← Chapters

အခန်း (၇၁၉-၇၂၀)

Vol. 45 Ch. 719-720

အခန်း (၇၁၉-၇၂၀)

Vol. 45 Ch. 719-720

အပိုင်း (၇၁၉)

“ခြေတစ်လှမ်းဆုတ်တယ်။ ပြီးတော့ နောက်တစ်လှမ် ထပ်ဆုတ်တယ်။”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “မင်းက အခုထိ အချိန်အခါကောင်းကို စောင့်နေတယ်လို့ ပြောချင်နေတာပေါ့။ ကျင်းနိုင်ငံနဲ့ ချန်နိုင်ငံအသစ်တို့က အရမ်းကို အင်အားကြီးမားတယ်။ သူတို့က ဒီအတိုင်းထိုင်ပြီး သေမှာကို စောင့်နေကြမယ့်လူတွေ မဟုတ်ဘူး။ သူတို့က ပြန်ပြီးခုခံကြလိမ့်မယ်။ လောကကြီး ဖရိုဖရဲဖြစ်တဲ့အချိန်ထိ မင်းက စောင့်နေတာမလား။ အဲဒီအချိန်ကို အခွင့်ကောင်းယူပြီး လွတ်မြောက်အောင် မင်းက ကြိုးစားမယ်ပေါ့။ ဟုတ်လား။”

နင်ချီက စကားမပြောနိုင်ချေ။ တိတ်ဆိတ်ငြိမ်သက်နေသည်။

နင်ယွမ်ရှန်းက ဆက်ကာပြောလိုက်၏။ “ဒါဆိုရင် မင်းမမေ့နဲ့အုံး။ ရွှဲ့ပြည်နယ်ရဲ့ မူဝါဒအသစ်ကို ချမှတ်နေတုန်းက ကျင်းမိသားစုက နန်းကုန်းအိုရဲ့ အရိပ်အာဝါသအောက် ခိုလှုံဖို့ ကြိုးစားခဲ့ကြဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နန်းကုန်းအိုက ထျန်းနန်ပြည်နယ်မှာ ထိပ်တန်းအထက်တန်းလွှာ တစ်ဦးဖြစ်ခဲ့လို့ပဲ။

ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘာဖြစ်သွားလဲ။ ငါဘာမှ မလုပ်ရခင်မှာပဲ နန်းကုန်းအိုက မူဝါဒအသစ်ကို လက်နက်ချ အလျှော့ပေးလိုက်တယ်။ မင်းက မင်းကိုမင်းပဲ အားကိုးလို့ရမယ်။ နင်ချီ... မင်းက တော်ပါတယ်၊ ဒါပေမဲ့ မင်းက လူလည် အရမ်းကျလွန်းနေတယ်။ မင်းဆီမှာ နင်ကျန်းလိုမျိုး ဇွဲ၊ လုံ့လမျိုး မရှိဘူး။”

နင်ချီ၏ မျက်နှာက ပျက်ယွင်းသွား၏။ သူက ပြန်လည်ချေပလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏။

‘ကျုပ်က နင်ကျန်းလိုမျိုး သေရင်သေပါစေ ဘယ်တော့မှ အရှုံးမပေးဘဲ နောက်ဆုံးမှာ ပျက်စီးဆုံးရှုံးရမယ့် လမ်းကို ရွေးရမှာလား။ ကျုပ်က ဘာကြောင့် ရှေ့ကိုထွက်နေရမှာလဲ။ သူများတွေကို ရှေ့ထွက်ခိုင်းလို့ မရဘူးလား။’

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “အဆင့်အတန်း ခွဲခြားရမယ်ဆိုရင် အင်ပါယာကျန်းလီက ထိပ်ဆုံးအဆင့်မှာ ရှိတယ်။ မင်းသားကျင်းကလည်း ထိပ်ဆုံးအဆင့်ပဲ။ နင်ကျန်းကလည်း ထိပ်ဆုံးအဆင့်မှာ ရှိတယ်။ မင်း နင်ချီကတော့ အလယ်အလတ်နဲ့ အထက်တန်းအဆင့်လောက်ပဲ ရှိတယ်။”

နင်ချီ၏ နှလုံးသားတစ်ခုလုံးက နာကျင်သွားခဲ့၏။ သူက အလယ်အလတ်နှင့် အထက်တန်းအဆင့်လောက်သာ ရှိနေသလား။ မည်မျှ ရှက်ရွံ့စရာ ကောင်းလိုက်သနည်း။

နင်ယွမ်ရှန်းက လှောင်ပြုံးပြုံးလိုက်၏။ “ဒါပေါ့။ ငါ နင်ယွမ်ရှန်းကလည်း အလယ်အလတ်နဲ့ အောက်တန်း အဆင့်ပေါ့။”

နောက်ဆုံးမှာတော့ နင်ချီက မနေနိုင်ဘဲ မေးလိုက်မိသည်။ “ဒါဆိုရင် ရှမ့်လန်ကရော။ သူက ဘယ်အဆင့်မှာ ရှိလဲ။”

နင်ယွမ်ရှန်းက ဖြေလိုက်၏။ “အဲဒီကောင်လေးက ကောက်ကျစ်လွန်းလို့ အဆင့်သတ်မှတ်လို့တောင် မရဘူး။”

............

နင်ချီ ပြန်ရောက်လာခဲ့ပြီးနောက် သေနာပတိ မှူးမတ်အပေါင်းတို့က သနားခံစာ စာလွှာများကို ဒီရေအလားပင် ပေးပို့ကြတော့သည်။ “အရှင်မင်းကြီး... မင်းသားနင်ချီကို ကောင်းကင်ပူဇော်လွှာ ဖတ်ကြားခွင့် ပေးသနားတော်မူပါ။”

ဤသနားခံစာအားလုံးကို နင်ယွမ်ရှန်းက ပယ်ချလိုက်၏။ ထို့ကြောင့် နောက်တစ်နေ့ ညီလာခံမှာတော့ မှူးမတ်သေနာပတိ အားလုံးတို့က သနားခံစာများကို ကိုယ်တိုင်တင်သွင်းကြပြန်၏။

“အရှင်မင်းကြီး... မင်းသားနင်ချီကို ကောင်းကင်ပူဇော်လွှာ ဖတ်ကြားခွင့် ပေးသနားတော်မူပါ။”

ထပ်မံ၍ တူညီသည့် ဖြစ်ရပ်များပင်။ နန်းတွင်းရှိ အရာရှိအားလုံးက တညီတညွတ်တည်း လျှောက်တင် နေကြ၏။ ကျူးဟုန်ကျူး၊ ကျုံးအီ၊ နင်ယုနှင့် တခြားသော အရှိန်အဝါကြီးမားသူ အားလုံးက နင်ချီကို ကောင်းကင်ပူဇော်လွှာ ဖတ်ကြားခွင့်ပေးရန် လူသိရှင်ကြား သနားခံစာ တင်သွင်းကြသည်။

နင်ယွမ်ရှန်းက ဦးရီးတော်နင်ချီကို ကြည့်ကာ မေးလိုက်၏။ “ဦးရီးတော် နင်ချီ... ဘယ်လိုသဘောရလဲ။”

သူ၏ သဘောထားက တကယ့်ကို ရှင်းလင်း၏။ နင်ချီကို ဆန့်ကျင်ဘက် အမြင်တစ်ခု တင်ပြလိုစေခြင်းပင်။ ဘုရင်တစ်ပါးအနေနှင့် ဤကိစ္စကို သူကိုယ်တိုင် ငြင်းပယ်ရန် မသင့်တော်သောကြောင့်ပင်။ ဦးရီးတော် နင်ချီက ရိုးသားဖြောင့်မတ်ပြီး ကျင့်စရိုက်ရှိသူ တစ်ယောက်ဖြစ်၏။ ယခင်က အရေးကြီးသည့် အချိန်တိုင်းတွင် ရှေ့ထွက်ကာ ဖြေရှင်းပေးလေ့ရှိသည်။

ဦးရီးတော် နင်ချီက ဘုရင်မင်းမြတ်၏ သဘောထားကို ရိပ်မိ၏။ သို့သော်ငြား သူက အချိန်ကြာမြင့်စွာ တုံ့ဆိုင်းနေမိ၏။ သူက တတိယမင်းသား နင်ချီကလည်း မဆိုးဘူးဟု အမှန်တကယ် ထင်မြင်မိ၏။ နင်ကျန်းကလည်း တော်၏။ သို့သော်ငြား နင်ချီက ပို၍ တော်သည် မဟုတ်ပါလား။ အရှင်မင်းကြီးက အဘယ်ကြောင့် တတိယမင်းသားနင်ချီအပေါ်တွင် ဤမျှ ဘက်လိုက်ပြီး အမြင်စောင်းနေရသနည်း။

နောက်ဆုံးမှာတော့ နင်ချီက အံကိုကြိတ်ကာဖြင့် သူ၏ဆန္ဒအတိုင်း လိုက်လျောရန် ဆုံးဖြတ်ကာ လျှောက်တင်လိုက်၏။

“ကျုပ်လည်း သဘောတူပါတယ်။ တတိယမင်းသားနင်ချီကို ကောင်းကင်ပူဇော်ပွဲအခမ်းအနားမှာ ကောင်းကင်ပူဇော်လွှာ ဖတ်ကြားခွင့် ပြုပါ။”

ဤစကားကိုကြားချိန်မှာတော့ နင်ယွမ်ရှန်း၏ မျက်နှာထားက ပြောင်းလဲသွား၏။ ‘ခင်ဗျားကပါ ဘာလို့စိတ်ပြောင်းသွားရတာလဲ။ ကျုပ်ရဲ့ သဘောထားကို မသိတာလည်း မဟုတ်ဘဲနဲ့။’

ဦးရီးတော်နင်ချီက အရှင်မင်းကြီးကို စိတ်ပျက်စေမှန်းသိသော်လည်း ဤအရာက ရွှဲ့ပြည်နယ်၏ အကျိုးစီးပွားအတွက် ဖြစ်ကြောင်း သူ ယူဆမိသည်။

ဘုရင်နင်ယွမ်ရှန်းက မဲ့ပြုံး ပြုံးလိုက်၏။ “ကောင်းပြီ။ ဒီလိုဆိုရင်လည်း ကျုပ်ကိုယ်တိုင်ပဲ ရှင်းရတော့မှာပေါ့။ ပြီးခဲ့တဲ့ ကောင်းကင်ပူဇော်လွှာကို နင်ကျန်း ဖတ်ကြားခဲ့တယ်။”

နင်ယွမ်ရှန်းက ပြုံးကာ ဆက်ပြောလိုက်သည်။ “အမတ်မင်းတို့... ဘာကြောင့် တစ်ယောက်တည်းပေါ်မှာပဲ အဆုံးထိ သစ္စာမရှိကြတာလဲ။”

မှူးမတ်များက မျက်နှာပျက်ယွင်းသွား၏။ ထိုအချိန်မှာပဲ စစ်ဖက်ဆိုင်ရာ အမတ်ကြီးကျုံးအီက ရှေ့သို့ထွက်လာပြီး လျှောက်တင်၏။ “အရှင်မင်းကြီး... မင်းသားနင်ကျန်းက ဒီစစ်ပွဲမှာ ကြီးမားတဲ့ စွမ်းဆောင်ရည်ကို ပြခဲ့တယ်။ ဒါကြောင့် ကောင်းကင်ပူဇော်လွှာကို ဖတ်ကြားတယ်ဆိုတာ သင့်တော်ပါတယ်။ ဒါပေမဲ့ အခြေအနေက မပေးပါဘူး။ သူက ချောင်ပြည်နယ်ရဲ့ နယ်နိမိတ်ထဲကို ရောက်နေပါတယ်။

နောက်ဆုံးသတင်းတွေအရဆိုရင် မင်းသားနင်ကျန်းက အရေးကြီးတဲ့အချိန် ရောက်နေတာတောင် ချောင်မင်းနေပြည်တော်ကနေပြီးတော့ တပ်ဆုတ်ဖို့ ဆန္ဒမရှိဘူးလို့ သိရတယ်။ ရလဒ်အားဖြင့် သူက ချောင်မင်းနေပြည်တော်မှာ စစ်သည်အင်အား နှစ်သိန်းကျော်တို့ရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံထားရတယ်။ သူက မြို့အတွင်းပိုင်းကိုတောင် ပြန်ပြီးဆုတ်ပြေးရတယ်လို့ ကြားတယ်။ အဲဒီနောက်ပိုင်း ဘာသတင်းမှ မကြားရတော့ပါဘူး။”

ဘုရင်နင်ယွမ်ရှန်းက မျက်မှောင်ကြုတ်လိုက်၏။ သူက နင်ကျန်း ဘေးကင်းစွာ ဆုတ်ခွာနိုင်ရန် သံတမန် တော်တော်များများကို ချောင်မင်းနေပြည်တော်သို့ စေလွှတ်ခဲ့ပြီးသား ဖြစ်သည်။

ကျုံးအီက ဆက်လက်ကာ လျှောက်တင်၏။ “ဒီဖြစ်စဉ်မှာ ကျုပ်ရဲ့ညီကျုံးယောင်နဲ့ မင်းသားနင်ချီတို့ နှစ်ယောက်လုံးက မင်းသားနင်ကျန်းဆီ လျှို့ဝှက်စာတွေ ပို့ခဲ့တယ်။ မဟာဗျူဟာမြောက် ရည်မှန်းချက်က ပြည့်စုံသွားခဲ့ပြီဖြစ်လို့ မလိုအပ်ဘဲ အသက်မစွန့်ကြဖို့၊ ချောင်တပ်မတော်ကြီး သူတို့ရဲ့နန်းမြို့တော်ကို မရောက်ခင် ဆုတ်ခွာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ မင်းသားနင်ကျန်းက ငြင်းဆန်ခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေက မင်းသားနင်ကျန်းကသာ ချောင်ပြည်နယ်ရဲ့ သုံ့ပန်းအဖြစ် ဖမ်းခံလိုက်ရရင် ရွှဲ့ပြည်နယ်အနေနဲ့ သူ့ကိုပြန်ရွေးဖို့ ကြီးမားတဲ့ တန်ကြေးတစ်ခုကို ပေးဆပ်ရပါလိမ့်မယ်။ ဒါကြောင့် မင်းသားနင်ကျန်းကို ကောင်းကင်ပူဇော်လွှာ ဖတ်ကြားစေဖို့ မျှော်လင့်တာက လက်တွေ့မကျပါဘူး။”

ထိုအရာက စိတ်ဝင်စားစရာပင်။ နင်ကျန်း အသတ်ခံရမည် သို့မဟုတ် အဖမ်းခံရမည်မှာ သေချာသလောက် ဖြစ်၏။ ဤနည်းအားဖြင့် ရွှဲ့ပြည်နယ်က ခံစစ်အနေအထားသို့ ရောက်ရှိသွားမည်။ ထို့ကြောင့် နင်ကျန်း၏ ချောင်မင်းနေပြည်တော်၌ ခုခံကာကွယ်ခြင်းက ရှုံးနိမ့်ခြင်းသာမက အမှားကြီးတစ်ခုလည်း ဖြစ်၏။

ထိုစကားကိုကြားချိန်မှာတော့ မှူးမတ်အပေါင်းတို့က ခေါင်းခါယမ်းကာဖြင့် သက်ပြင်းချ၏။ မင်းသားနင်ကျန်း က အမှန်တကယ်ပင် ခေါင်းမာလွန်းသည်ဟု သူတို့ ငြီးတွားမိကြ၏။ အောင်ပွဲရရှိခဲ့ပြီ ဖြစ်သော်လည်း ကိစ္စများကို ရှုပ်ထွေးအောင် ထပ်မံပြုလုပ်ပြီး ရွှဲ့ပြည်နယ်ကို ဒုက္ခရောက်စေသည်ဟု ယူဆ၏။ မည်သည့်မှူးမတ်ကမှ နင်ကျန်းဘက်မှ ဝင်မပြောပေးကြချေ။

ထိုအချိန်မှာပဲ လူတစ်ယောက်က မတ်တတ်ထရပ်ပြီး အေးစက်စက်အပြုံးနှင့် လျှောက်တင်သည်။ “အမတ်မင်းတို့... သတင်းအတိအကျ ရောက်လာကြပြီလား။ ဘာလို့ မင်းသားနင်ကျန်းက အဖမ်းခံရတယ်၊ အသတ်ခံရတယ်လို့ပဲ တဖွဖွ ပြောနေရတာလဲ။ မင်းသားနင်ကျန်း အချိန်မီ ပြန်မရောက်နိုင်ဘူးဆိုတာ ခင်ဗျားတို့ ဘယ်လိုသိတာလဲ။”

ထိုသူက ကျန်းချုံး၏သား အမတ်ကျန်းချွင်ပင် ဖြစ်၏။ သူက ပဉ္စမအဆင့် ရာထူးသို့ တိုးမြှင့်ခံရပြီး စာရင်းစစ် အမတ်တစ်ယောက် ဖြစ်လာခဲ့၏။ သို့သော်ငြား ညီလာခံတွင် သူက အရာရှိငယ်လေး တစ်ယောက်သာ ဖြစ်သောကြောင့် စကားပြောခွင့် မရှိသလောက်ပင်။

ထိုစကားကို ကြားချိန်မှာတော့ လူတိုင်းက အထင်အမြင်သေးစွာဖြင့် လှမ်းကာ ကြည့်ရှုကြ၏။ နင်ကျန်းက ချောင်မင်းနေပြည်တော်၏ အတွင်းမြို့သို့ ဆုတ်ခွာခဲ့ရပြီး စစ်သည်အင်အား နှစ်သိန်းကျော်၏ ဝန်းရံခြင်းကို ခံထားရ၏။ ထိုနေရာက ရန်သူ၏ တိုင်းပြည်၊ ရန်သူ၏ မြို့တော်ဖြစ်၏။ တစ်ချိန်လုံး သတင်းအစအနလည်း မကြားရပေ။ တပ်ဖွဲ့တစ်ခုလုံး သုတ်သင်ခံရနိုင်ချေက များ၏။ အရှင်ဖမ်းခံရခြင်း သို့မဟုတ် အသတ်ခံရခြင်း နှစ်မျိုးသာ ရှိပေမည်။

အကယ်၍ နင်ကျန်းနှင့် ရှမ့်လန်တို့က လူအင်အား ကိုးထောင်တည်းဖြင့် ချောင်မင်းနေပြည်တော်ရှိ စစ်သည်နှစ်သိန်းကို အနိုင်ယူခဲ့သည်ဆိုပါက သူတို့က လူသားများ မဟုတ်တော့ပေ။ နတ်ဘုရားများသာ ဖြစ်ပေလိမ့်မည်။

ကျန်းချွင်က ဦးတိုက်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းကြီး... ပြီးခဲ့တဲ့ ပူဇော်ပွဲအခမ်းအနားမှာ မင်းသားနင်ကျန်းရဲ့ စွမ်းဆောင်မှုကို ကျုပ်တို့တွေ မှတ်မိနေပါသေးတယ်။ ကောင်းကင်ဘုံကို အမျက် မထွက်စေဖို့ သစ္စာတရားကို အဆုံးထိ စောင့်ထိန်းပြီး ဒီပူဇော်ပွဲအခမ်းအနားကို မင်းသားနင်ကျန်းကိုပဲ ဦးစီးဖို့ ခွင့်ပြုသင့်ပါတယ်။”

ချက်ချင်းပဲ ဒုတိယစာရင်းစစ် ဝန်အမတ်က ထရပ်ပြီး အေးစက်စက်နှင့် ပြော၏။ “မင်းသားနင်ကျန်း ပြန်မရောက်လာရင် ဘယ်လိုလုပ်မလဲ။ ပူဇော်ပွဲအခမ်းအနားကို ကျင်းပဖို့ ၇ ရက်ပဲ လိုတော့တယ်။ မင်းက အရှင်မင်းကြီးကိုယ်တိုင် ဒီစာလွှာကို ဖတ်ကြားစေချင်တာလား။”

ထိုအချိန်မှာပင် ဝန်ကြီးချုပ်ကျူးဟုန်ကျူးက ရှေ့သို့ထွက်ကာဖြင့် လျှောက်တင်သည်။ “အရှင်မင်းကြီး.... ဒီလိုလုပ်ရင် ဘယ်လိုသဘောရပါလဲ။”

နင်ယွမ်ရှန်းက ပြော၏။

“ကဲ ပြောပါအုံး။” သူ၏လေသံက အေးစက်နေ၏။ ယခင်ကဆိုလျှင် ဝန်ကြီးချုပ် စကားလာပြောပါက နင်ယွမ်ရှန်းက ဟန်ဆောင်၍သော်လည်းကောင်း အရေးတယူလုပ်လေ့ရှိသော်လည်း ယခု ဂရုပင် မစိုက်တော့ချေ။

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ဒီပူဇော်ပွဲအခမ်းအနားမှာ မင်းသားနင်ကျန်းကိုပဲ ပူဇော်လွှာ ဖတ်ကြားသူ အဖြစ် သတ်မှတ်ပါမယ်။ ဒါပေမဲ့ မင်းသားနင်ချီကို အရံလူအဖြစ် ထားပါမယ်။ တကယ်လို့ နင်ကျန်းကသာ အချိန်မီ ပြန်မရောက်လာဘူးဆိုရင် နင်ချီက အစားထိုး ဖတ်ကြားပါလိမ့်မယ်။”

နင်ကျန်း အချိန်မီရောက်မလာလျှင် ဆိုသည့် စကား၏ အဓိပ္ပာယ်က ဘာဖြစ်သနည်း။ လူတိုင်း၏ စိတ်ထဲတွင် နင်ကျန်းက လုံးဝ ပြန်မရောက်နိုင်တော့ဟု တွက်ဆထားကြ၏။ တစ်လကျော်ကြာ ဝိုင်းဝန်းပိတ်ဆို့ ခံထားရသည်ဖြစ်ရာ နတ်ဘုရားများပင် သူ့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီလေ။”

ပြီးနောက် နင်ယွမ်ရှန်းက အမိန့်ပြန်တမ်းကို ထုတ်ပြန်လိုက်သည်။ ပူဇော်ပွဲအခမ်းအနားတွင် နင်ကျန်းက ပူဇော်လွှာကို ဖတ်ကြားသူဖြစ်ပြီး နင်ချီက အရံလူဖြစ်၏။ ဤသည်မှာ ဘုရင်မင်းမြတ်က အရာရှိပေါင်းများစွာတို့အား လိုက်လျောပေးလိုက်ခြင်း ဖြစ်၏။ သို့သော်ငြား ထိုလိုက်လျောမှုက အဓိပ္ပာယ် မရှိဘူးဟုလည်း ခံစားရသည်။

...............

ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ဟိန်းထွက်လာသည့် အော်ဟစ်ကြွေးကြော်သံ တစ်ခု ကြားလိုက်ရ၏။

“အရေးပေါ်။ အရေးပေါ်”

ထောင်စုမှုးတစ်ယောက်က နန်းတော်ထဲသို့ ပြေးဝင်လာခဲ့၏။ သူက လန်ရီပင် ဖြစ်၏။ နင်ကျန်း၏ ဘေးနားတွင် ရှိနေခဲ့သည် မဟုတ်ပါလား။ အဘယ်သို့ ပြန်ရောက်လာရသနည်း။

“ဂုဏ်ယူပါတယ် အရှင်မင်းကြီး။ ဂုဏ်ယူပါတယ်။ မင်းသားနင်ကျန်းက ချောင်ပြည်နယ်ဘုရင်ရဲ့ တပ်မကြီး နှစ်သိန်းကို အနိုင်ယူပြီး စစ်ပွဲကြီးကို အောင်နိုင်ခဲ့ပါတယ်။ ဒါကတော့ ချောင်ဘုရင်နဲ့ မင်းသားနင်ကျန်းတို့ လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးစာချုပ်သစ်ပါ။ ဒါကတော့ အရှင်မင်းကြီးထံကို ချောင်ဘုရင် ပေးပို့လိုက်တဲ့ သဝဏ်လွှာပါ။ အရင်က ချုပ်ဆိုထားတဲ့သဘောတူညီမှုစာချုပ်က ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း ကြေညာထားပါတယ်။”

ထိုစကားကိုကြားသည်နှင့် အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။

‘ကောင်းကင်ဘုံ... သတင်းအချက်အလက်တွေက များလွန်းတာပဲ။ ဘာတွေ ဖြစ်ခဲ့တာလဲ။’

နင်ကျန်းရဲ့ တပ်သားကိုးထောင်က အတွင်းပိုင်းထိ ဆုတ်ခွာခဲ့ပြီး ချောင်ဘုရင်ရဲ့ တပ်သားနှစ်သိန်းကို အနိုင်ယူနိုင်ခဲ့သည်လား။ ဆုတ်ခွာသည်ဟူသည့် စကားလုံးကို သုံးထားခြင်းပင်။ ချေမှုန်းသည်ဟုပင် မသုံးထားချေ။

သို့ပေမည့် ချောင်ဘုရင်က အဘယ်သို့ ဤတိုင်းလွှတ်ပေးလိုက်မည်နည်း။ ပြည်သူများအတွက် လက်စားချေဖို့ သူက အဆုံးထိ တိုက်ခိုက်ပြီး နင်ကျန်း၏ တပ်သားကိုးထောင်ကို အပြတ်ရှင်းပစ်ရမည် မဟုတ်ပါလား။ ထို့အပြင်ငြိမ်းချမ်းရေး စာချုပ်သစ်ကို ချုပ်ဆိုသည် ဆိုသည်က ဘာသဘောနည်း။

အရင်က ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးစာချုပ်က ပျက်ပြယ်သွားခဲ့လေပြီလား။ တစ်နည်းအားဖြင့် နင်ချီ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုစာချုပ်က တရားမဝင်တော့ဘူးပေါ့။

ထိုစကားကိုကြားချိန်မှာတော့ ရွှဲ့ပြည်နယ်ဘက်တွင် ရှိနေသည့် အရာရှိများက ဒေါသထွက်ကုန်ကြ၏။ ချောင်ဘုရင်က ဘာသဘောနည်း။ သူတို့ လက်မှတ်ထိုးထားသည့် ငြိမ်းချမ်းရေးစာချုပ်ကို စကားတစ်ခွန်းတည်း နှင့် ဖျက်ဆီးလိုက်သည်လား။ ရွှဲ့ပြည်နယ်ကို ဘာများမှတ်နေသနည်း။

ထို့အပြင်မင်းသားနင်ကျန်းက ဘယ်လိုဖြစ်ပြီး ချောင်ဘုရင်နှင့် သဘောတူညီမှုစာချုပ်သစ်ကို ချုပ်ဆိုလိုက်ရ သနည်း။ ဤနေရာတွင် ပြောမပြနိုင်သည့် ပူးပေါင်းကြံစည်မှု တစ်ခုခု ရှိရပေလိမ့်မည်။

နင်ကျန်း၏ တပ်ဖွဲ့များက ချောင်ဘုရင်၏ ဝိုင်းရံခြင်းကို ခံရပြီး မျှော်လင့်ချက်မဲ့သည့်အခြေအနေကို ရင်ဆိုင်ခဲ့ရခြင်းသာ ဖြစ်ပေလိမ့်မည်။

အသက်ရှင်သန်နိုင်ရန် နင်ကျန်းက ချောင်ဘုရင်နှင့် သဘောတူညီချက်သစ်ကို ရယူခဲ့ပုံပေါ်၏။ စာချုပ်သစ်၌ ချောင်ပြည်နယ်၏ အကျိုးစီးပွားကို ပို၍ လိုက်လျောပေးထားမှာ သေချာ၏။ စစ်ပြေငြိမ်းမှု စာချုပ်သစ်က တိုင်းပြည်ကို အရှက်ခွဲခြင်းပင်။

ချက်ချင်းပဲ နန်းတွင်းရှိ စာရင်းစစ်အမတ်အားလုံးက ထကာ အော်ဟစ်လိုက်ကြ၏။ “အရှင်မင်းကြီး... စစ်ပြေငြိမ်းရေးစာချုပ်ကို ပြောင်းလဲလို့ မရပါဘူး။ လုံးဝ ပြောင်းလဲလို့ မရပါဘူး။ အရှင်မင်းကြီး... ပဉ္စမမင်းသားနင်ကျန်းက ကိုယ့်အကျိုးအတွက် အသက်ဘေးကနေ လွတ်မြောက်ဖို့ ရွှဲ့ပြည်နယ်ရဲ့ အကျိုးစီးပွားကို သစ္စာဖောက်ပြီး ချောင်ဘုရင်နဲ့ တန်းတူညီမျှမှု လုံးဝမရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။ ကျုပ်တို့ သူ့ကို ဒီလိုမျိုးပဲ စွပ်စွဲချင်ပါတယ်။”

“အရှင်မင်းကြီး... ရွှဲ့ပြည်နယ်ရဲ့ အကျိုးစီးပွားကို ထိခိုက်ခံလို့ မဖြစ်ပါဘူး။ ဘယ်လို ငြိမ်းချမ်းရေး စာချုပ်အသစ်ကိုမှ ကျုပ်တို့ အသိအမှတ် မပြုနိုင်ပါဘူး။” နန်းတွင်းရှိ အရာရှိပေါင်းများစွာတို့က ဒေါသတရားများ နှင့် ပေါက်ကွဲနေခဲ့ကြ၏။

သူတို့အားလုံးက နင်ကျန်း၏ လှည့်ကွက်များကို ရင်းနှီးနေပြီ ဖြစ်၏။ ရှင်းရှင်းလင်းလင်း ရှုံးနိမ့်ခဲ့သည်ကို အောင်ပွဲရပါသည်ဟု ပြောတတ်၏။ အသက်ရှင်သန်ဖို့အတွက် ရွှဲ့ပြည်နယ်၏ အကျိုးစီးပွားကို ရောင်းစားပြီး ချောင်တပ်ကို အနိုင်ယူခဲ့ပါသည်ဟု ပြောခဲ့သည်။

ပြီးခဲ့သည့် တစ်ခေါက်တုန်းက အိမ်ရှေ့စံမင်းသားနင်ယီ လုပ်ခဲ့သည်နှင့် အတူတူပင် ဖြစ်ပေမည်။ အောင်ပွဲခံခဲ့ပါသည်ဟု ပြောဆိုပြီး တကယ်တမ်းမှာတော့ ကျင်းမင်းသား၏ အဓိကတပ်ဖွဲ့ဝင်များ လက်ချက်နှင့် တပ်ဖွဲ့တစ်ခုလုံးက ပြာကျလုနီးပါး ဖြစ်ခဲ့၏။ နင်ကျန်း၏ သဘောတူညီမှုစာချုပ်သစ်ဟု ပြောဆိုသည့်အရာကလည်း တကယ့်ကို ကမ်းကုန်အောင် ရက်စက်ပြီး ယုတ်ညံ့လွန်းသည့် အရာသာ ဖြစ်ပေလိမ့်မည်။

ထိုအချိန်မှာတော့ လန်ရီက စစ်ပြေငြိမ်းရေးစာချုပ်သစ်ကို ဖွင့်ကာ ကျယ်လောင်စွာ ဖတ်ပြ၏။

“ပထမအချက်...ရွှဲ့ပြည်နယ်ရဲ့ စစ်သည်များက ချောင်နေပြည်တော်မှ ဆုတ်ခွာမည်ဖြစ်ပြီး ချောင်စစ်သည်များ အနေနှင့် မည်သည့်တိုက်ခိုက်မှုကိုမှ ပြုလုပ်ခွင့်မရှိ။ အပြန်လမ်းတွင် ရွှဲ့စစ်သည်များအတွက် ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများကို ရောင်းချပေးရမည်။

ဒုတိယအချက်... ချောင်နှင့် ရွှဲ့ပြည်နယ်တို့က စစ်တိုက်ခြင်းကို လုံးဝရပ်ဆိုင်းမှာဖြစ်ပြီး နယ်နိမိတ်ကို လွန်ခဲ့သည့် နှစ်နှစ်က ရှိခဲ့သည့် အခြေအနေအတိုင်း ပြန်လည်သတ်မှတ်မည်။

တတိယအချက်... ကောင်းကင်တာအိုအဖွဲ့အစည်းက ချောင်ပြည်နယ်၏ နန်းတော်သစ် တည်ဆောက်ရန်အတွက် လာမည့် ၅ နှစ်အတွင်း ရွှေဒင်္ဂါး ၂ သန်း ထောက်ပံ့ရမည်။

စတုတ္ထအချက်.... ချောင်ပြည်နယ်က ကောင်းကင်တာအိုအဖွဲ့အစည်းအား သူတို့၏ မြေပိုင်နက်အတွင်း ဆက်စပ်စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုရမည်။”

အသံကျယ်ကျယ်နဲ့ ဖတ်ပြီးသည့်နောက် လန်ရီက အော်ဟစ်မေးမြန်းလိုက်သည် ။ “အမတ်မင်းတို့... ကျုပ် မေးပါရစေ။ ဒီသဘောတူညီမှုစာချုပ်သစ်က တိုင်းပြည်ကို ဘယ်နေရာမှာများ အရှက်ခွဲတာတွေ ရှိနေတာပါလဲ။”

အပိုင်း (၇၂၀)

အားလုံးက တိတ်ဆိတ်သွား၏။

လန်ရီက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။ “မင်းသားနင်ချီနဲ့ ချောင်ဘုရင်တို့ လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီမှု စာချုပ်ကို လူတိုင်းသိမှာပေါ့။ အရေးကြီးဆုံးအချက်က ချောင်နဲ့ ရွှဲ့ပြည်နယ်နှစ်ခု စစ်တိုက်တာကို ရပ်ဆိုင်းပြီး နယ်နိမိတ်ကို လွန်ခဲ့တဲ့ ၂၅ နှစ်က အခြေအနေအတိုင်း ပြန်ထားရှိဖို့ပဲ။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ရွှဲ့ပြည်နယ်က နယ်မြေ စတုရန်းကီလိုမီတာ ၂၀၀ ပေးအပ်လိုက်ရမှာ ဖြစ်ပါတယ်။ အမတ်မင်းအားလုံးက ဒီကိစ္စကို မသိချင်ယောင် ဆောင်နေတယ်။ ဒါပေမဲ့ ဒါက အမှန်တရားပဲ မဟုတ်လား။”

ဤစကားက နန်းတွင်းအမတ်အားလုံးတို့၏ မျက်နှာကို ရိုက်ချလိုက်သကဲ့သို့ပင်။ အထူးသဖြင့် နင်ချီ၏ မျက်နှာကို ဖြစ်၏။ ဤအရာက အမှန်တရား ဖြစ်သော်လည်း သူတို့အားလုံးက ရွှဲ့ပြည်နယ် ပြည်သူများကို တမင်တကာ ဖုံးကွယ်ပြီး အောင်ပွဲခံကြခြင်း ဖြစ်၏။

လန်ရီက ဆက်ပြောသည် “မင်းသားနင်ကျန်းက အဲဒီသဘောတူညီမှုစာချုပ်သစ်အကြောင်းကို ကြားတဲ့အချိန် မှာတော့ စိတ်မသက်မသာ ဖြစ်တယ်။ သူက ကိုယ့်ရဲ့နယ်မြေ တစ်လက်မကိုတောင်မှ အဆုံးရှုံးမခံနိုင်ဘူး။ ဒါကြောင့် သူက တပ်သားကိုးထောင်နဲ့ လုံးဝမဆုတ်ခွာဘဲ ချောင်နေပြည်တော်ကို ဆက်ပြီးကာကွယ်ဖို့၊ ချောင်ဘုရင်ကို နာကျင်အောင်လုပ်ပြီး သဘောတူညီမှုစာချုပ်သစ်ကို အတင်းအကျပ် လက်မှတ်ထိုးနိုင်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။

ချောင်မင်းနေပြည်တော်ရဲ့ တိုက်ပွဲ ပထမဆုံးနေ့မှာတင် ကျုပ်တို့က ချောင်တပ်မတော်ကို အနိုင်ယူခဲ့တယ်။ ချောင်တပ်ဘက်က အထိအခိုက် အကျအဆုံး သုံးသောင်းနီးပါး ရှိတယ်။ ဒုတိယနေ့မှာတော့ ချောင်တပ် ဘက်က အကျဆုံး နှစ်သောင်းနီးပါး ရှိခဲ့တယ်။ ဒါမှ ဂုဏ်ယူလောက်စရာကောင်းတဲ့ စစ်ပွဲမျိုး မဟုတ်ရင် ဘာဖြစ်မှာလဲ။

ခင်ဗျားတို့က အိမ်ရှေ့စံမင်းသားနင်ယီရဲ့ အရှက်မဲ့ အောင်ပွဲရ သတင်းပို့ချက်မျိုးကိုပဲ လိုချင်နေကြတာလား။ ကျုပ်တို့ရဲ့ နိဗ္ဗာနတပ်တော်က ရွှဲ့ပြည်နယ်အတွက် အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့တယ်။ ရွှဲ့ပြည်နယ်အတွက် မင်းသားနင်ကျန်းက မျှော်လင့်ချက်မဲ့လုနီးပါး အခြေအနေကနေ ဒီအခြေအနေ ရောက်အောင် တွန်းတင် ခဲ့တယ်။

ဒါက ဘယ်လိုဖြစ်ပြီး အမှားဖြစ်သွားရတာလဲ။ ဘယ်လိုဖြစ်ပြီး တိုင်းပြည်ကို အရှက်ခွဲတာ ဖြစ်သွားရတာလဲ။ ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ။ အမတ်မင်းတို့... ခင်ဗျားတို့က သဘောတူညီမှုစာချုပ်သစ်ကို အသိအမှတ် မပြုဘူးလို့ တဖွဖွပြောတယ်။ ရွှဲ့ပြည်နယ်ရဲ့ နယ်မြေတွေကို ပေးလိုက်ရတာကို လက်ပိုက် ကြည့်ချင်နေတာလား။ သဘောတူညီနေတာလား။ ခင်ဗျားတို့လို လူတွေက ကိုယ့်ကျိုးစီးပွားအတွက် ကိုယ့်ရဲ့ မျက်နှာမှာရှိတဲ့ ဂုဏ်သိက္ခာတွေကိုတောင် ခွာချပစ်နိုင်ကြတာလား။”

“ဝန်ကြီးချုပ် ကျူးဟုန်ကျူး...” လန်ရီက ထကာ အော်ဟစ်လိုက်၏။ သူက အမှန်တကယ်ပင် ကျားတစ်ကောင်အလား ရဲရင့်လို့နေ၏။

ကျူးဟုန်ကျူး၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ခါသွားခဲ့သည်။ ပြီးနောက် မေးလိုက်သည်။ “တပ်မှူးလန်... ဘယ်လို အကြံဉာဏ်များ ပေးချင်လို့လဲ။”

လန်ရီက ပြော၏။ “သခင်လေးရှမ့်လန်က ကျုပ်ကို မေးခိုင်းလိုက်တယ်။ သဘောတူညီမှုစာချုပ် နှစ်ခုထဲက ဘယ်အရာက ရွှဲ့ပြည်နယ်အတွက် သင့်တော်လဲ။ ဘယ်တစ်ခုကို စွန့်လွှတ်သင့်လဲတဲ့။”

လူတိုင်း၏ မျက်နှာပေါ်တွင် အထင်သေး ရွံရှာမှုများ ပြည့်နှက်သွား၏။

‘ရှမ့်လန်၊ ဒီခွေးကောင်... မင်းက တကယ့်ကို ရက်ရက်စက်စက်နဲ့ ပါးပိတ်ရိုက်တာပဲ။ တစ်ချက်ကလေးမှ မညှာတာဘဲ မျက်နှာကို ပိတ်ရိုက်တာ။’

ကျူးဟုန်ကျူး၏ လက်များက တုန်ယင်သွားသည်။ “တခြားအခြေအနေ မရှိဘူးဆိုရင်တော့ ကျုပ်က ဒုတိယ တစ်ခုကိုပဲ ရွေးချယ်ရမှာပေါ့။”

လန်ရီက နင်ချီကို ကြည့်ကာ ပြောလိုက်၏။ “မင်းသားနင်ချီ... အရင် သဘောတူညီမှုစာချုပ်ကို လက်မှတ် ထိုးခဲ့တာ မင်းသားကိုယ်တိုင်ပဲ။ အဲဒီမှာ လွန်ခဲ့တဲ့ ၂၅ နှစ်က နယ်နိမိတ်အတိုင်း ပြန်ထားရှိရမယ်လို့ ပါတယ်။ ဒါက ရွှဲ့ပြည်နယ်အနေနဲ့ နယ်မြေပိုင်နေရာကို ပေးအပ်ရမယ်လို့ ဆိုလိုတာလား။”

‘တောက် ... ရှမ့်လန်... လူတွေရဲ့ မျက်နှာကို လိုက်ရိုက်နေတာ မပြီးသေးဘူးလား။’

နင်ချီက အေးစက်စက်နှင့် ဖြေလိုက်၏။ “ဟုတ်ပါတယ်။”

ဤကိစ္စကို ပြည်သူတွေ မသိအောင် ဖုံးကွယ်ထား၍ရသော်လည်း ညီလာခံတွင် လူသိရှင်ကြား မေးခံရသည့် အချိန်မျိုးမှာတော့ ရှောင်လွှဲရန် နည်းလမ်းမရှိချေ။

လန်ရီက ဆက်ပြောသည်။ “မင်းသား... ဒါဆိုရင် ရွှဲ့ပြည်နယ်အနေနဲ့ ဘယ်သဘောတူညီမှုစာချုပ်ကို ရွေးချယ်သင့်တယ်လို့ ထင်လဲ။ မင်းသားလက်မှတ်ထိုးခဲ့တဲ့ စာချုပ်ကို ကျုပ် စွန့်ပစ်လိုက်ရမလား။”

နင်ချီ၏ မျက်နှာက ရှုံ့မဲ့သွား၏။ “ဒါပေါ့။ ပဉ္စမညီတော်နဲ့ ချောင်ဘုရင်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်က ပိုကောင်းတာပေါ့။”

ပြီးနောက် လန်ရီက စစ်ဖက်ဆိုင်ရာ အမတ်ကြီးကျုံးအီကို ကြည့်ကာ မေးလိုက်သည်။ “အမတ်ကြီးကျုံးအီ.. ဘယ်သဘောတူညီမှုစာချုပ်က ပိုကောင်းတယ်လို့ ထင်လဲ။”

‘သောက်ကျိုးနည်း... လန်ရီ။ ပြီးရော ပြီးအုံးမှာလား။ လူတွေကို ပါးပိတ်ရိုက်ချင်တယ် ဆိုရင်တောင် အကန့်အသတ်တစ်ခုတော့ ရှိသင့်တာပေါ့။ အခုမင်းက လူတိုင်းရဲ့ မျက်နှာကို လိုက်ရိုက်နေတာပဲ။’

ကျုံးအီက အလိုလျောက်ပင် ဘုရင်မင်းမြတ်နင်ယွမ်ရှန်းကို လှမ်းကြည့်၏။ ‘အရှင်မင်းကြီး... အရှင်က ဒီထောင်စုမှူးလေးကို အမတ်တွေရဲ့ မျက်နှာကို ဒီလိုလိုက်ရိုက်ခွင့် ပေးထားတော့မှာလား။’

သို့ပေမည့် နင်ယွမ်ရှန်းက ပွဲကောင်းတစ်ခုကို ကြည့်ရှုရသကဲ့သို့ပင် ခုံအနောက်ကို အသာမှီကာဖြင့် သက်တောင့်သက်သာ ကြည့်နေ၏။ ဘုရင်နှင့် အမတ်မင်းများ၏ ဆက်ဆံရေးက ဤအဆင့်သို့ပင် ရောက်ရှိ သွားခဲ့သည်။

စစ်ဖက်ဆိုင်ရာ အမတ်ကြီးကျုံးအီက အံကိုကြိတ်ကာဖြင့် ဖြေလိုက်၏။ “တခြားအခြေအနေ မရှိဘူးဆိုရင် ဒုတိယသဘောတူညီမှုစာချုပ်က ပိုကောင်းပါတယ်။”

လန်ရီက နောက်ထပ် စာရွက်တစ်ခုကို ထုတ်ပြလိုက်၏။ “အရှင်မင်းကြီး... ဒါက ဘာကြောင့် သဘောတူညီမှု စာချုပ်အသစ်ကို လက်မှတ်ရေးထိုးရတာပါလဲ။ ဘာကြောင့် အရင်စာချုပ်ကို ပယ်ဖျက်ရတယ် ဆိုတာကို ရှင်းပြဖို့ ချောင်ဘုရင်မင်းမြတ်က အရှင်မင်းကြီးဆီ ပေးပို့လာတဲ့ သဝဏ်လွှာပါပဲ။”

ရှမ့်လန်က နင်ချီ၏ မျက်နှာကို လာရိုက်ရုံတင် မကချေ။ ချောင်ဘုရင်ကပါ နင်ချီ၏ မျက်နှာကို လာရိုက်ခဲ့၏။ ဤအရာကို သူ လုံးဝ မတွေးမိခဲ့ချေ။ ယခင်ထျန်းရှစ်စီရင်စုတွင်တုန်းက သူ့ကို ညီတော်နင်ချီဟု တဖွဖွခေါ်ပြီး အလွန်အမင်း ရင်းနှီးပြခဲ့၏။ ကူညီချင်ပါသည်ဟုလည်း အမြဲပြောခဲ့၏။ သို့ပေမည့် မြို့တော်ကို ပြန်ရောက်သည်နှင့် ချက်ချင်း သစ္စာဖောက်ခဲ့၏။ ရှမ့်လန်က မည်ကဲ့သို့သော အဆိပ်မျိုးကို တိုက်ကျွေးခဲ့သနည်း။

‘ရှမ့်လန်နဲ့ နင်ကျန်းကို ခင်ဗျားက ဒီအတိုင်း လွှတ်ပေးလိုက်တယ် ဟုတ်လား။ သူတို့က ခင်ဗျားရဲ့ နန်းတော်ကို မီးရှို့ခဲ့တာလေ။ ခင်ဗျားရဲ့ စစ်သည်တွေကို ဘယ်လိုရှင်းပြမှာလဲ။ ချောင်ပြည်သူတွေကို ဘယ်လိုရှင်းပြမှာလဲ။’

နင်ချီ တစ်ယောက်တည်း နားမလည်ဖြစ်နေသည် မဟုတ်ချေ။ နန်းတွင်းရှိ မှူးမတ်အပေါင်းတို့ကလည်း ကြောင်အမ်းနေ၏။ အဘယ်ကြောင့် ချောင်ဘုရင် ဤသို့ လုပ်ရသနည်း။ ယခင် သဘောတူညီမှုစာချုပ်က ချောင်ပြည်နယ်၏ အကျိုးစီးပွားနှင့် ပိုမိုကိုက်ညီနေသည်က အထင်အရှားပင်။

စာရင်းစစ်အမတ်တစ်ဦးက ရုတ်တရက် ခုန်ထွက်ကာ ပြော၏။ “အရှင်မင်းကြီး... ဒါ အဓိပ္ပာယ်မရှိပါဘူး။ မင်းသားနင်ကျန်းနဲ့ ရှမ့်လန်တို့က စစ်သည်ကိုးထောင်အောက်ပဲ ရှိတယ်။ ချောင်ဘုရင်ဆီမှာ စစ်သည် နှစ်သိန်းကျော် ရှိတယ်။ ပြီးတော့ ဒါက ချောင်မင်းနေပြည်တော်မှာ ဖြစ်ပျက်ခဲ့တာ။ ချောင်ဘုရင်က ဘာကိစ္စ မင်းသားနင်ကျန်းနဲ့ စာချုပ်သစ်ကို ချုပ်ဆိုရမှာလဲ။ ပြီးတော့ ချောင်ပြည်နယ်အတွက် အကျိုးမရှိတဲ့ စာချုပ်မျိုး။

ဒီကိစ္စမှာ လျှို့ဝှက်သဘောတူညီမှုတစ်ခု ရှိကို ရှိရမယ်။ ရှမ့်လန်နဲ့ မင်းသားနင်ကျန်းတို့က ချောင်ဘုရင်ရဲ့ လျှို့ဝှက်စာချုပ်တစ်ခုခုကို ချုပ်ဆိုထားတာ သေချာတယ်။ အဲဒီ လျှို့ဝှက်စာချုပ်က အကြောင်းအရာတွေက ရွှဲ့ပြည်နယ်ရဲ့ အကျိုးစီးပွားကို သစ္စာဖောက်ထားတာ ဖြစ်ရပါလိမ့်မယ်။ အရှင်မင်းကြီး.. ကျေးဇူးပြုပြီး ဒီကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းတော်မူပါ။”

ဤအရာက သက်သက် စွပ်စွဲခြင်းသာ ဖြစ်၏။ အခြေအမြစ် မရှိချေ။

ထိုစာရင်းစစ်အမတ်က ရုတ်တရက် မြေပေါ်သို့ ဦးတိုက်ကာဖြင့် သနားခံသည်။ “အရှင်မင်းကြီး... ဒါက ပူးပေါင်းကြံစည်မှု တစ်ခုပါပဲ။ မင်းသားနင်ကျန်းနဲ့ ချောင်ဘုရင်တို့ကြား လျှို့ဝှက်သဘောတူညီချက် ရှိနေပါတယ်။ ကျုပ်တို့ ဒါကို သဘောမတူနိုင်ပါဘူး။ ရွှဲ့ပြည်နယ်ရဲ့ နှစ်ပေါင်းရာချီ သက်တမ်းကြာရှည်နေတဲ့ အခြေခံအုတ်မြစ်အတွက် ကျုပ်တို့ မဆင်မခြင်နဲ့ သဘောတူလို့ မရပါဘူး။”

နင်ယွမ်ရှန်းက မျက်လုံးကို မှေးစင်းကာဖြင့် ပြုံးလိုက်၏။ ‘စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာ ကောင်းတယ်။ အကျိုးစီးပွားအတွက် ဆိုရင် အမှားအမှန်ကိုတောင် ဂရုမစိုက်တော့ဘဲ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို လုံးဝစွန့်ပစ်ပြီး အရှက်မရှိ လုပ်ရဲကြတာပဲ။’

“မှူးမတ်တွေ... ဒီစာရင်းစစ်အမတ်ကို သတ်ပစ်လိုက်ကြ။”

မိန်းမစိုးလီစွမ်းက လက်ဝှေ့ယမ်းပြလိုက်၏။ သန်မာသည့် အစောင့်စစ်သည်နှစ်ဦးက ရောက်ရှိလာပြီး ထိုစာရင်းစစ်အမတ်ကို ဆွဲထုတ်သွားရန် ပြင်သည်။

နင်ယွမ်ရှန်းက ပြောလိုက်၏။ “အပြင်ကို ဆွဲထုတ်သွားစရာ မလိုဘူး။ ဒီနေရာမှာပဲ တစ်ခါတည်း ရိုက်သတ်လိုက်ကြတော့။”

“အမိန့်တော်အတိုင်းပါပဲ။” ပြီးနောက် စစ်သည်အချို့က စာရင်းစစ်အမတ်ကို ကြမ်းပြင်ပေါ်သို့ ဖိချ၏။ နန်းတွင်းရှိ အားလုံးသောသူတို့၏ အရှေ့မှာပဲ ထိုအမတ်ကို ရိုက်သတ်လိုက်ကြသည်။

ညီလာခံသဘင် တစ်ခုလုံးက သွေးများဖြင့် ပြည့်နှက်သွားခဲ့၏။

............

ရွှဲ့ပြည်နယ်တွင် နှုတ်မှုရေးရာကြောင့် ပြစ်ဒဏ်မသင့်စေရဟူသည့် ရှေးထုံးတမ်းစဉ်လာတစ်ခု ရှိခဲ့ဖူး၏။ ညီလာခံတွင် ဝေဖန်ထောက်ပြခဲ့သည့် စာရင်းစစ်အမတ်ရာထူးက တကယ့်ကို လုံခြုံသည့် ရာထူးတစ်ခု ဖြစ်သော်လည်း ယခုနှစ်ပိုင်းအတွင်း အခြေအနေက တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

နင်ယွမ်ရှန်းက သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသည့်နှယ် စည်းမျဉ်းများကို အကြိမ်ကြိမ် ချိုးဖောက်လာခဲ့၏။ ဤအချိန်မှာလည်း ညီလာခံ၏ ခန်းမလယ်၌ စာရင်းစစ်အမတ်တစ်ဦးကို သတ်ဖြတ်လိုက်၏။ သွေးစက်များက အနီးအနားရှိ ဝန်ကြီးတစ်ပါး၏ မျက်နှာပေါ်သို့ပင် စင်၏။

နင်ချီ၊ ကျူးဟုန်ကျူးနှင့် ကျုံးအီတို့က ထိုမြင်ကွင်းကို တည်ငြိမ်စွာဖြင့် ကြည့်လျက်ရှိသည်။ ဘုရင်မင်းမြတ် သတ်ဖြတ်လိုက်သည်က စာရင်းစစ်အမတ်တစ်ဦးသာ ဖြစ်သော်လည်း ရိုက်နှက်လိုက်သည့် တုတ်ချက်တိုင်းက သူတို့၏ မျက်နှာကို ရိုက်နှက်နေသကဲ့သို့ပင် ခံစားရသည်။

ညီလာခံခန်းမအတွင်းရှိ အရပ်ဖက်နှင့် စစ်ဖက်အရာရှိများ၏ မျက်နှာက ဖြူရော်သွားခဲ့၏။

“ဘန်း.. ဘန်း”

တုတ်နှင့် ရိုက်နှက်သံ ထွက်ပေါ်လာတိုင်း ဝန်ကြီးအများစု၏ မျက်နှာများက လိုက်ပါကာ ရှုံ့မဲ့နေ၏။ ဤအချိန်၌ လူများအားလုံးတို့၏ ရင်ထဲတွင် စကားလုံးတချို့ ပေါ်ပေါက်နေသည်။

‘ပြည့်ရှင်မင်းက မှူးမတ်များကို မြက်ပင်ကဲ့သို့၊ ရွှံ့ကဲ့သို့ သဘောထားသည်ဆိုပါက မှူးမတ်များကလည်း ထိုကဲ့သို့ သဘောထားလိမ့်မည်။’

ထိုစကားစုက သူတို့၏ နှလုံးသားတွင် ပေါ်ပေါက်နေခဲ့၏။ သို့ပေမည့် ပြန်လည်ဆင်ခြင် သုံးသပ်ကြည့်ပါက ဤစကားလုံးများက သင့်တော်ပါရဲ့လား။ သိပ်ပြီး သင့်တော်သည်တော့ မဟုတ်ချေ။ အမှားနှင့် အမှန်၊ အဖြူနှင့် အမဲကို ရောထွေးစေသူက ဘုရင်မဟုတ်ဘဲ သူတို့အရာရှိများသာ ဖြစ်ခဲ့၏။ ထို့ကြောင့် ပညာရှိအဆိုအမိန့်များပင် နေရာတိုင်း၌ မသုံးဝင်နိုင်ပေ။

နင်ယွမ်ရှန်းက ကြမ်းပြင်ပေါ်မှ အလောင်းကို ကြည့်ရင်း သူ၏ လက်နှစ်ဖက်လုံးက တုန်ယင်နေဆဲပင်။ ဤအချိန်မှာတော့ သူက ဘာကိုမှ ဖုံးကွယ်ခြင်း မရှိတော့ချေ။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူက သိသိသာသာဖြင့် အိုမင်းရင့်ရော်သွားခဲ့၏။

ယခင်က သူ၏ အသက် ၅၀ အရွယ်ပုံစံက အသက် ၃၀ ကဲ့သို့ နုပျိုခဲ့သော်လည်း အခုအချိန်မှာတော့ သူ၏ အသက် ၅၀ အရွယ်က အသက် ၆၀၊ ၇၀ ကဲ့သို့ အိုစာသွားခဲ့၏။ ထို့အပြင်သူ၏ လှုပ်ရှားသွားလာမှုတိုင်းက ပိုမိုကာ ခက်ခဲလာ၏။ မနက်ခင်း အိပ်ရာထတိုင်း အားယူ၍ တွားသွားကာ ထရမလိုပင် ဖြစ်၏။ ရှမ့်လန် ပြောခဲ့ဖူးသည့် ပါကင်ဆန်ရောဂါ၏ လက္ခဏာများက တစ်နေ့တခြား ပိုမိုကာ ဆိုးရွားလာခဲ့၏။ သူ့၌ အချိန် သိပ်မကျန်တော့ချေ။

“ညီလာခံ သိမ်းပြီ။” နင်ယွမ်ရှန်းက အမိန့်ပေးလိုက်သည်။

ပြီးနောက် မိန်းမစိုးကြီး လီစွမ်း၏ တွဲကူမှုနှင့်အတူ ခန်းမထဲမှ ထွက်ခွာသွားခဲ့၏။

ခန်းမထဲတွင် ကျန်ရစ်ခဲ့သည့် မည်သူ တစ်ဦးတစ်ယောက်ကမှ ရှင်ဘုရင်ကြီး ကောင်းမွန်စွာ ပြန်ပါဟု နှုတ်ဆက်ကြွေးကြော်ခြင်း မပြုလုပ်ကြတော့ပေ။

.............

အကယ်၍ အိမ်ရှေ့စံနင်ယီကသာ ကြီးမားသည့် ထိုးနှက်ချက်ကြီးကို ခံစားခဲ့ပါက ပစ္စည်းများကို ရိုက်ခွဲ ဖျက်ဆီးခြင်း၊ မိန်းမများကို ခေါ်ယူကာ နှိပ်စက်ခြင်းများ ပြုလုပ်ကောင်း၊ ပြုလုပ်ပေလိမ့်မည်။ သို့ပေမည့် နင်ချီကတော့ ထိုသို့မဟုတ်ချေ။ သူက တည်ငြိမ်နေဆဲပင်။ သူက စံအိမ်တော်သို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့ပြီး ကျူးဟုန်ကျူး၏ အိမ်သို့ပင် သွားရောက်ခဲ့ခြင်း မရှိချေ။

သူနှင့် အခြားသောသူများက သတင်းများကို စောင့်ဆိုင်းနေကြ၏။ ချောင်ပြည်နယ်၏ မြို့တော်တွင် အမှန်တကယ် ဘာတွေဖြစ်ပျက်ခဲ့သနည်း။ ချောင်ဘုရင်က ရှမ့်လန်၊ နင်ကျန်းတို့နှင့် ဆွေးနွေးလိုလျှင် သူ၏ လက်အောက်ခံစစ်တပ်က သဘောတူပါမည်လော။ ချောင်ဘုရင်က ကောင်းကင်၏ အလိုကို ဆန့်ကျင်ပြီး စစ်သားသိန်းပေါင်းများစွာတို့၏ ဆန္ဒကို လျစ်လျူရှုရဲပါမည်လော။

မကြာခင်မှာပဲ တရားဝင်သတင်းများ ရောက်ရှိလာခဲ့၏။ လန်ရီ ပြောခဲ့သည့် စကားလုံးများက အမှန်တရား ဖြစ်၏။ ရှမ့်လန်နှင့် နင်ကျန်းတို့၏ စစ်တပ်က လူအင်အား ကိုးထောင်မျှသာ ရှိသော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ချောင်ပြည်နယ်၏ တပ်မကြီးကို အမှန်တကယ်ပင် တွန်းလှန်နိုင်ခဲ့၏။ ချောင်ဘုရင်၏ စစ်တပ်က ထိခိုက်သေဆုံးမှုက လေးသောင်းမှ ငါးသောင်းနီးပါးအထိပင် အံ့မခန်း များပြားခဲ့၏။

ပြီးနောက် ချောင်ပြည်နယ်၏ မြို့တော်တွင် ကပ်ရောဂါဘေးကြီး ကျရောက်လာခဲ့၏။ ချောင်ဘုရင်က မြို့၏ တံခါးကို ပိတ်စေခဲ့ပြီး စစ်ပြေငြိမ်းရန် အမိန့်ပေးခဲ့၏။ နောက်ပိုင်းမှာတော့ ချောင်ဘုရင် ကိုယ်တိုင်ပင် ကပ်ရောဂါကူးစက်ခံခဲ့ရပြီး သေမလို ဖြစ်ခဲ့၏။ ရှမ့်လန်က ချောင်ဘုရင်ကို ပြန်လည်ကုစားပေးခဲ့ပြီး ချောင်ပြည်နယ်မြို့တော်ရှိ ကပ်ဘေးရောဂါကို ထိန်းချုပ်ကာဖြင့် မရေမတွက်နိုင်သည့် ပြည်သူများကို ကယ်တင်ပေးခဲ့၏။ ထို့ကြောင့် ရန်ငြိုးများကို ကျော်ဖြတ်ကာဖြင့် နှစ်ဦးနှစ်ဖက်လုံးကြား ဟန်ချက်ညီမှု တစ်ခုကို ရှာဖွေခဲ့ကြခြင်းပင်။

သတင်းများကို ဖတ်ရှုပြီးသည့်နောက် နင်ချီက မျက်လုံးများကို မှိတ်လိုက်၏။ သူနှင့် ချောင်ဘုရင်သစ်တို့ ဆက်သွယ်ခဲ့သည်များကို ပြန်လည်ကာ စဉ်းစားမိ၏။ ချောင်ဘုရင်သစ်က တကယ့်ကို အစွမ်းထက်၏။ ထို့အပြင်ရက်စက်ကြမ်းကြုတ်လွန်း၏။ ထျန်းရှစ်စီရင်စုတွင် သူတို့နှစ်ဦးလုံးက ဟန်ဆောင်ကာ ဆော့ကစား ခဲ့၏။ သို့သော်ငြား ချောင်ဘုရင်သစ်၏ သရုပ်ဆောင်မှုက အလွန်ကို ပီပြင်သောကြောင့် နင်ချီနှင့် မဟာမိတ်ဖွဲ့ရန် စိတ်ရင်းမှန်ဟု ယုံကြည်မိစေခဲ့၏။

ရလဒ်အားဖြင့် သူ ... နင်ချီကို ရောင်းစားခဲ့ခြင်းပင်။

ထို့အပြင် နင်ကျန်းကို ရွဲ့ပြည်နယ်ဆီသို့ ဘေးကင်းစွာဖြင့် ပြန်လွှတ်ရန်နှင့် စစ်ပြေငြိမ်းရန် မိမိကိုယ်တိုင် ကူးစက်ရောဂါ ကူးစက်ခံရသည်ဟု ဟန်ပြခဲ့သူပင်။ ချောင်ဘုရင်က တကယ့်ကို ရက်စက်လွန်းသူ တစ်ယောက် ဖြစ်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် လူမျိုးပင် ဖြစ်သည်။

“ချောင်ဘုရင်ရဲ့ ဒီလုပ်ရပ်က အင်ပါယာကို အမျက်ဒေါသ ထွက်စေလိမ့်မယ်။” ကျုံးအီက ရုတ်တရက်ပြော၏။

ကျူးဟုန်ကျူးကလည်း တုံ့ပြန်လိုက်သည်။ “အကွက်ချတာ လုံလောက်အောင် ကောင်းမွန်နေလို့ အပြစ်ရှာစရာ မရှိသလောက်ပဲ။ ဒါပေမဲ့ ချောင်ဘုရင်အသစ်ကို ထပ်ပြီး သတ်အုံးမလို့လား။”

ဟုတ်ပေ၏။ ချောင်ဘုရင်၏လုပ်ရပ်က အင်ပါယာကို မကျေမနပ် ဖြစ်စေမည်မှာတော့ သေချာ၏။ သို့သော်ငြား ချောင်ဘုရင်သစ်ကို ထပ်မံလုပ်ကြံရမည်လား။ မဖြစ်နိုင်ပေ။

“နင်ကျန်း ပြန်လာလိမ့်မယ်။” နင်ချီက ပြော၏။

ရှိနေသူ အားလုံးကလည်း ခေါင်းညိတ်လိုက်သည်။

နင်ကျန်းသာ ပြန်လာပြီဆိုပါက ဘုရင်မင်းမြတ်က ဝမ်းမြောက်ဝမ်းသာဖြင့် ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပပေးလိမ့်မည်။ ပြီးနောက် နင်ကျန်းကို ရွဲ့ပြည်နယ်၏ မင်းကြီးအဖြစ် ခန့်အပ်ပြီး အိမ်ရှေ့စံနင်ယီကို ဖယ်ရှားကာ နင်ကျန်းကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ပေးလိမ့်မည်။ ဤအရာက ဖြစ်လာမှာ သေချာသလောက်ပင်။

မှူးမတ်အပေါင်းတို့က နင်ယွမ်ရှန်းကို ဆန့်ကျင်ပြီး နင်ကျန်းကို အိမ်ရှေ့စံမခန့်အောင် တားဆီးနိုင်မည်လား။ မဖြစ်နိုင်လောက်ပေ။ မင်းမှုထမ်းများနှင့် ဘုရင်မင်းမြတ်ကြားတွင် ရှိနေသည့် မျက်နှာဖုံးက ကွယ်ပျောက် သွားခဲ့ပြီ ဖြစ်၏။

“မဖြစ်မနေ အဲဒီအခြေအနေကို ရောက်အောင်သွားလို့ မဖြစ်ဘူး။”

နင်ချီက ပြောလိုက်သည်။ “အနာဂတ်မှာ ဒုက္ခရောက်ကုန်လိမ့်မယ်”

ထိုစဉ်မှာပဲ ရွှယ်ချီက ပြော၏။ “ဒါဆိုရင် နင်ကျန်းကို ပြန်မလာနိုင်အောင် လုပ်လိုက်ရင်ရော။”

ဤစကားကြောင့် လူတိုင်းက အံ့အားသင့်သွား၏။ ယေဘူယျအားဖြင့် နိုင်ငံရေးတိုက်ပွဲဆိုသည်က စည်းမျဉ်းဘောင်အတွင်း ယှဉ်ပြိုင်ခြင်းသာ ဖြစ်၏။ သို့သော်ငြား လက်ရှိအခြေအနေမှာတော့ အခြေအနေများက ပြောင်းလဲသွားခဲ့၏။ မျက်နှာဖုံးများက စုတ်ပြဲသွားခဲ့ပြီ ဖြစ်ပြီး ဘုရင်က ညီလာခံခန်းမတွင်ပင် လူသတ်ခဲ့သေး၏။ မလုပ်ရဲစရာ အကြောင်း ဘာရှိတော့မည်နည်း။

All Chapters