← Chapters

အခန်း (၇၁၃-၇၁၄)

Vol. 45 Ch. 713-714

အခန်း (၇၁၃-၇၁၄)

Vol. 45 Ch. 713-714

အပိုင်း (၇၁၃)

ရှမ့်လန်က သူ၏ နားနေရာဆီသို့ ပြန်လာခဲ့ပြီးနောက် မျက်လုံးကို မှိတ်ကာဖြင့် ကုတင်ပေါ်တွင် လှဲကာ အိပ်၏။ မင်းသမီးငယ်လေး၏ မျက်နှာက သူ၏ စိတ်ထဲတွင် ပေါ်ပေါက်လာ၏။ သူမ၏ ဖြူစင်ပြီး အပြစ်ကင်းစင်သည့် မျက်လုံးများ၊ ထို့အပြင် လန်းဆန်းတက်ကြွသလို ထင်ရသော်လည်း ဝမ်းနည်း ပူဆွေးနေသည့် စကားလုံးများ ..... ရှမ့်လန်၏ နားထဲ၌ သူမ၏ စကားလုံးများနှင့် ပဲ့တင်ထပ်နေ၏။

“အဝေးကိုသွားပြီး မှော်ဆန်တဲ့လောကကြီးကို ကြည့်။ ပြီးတော့ ကျွန်မ ဖတ်ဖို့ စာရေးပေးပါ။”

မည်မျှ ချစ်စရာ ကောင်းလိုက်သနည်း။ ထို့အပြင် မည်မျှ သနားစရာ ကောင်းလိုက်သနည်း။

.......................

နောက်တစ်နေ့ အင်ပါယာ၏ တော်ဝင် သံတမန်က ရှမ့်လန်ရှေ့တွင် ပေါ်လာ၏။ “ရှမ့်လန်... မင်းက ကောင်းမှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ မင်းသမီးငယ်လေးကို ပေးခဲ့တဲ့ ဆေးက အရမ်းကို ထိရောက်ခဲ့တယ်။”

“ကောင်းတာပေါ့” ရှမ့်လန်က ရယ်မောလိုက်သည်။

တော်ဝင် သံတမန်က ပြောလိုက်၏။ “မင်းသမီးကျိရွှမ်က ဒီမျက်နှာသာ ပေးမှုကို တော်ဝင်မိသားစုက မှတ်မိနေလိမ့်မယ်လို့ ပြောခိုင်းလိုက်တယ်။”

“မလိုပါဘူး။”

“အဲဒီ မျက်နှာသာပေးမှုက ဘယ်လောက် ကြီးမားတယ် ဆိုတာကို မင်းမသိမှာ စိုးတယ်။”

ပြီးနောက် တော်ဝင် သံတမန်က ပြောသည်။ “မင်း ဒီမှာ ရက်အနည်းငယ်လောက် နေရလိမ့်မယ်။ ငါတို့ ဒီဆေးရဲ့အာနိသင်ကို သေသေချာချာ စမ်းသပ်စစ်ဆေးပြီးရင် မင်းကို ပြန်ပို့ပေးပါ့မယ်။ အဆင်ပြေလား။”

ရှမ့်လန်က ပြော၏။ “ကောင်းပါပြီ။”

...............

ချောင်နိုင်ငံ၏ ပင်မစစ်စခန်းမှာတော့ ...

တော်ဝင်ရန်အင်ပါယာမှ မြင်းစီးစစ်သည်တစ်ဖွဲ့က အရှိန်အဟုန်ပြင်းပြင်း ဝင်ရောက်လာပြီး မင်းသားလျန်ကို လျှို့ဝှက်စာ တစ်စောင် ပေးသည်။

စာကို ဖတ်ရှုပြီးနောက် မင်းသားလျန်၏ မျက်လုံးထဲတွင် ရှုပ်ထွေးသည့် အမူအရာများ ပေါ်ပေါက်လာခဲ့၏။ “သွားပြီး သူတို့ကို ခေါ်ခဲ့တော့။”

ခဏအကြာမှာတော့ ချောင်ဘုရင်သစ်၊ နင်ချီ၊ ချောင်နိုင်ငံ၏ မဟာပညာရှင်လီချွမ်ချီ၊ ချောင်ချင်း၊ ချောင်နိုင်ငံ ဝန်ကြီးများနှင့် လူပေါင်း တစ်ဒါဇင်ကျော်တို့က ရောက်ရှိလာသည်။

မင်းသားလျန်က ပြော၏။ “အရင် ချောင်ဘုရင် လုပ်ကြံခံရမှုက လောကကြီး တစ်ခုလုံးကို ထိတ်လန့်စေ ခဲ့တယ်။ အင်ပါယာကလည်း အရမ်းကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ တော်ဝင်သံတမန် နှစ်ဦးကို ချက်ချင်း စေလွှတ်ခဲ့တယ်။ ဆယ်ရက်ကျော်ကြာ စုံစမ်းစစ်ဆေးမှုက ပြီးပြီ။ သက်သေ တစ်ရာကျော် တို့ကို စုံစမ်းမေးမြန်းပြီးတဲ့နောက်မှာ အထောက်အထား ရာပေါင်းများစွာက ပေါ်ပေါက်လာခဲ့တယ်။ အမှန်တရားက အခြေခံအားဖြင့် ထွက်ပေါ်လာခဲ့ပါပြီ။”

မင်းသားလျန်၏ စကားလုံးကို ကြားချိန်မှာတော့ လူတိုင်းက နားများကို စွင့်ကာ ထောင်၏။ အမှန်တရားကို မည်သူကမှ ဂရုမစိုက်ကြချေ။ အဘယ်ကြောင့်ဆိုသော် အားလုံးက အမှန်တရားကို သိရှိနေသောကြောင့်ပင်။ သို့သော်ငြား အင်ပါယာ၏ စုံစမ်းစစ်ဆေးမှု၏ နောက်ဆုံးရလဒ်က တကယ့်ကို အရေးကြီး၏။ ထိုအရာက အင်ပါယာ၏ သဘောထားကို လုံးဝ ကိုယ်စားပြု၏။ နင်ချီက အပြစ် ခံသင့်သည်လား။ သို့မဟုတ် ရှမ့်လန်က အပြစ် ခံသင့်သည်လား။

“အရင် ချောင်ဘုရင် လုပ်ကြံခံရမှုက နင်ချီ၊ ရှမ့်လန်၊ ပြီးတော့ နင်ကျန်းတို့နဲ့ ဘာမှမဆိုင်ဘူး။ အရင်ဘုရင်ကို သတ်ခဲ့တဲ့လူတွေက ကိုယ်လုပ်တော်ရန်၊ မိန်းမစိုးကြီး ယန်လျန်နဲ့ ချောင်ဘုရင်ရဲ့ သတ္တမသား ချောင်ချင်းတို့ ဖြစ်တယ်။”

ချောင်ချင်းက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့၏။ ဤအရာက သူနှင့် ဘာဆိုင်နေသနည်း။ အဘယ်ကြောင့် နောက်ဆုံး၌ သူ လူသတ်သမား ဖြစ်ခဲ့ရသနည်း။ ရှမ့်လန်က စာပို့ဖို့ အတင်းအကျပ် လုပ်ခိုင်းသည်ကလွဲ၍ သူက ဘေးလူတစ်ဦးမျှသာ ဖြစ်သည်။

မင်းသားလျန်က ပြော၏။ “ကိုယ်လုပ်တော်ရန်နဲ့ ချောင်ချင်းတို့က ဖောက်ပြန်ခဲ့ကြပြီး ဒီအရာကို ဖော်ထုတ်ခံရတော့မယ်။ ဒီတော့ သူတို့ရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ နှစ်ယောက်ပူးပေါင်းပြီး အရင် ချောင်ဘုရင်ကို လုပ်ကြံခဲ့တာပဲ။ သူတို့ အသုံးပြုခဲ့တဲ့ အဆိပ်ကတော့ စေတီတောင်ရဲ့ မှောင်မိုက်ရနံ့ လို့ ခေါ်တဲ့ အဆိပ်ပဲ။”

စေတီတောင်မှ အဆင့်မြင့်အရာရှိတစ်ဦးက ရှေ့သို့ တက်လှမ်းကာ ပြောသည်။ “ကျုပ်တို့ စုံစမ်းစစ်ဆေးမှု ပြီးတယ်။ ချောင်ချင်း အရင်ဘုရင်ဆီ ပို့ခဲ့တဲ့ လျှို့ဝှက်စာထဲမှာ အဲဒီ အဆိပ်ရနံ့ သုတ်လိမ်းခဲ့တာကို သိရှိခဲ့ရတယ်။

စေတီတောင်ရဲ့ တစုံတစ်ယောက်က ဒီအဆိပ်ကို လျှို့ဝှက်ရောင်းချထားခဲ့တာ ဖြစ်ကြောင်း ရှင်းလင်းတယ်။ ဒီကိစ္စကို အကြိမ်ကြိမ် တားမြစ်ထားခဲ့တယ် ဆိုပေမဲ့ ကျုပ်တို့ စေတီတောင်က အရင်ဘုရင် သေဆုံးမှုအတွက် တာဝန်ကို ဆက်ပြီး ယူပါ့မယ်။

တောင်အကြီးအကဲက ရောင်းချခဲ့တဲ့ တရားခံကို ရှာဖွေဖို့ သေသေချာချာ စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားပြီး သားပါ။ ဘယ်သူတွေ ပါဝင်တယ်။ ပါဝင်ခဲ့တဲ့ လူက ဘယ်လောက်ရာထူးကြီးမားတဲ့ လူဖြစ်ပါစေ ရာထူးက ဖယ်ရှားခံရမယ်။ ပြီးတော့ သတ်သင့်တဲ့ လူကို သတ်ရလိမ့်မယ်။ ဒီလို ဝမ်းနည်းစရာကိစ္စရပ်တွေ ထပ်ပြီး မဖြစ်အောင်လို့ ကျုပ်တို့စေတီတောင်က အရာအားလုံးကို ပြုလုပ်ပါ့မယ်။ ပြီးတော့ ကျုပ်တို့က နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဘယ်နည်းနဲ့မှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး။”

ဤအဆင့်မြင့် အရာရှိက ပြောသည်။ “ချောင်ဘုရင်... ကျုပ်တို့ထဲက ရောင်းချတဲ့ တရားခံ ၁၅ ဦးကို ခင်ဗျားတို့ ကိုင်တွယ်ဖို့ လက်လွှဲပေးပါ့မယ်။”

ချောင်ဘုရင်သစ်က ဘာမှ မပြောနိုင်ချေ။ သူ၏ လက်များကို အသာ ဝှက်ထား၏။

ဤအခိုက်အတန့်မှာတော့ ချောင်ချင်းက လုံးဝ သတိပြန်ဝင်လာခဲ့၏။ သူက အော်ဟစ်လိုက်သည်။ “ကျုပ် မဟုတ်ဘူး။ ကျုပ်ရဲ့အဖေကို ကျုပ် မသတ်ခဲ့ဘူး။ ရှမ့်လန်ပဲ။ ရှမ့်လန် သတ်ခဲ့တာ။ ဒီကိစ္စက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။”

မင်းသားလျန်က အေးစက်စက် ပြော၏။ “ဒီအချိန်မှာတောင် ငြင်းချင်သေးတာလား။ ယန်လျန်ကို ခေါ်ခဲ့။”

မိန်းမစိုးကြီးယန်လျန်က ဝင်ရောက်လာ၏။ ပြီးနောက် သူက အစမှ အဆုံးထိ အရာအားလုံးကို ဝန်ခံ၏။ ချောင်ချင်းနှင့် ကိုယ်လုပ်တော်ရန်တို့ မည်ကဲ့သို့ဖောက်ပြန်ခဲ့ကြသည် ဆိုသော အကြောင်းအရာများ အပါအဝင်ပင်။

သူတို့၏ ချစ်ခြင်းမေတ္တာ အကြောင်းအရာများ၊ ကိုယ်လုပ်တော်ရန်က ချောင်ချင်းအတွက် ထိုးပေးခဲ့သည့် ပန်းထိုး အဝတ်အစားများ၊ ချောင်ချင်းက ကိုယ်လုပ်တော်ရန်အတွက် ရေးပေးခဲ့သည့် ကဗျာများနှင့် တခြား အကြောင်းအရာများလည်း ပါ၏။ သက်သေ အထောက်အထားများက ငြင်းပယ်၍ မရနိုင်ခဲ့ချေ။

“အရှင့်သား ချောင်ချင်း.. ခင်ဗျားနဲ့ ကိုယ်လုပ်တော်ရန်တို့ကြား ဖောက်ပြန်မှုကို သက်သေပြနိုင်ဖို့ တစ်ခု ရှိသေးတယ်။ ခင်ဗျားရဲ့ ပေါင်းမှာ ရွှီ ဆိုတဲ့ စာလုံးတောင် ဆေးမှင်ကြောင် ရှိသေးတယ်။ ဒါက ကိုယ်လုပ်တော်ရန်ရဲ့ အပျိုနာမည် ဖြစ်တယ်။” ယန်လျန်က ဆက်လက်ကာ ပြောဆို၏။

ချောင်ချင်းက အော်ဟစ်လိုက်သည်။ “မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။”

ပြီးနောက် ဘာစကားမှ မပြောဘဲ ချောင်ချင်းက သူ၏ ဘောင်းဘီကို ချွတ်၏။ လူတိုင်းကို လှမ်းကြည့်ကာ အော်ဟစ်၏။ “ကြည့်အုံး။ ကျုပ်ရဲ့ ပေါင်မှာ ရွှီ ဆိုတဲ့ အရာ မရှိဘူး။”

မိန်းမစိုးကြီး ယန်လျန်က ရှေ့သို့ တက်လှမ်း၏။ ချောင်ချင်း၏ ပေါင်းကို ရိုက်လိုက်သည်။

“ဘတ်..” စာလုံးတစ်လုံး ပေါ်လာနေ၏။

ထိုအရာက တကယ်ပင် ရွှီ ဖြစ်နေ၏။ ထို့အပြင် လက်ရေးကလည်း ကိုယ်လုပ်တော်ရန်၏ လက်ရေးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာသည်။

ချောင်ချင်းက လုံးဝ အံ့အားသင့်သွား၏။ “ကောင်းကင်ဘုံ... ဒီလောကကြီးက ဘာတွေမှားနေတာလဲ။”

ရှမ့်လန်က သူ့ကို အဆိပ်တစ်မျိုးကို ပေးခဲ့ပြီး ထိုအရာက သူ၏ ခန္ဓာကိုယ်ကို ပုတ်သိုးစေခဲ့၏။ ပြီးနောက် သူက တဖြည်းဖြည်းနှင့် ပြန်လည်ကာ ကောင်းမွန်ခဲ့၏။ သို့သော်ငြား သူ၏ပေါင်ပေါ်တွင် အဘယ့်ကြောင့် ရွှီ ဆိုသည့် ဆေးမှင်ကြောင် ရှိနေရသနည်း။ သူပင် မသိခဲ့ပေ။

သူက ကိုယ်လုပ်တော်ရန်နှင့် မည်သည့်အချိန်က ဖောက်ပြန်ခဲ့သနည်း။ ဟုတ်ပေ၏။ ကိုယ်လုပ်တော်ရန်က တကယ်ကို လှပ၏။ ထို့အပြင် သူ အနည်းငယ် စိတ်ဝင်စားခဲ့သည် ဖြစ်ကြောင်းကိုတော့ မငြင်းနိုင်ချေ။ သို့သော်ငြား ကိုယ်လုပ်တော်ရန်က သူနှင့် မျက်လုံးချင်းပင် တစ်ခါမှ မဆုံခဲ့ဖူးချေ။ သူမက နန်းဆောင်ထဲမှ အပြင်သို့ တစ်ခါမှ မထွက်ခဲ့သောကြောင့်ပင်။ သို့ပေမည့် သက်သေ ထောက်ထားအချက်အလက် အားလုံးက ငြင်းပယ်၍ မရနိုင်တော့ချေ။

ချောင်ချင်းက သူ၏မှတ်ဉာဏ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ ထို့အပြင် သူက ကိုယ်လုပ်တော်ရန်နှင့် တကယ်တမ်း ဖောက်ပြန်ခဲ့ကြောင်း သံသယပင် စိတ်ထဲမှာ ပေါ်လာခဲ့မိ၏။

“ငါ အဖေကို မသတ်ခဲ့ဘူး။ ငါ မသတ်ခဲ့ဘူး။ ငါက တိရစ္ဆာန် ဖြစ်နေတယ် ဆိုရင်တောင်၊ ဒါမှမဟုတ် ငါ အရူးတစ်ယောက် ဖြစ်နေတယ် ဆိုရင်တောင်မှ အဖေ့ကို မသတ်နိုင်ဘူး။ ငါ ဘာလို့ သတ်ရမှာလဲ။” ချောင်ချင်းက ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။

အင်ပါယာ၏ အရာရှိတစ်ဦးက အေးစက်စွာ ပြော၏။ “ဒါဆို အရင်ချောင်ဘုရင်က မင်းရဲ့ လျှို့ဝှက်စာကို လက်ခံရရှိပြီးတဲ့နောက်မှာ ဘာလို့ ချက်ချင်းကြီး သေဆုံးခဲ့ရတာလဲ။”

ချောင်ချင်းက ပြောသည်။ “အဲဒါ ရှမ့်လန်ပဲ။ သူက ကျုပ်ကို လျှို့ဝှက်စာ ပေးခိုင်းခဲ့တာ။ ပြီးတော့ ဒါကို မိဖုရားကြီး ကိုယ်တိုင် ရေးခဲ့တာပဲ။”

အရာရှိက ဆက်လက်ကာ ပြော၏။ “ကျုပ်တို့ စုံစမ်းစစ်ဆေးဖို့ ချောင်တော်ဝင်မြို့တော်ဆီ တော်ဝင်သံတမန် အဖွဲ့ကို စေလွှတ်ခဲ့တယ်။ ချောင်မိဖုရားကြီးက အရင် ချောင်ဘုရင်ဆီ လျှို့ဝှက်စာ ရေးပေးတာမျိုး မလုပ်ခဲ့ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ကိုယ်လုပ်တော်ရန်နဲ့ မင်းရဲ့ဖောက်ပြန်မှု ဖော်ထုတ်ခံရတာကြောင့် သူက အရှက်ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ရွေးချယ်ခဲ့တယ်။”

ချောင်ချင်းက ပြောသည်။ “မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ရှမ့်လန်ကိုယ်တိုင် ကျုပ်ကို လာတွေ့တာ။ ပြီးတော့ သူက လျှို့ဝှက်စာ နှစ်စောင်ကို ပေးခဲ့တယ်။ အမြန်ဆုံးနှုန်းနဲ့ အဖေ့ကိုသွားတွေ့ဖို့နဲ့ အဖေ့ကို လျှို့ဝှက်စာတွေ လက်လွှဲပေးဖို့ ပြောခဲ့တာပဲ။”

အင်ပါယာ၏ အရာရှိက ပြောလိုက်၏။ “ရှမ့်လန်က မင်းကို တစ်ခါမှ မတွေ့ခဲ့ဘူး။ ချောင်ပြည်နယ်ရဲ့ တပ်ကူတွေ ချောင်ပြည်နယ်တော်ဝင်မြို့တော်ကို တိုက်ခိုက်တဲ့အခွင့်အရေးကို အသုံးချပြီး ယန်လျန်ရဲ့ အကူအညီနဲ့ မင်း ထွက်ပြေးခဲ့တယ်။ ဒါက ယန်လျန်ရဲ့ ဝန်ခံချက်ပဲ။”

ချောင်ချင်းက လုံးဝ အမှောင်ထုထဲသို့ ရောက်ရှိသွားသကဲ့သို့ပင်။ ဤလောကကြီးက အဓိပ္ပာယ်မဲ့ပြီး မှားယွင်းနေပုံပင် ပေါ်၏။

“ကျုပ် မလုပ်ခဲ့ဘူး။ ကျုပ် လုံးဝ မလုပ်ခဲ့ဘူး။”

ချောင်ချင်းက ချောင်ဘုရင်သစ် ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်သည်။ “အစ်ကိုကြီး... ကျုပ် အဖေ့ကို တကယ် မသတ်ခဲ့ပါဘူး။ ကျုပ် မသတ်ခဲ့ပါဘူး။”

ချောင်ဘုရင်သစ်က စိတ်ထဲတွင် သတ်ပြင်းချိတ်ကာ ချလိုက်၏။ သူ၏ ညီငယ်က အသုံးမကျချေ။ ထို့အပြင် နှလုံးသားထဲတွင် ဘာမှန်းမသိသည့် ရည်မှန်းချက်များလည်း ရှိနေခဲ့ပုံ ပေါ်၏။ ချောင်ချင်းအတွက် ပထမဦးဆုံး လျှို့ဝှက်စာကို ထုတ်စရာ မလိုခဲ့ချေ။ အိမ်ရှေ့စံက ကိုယ်လုပ်တော်ရန်နှင့် ပူးပေါင်းပြီး ယခင်ချောင်ဘုရင်ကို လုပ်ကြံခဲ့သည်ဟု ရေးထားသည့် တစ်စောင်ပင်။

သို့သော်ငြား ချောင်ဘုရင်သစ်ကို နင်ချီ ဖမ်းဆီးသွားချိန်တွင် ချောင်ချင်းက ထီးနန်းကို သူ ရပြီဟု ခံစားရသောကြောင့် ဤလျှို့ဝှက်စာကို ထုတ်ဖော်ခဲ့၏။ လီချွမ်ချီက လျှို့ဝှက်စာကို လှည့်စားကာ ရယူခဲ့ပြီး မီးရှို့ပစ်ခဲ့၏။ ထို့အပြင် ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ခဲ့၏။

ဤညီငယ်က သူ့အပေါ် မကောင်းသည့် ရည်ရွယ်ချက်များရှိကြောင်း သိရှိချိန်မှာတော့ ချောင်ဘုရင်သစ်က တကယ့်ကို မခံရပ်နိုင်အောင် ဖြစ်ခဲ့၏။ သူ၏ နှလုံးသားထဲတွင် ဒေါသတရားများ ဖြစ်လာခဲ့သည်။

ယခင် ချောင်ဘုရင်က သေဆုံးခဲ့သည်သာမက သူ၏ကိုယ်လုပ်တော်ကလည်း သူ၏သားနှင့် ဖောက်ပြန်ခဲ့သည်။ ဤကိစ္စသာ ပျံ့နှံ့သွားသည် ဆိုပါက လောကတွင်ရှိနေသည့် လူများက ယခင် ချောင်ဘုရင်ကို မည်ကဲ့သို့ မြင်ရမည်နည်း။ သနားစရာ သတ္တဝါ ကဲ့သို့ပင် ဖြစ်လိမ့်မည်။

“အစ်ကိုကြီး... ကျုပ် တကယ် မလုပ်ခဲ့ပါဘူး။ ကျုပ် တကယ် မလုပ်ခဲ့ပါဘူး။” ချောင်ချင်းက ငိုယိုပြီး ဦးတိုက်ကာ တောင်းပန်၏။

ချောင်ဘုရင်သစ်က တုန်ယင်နေသည့် အသံဖြင့် ပြောသည်။ “ညီလေး... မင်း ပျော်ရွှင်နေတယ်လို့ပဲ ငါ မူလက ထင်ခဲ့တာ။ ဒီလိုကိစ္စမျိုးကို လုပ်မယ်လို့ မထင်ခဲ့မိဘူး။ မင်းက တကယ်ကို ရူးသွပ်နေတာပဲ။ အင်း.... ချောင်ချင်းကို ဖမ်းကြ... ပြီးတော့ အပြစ်ဒဏ်ကို စောင့်ဆိုင်းစေ။”

သူက ချောင်ဘုရင်သစ် ဖြစ်သော်လည်း သူ၏ ညီငယ်ကို သတ်ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူက လွှဲပြောင်းသင့်သူများထံ လွှဲပြောင်းပေးလိုက်၏။

ဝမ်းနည်းဖွယ်ရာကောင်းသည့် ငိုကြွေးသံများ ကြားမှာတော့ ချောင်ချင်းက ဖမ်းဆီးခံလိုက်ရသည်။

မင်းသားလျန်က ပြောလိုက်၏။ “ချောင်ဘုရင်... ဒီစုံစမ်းစစ်ဆေးမှု ရလဒ်တွေကို သဘောတူရဲ့လား။”

“ကျုပ် သဘောတူပါတယ်။” ချောင်ဘုရင်သစ်က ပြောသည်။

မင်းသားလျန်က ပြောလိုက်သည်။ “ဒါဆိုရင် ဒီမှာ လက်မှတ်ထိုးပါ။”

ချောင်ဘုရင်၏ လက်က တုန်ယင်နေသည် ဆိုသော်လည်း သူက ချက်ချင်းပဲ ပြန်လည် တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူက စုံစမ်းစစ်ဆေးမှု အစီရင်ခံစာပေါ်တွင် သူ၏နာမည်ကို ထိုးပြီး တံဆိပ်တုံးကိုပင် ထုနှက်လိုက်၏။

ပြီးနောက် နင်ချီ လက်မှတ်ထိုးရန် အလှည့် ဖြစ်၏။ နောက်ဆုံးမှာတော့ မင်းသားလျန်က စာလုံးတစ်ထောင် နှင့် သူ၏ တံဆိပ်တုံးကို ထုနှက်သည်။

ဤကိစ္စက ပြေလည်သွားပြီဟု သတ်မှတ်၍ ရ၏။ ပြင်ပလောကတွင် ရှိနေသည့် လူများက မည်သို့ သံသယ ရှိနေပါစေ၊ ဤအရာကသာလျှင် တစ်ခုတည်းသော အမှန်တရား ဖြစ်၏။ ပြီးနောက် လူအုပ်စုတစ်ခုကို သတ်ရပေလိမ့်မည်။ ကိုယ်လုပ်တော်ရန်၏ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ရမည်။ စေတီတောင်ကလည်း လူ ၁၅ဦးကျော်ကို သတ်လိမ့်မည်။ ဤသို့နှင့်ပင် ချောင်ချင်း၏ သေဆုံးမှုဖြင့် ကိစ္စအားလုံးကို ဖြေရှင်းနိုင်ခဲ့၏။

မင်းသားလျန်က ပြောသည်။ “ကိစ္စအားလုံး ပြီးလည်သွားခဲ့ပြီ ဖြစ်တာမို့ ကျုပ်က မီးလျှံမြို့တော်ကို ပြန်ပြီး အင်ပါယာကို လျှောက်တင်ပါ့မယ်။”

ချောင်ဘုရင်သစ်က ဦးညွှတ်လိုက်၏။ “နှုတ်ဆက်ပါတယ် မင်းသားလျန်”

ပြီးနောက် သူက မီးလျှံမြို့တော်၏ ဦးတည်ရာဆီသို့ ကိုးကြိမ်တိုင်တိုင် ဦးညွှတ်ခဲ့သည်။ “အင်ပါယာရဲ့ ကျေးဇူးတော်ကို ကျုပ် ကျေးဇူးတင်ပါတယ်။ ဧကရာဇ်မင်းမြတ် သက်ကျော်ရာကျော် ရှည်ပါစေ။”

မင်းသားလျန်က ထွက်ခွာသွားခဲ့၏။ ချောင်ဘုရင်စခန်း၏ လျှို့ဝှက်ခန်းတွင်းမှာတော့ ချောင်ချင်းက ငိုယိုပြီး မောကာ အိပ်ပျော်သွားခဲ့၏။ ပြန်နိုးချိန်မှာတော့ တဖန် ငိုခဲ့ပြန်၏။ ပြီးနောက် စိတ်အားငယ်လျက် ရှိနေ၏။ သူက စားချင်စိတ်လည်း မရှိခဲ့ချေ။ ထိုအချိန်မှာပဲ တံခါးတစ်ချက် ပွင့်လာ၏။

“ငါ မစားချင်ဘူး။ ငါ ဘာမှ စားချင်စိတ် မရှိဘူး။ ထွက်သွားကြ။”

မော့ကာ ကြည့်လိုက်ချိန်မှာတော့ ချောင်ဘုရင်သစ်က လက်ထဲတွင် ဝိုင်နှင့် ဟင်းပွဲများကို ကိုင်ထားကြောင်း မြင်ရ၏။ ထို့ကြောင့် ချောင်ချင်းက ဒူးထောက်ကာဖြင့် ငိုကြွေးလိုက်သည်။ “အစ်ကို... ကျုပ် အဖေ့ကို တကယ် မသတ်ခဲ့ပါဘူး။ ကျုပ် မသတ်ခဲ့ပါဘူး။”

ချောင်ဘုရင်သစ်က စားပွဲပေါ်၌ ဟင်းပွဲများကို သေသေချာချာ စီစဉ်၏။ “သတ္တမညီလေး... မင်း မသတ်ခဲ့ဘူး ဆိုတာ ငါသိတယ်။ ပြီးတော့ မင်းနဲ့ ကိုယ်လုပ်တော်ရန်တို့ ဖောက်ပြန်ခဲ့တာ မရှိဘူး ဆိုတာလည်း ငါ သိတယ်။”

ချောင်ချင်းက ထိုအရာကို ကြားသိချိန်မှာတော့ ပျော်ရွှင်သွားခဲ့၏။ “အစ်ကို ... ဘုရင်မင်းမြတ်... ကျုပ်ကို ကယ်တင်ပေးပါ။ ကျုပ်ကို ကယ်တင်ပေးပါ။”

ချောင်ဘုရင်သစ်က ဝိုင်တစ်ခွက်ကို ငှဲ့၏။ ပြီးနောက် သူ့အတွက် နောက်ဝိုင်တစ်ခွက်ကို ထပ်ငှဲ့သည်။

“သောက်လိုက်... သတ္တမ ညီလေး..” ပြီးနောက် သူက ဝိုင်ကို တခါတည်း အကုန် သောက်၏။

ချောင်ချင်းက ခန္ဓာကိုယ် တခုလုံး တုန်ယင်လျက် ရှိနေစဉ်မှာပင် ဝိုင်ကို သောက်၏။ ချောင်ဘုရင်သစ်က ပြောလိုက်သည်။

“သတ္တမ ညီလေး... အဖေ့ကို ဘယ်သူသတ်တယ်ဆိုတာ မင်းသိလား။”

ချောင်ချင်းက ပြော၏။ “ရှမ့်လန်ပဲ။”

ချောင်ဘုရင်သစ်က ပြောသည်။ “သူက တရားခံစာရင်းထဲ ပါရုံပဲ။ ... အဖေ့ကို တကယ်သတ်တဲ့ တစ်ဦးတည်းသော လူက အင်ပါယာပဲ။ ကိုယ်လုပ်တော်ရန်က အဖေ့ကိုသတ်ဖြတ်ဖို့ စေတီတော်က ထည့်ပေးထားတဲ့ သူလျှို တစ်ဦးပဲ။”

အပိုင်း (၇၁၄)

ထိုစကားကိုကြားချိန်မှာတော့ ချောင်ချင်းက ထိတ်လန့်သွားခဲ့၏။ သူက ကြောက်ရွံ့မှုများကြောင့် တုန်ယင် သွားခဲ့၏။

“အင်း...သူတို့က အဖေ့ကို သတ်ရုံတင် မကဘူး။ အဖေ့ကို သတ်တဲ့အပြစ်ဒဏ်ကို အဖေ့ရဲ့သားပေါ်မှာ ပုံချခဲ့သေးတယ်။”

ချောင်ဘုရင်က မျက်ရည်များ စီးကျလာကာ ပြောလိုက်သည်။ “ဒါတင် မကသေးဘူး။ အဖေ့ရဲ့ကိုယ်လုပ်တော် က ဖောက်ပြန်ခဲ့တာကြောင့် အဖေ က နွားကျခဲ့သလို ဖြစ်စေခဲ့တယ်။ ဒါက ချောင်ပြည်နယ်အတွက် ကြီးမားတဲ့ အရှက်ရမှု ဖြစ်တယ်။ ပြီးတော့ ငါ့အတွက်လည်း အရှက်ရမှု တစ်ခုပဲ။”

ချောင်ချင်းက တုန်ယင်သွားခဲ့၏။ “အစ်ကိုကြီး... လောကကြီးက ဒီလောက်တောင် ဆိုးယုတ်တာလား။”

ချောင်ဘုရင်သစ်က ပြောသည်။ “အင်း... ဒီလောကကြီးက ပြောင်းလဲတော့မယ်။ အင်ပါယာက လက်တစ်ဖက်နဲ့ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းဖို့ ပြင်ဆင်နေပြီ။ သူသာ နင်ချီကို မသတ်ဘူးဆိုရင် ဘုရင်တွေအားလုံးက စိုးရိမ်ကြလိမ့်မယ်။ ဒါပေမယ့် သူက ဆက်ပြီး လုပ်ခဲ့တယ်။ အင်ပါယာရဲ့ ဦးတည်ရာက ပြောင်းလဲသွားပြီ။ စောင့်ကြည့်နေလိုက်တော့။ အားလုံးက ပျက်စီးတော့မယ်။ လျန်ပြည်နယ်ကိုလည်း တရားဝင်ပြည်နယ် အဖြစ် အသိအမှတ် ပြုလိမ့်မယ်။”

ကျန်းလီ ဖျက်ဆီးခံရပြီးနောက် လျန်ပြည်ကို ပြန်လည် ထူထောင်ခဲ့သည် ဆိုသော်လည်း ထိုအရာက နယ်စားနိုင်ငံလေး တစ်ခုမျှသာ ဖြစ်ပြီး ဘုရင်နိုင်ငံတစ်ခု မဟုတ်ခဲ့ချေ။ လျန်နိုင်ငံက တော်ဝင်ရန်အင်ပါယာ၏ သစ္စာရှိ အိမ်စောင့်ခွေးအဖြစ် တလျှောက်လုံး သတ်မှတ်ခံရ၏။ အင်ပါယာ ဘာကိုပဲလုပ်လုပ် လျန်နိုင်ငံက လိုက်လုပ်၏။

အင်ပါယာက မူဝါဒသစ်များကို အကောင်အထည် ဖော်ချိန်တွင် လျန်နိုင်ငံကလည်း မူဝါဒသစ်များကို အကောင်အထည် ဖော်၏။ အင်ပါယာက အဆင့်မြင့်အရာရှိများကို ဖျက်သိမ်းခဲ့ပြီး ဝန်ကြီးအဖွဲ့သစ် ထူထောင်၏။ လျန်နိုင်ငံကလည်း ဝန်ကြီးအဖွဲ့သစ်ကို ထူထောင်ပြန်သည်။

ထို့အပြင် လျန်နိုင်ငံ၏ဘုရင်က သူ မတတ်ကျွမ်းကြောင်း တရားဝင် အစီရင်ခံစာကို တင်သွင်းခဲ့ပြီး ဝန်ကြီးအဖွဲ့ကို ထူထောင်ရန် လမ်းညွှန်မှုမျိုးကိုပင် တောင်းဆိုခဲ့သေး၏။ သူက အမြီ တယမ်းယမ်းဖြင့် လုပ်ပြခဲ့သည်။ သူက အင်ပါယာကို သူတို့ထံသို့ ဝန်ကြီးချုပ်အား အမြန်ဆုံး စေလွှတ်ပေးရန်ပင် တိုက်ရိုက် တောင်းဆိုခဲ့သေး၏။ လျန်ပြည်နယ်ကို ဆုချရန် အင်ပါယာက လျန်နယ်စားကို ဘုရင်ဘွဲ့ ပေးရပေလိမ့်မည်။

“ဒါက ချောင်ပြည်နယ်အတွက် ကြီးမားတဲ့ အရှက်ရမှု ဖြစ်တယ်။ ဒါပေမယ့် ဒီအရှက်တရားကို မြိုချရုံက လွဲရင် တခြား ရွေးချယ်စရာ မရှိဘူး။”

ချောင်ဘုရင်သစ်က ပြောလိုက်၏။ “ဒီလိုအရှက်ရမှုကို ခံစားရတာ စကားလုံးနဲ့တောင် ဖော်ပြလို့ မရနိုင်ဘူး။ အင်း... ဒါပေမယ့် ငါတို့ရဲ့ ဘိုးဘေးတွေအတွက် ချောင်ပြည်နယ်က အင်ပါယာနဲ့အတူ အမြဲတမ်း ဘက်တူမှာ ရှိနေမှ ဖြစ်မယ်။”

ပြီးနောက် ချောင်ဘုရင်သစ်က အဆိပ်များ ပြည့်နှက်လျက် ရှိနေသည့် ပုလင်းတစ်ခုကို ထုတ်ယူပြီး ချောင်ချင်း၏ ဝိုင်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ “သတ္တမညီလေး... အစ်ကိုကြီးက မင်းကို နှုတ်ဆက်တယ်။ ဒီလိုနည်းနဲ့ မင်းက ခန္ဓာကိုယ် တစ်ခုလုံး မပျက်စီးဘဲနဲ့ သေဆုံးသွားနိုင်တယ်။”

ချောင်ချင်းက ကျယ်လောင်စွာ အော်ဟစ် ငိုယိုလျက် ရှိ၏။

“ကျုပ် မသေချင်ဘူး။ ကျုပ် မသေချင်ဘူး။” သူက မြေပြင်ပေါ်သို့ လဲကျသွားပြီး ခန္ဓာကိုယ် တစ်ခုလုံးက အားပျော့ပြီး အားအင်လည်း ကင်းမဲ့နေသည်။

ချောင်ဘုရင်သစ်က ရှေ့ကို တက်လှမ်းပြီး ချောင်ချင်း၏ မေးစေ့ကို ဆွဲဖွင့်ကာ ဝိုင်အား ပါးစပ်ထဲသို့ လောင်းထည့်လိုက်၏။

ခဏအကြာမှာတော့ ချောင်ချင်း၏ ဒွါရခုနစ်ပေါက်ဆီမှ သွေးများ ထွက်ကာ သေဆုံးသွားခဲ့သည်။

နောက်တစ်နေ့မှာတော့ ချောင်ဘုရင်က ဈာပနပွဲကို ကျင်းပခဲ့၏။ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော ချောင်ဘုရင်ဟောင်း၏ သတ္တမသား ချောင်ချင်းက မိမိကိုယ်ကို သတ်သေခဲ့သည့် ဈာပနပင်။

................

နောက်တစ်နေ့ ချောင်ပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့က တရားဝင် ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ကို လက်မှတ်ထိုးကြ၏။ ချောင်ပြည်နယ်က သူ၏ တပ်များကို ပြန်လည်ကာ ရုပ်သိမ်းပြီး နိုင်ငံနှစ်ခုကြားတွင် ရှိနေသည့် နယ်နိမိတ်များကို မူလနယ်နိမိတ်အဖြစ် ပြန်လည် ထူထောင်ရန် သဘောတူကြ၏။ ချောင်ပြည်နယ်က ရွှဲ့ပြည်နယ်ဆီမှ သိမ်းပိုက်ထားခဲ့သည့် နယ်မြေအားလုံးကို ရုပ်သိမ်းပေးရန် ဆန္ဒရှိ၏။ အနည်းဆုံး ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်တွင် ထိုသို့ ရေးသားထား၏။

သို့သော်ငြား ပိုမိုကာ အသေးစိတ် စစ်ဆေးချိန်မှာတော့ လွန်ခဲ့သည့် ၂၅ နှစ်က နယ်နိမိတ်အဖြစ် သဘောတူညီခဲ့ခြင်းပင်။ တနည်းအားဖြင့် ပြောရမည်ဆိုလျှင် ချောင်ပြည်နယ်၏ နယ်နိမိတ်က ရွှဲ့ပြည်နယ်ဘက်ဆီသို့ လီတစ်ရာ နီးပါးခန့် တိုးလာခဲ့၏။ ထိုအရာက ရွှဲ့ပြည်နယ်အနေဖြင့် စတုရန်း ကီလိုမီတာ တစ်သောင်းကျော် လက်လွတ်လိုက်သည်နှင့် တူ၏။

ထိုနည်းဖြင့် ချောင်ဘုရင်သစ်က ချောင်ပြည်နယ်၏ ပြည်သူများကို ဖြေရှင်းပြနိုင်ပေလိမ့်မည်။

ရွှဲ့ပြည်နယ်က လောကကို ကြေညာသည့်အချိန်တွင် ချောင်ပြည်နယ်ဆီ မူလ မြေပိုက်နက်များ ပေးလိုက်ရကြောင်း မည်သို့မှ ထုတ်ပြန် ကြေညာလိမ့်မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ဤလောကကြီး၏ မြေပုံက တကယ့်ကို မှုန်ဝါးပြီး အသေးစိတ် မဟုတ်သောကြောင့်ပင်။ တစ်ချက် ကြည့်ရှုလိုက်မည် ဆိုလျှင် ရွှဲ့ပြည်နယ်၏ နယ်မြေများက လုံးဝ မပြောင်းလဲချေ။ မူလမြို့များ အတိုင်း ရှိနေဆဲ ဖြစ်ပြီး တခုမှလည်း ဆုံးရှုံးခဲ့ခြင်း မရှိချေ။ ဧရိယာ နယ်နိမိတ်အရသာ ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

အတိုချုပ်အရ ပြောရမည် ဆိုလျှင် ချောင်ပြည်နယ်က ပထမဦးဆုံး ကြီးမားသည့် အောင်ပွဲကို ရရှိခဲ့ကြောင်း ပြည်သူများကို ကြေညာပေးလိမ့်မည်။

ရွှဲ့ပြည်နယ်ကလည်း ကြီးမားသည့် အောင်ပွဲကို ရရှိခဲ့ကြောင်း ပြည်သူများကို ကြေညာပေးလိမ့်မည်။

..................

“နင်ချီ... ခင်ဗျားရဲ့ လောင်းကြေးအတွက် ဂုဏ်ပြုပါတယ်။”

ချောင်ဘုရင်သစ်က ပြောလိုက်၏။ “အင်ပါယာရဲ့ နှလုံးသားကို ရရှိလိုက်ပြီ။ အိမ်ရှေ့စံရာထူးက သေချာသွားခဲ့ပြီ။”

နင်ချီက ဦးညွှတ်ကာ ပြောသည်။

“ကျုပ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်။”

ပြီးနောက် နင်ချီက ပြော၏။ “အစ်ကိုဝမ်... နင်ကျန်းကို ခင်ဗျားဆီ လွှဲပေးပါ့မယ်။”

ချောင်ဘုရင်သစ်က ပြောသည်။ “မြို့တော်က သိမ်းပိုက်ခံထားရတယ်။ ချောင်ဘုရင်သစ် အနေနဲ့ ကျုပ်မှာ ဘာသိက္ခာ ရှိတော့လို့လဲ။ သဘာဝအတိုင်း ကျုပ်က သေတဲ့အထိ တိုက်ခိုက်ပြီး နင်ကျန်းကို အစိတ်စိတ် ဖြစ်အောင် ဆုတ်ဖြဲရမယ်။ ပြီးတော့ အဲလိုလုပ်မှပဲ နိုင်ငံတော် အရှက်ရမှုကို ပြန်ပြီး ဆေးကြောနိုင်လိမ့်မယ်။ ကျုပ် နင်ကျန်းကို ပြန်လာခွင့်ပြုမှာ မဟုတ်ဘူး။”

နင်ချီက ဦးညွှတ်ကာ ပြောလိုက်၏။ “အင်း... အစ်ကိုဝမ် ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ချောင်ဘုရင်သစ်က ပြောလိုက်သည်။ “ညီတော် နင်ချီ... ခင်ဗျားရဲ့စကားလုံးတွေကို သတိရပါ။ နွေးထွေးမှုအတွက် အတူတူ နေထိုင်ကြမယ်။ အတူတူ တိုးတက်အောင်လုပ်ပြီး အတူတူ ဆုတ်ခွာကြမယ်။”

နင်ချီက လက်ကို ဆန့်တန်းလိုက်၏။ “အတူတူပါပဲ။”

..................

နောက်တစ်ရက်မှာတော့ ချောင်ဘုရင်သစ်က စစ်သည်များကို ပြန်လာရန်နှင့် မြို့တော်ကို ပြန်လည် သိမ်းပိုက်ရန်၊ ထို့အပြင် နင်ကျန်းကို သတ်ရန်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ပြန်လည်ကာ ရယူရန် အမိန့်များကို ဆက်တိုက် ထုတ်ပြန်၏။ ပြီးနောက် သူက ယခင် ချောင်ဘုရင်၏ ဝမ်းနည်းခြင်း ဦးထုပ်ကို ဝတ်ဆင်၏။ လက်ချောင်းကို ကိုက်ပြီး သွေးဖြင့် အဖြူရောင်ပိတ်စပေါ်တွင် နိုင်ငံ၏ ဂုဏ်သိက္ခာကို ပြန်လည် သန့်စင်မည် ဟူသည့် စာလုံးများကို ရေးထိုးခဲ့သည်။

ချောင်စစ်သည် နှစ်သိန်းကျော်တို့က သူတို့၏ လက်ချောင်းများကို ကိုက်ပြီး အဖြူရောင် အဝတ်စထက်တွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ပြန်လည် သန့်စင်မည်ဟူသည့် စာလုံးများကို ရေး၏။ ပြီးနောက် ထိုအဝတ်များကို သူတို့၏ နှစ်ဖူးတွင် ရစ်ပတ်ထားခဲ့ကြ၏။ စစ်တပ်က တကယ့်ကိုပင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ပြန်လည်ကာ သန့်စင်ခြင်း၊ နန်းမြို့တော်ကို ပြန်လည် သိမ်းပိုက်ခြင်း၊ နင်ကျန်းကို သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ပေတော့မည်။

ချောင်ဘုရင်သစ်နှင့် ဆရာဖြစ်သော မဟာပညာရှင် လီချွမ်ချီတို့က ယခင် ချောင်ဘုရင်၏ အခေါင်းကြီးကို ကိုယ်တိုင်ကိုယ်ကျ မြှောက်ကာ အော်ဟစ်ကြ၏။ “အဖေ... အိမ်ကို ပြန်ချိန်တန်ပြီ။”

ပြီးနောက် သူတို့က စစ်သည် နှစ်သိန်းနှင့်အတူ ချောင်ပြည်နယ်ဆီသို့ ခမ်းခမ်းနားနားနှင့် ပြန်လည်ကာ ချီတက်လာခဲ့ကြသည်။

..........

ရှမ့်လန်က တော်ဝင်ရန်အင်ပါယာ၏ ယာယီနေအိမ်တွင် နောက်ထပ် ၇ ရက် နေခဲ့၏။ ဟုတ်ပေ၏။ ဤ ၇ ရက်း သူက နေ့စဉ်နေ့တိုင်း အခန်းထဲတွင်သာ နေခဲ့ပြီး မင်းသမီးငယ်ကို ထပ်မံကာ မတွေ့ခဲ့ချေ။ တစ်နေ့မှာတော့ သူက နိုးထလာခဲ့၏။

ယာယီတော်ဝင်နေအိမ် တစ်ခုလုံးက ဗလာ ဖြစ်နေ၏။ မင်းသမီးငယ် ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။ စစ်သည် တစ်သောင်းကလည်း ထွက်ခွာသွား၏။ မရေမတွက်နိုင်သည့် နန်းတွင်း အမျိုးသမီးအစေခံများနှင့် မိန်းမစိုး အားလုံးကလည်း ထွက်ခွာသွားခဲ့ကြသည်။

တော်ဝင်သံတမန်က ရှမ့်လန်ရဲ့အရှေ့တွင် တဖန် ပေါ်လာ၏။ “ရှမ့်... ဘယ်ကို သွားမှာလဲ။ ကျုပ်တို့ ရှမ့်ကို ပြန်ပို့ပေးမယ်။”

ရှမ့်လန်က ပြောသည်။ “ချောင်မြို့တော်ကို ပြန်မှာပါ။”

တော်ဝင်သံတမန်က ပြော၏။ “ရှမ့်... ချောင်မြို့တော်ကို ပြန်ချင်တာ သေချာရဲ့လား။ ချောင်ဘုရင်သစ်က ချောင်မြို့တော်ကို တိုက်ခိုက်ဖို့ လာနေပြီ။ သူက နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို သန့်စင်မယ်ဆိုပြီး ကြွေးကြော်နေခဲ့တာ။ နင်ကျန်းကိုလည်း သတ်ချင်နေတယ်။ အခုချိန် ပြန်သွားမယ်ဆိုရင် သေသွားနိုင်တယ်။”

ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “ကျုပ် သူတို့ကို မနိုင်ရင် ပြေးရမှာပေါ့။”

တော်ဝင်သံတမန်က ပြောလိုက်၏။ “အင်ပါယာက ကြားဝင်စေ့စပ်ပေးဖို့ သံတမန်တစ်ဖွဲ့ကို စေလွှတ်လိမ့်မယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “လိုအပ်ရင် ကျုပ် အကူအညီ သေချာ တောင်းခံပါ့မယ်။”

တော်ဝင် သံတမန်က ပြော၏။ “ရှမ့်... ယဉ်ကျေးနေဖို့ မလိုဘူး။ ကျုပ်တို့က မိတ်ဆွေတွေပါပဲ။”

နှစ်နာရီအကြာမှတော့ တော်ဝင်ရန်အင်ပါယာ မြင်းစီးစစ်သည် ရာပေါင်းများစွာတို့က ရှမ့်လန်ကို ယာယီတော်ဝင် နေအိမ်မှ ချောင်မြို့တော်ဆီသို့ ပြန်လည်ကာ လိုက်ပို့၏။ ကျင်းမူလန်က နိဗ္ဗာန စစ်သည် ငါးရာကို ဦးဆောင်ကာဖြင့် ရှမ့်လန်ကို ကာကွယ်ရေး ယူပေးခဲ့သေးသည်။

တော်ဝင်ရန် မြင်းစီးစစ်သည်များက ပြန်လည် ထွက်ခွာသွားခဲ့၏။ မူလန်နှင့် တခြားသောသူများ၏ စောင့်ရှောက်မှုအောက်မှာပဲ ရှမ့်လန်က ချောင်နန်းမြို့တော်ဆီသို့ ပြန်လည်ကာ ရောက်ရှိလာခဲ့၏။

.............

ချောင်ဘုရင်သစ်၏ စစ်သည်ပေါင်း နှစ်သိန်းတို့က အလွန် လျင်မြန်စွာဖြင့် ချီတက်လာခဲ့၏။ တစ်လအတွင်း သူတို့က လီပေါင်း နှစ်ထောင်ကျော်ကို ရောက်ရှိ၏။ ချောင်မြို့တော်နှင့် လီရာဂဏန်းအနည်းငယ်သာ ကျန်ရှိတော့၏။ မြို့တော်နှင့် ပိုမိုကာနီးကပ်လာသည်နှင့်အမျှ စစ်သည်နှစ်သိန်းတို့၏ သတ်ဖြတ်လိုစိတ် အရှိန်အဝါများက ပိုမိုက အားကောင်းလာခဲ့သည်။

သူတို့သည် မကြာသေးခင်က ခံစားခဲ့ရသည့် အရှက်ရမှု အားလုံး၊ ထို့အပြင် ကွယ်လွန်သူ ချောင်ဘုရင်အတွက် လက်စားချေရန် တစ်ဖက်လူအားလုံးကို ခေါင်းဖြတ်ကာ သတ်ချင်ကြ၏။

ယခင်က စစ်သည် ၇ သောင်းမှ ၈ သောင်းခန့် ရှိသည့် ဒုတိယတန်းစား စစ်သည်များက စစ်သည် ကိုးထောင်သာ ခန့်သာ ရှိသည့် ရွှဲ့စစ်တပ်ကို မနိုင်ခဲ့ကြချေ။ ယခု သူတို့၏ စစ်သည် နှစ်သိန်းက စစ်သည် ကိုးထောင်သာရှိသော ရွှဲ့စစ်တပ်ကို တိုက်ခိုက်ခြင်း ဖြစ်၏။ သူတို့ ကျိန်းသေပေါက် နိုင်ရပေလိမ့်မည်။ ထို့အပြင် တည်နေရာက ချောင်မြို့တော် ဖြစ်၏။ ရွှဲ့စစ်သည် ကိုးထောင်တို့က တရားမဝင် ကျူးကျော် နေထိုင်သူများ ဖြစ်သည်။

ဘုရင်သစ် ရောက်ရှိလာသည်နှင့် နန်းမြို့တော်တွင်ရှိနေသည့် မရေတွက်နိုင်အောင် များပြားသော သူရဲကောင်းများက ပြန်လည်ကာ ထကြွလာပေလိမ့်မည်။ ဘုရင်သစ်၏ ချောင်စစ်သည်များနှင့် မြို့တွင်းတွင် ရှိနေသည့် သူရဲကောင်းများ အတူပူးပေါင်းပြီး နင်ကျန်းနှင့် ရှမ့်လန်တို့၏ တပ်များကို ရှင်းလင်းပေလိမ့်မည်။

ထို့ကြောင့် ချောင်စစ်တပ်ကြီး နန်းမြို့တော်နှင့် နီးကပ်လာသည်ကို လူတိုင်းက စောင့်ဆိုင်းနေကြ၏။ နင်ကျန်း သူ၏တပ်များကို ရုပ်သိမ်းမည်လားဟု လူတိုင်းက စောင့်ကြည့်၏။ ဆုတ်ခွာခြင်းက အလိမ္မာဆုံးသော လုပ်ဆောင်ချက်တစ်ခု ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက စစ်တပ် တစ်ခုလုံး ရှင်းလင်းခံရပြီး တခြားသောသူ၏ နယ်မြေထဲတွင် အရှက်တကွဲ သေဆုံးသွားပေလိမ့်မည်။

ထို့အပြင် ဤမျှ ကြီးမားလာသည့် သတင်းက ရွှဲ့ပြည်နယ်၏ တစ်လျှောက်လုံးသို့ ပျံ့နှံ့နေပြီ ဖြစ်သောကြောင့် လုံလောက်သည့် ခမ်းနားထည်ဝါမှုကို ဖန်တီးပေးပြီးပြီ ဖြစ်၏။ မဟာဗျူဟာမြောက် ရည်မှန်းချက်က အောင်မြင်ခဲ့ပြီးပြီဟု ဆိုလိုခြင်းပင်။

သို့သော်ငြား နင်ကျန်းက ဆုတ်ခွာရန် ရည်မှန်းချက် မရှိဘဲ ချောင်မြို့တော်ကို ဆက်လက် သိမ်းပိုက် ထား၏။ လူတိုင်းက တုန်လှုပ်နေ၏။ နင်ကျန်းက ရူးသွားနေလေပြီလား။ သေချင်နေသည်လား။ စစ်သည် ကိုးထောင်တည်းနှင့် သေဆုံးရန် တောင်းဆိုနေသည်လား။

အိမ်ရှေ့စံ ရာထူးကို ရယူနိုင်ဖို့ ရွှဲ့ပြည်နယ်ကို အမြန်ဆုံး ပြန်သွားသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ချောင်မြို့တော်၌ အချိန်ဖြုန်းနေရသနည်း။ ယခု မပြန်လျှင် အိမ်ရှေ့စံရာထူးကို နင်ချီ လုယူသွားမည်အား မစိုးရိမ်ပေဘူးလား။

ခမ်းနားထည်ဝါသော အောင်ပွဲများနှင့် နန်းမြို့တော်သို့ ပြန်သွားသင့်၏။ ထို့အပြင် အင်ပါယာ၏ ရည်ရွယ်ချက်ကလည်း ရှင်းရှင်းလင်းလင်းပင်။ နင်ချီ၏ ဆက်ခံမှုကို ထောက်ခံသည်ဟု ပြသခဲ့၏။ နင်ကျန်းက ရာထူးကို သိမ်းယူဖို့ မပြင်ဘဲ ဤနေရာတွင် သေဆုံးရန် စောင့်မျှော်နေသည်လား။

စစ်သည်လေး ကိုးထောင်တည်းနှင့် တစ်ဖက် စစ်သည်ပေါင်း နှစ်သိန်းကို မည်သို့ အနိုင်ယူမည်နည်း။ ချောင်မြို့တော်မှာတင် ရှုံးနိမ့်ပြီး သနားဖွယ်ရာ သေဆုံးရပေလိမ့်မည်။ နင်ချီက ရွှဲ့ပြည်နယ်တွင် အိမ်ရှေ့စံ ရာထူးကို သိမ်းပိုက်သွားပေလိမ့်မည်။

................

ချောင်စစ်တပ်ကြီးက နန်းမြို့တော်နှင့် ပိုမိုကာ နီးကပ်လာခဲ့၏။ နင်ကျန်း၏ လူကိုးထောင်က ဆုတ်ခွာရန် ရည်မှန်းချက် မရှိသေးချေ။ ချောင်စစ်သည်များ၏ လူသတ်လိုသည့် အရှိန်အဝါမျိုးက နေ့စဉ်နှင့်အမျှ ပိုမိုကာ အားကောင်းလာခဲ့၏။

ချောင်ဘုရင်အသစ်က သူ့ဖခင်၏ ခေါင်းတလားကို အသာပိုက်ကာဖြင့် ငိုကြွေးရင်း လိုက်ပါလာခဲ့၏။ ညတိုင်း သူက ကွယ်လွန်သူဘုရင်၏ ခေါင်းတလားရှေ့တွင် ဓားသိုင်းကို လေ့ကျင့်၏။ ထို့အပြင် ညစဉ်ညတိုင်း ဦးတိုက်ကာဖြင့် လက်စားချေရန် ကျိန်ဆိုသည်။

ချောင်ဘုရင်သစ်၏ဆန္ဒကို လူတိုင်းက မြင်ရ၏။ စစ်မှန်သည့် လူသတ်လိုခြင်း အရှိန်အဝါများက ကောင်းကင်ပေါ်သို့ ထိုးတက်နေ၏။ ချောင်စစ်သည်များက မြားပစ်ခတ် လေ့ကျင့်သည့် ပစ်မှတ်များကို ရှမ့်လန်နှင့် နင်ကျန်းတို့၏ ပန်းချီပုံများအဖြစ် ပြောင်းလဲကာ လေ့ကျင့်၏။ မြားထောင်ပေါင်းများစွာတို့ကို နေ့စဉ် ပစ်ခတ် လေ့ကျင့်၏။

ချောင်ဘုရင်၏ ခေါင်းတလား ထားရှိခဲ့သည့် လမ်းတလျှောက် နေရာတိုင်းတွင် သူတို့က သွေးကို အသုံးပြု၍ လူနှစ်ဦး၏ နာမည်များကို ရေးထိုး၏။ နင်ကျန်း၊ ရှမ့်လန်၊ ဤလူများက သူတို့အတွက် အကြီးမားဆုံးသော ရန်သူများပင်။ ရှမ့်လန်က သူ့ရန်သူများ၏ နာမည်ကို နံရံပေါ်တွင် ရေးခဲ့၏။ ချောင်ဘုရင်သစ်ကလည်း ထိုနည်းအတိုင်း လုပ်ဆောင်ခဲ့၏။ သို့ပေမည့် သူတို့က သွေးကိုအသုံးပြု၍ ရေးသည်သာမက ဓားကိုအသုံးပြု၍ လူနှစ်ဦး၏ နာမည်များကို ထွင်းထုထားခဲ့၏။ သူတို့၏ နှလုံးသားထဲတွင် ရှိနေသည့် မုန်းတီးမှုကို ကောင်းကင်နှင့် မြေပြင်ကပင် မြင်နိုင်သည်။

..................

ထိုညမှာတော့ ချောင်ဘုရင်သစ်က သူ့အဖေ၏ အခေါင်းရှေ့တွင် ငိုကြွေးခဲ့ပြီးနောက် ဓားသိုင်းလေ့ကျင့်မှုကို ပြုလုပ်၏။

“သတ်မယ်။ နန်းမြို့တော်ကို ပြန်ယူမယ်။ ရှမ့်လန်နဲ့ နင်ကျန်းတို့ကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲမယ်။”

ခေါင်းတလား ထားရှိသည့် နံရံများတွင် နင်ကျန်း၊ ရှမ့်လန်၏ နာမည်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ ဤအခန်းထဲတွင် ချောင်ဘုရင်သစ်သာလျှင် ရှိ၏။ အဘယ်ကြောင့်ဆိုသော် ညစဉ်ညတိုင်း သူက လူတိုင်းကို အဝေးဆီသို့ မောင်းထုတ်၏။ သူက သူ့ဖခင်နှင့် နှစ်ယောက်တည်း အတူနေချင်၏။ ဓားသိုင်းကို လေ့ကျင့် ခဲ့ပြီးနောက် သူက လက်စားချေရန် အော်ဟစ်သည်။

ထိုအချိန်မှာပဲ လူတစ်ဦးက ဝင်ရောက်လာခဲ့၏။ ထိုသူက ဆရာကြီး လီချွမ်ချီပင်။

“ဘုရင်မင်းမြတ်... သူက လီသုံးဆယ်အကွာမှာ စောင့်နေပါတယ်။”

ချောင်ဘုရင်သစ်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက လျှို့ဝှက်မြေအောက် လမ်းကြောင်းမှတဆင့် ထွက်ခွာသွားခဲ့၏။ သူ ထွက်ခွာသွားပြီးနောက် ခေါင်းတလား ထားရှိသည့် အခန်းထဲတွင် ကျယ်လောင်သည့် ငိုကြွေးသံက ဆက်တိုက် ထွက်ပေါ်နေ၏။ ငိုကြွေးသံက လူများ၏ နှလုံးသားကို လှုပ်ရှားစေခဲ့၏။

စစ်သည်ပေါင်းများစွာက ထိုအရာကို ကြားချိန်မှာတော့ မျက်ရည်ပင် ဝိုင်း၏။ သူတို့ဘုရင်၏ သားသမီးဝတ္တရား ကျေပွန်ပုံက တကယ်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှ၏။ တစ်လကျော်သည်အထိ ညစဉ်ညတိုင်း ခေါင်းတလားရှေ့တွင် ငိုလျက် ရှိနေ၏။ ဤတစ်လအတွင်း သွေး သုံးကြိမ်ပင် အန်ခဲ့သေး၏။

ကံကောင်းစွာဖြင့် သူတို့ဘုရင်၏ တိုက်ခိုက်လိုစိတ်က ပိုမိုကာ အားကောင်းလာခဲ့၏။ နေ့စဉ်နေ့တိုင်း အခန်းထဲတွင် ရှမ့်လန်နှင့် နင်ကျန်းတို့၏ နာမည်များကို ထွင်းထု၏။ ဤအရာက ကြီးမားလွန်းသည့် ရန်ငြိုးပင်။

…….

လီသုံးဆယ်အကွာရှိ နန်းဆောင်ထဲမှာတော့ ....။

အချိန်က သန်းခေါင်ယံဖြစ်၏။ တောင်တစ်ခုလုံးကလည်း ဗဟာဟင်းလင်းပင်။ လီချွမ်ချီ၏ လိုက်ပါ ပို့ဆောင်မှုနှင့်အတူ ချောင်ဘုရင်သစ်က တောင်ပေါ်သို့ တက်ပြီး နန်းဆောင်သို့ ရောက်ရှိလာ၏။

လူတစ်ဦးက ထိုနန်းဆောင်၏ အပြင်ဘက်တွင် ရပ်နေ၏။ ထိုအရာက ဓားဘုရင် လီချင်းချိုးပင်။

ချောင်ဘုရင်သစ် နန်းဆောင်ထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် လီချွမ်ချီက အပြင်ဘက်တွင် နေခဲ့၏။ ထိုအချိန်မှာတော့ နန်းဆောင်ထဲတွင် လူတစ်ဦး ထိုင်လို့နေ၏။ ထိုသူက ရှမ့်လန်ပင်။

All Chapters