးဗီဇ ပြောင်းလဲထားသူပင်။
ထို့ကြောင့် သွေးမျိုးဆက် ရှုပ်ထွေးမှု မရှိသော အစေခံများ၊ အဘွားနှစ်ယောက်၊ ရှောင်ပင်းတို့နှင့်သာ လွှတ်ထားပြီး သူ့ဘာသာ ကြီးထွားလာသည်ကို မျက်စိဒေါက်ထောက် ကြည့်ရှုခဲ့ကြသည်။
ယခု ဘာတွေ ဖြစ်နေသနည်း။
ရှမ့်လန်၏ ဦးနှောက်ထဲတွင် တစ်ခါမှ မဖြစ်ဖူးခဲ့သည့် ပုံစံမျိုးနှင့် ဖြစ်ပေါ်လျက် ရှိနေ၏။ သူက ဦးနှောက်ကို အလွန်အမင်း အလုပ်ပေးလျက် ရှိ၏။ ကြီးမားသော လျှို့ဝှက်ချက်များစွာကို ရှာဖွေတွေ့ရှိခဲ့သလို ခံစားနေမိ၏။
သို့သော်ငြား ဤလျှို့ဝှက်ချက်အားလုံးတို့က အမှောင်ထုထဲတွင် တည်ရှိနေပြီး သူက အကြေးခွံများနှင့် ခြေသည်းလက်သည်းများကိုသာ မှုန်မှုန်ဝါးဝါးနှင့် မြင်ခဲ့ရ၏။ အကောင်အထည်ကို မမြင်ခဲ့ရချေ။ ရှမ့်လန်က ဤမင်းသမီးငယ်လေးကို ကယ်တင်ရန် ရောက်လာသည့်အချိန်တွင် တခြားသော လောကကြီးတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ပင် ခံစား၏။ သူ လုံးဝ မသိသည့် လောကတစ်ခု၊ အန္တရာယ်ရှိသော လောကကြီး တစ်ခုပင်။ သို့ပေမည့် ထိုလောက က သူ ထမ်းပိုးရမည့် လောကကြီးပင်။
တစ်ချိန်တည်းမှာပဲ မဟာပညာရှင် ဆယ်ယောက်ကျော်တို့၏ မျက်လုံးများက သူ့အပေါ်သို့ ရောက်ရှိနေ၏။ ရှမ့်လန်က မင်းသမီးငယ်လေး၏ မျက်နှာကို မကြည့်ဘဲ မနေနိုင်ခဲ့ချေ။ တကယ့်ကို အဆုံးစွန်အထိ လှပ၏။ ရှမ့်လန်နှင့် မူလန်တို့မှ မွေးဖွားလာသည့် ကလေးသာလျှင် သူမနှင့် နှိုင်းယှဉ်နိုင်ဖွယ် ရှိ၏။
"ရှမ့်... ဘယ်လိုလဲ။” မင်းသမီး ကျိရွှမ်က မေးသည်။
ရှမ့်လန်က ပြောသည်။ “မင်းသမီးငယ်လေးမှာ တခြားရောဂါတွေ အများကြီး ရှိနေပုံပါပဲ။”
“ဟုတ်ပါတယ်။”
ကျိရွှမ်က ပြော၏။ “သူ့မှာ ရောဂါတွေ အများကြီး ရှိတယ်။ ရောဂါ ၃၀ ကျော် တောင်မှ။ ဒါပေမဲ့ အားလုံးကို ထိန်းချုပ်ထားနိုင်တယ်။ ဒီရောဂါအသစ်သာ လွန်ခဲ့တဲ့ လအနည်းငယ်က စပြီး မဖြစ်ခဲ့ဘူးဆိုရင် ဘာမှမဖြစ်ဘူး။ အခု အဲဒါ ဖြစ်လာတော့ ကျွန်မတို့ ဘာမှ မတတ်နိုင်ဘူး ဖြစ်နေတယ်။”
ဆီးချိုရောဂါ အမျိုးအစား (၁) က မျိုးရိုးဗီဇ ပြောင်းလဲမှု ဖြစ်၏။ ဤလောကတွင် ဆေးဘက်ဆိုင်ရာ အနေနှင့် လက်လှမ်းမမီသည့် အရာဖြစ်သည်က မှန်သည်။
“ကုသနိုင်မလား။” မင်းသမီး ကျိရွှမ်က မေး၏။
ရှမ့်လန်က သူ၏ ခေါင်းကို အသာညိတ်ကာ ပြောသည်။ “မင်းသမီးငယ်မှာ ရှိနေတဲ့ တခြားရောဂါ ၃၀ အတွက်တော့ ကျုပ် ကူညီဖို့ မတတ်နိုင်ဘူး။ ဒါပေမဲ့ ဒီ ဆီးချိုရောဂါ အမျိုးအစား (၁) ကိုတော့ ကျုပ် ကုသနိုင်တယ်။”
မင်းသမီး ကျိရွှမ်က ပြော၏။ “ဒါဆိုရင် ရှင့်ကိုပဲ အားကိုးရတော့မယ်။ နင်နင်က အဖေ၊ အမေ ပြီးတော့ တော်ဝင်ရန်အင်ပါယာ တော်ဝင်မိသားစု တစ်ခုလုံးရဲ့ အသက်သွေးကြောလည်း ဖြစ်တယ်။”
သူ ကြားဖူး၏။ အထူးသဖြင့် မိဖုရားခေါင်ကြီးက ဤမင်းသမီးကို အဆုံးစွန်ထိ ချစ်မြတ်နိုး၏။ မင်းသမီးငယ်ကို မွေးဖွားစဉ်တည်းက မိဖုရားခေါင်ကြီးက ပြုစုပျိုးထောင်၏။ မင်းသမီးငယ်က သူမ၏အမြင်အာရုံအောက်မှ တစ်ရက်၏ တစ်ဝက်လောက်ပင် လွတ်မြောက်သွားခြင်း မရှိချေ။
မင်းသမီးငယ်လေး ချောင်းအနည်းငယ် ဆိုးလျှင်တောင် မိဖုရားကြီးက ထိတ်လန့်ကာ စိုးရိမ်ကြောင့်ကြ၏။ သူမ ထမင်းအနည်းငယ်သာ စားလျှင် မိဖုရားကြီးကလည်း တစ်နေ့ကုန် ထမင်းမစားနိုင်တော့ချေ။
မင်းသမီးငယ်လေး ရောဂါဖြစ်နေသည့်အချိန်မှာတော့ အသက် ၈၀ ကျော်ပြီ ဖြစ်သည့် မိဖုရားခေါင်ကြီးက နေ့စဉ်နေ့တိုင်း ငိုယိုခဲ့ပြီး အကယ်၍ နင်နင်သာ တစ်ခုခုဖြစ်ပါက သူမ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ဟု လူသိရှင်ကြား ပြောဆိုခဲ့၏။ တော်ဝင်ရန်အင်ပါယာက လောကတွင်ရှိနေသည့် အရင်းအမြစ်အားလုံးကို အသုံးပြုပြီး မင်းသမီးငယ်လေးကို လက်ရှိအချိန်ထိ အသက်ရှင်စေခဲ့၏။
“စိတ်မပူပါနဲ့။”
ရှမ့်လန်က ခေါင်းညိတ်ပြ၏။ ပြီးနောက် သူက သေတ္တာကို ဖွင့်လိုက်သည်။ “ဒီဆေးက အင်ဆူလင်ပဲ။ ဝက်ကနေ ထုတ်ယူထားတာပါ။ ဒါက ထုတ်ယူထားတဲ့ လုပ်ငန်းစဉ်ရဲ့ နေ့စဉ်မှတ်တမ်း၊ ပြည့်စုံတဲ့ မှတ်တမ်းတွေပါပဲ။”
တခြားသောသူ တစ်ဦးဦး ဖြစ်ပါက သူတို့က ရှမ့်လန်ကို ချက်ချင်းပဲ ထကာ ဆူပူကျိန်းမောင်းပေလိမ့်မည်။ ဝက်မှထုတ်ယူထားသည့် အရာကို မြင့်မြတ်သည့်မင်းသမီးငယ်လေးအား အသုံးပြုရန် မည်သူက ရဲရင့်မည်နည်း။
သို့ပေမည့် ကျိရွှမ်က ရှမ့်လန်၏ မှတ်တမ်းကို ယူ၏။ ပြီးနောက် ဂရုတစိုက် ဖတ်ရှု၏။ သူမက ရှင်းရှင်း လင်းလင်းပင် နားလည်နိုင်၏။
“အင်း... ရှင် ဘယ်လိုထင်လဲ။” ကျိရွှမ်က နင်ဟန်ကို မေးသည်။
နင်ဟန်က ထိုအရာကို ဂရုတစိုက် ဖတ်ရှု၏။ “အံ့အားသင့်စရာ ကောင်းတယ်။ ဆေးပညာရဲ့ အမြင် တံခါးပေါက် တစ်ခုကို ဖွင့်လှစ်ပေးလိုက်သလိုပဲ။”
ရှမ့်လန်က ပြောသည်။ “ဒါက ကျုပ် ထုတ်ယူထားတဲ့ ဝက်ရဲ့ အင်ဆူလင်ပဲ။ အစားမစားခင် တစ်နေ့တစ်ကြိမ်၊ တစ်ကြိမ်ကို တစ်လုံး ထိုးရမယ်။ ဝက်ကနေ ဘယ်လို ထုတ်ယူထားလဲ ဆိုတာ ကျုပ် ရေးထားပါတယ်။ ခင်ဗျားတို့ရဲ့ အခြေအနေအရ ခင်ဗျားတို့က ပိုပြီးသန့်စင်တဲ့ အင်ဆူလင်ကို ထုတ်ယူနိုင်လိမ့်မယ်လို့ ထင်တယ်။ ကျုပ် အလုံးရေ ၁၀၀ တိတိ ပြင်ဆင်ထားတယ်။ မင်းသမီးငယ်လေး သုံးလတိတိ အသုံးပြုဖို့ လုံလောက်တယ်။ အဲဒီနောက် အင်ဆူလင် ထုတ်ယူတာကို ခင်ဗျားတို့ဘာသာ တာဝန်ယူရလိမ့်မယ်။”
မင်းသမီး ကျိရွှမ်က ထိုအရာကို ဖတ်ရှုပြီး ပြော၏။ “ပြဿနာ မရှိဘူး။”
သူတို့၏ အခြေအနေဖြင့် သူတို့ ထုတ်ယူခဲ့သည့် အင်ဆူလင်က ရှမ့်လန်ထက် ပို၍ကောင်းမည်မှာ သေချာသည်။
ရှမ့်လန်က ပြော၏။ “ကျုပ် ထုတ်ယူထားတဲ့ အင်ဆူလင်ကို အခု ထုတ်လိုက်ပါ့မယ်။ ပြီးတော့ ခင်ဗျားတို့ အပြည့်အဝ စစ်ဆေးနိုင်ပါပြီ။”
မင်းသမီး ကျိရွှမ်က ရှမ့်လန် ထုတ်ယူထားသည့် အင်ဆူလင်ကို ယူလိုက်၏။ ပြီးနောက် ကောင်းကင်ပင်လယ် နန်းဆောင်၊ စေတီတောင်နှင့် တခြားသော သဘာဝလွန် အဖွဲ့အစည်းအားလုံးတို့က စေ့စပ်သေချာသည့် စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့၏။ လောကတွင် မည်သည့်အဆိပ်မဆို ဤသဘာဝလွန် အင်အားစုများ၏ သတိထားခြင်းက လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ ရှမ့်လန်က မရိုးသားသည့် ရည်ရွှယ်ချက်ဖြင့် အဆိပ်ခတ်နိုင်လိမ့်မည် မဟုတ်ချေ။
နှစ်နာရီခန့်ကြာပြီးနောက် ရလဒ်က ထွက်ပေါ်လာ၏။
“အညစ်အကြေး တချို့ ရှိတယ်။ ဒါပေမဲ့ အဆိပ်အတောက် မရှိဘူး။”
ဤအရာက သဘာဝလွန် အင်အားစုများ၏ ဆုံးဖြတ်ချက်ပင်။
အပိုင်း (၇၁၂)
“ကောင်းပြီ... ကျုပ် ဆေးစထိုးတော့မယ်။”
ရှမ့်လန်က ပြော၏။ “ထိုးရမယ့်နေရာက ဝမ်းဗိုက် ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ပန်ကရိယ နဲ့ အနီးဆုံးနေရာ ဖြစ်လို့ပဲ။”
ကျိရွှမ်က ခေါင်းညိတ်သည်။ သူမ၏ ပတ်ဝန်းကျင်တွင် ရှိနေသည့် လူများက ထွက်ခွာသွားခဲ့၏။ ကျိရွှမ်က မင်းသမီးငယ်၏ အဝတ်အစားများကို အသာတင်လိုက်တော့ သူမ၏ ဝင်းလက်ဖြူစင်လျက်ရှိနေသည့် ဝမ်းဗိုက်က ပေါ်လာ၏။ ဤအရာက ကျောက်စိမ်းကဲ့သို့ပင် ချောမွတ်နေသည်။
ရှမ့်လန်က သက်ပြင်းချလိုက်မိ၏။ ဤမိန်းကလေးက တကယ့်ကို ထူးဆန်းလွန်း၏။ သူမက ရှုပ်ထွေးပြီး ဘာမှန်းမသိသည့် ကြောက်မက်ဖွယ်ရာ ရောဂါ ဆယ်ဂဏန်းကျော်ကို ပိုင်ဆိုင်၏။ သို့သော်ငြား သူမက လောကတွင် ရှိနေသည့် ဝိညာဉ်စွမ်းအင်အားလုံး စုဆောင်းပြီး မွေးဖွားလာသည့် လူတစ်ယောက်ကဲ့သို့ပင်။
ရှမ့်လန်က ထုတ်ယူထားသည့် အင်ဆူလင်ကို မင်းသမီးငယ်၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်၏။
၁၅ မိနစ်ခန့် ကြာပြီးနောက် ရှမ့်လန်က ပြောသည်။ “ဆေးက အာနိသင် စရပြီ။ ခင်ဗျားတို့ မင်းသမီးငယ်လေးကို အခု နှိုးနိုင်ပါပြီ။”
မင်းသမီးကျိရွှမ်က ခေါင်းညိတ်၏။ ပြီးနောက် ဆေးထိုးအပ်ကို ထုတ်ယူလိုက်၏။ ရှမ့်လန်က မတုန်လှုပ်ဘဲ မနေနိုင်ချေ။ ဤသဘာဝလွန်အင်အားစုများက ဤမျှလောက်ပင် အဆင့်မြင့်လေသည်လား။ သူတို့က ဆေးထိုးပြွန်များကိုပင် အသုံးပြုနိုင်၏။ ထို့အပြင် ဤဆေးထိုးပြွန်ထဲရှိ ဆေးရည်က ခြင်ဆီသန့်စင် ဆေးရည်နှင့်လည်း အနည်းငယ် ဆင်တူ၏။
ဟုတ်ပေ၏။ ထိုအရာက ခြင်ဆီသန့်စင် ဆေးရည် မဟုတ်ချေ။ သို့သော်ငြား ရှေးဟောင်း အပျက်အစီးထဲမှ တူးဖော် ထုတ်ယူခဲ့ခြင်း ဖြစ်၏။ ရှေးဟောင်း အပျက်အစီးများထဲတွင် ဆေးရည်ဆိုသည်က တကယ့်ကို ရှားပါးသည်။
ရှမ့်လန်က မူလန်အတွက် ခြင်ဆီသန့်စင်ဆေးရည်တစ်ခု ရရှိရန် ရှိရှိသမျှသော အားအင် အကုန်လုံးကို သုံးစွဲခဲ့ရပြီး သူ၏အသက်ကိုပင် စွန့်စားခဲ့ရ၏။ သို့ပေမည့် မင်းသမီးငယ်လေး အတွက်တော့ ဤရှေးဟောင်းဆေးများ ဆိုသည်က ပုံမှန်ဆေးတစ်ခု ကဲ့သို့ပင်။
ကျိရွှမ်က ရှေးဟောင်းဆေးကို သူမ၏ သွေးကြောများတွင် ထိုးသွင်းရမည့်အစား မင်းသမီးငယ်၏ လည်ပင်းထဲသို့ ထိုးသွင်းခဲ့၏။
ခဏအကြာမှတော့ မင်းသမီးငယ်လေး၏ မျက်နှာက အနည်းငယ် နီမြန်းလာ၏။ သူမ၏ အသက်ရှုနှုန်းက တဖြည်းဖြည်း ပိုမိုအားကောင်းလာ၏။ သူမက ကြာရှည် အိပ်စက်နေခြင်းမှ နိုးလာခဲ့ပုံပင်။
ထိုအခိုက်မှာတော့ သူမက နှင်းကဲ့သို့ပင် ခံစားနေမိ၏။ “အစ်မ... ကျွန်မရဲ့ ရောဂါ ပျောက်ပြီလား။ အခု ဘာတစ်ခုမှ နေမကောင်းသလို မခံစားရတော့ဘူး။”
ပြီးနောက် သူမက ရှမ့်လန်ကို ကြည့်၏။ အနည်းငယ် တုန်လှုပ်သွား၏။ ပြီးနောက် သူမက အံ့အားသင့်စွာဖြင့် ထကာ အော်ဟစ်လိုက်သည်။
“အစ်ကိုကြီး...”
“အစ်ကိုကြီး ဟုတ်လား။” သူမ ထိုသို့ ခေါ်လိုက်သည်ကို ကြားချိန်မှာတော့ ရှမ့်လန်၊ ကျိရွှမ်နှင့် နင်ဟန်တို့က လုံးဝ အံ့အားသင့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် မင်းသမီးငယ်လေးက ဤစကားကို တိုက်ရိုက် ခေါ်ဆိုခဲ့သောကြောင့်ပင်။
ဟုတ်ပေ၏။ သူမ၌ အစ်ကိုပေါင်းများစွာ ရှိ၏။ သို့ပေမည့် သူမက အိမ်ရှေ့စံအစ်ကို သို့မဟုတ် နာမည်၏ အရှေ့တွင် အစ်ကို၏ နာမည်ကို ထည့်သွင်းခဲ့၏။ သူမက နာမည်မပါဘဲ အစ်ကိုကြီးဟူ၍ တခြားသော တစ်စုံတစ်ယောက်ကို တိုက်ရိုက် ခေါ်ခဲ့သည်ဟူ၍ မရှိခဲ့ဖူးချေ။
လူတိုင်း၏ မျက်နှာအမူအရာကို မြင်ချိန်မှာတော့ မင်းသမီးငယ်လေးက လျှာကိုထုတ်ကာ ပြောလိုက်၏။ “အစ်ကိုကြီး ... ကျွန်မကို ကုသပေးခဲ့တာ ရှင်လား။ ရှင့်ရဲ့ နာမည်က ဘာလဲ။”
ရှမ့်လန်က သက်ပြင်းချလိုက်မိသည်။
မင်းသမီး ကျိရွှမ်က ဝင်ပြော၏။ “သူ့နာမည်က ရှမ့်လန်ပဲ။”
မင်းသမီးငယ်လေးက ပြောသည်။ “ဪ... ရှင်က ရှမ့်လန်ကိုး။”
သူမက ရှမ့်လန်၏ နာမည်ကို ကြားဖူး၏။ ပြီးနောက် သူမက ရှမ့်လန်ကို ခန္ဓာကိုယ် အပေါ်အောက် အထပ်ထပ် ကြည့်ရှု၏။
“ရှင်နဲ့ ကျူးဟုန်ရွှဲ့တို့က ရွှဲ့ပြည်နယ်ရဲ့ အချောဆုံး ယောက်ျားတွေလို့ အားလုံးက ပြောကြတယ်။ ဒါပေမဲ့ ရှင်က ပိုပြီး ကြည့်ကောင်းတယ်လို့ ထင်တယ်။”
မင်းသမီးငယ်လေးက ပြောသည်။ “အင်း... ပြီးတော့ နားလည်ရလည်း လွယ်တယ်။”
ရှမ့်လန်က ပြုံးလိုက်၏။
“အစ်ကိုရှမ့်လန်... ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
မင်းသမီးငယ်လေးက ပြောသည်။ “ကျွန်မက ကြာကြာ အသက်မရှင်နိုင်တော့ဘူး ဆိုပေမဲ့ အနည်းဆုံး ကျွန်မ အဘွားနဲ့အတူ လက်လျှောက်ခွင့်လေးတော့ ရသေးတာပေါ့။”
ဤစကားစုက လူတိုင်း၏ နှလုံးသားများကို နာကျင်သွားစေခဲ့၏။ သူမသာ သေဆုံးသွားပါက သူမ၏ အဘွားကလည်း အလုံးစုံ စိတ်ဖြေနိုင်မည် မဟုတ်ပဲ ကျိန်းသေပေါက် လိုက်လံကာ သေဆုံးပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ် ရှမ့်။ ကျွန်မရဲ့ ညီမကို ကယ်တင်ပေးခဲ့တဲ့အတွက်ပါ။” မင်းသမီး ကျိရွှမ်က ဝင်ရောက်ကာ ပြော၏။
ရှမ့်လန်က သူထွက်သွားသင့်ပြီ ဖြစ်ကြောင်း သတိပြုမိသည်။ “နှုတ်ဆက်ပါတယ်။”
ပြီးနောက် သူက ထွက်ခွာရန် ပြင်လိုက်၏။
“အစ်ကိုရှမ့်လန်... ခဏလောက်နေပါအုံး။ ကျွန်မနဲ့ စကားပြောပေးပါလား။” မင်းသမီးငယ်လေးက ရုတ်တရက် တောင်းဆိုသည်။
ကျိရွှမ်က ပြော၏။ “ရှမ့်က အရမ်းအလုပ်များတယ်။”
မင်းသမီးငယ်လေးက သူမ၏မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာဖြင့် ချွဲ့နွဲ့စွာ တောင်းဆိုလိုက်သည်။ “ကျေးဇူးပြုပြီး ခဏလေးပါပဲ။”
ကျိရွှမ်က ခေါင်းညိတ်လိုက်၏။
မင်းသမီးငယ်လေးက ထပ်မံကာ ပြောသည်။ “အစ်မ... အပြင်ကို ထွက်သွားပေးပါ။”
ကျိရွှမ်က မင်းသမီးငယ်လေးကို ချစ်မြတ်နိုးစွာ ကြည့်၏။ ပြီးနောက် ထွက်ခွာသွားခဲ့၏။ ဤ ဖုန်မှုန့်တစ်ခုပင် မရှိသည့် အခန်းထဲမှာတော့ မင်းသမီးငယ်လေးနှင့် ရှမ့်လန် တို့ သာလျှင် ကျန်ရှိတော့၏။
“အစ်ကိုရှမ့်လန်... ကျွန်မရဲ့အစ်မက ပိုပြီးလှလား၊ ဒါမှမဟုတ် ရှင့်ရဲ့မိန်းမက ပိုလှလား။” မင်းသမီးငယ်လေးက မေးသည်။
ရှမ့်လန်က ဖြေလိုက်၏။ “အင်း... ကျုပ်ရဲ့ မိန်းမပေါ့။”
တကယ်တမ်း ပြောဆိုရမည်ဆိုလျှင် ကျိရွှမ်၊ နင်ဟန် နှင့် အသွင်ပြောင်းလဲထားခဲ့ပြီ ဖြစ်သော ကျင်းမူလန် တို့က အသွင်အပြင်အရ တူတူပင် ဖြစ်၏။ အားလုံးက လောက၏ ထိပ်ဆုံးတွင် ရှိသူများဟု သတ်မှတ်နိုင်သည်။
မင်းသမီးငယ်လေးက ထပ်မံကာ မေးလိုက်၏။ “ဒါနဲ့ ရှင် ဘာလို့ စာတွေ ဆက်မရေးတော့တာလဲ။”
ရှမ့်လန်က ပြောသည်။ “ကျုပ် နည်းနည်း အလုပ်များနေလို့ ရေးဖို့ အချိန်မရှိသေးပါဘူး။”
မင်းသမီးငယ်လေးက ပြော၏။ “ရှင်ရေးထားတဲ့ စာအုပ် အားလုံးကို ကျွန်မ ဖတ်ပြီးပြီ။ အကြိုက်ဆုံး ကတော့ အနောက်ဘက်သို့ ခရီးသွားခြင်း ပဲ။ ကျွန်မရဲ့ အဘွားကို ခဏခဏ ပြောပြဖြစ်တယ်။”
မင်းသမီးငယ်လေးက တကယ် စကားပြောနေခြင်း ဖြစ်၏။ သူမက ကောင်းမွန်စွာ ကာကွယ် စောင့်ရှောက်ခြင်း ခံထားရပြီး သူမ၏နှလုံးသားကလည်း နှိုင်းယှဉ်၍မရနိုင်အောင် လှပ၏။ စကားလုံးတိုင်းက ကြင်နာမှုနှင့် ဖြူစင်မှုများ ပါဝင်နေ၏။ ထို့အတူ အနည်းငယ် ဝမ်းနည်း ပူဆွေးမှုများလည်း ပါနေသည်။
ဟုတ်ပေ၏။ ဤအရာက သေချာ သတိမပြုပါက သိရှိနိုင်မည် မဟုတ်ချေ။ သူမ၏ ပါးစပ်မှ ထွက်လာသည့် စကားလုံးတိုင်းက ညင်သာပြီး လှပ၏။ သို့ပေမည့် နေ့ရက်တိုင်းက လောက၏အဆုံးကဲ့သို့ပင် ဖြစ်နေပြီး အချိန်မရွေး နောက်ထပ် နေထွက်သည်ကို မမြင်နိုင်သည့် ခံစားချက်မျိုးလည်း ပါ၏။
ရှမ့်လန်က ဤမိန်းကလေးငယ်လေးက အိမ်ထဲတွင်သာ နေထိုင်ခဲ့သည့် လူတစ်ယောက် ဖြစ်ကြောင်း သဘောပေါက်မိ၏။ မွေးဖွားစဉ်တည်းက သူမက အပြင်လောကကို မထွက်နိုင်ခဲ့ချေ။ နန်းတော်၏ အပြင်ဘက်ကို ထွက်ဖို့ မပြောနှင့် သူမက ခြံဝင်းထဲတွင်ပင်လျှင် အချိန်ကြာကြာ မနေနိုင်ခဲ့ချေ။
ခန္ဓာကိုယ်က အလွန်အမင်း အားနည်းသောကြောင့် အင်ပါယာက သူမအတွက် နန်းတော်သုံးခုကို အထူး ဆောက်လုပ်ခဲ့သည်။ ထို့အပြင် နန်းတော် တစ်ခုချင်းစီက သန့်ရှင်းနေခဲ့ပြီး ပိုးမွှားကင်းစင်မှုကို သေချာစေရန် သဘာဝလွန်အင်အားစုများက ပူးပေါင်းကာ တာဝန်ယူထားရသည်။
ထို့အပြင် သူမက အိမ်တွင်း၌သာ အမြဲတမ်း ရှိခဲ့ပြီး နေရောင်ခြည်ကိုပင် ကြာကြာမခံနိုင်ခဲ့ချေ။ အင်ပါယာနှင့် မိဖုရားတို့က သူမကို အချိန်တိုင်း မကြည့်နိုင်သော်လည်း သူမ၏ အစ်မက အချိန်တိုင်း သူမကို ကြည့်ရှုစောင့်ရှောက်၏။ အနည်းငယ်လေး ဂရုမစိုက်ပါက ကွဲကြေသွားနိုင်သည့် ပုလဲလုံးလေး တစ်လုံး ကဲ့သို့ပင်။
လွန်ခဲ့သည့် နှစ်နှစ်လောက်အတွင်း မင်းသမီးငယ်လေးက ပိုမိုကာ အားနည်းလာခဲ့၏။ အင်ပါယာက သူမကို နေ့စဉ်နေ့တိုင်း အိမ်တွင်း၌သာ ထား၏။ သူမအတွက် ရွေ့လျားနန်းတော်ငယ်လေး တစ်ခုကို ဆောက်လုပ်ခဲ့ပြီး လူပေါင်း တစ်ရာကျော်အား သယ်ဆောင်သွားစေခဲ့၏။ သူမက ဂရုတစိုက်ဖြင့် စောင့်ရှောက်ရသည့် မိန်းကလေး တစ်ဦး ဖြစ်ခဲ့၏။
“ချောင်ယောင်းအာနဲ့ ကျွန်မရဲ့အစ်မ ကျိရွှမ်၊ ပြီးတော့ နင်ဟန်... အဲဒီ မိန်းကလေး သုံးယောက်ထဲမှာ ဘယ်သူက အသန်မာဆုံးလို့ ရှင်ထင်လဲ။” မင်းသမီးငယ်လေးက မေးသည်။
သူမ၏ မေးခွန်းက အနည်းငယ် ရိုင်းစိုင်းပြီး စိတ်ကိုယဉ်လည်း ဆန်၏။ ထို့အပြင် ဆန်းကြယ်သည့် အကြံဉာဏ်များ ပါဝင်နေပုံလည်း ပေါ်၏။
ရှမ့်လန်က ခဏလောက် စဉ်းစားကာ ပြုံးလိုက်သည်။ “မင်း ဘယ်လိုထင်လဲ။”
မင်းသမီးငယ်လေးက ပြောလိုက်၏။ “ကျွန်မက ချောင်ယောင်းအာက အားအကောင်းဆုံးလို့ ထင်တယ်။ သူက ပင်လယ်ရပ်ခြားမှာ နိုင်ငံကြီးကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီး မရေတွက်နိုင်တဲ့ကျွန်တွေကို လွတ်မြောက်စေခဲ့တယ်။ မရေတွက်နိုင်တဲ့လူတွေက သူမကို ဘုရင်မလို့ ခေါ်ရုံသာ မကဘူး၊ အမေလို့တောင် ခေါ်ကြတယ်။”
ရှမ့်လန်က ပြောသည်။ “အင်း... သူက လွတ်လပ်ပြီး ကန့်သတ်ခြင်းကင်းမဲ့တဲ့ ဘဝကို တောင့်တတယ်။ ဒါပေမဲ့ သူက အခုချိန်ထိ ကန့်သတ်ခံနေရတုန်းပဲ။”
မင်းသမီးငယ်လေးက ပြောလိုက်၏။ “ကျွန်မအစ်မရဲ့ သိုင်းပညာက အရမ်းကိုအစွမ်းထက်တယ်။ ဒါပေမဲ့ ချောင်ယောင်းအာရဲ့ သိုင်းပညာက အားကောင်းဆုံး ဖြစ်ပြီး သူက ကျွန်မအစ်မနဲ့ နင်ဟန်ကိုတောင် ကျော်လွန်နေနိုင်တယ်။ ဒီနှစ်နှစ်အတွင်း ချောင်ယောင်းအာက အရမ်းကို စွမ်းထက်လာခဲ့တယ်။”
ပြီးနောက် မင်းသမီးငယ်လေးက မေးသည်။ “အစ်ကိုရှမ့်လန်... လီချင်းချိုးနဲ့ ကျွန်မရဲ့ အစ်မက ဘယ်သူ ပိုပြီး အစွမ်းထက်တယ်လို့ ရှင်ထင်လဲ။”
ရှမ့်လန်က ကြောင်အသွားခဲ့၏။ သူ မည်သို့ သိမည်နည်း။
မင်းသမီးငယ်လေးက ပြော၏။ “ကျွန်မရဲ့ အစ်မက ပိုပြီး အစွမ်းထက်တယ်လို့ထင်တယ်။”
“အင်း... မင်းပြောတာ မှန်တယ်။”
မင်းသမီးငယ်လေးက ထပ်မံကာ မေးသည်။ “ဟုတ်တယ်။ ဒါနဲ့ အဒေါ်ရွှယ်ရင် ဘယ်သွားလဲဆိုတာ ရှင် သိလား။”
ရှမ့်လန်က ရွှယ်ရင်သည် တော်ဝင်ရန် အင်ပါယာ၏ တော်ဝင်မိသားစုနှင့် ပတ်သက်နေကြောင်း ယခုမှသာ သတိရသွားမိ၏။ သူမက ကျန်းလီအနားတွင် နေထိုင်ရန် တော်ဝင်ရန် အင်ပါယာမှ စေလွှတ်လိုက်သည့် သူလျှိုတစ်ဦး ဖြစ်၏။
ရှမ့်လန်က မေးမြန်းသည်။ “ဒါနဲ့ မင်း ဘာလို့ အဒေါ်ရွှယ်ရင် အကြောင်းကို ပြောရတာလဲ။”
မင်းသမီးငယ်လေးက ပြော၏။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူက ကျွန်မ အစ်မနဲ့ တိုက်ခိုက်ခဲ့ပြီး ရှုံးနိမ့်ခဲ့တယ်။”
နှစ်အနည်းငယ်အကြာကလား။ ထို့အပြင် ရှုံးပင် ရှုံးနိမ့်ခဲ့သေးသည်လား။ မင်းသမီး ကျိရွှမ်က အစွမ်းထက်လွန်း၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကဆိုလျှင် သူမက အသက် ၂၀ ကျော်သာ ရှိသေး၏။ ယခု ပိုမိုကာ အစွမ်းထက်နေလောက်သည်။
မင်းသမီးငယ်လေးက ပြောသည်။ “မူလတုန်းက သူတို့ တိုက်ခိုက်ကြဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ အဒေါ် ရွှယ်ရင်က အနောက်ဘက်ကို ထွက်သွားခဲ့တယ်။ သူ့ဆီက သတင်းမကြားတာ အတော်ကြာပြီ။”
အနောက်ဘက်ကို သွားခဲ့သည်လား။ သူမက ဘယ်နေရာကို သွားခဲ့သနည်း။
မင်းသမီးငယ်လေးက ပြော၏။ “အစ်ကိုရှမ့်လန်... ရှင်ရဲ့ အနောက်အရပ်သို့ ခရီးသွားခြင်း စာအုပ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေ အများကြီးရှိတယ်။ ပင်လယ်တွေ၊ ပြီးတော့ တိုက်တွေ၊ တောင်တွေပေါ့။ ကျွန်မက နေ့တိုင်း အခန်းထဲမှာပဲ နေရတာ ဆိုတော့ ဘယ်လိုမှ စိတ်ထဲမကောင်းဘူး။ ပြီးတော့ ဒါက ကျွန်မနဲ့ အရမ်းကို ဝေးကွာတဲ့ နေရာတစ်ခုလိုပဲ။ ပင်လယ်ရပ်ခြားမှာ ရှိနေတဲ့ လောကကြီးက ရှင်ရဲ့ စာအုပ်ထဲက လောကကြီးလိုပဲ ပျော်စရာနဲ့ စိတ်ဝင်စားစရာ ကောင်းတယ်လို့ ရှင်ထင်လား။”
ရှမ့်လန်က ပြောသည်။ “အင်း... ကျုပ်လည်း မရောက်ဖူးဘူး။ ဒါကြောင့် မသိဘူး။”
“ဒါဆိုရင် ရှင် ဘာလို့ မသွားတာလဲ။”
မင်းသမီးငယ်လေးက မျက်လုံးကို ပြူးကျယ်နေအောင် ဖွင့်ကာဖြင့် ဖြူစင်လေးနက်စွာဖြင့် တွန်းအားပေးသလို ပြော၏။ “အစ်ကိုရှမ့်လန်... ပင်လယ်ရပ်ခြားကို သွားပြီး ကျွန်မ ဖတ်ဖို့ စာအုပ်တစ်အုပ်လောက် ရေးပေးပါ။ ရှင်က စာရေးတာ အရမ်းတော်တယ်လေ။”
ရှမ့်လန်က ပြောသည်။ “စာရေးတဲ့အလုပ်ကို ဆက်လုပ်ဖို့ အနာဂတ်မှာ အချိန် မရှိလောက်တော့ပါဘူး။”
မင်းသမီးငယ်လေးက ပြော၏။ “ဘယ်သူက ပြောလဲ။ နှစ်တစ်ထောင်ကြာရင် အရမ်းကို အောင်မြင်ပြီး၊ ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာတွေကို ကိုးဆယ်ရာခိုင်နှုန်းသောလူတွေက မေ့သွားလိမ့်မယ်။ ဒါပေမဲ့ ရှင် စာအုပ်ကောင်းတစ်အုပ်ကို ရေးထားမယ်ဆိုရင်တော့ နောင်နှစ်ပေါင်း တစ်ထောင်၊ နှစ်ထောင် ကြာရင်တောင်မှ ရှင့်ကို မှတ်မိနေလိမ့်မယ်။ ဒီတော့ ရှင့်ဆီမှာ စာအုပ်ရေးနိုင်ဖို့ အနာဂတ်တွေ ရှိလာလိမ့်မယ်လို့ ကျွန်မ ထင်တယ်။”
ရှမ့်လန်က မရယ်ဘဲ မနေနိုင်တော့ချေ။
“ကဲ... ဒါဆိုရင် ရှင် ဆက်ပြီး စာအုပ်တွေ ရေးရမယ်။ ပြီးတော့ အဝေးဆုံးကို သွား...၊ လောကအသစ်ကြီးကို ကြည့်ရှု။ ပြီးတော့ ကျွန်မ ဖတ်ဖို့ စာရေးပေး။” မင်းသမီးငယ်လေးက ပြောသည်။
ရှမ့်လန်က ပြောလိုက်၏။ “အင်း... အဝေးကိုသွားရင် မင်း ကျုပ်ရေးတဲ့ စာတွေကို ဖတ်နိုင်တော့မှာ မဟုတ်ဘူး။”
မင်းသမီးငယ်လေးက ပြောသည်။ “ရှင် ကောင်းကောင်း ရေးနေသရွေ့ စကားလုံးတွေက ပင်လယ်ပြင်ကို ဖြတ်ပြီး ခရီးသွားနေလိမ့်မယ်။ ကျွန်မ မရှိရင်တောင်မှ ရှင်က ကျွန်မ ဖတ်ဖို့ အရာအားလုံးကို ဖန်တီးပေးနိုင်ပါ လိမ့်မယ်။”
ရှမ့်လန်က တိတ်ဆိတ်ငြိမ်သက်သွား၏။
ကျိရွှမ်က ဝင်လာခဲ့၏။ ပြီးနောက် မင်းသမီးငယ်လေးကို လှမ်းပြောသည်။ “ကောင်းပြီ... ကလေးမလေး။ အနားယူဖို့ အချိန်တန်ပြီ။”
ရှမ့်လန်က ပြော၏။ “နှုတ်ဆက်ပါတယ် မင်းသမီးလေး။”
“နှုတ်ဆက်ပါတယ် အစ်ကိုရှမ့်လန်”
မင်းသမီးငယ်က သူမ၏ လက်ကို အသာပင် ဝေ့ယှမ်းပြလိုက်သည်။ “အစ်ကိုရှမ့်လန်... ကျွန်မ ပြောတာကိုမှတ်ထား။ အဝေးကိုသွားပြီး မှော်ဆန်တဲ့ လောကကြီးကို ကြည့်ရှု။ ပြီးတော့ ကျွန်မ ဖတ်ဖို့ စာတွေ ရေးပေးပါ။”
...............