← Chapters

ငါ့ဖက်တီးကို ဘယ်သူအနိုင်ကျင့်ရဲတာလဲ

Vol. 1 Ch. 406

ငါ့ဖက်တီးကို ဘယ်သူအနိုင်ကျင့်ရဲတာလဲ

Vol. 1 Ch. 406

အနက်ရောင်နကျယ်ကောင် အချို့သည် ရှီးနဉ်မြို့အတွင်း ထွက်ပေါ်လာရာ ၎င်းတို့၏အသိုက်သည် သိပ်မဝေးနိုင်ပေ။ထိုအသိုက်သည် အနောက်ဘက်ပင်လယ်ပြင်၏ မိုင်တစ်သိန်းပတ်လည်အတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ရှိလောက်သည်။ ထိုဧရိယာအတွင်းတွင် ပင်လယ်နတ်ဆိုးသားရဲ အမြောက်အများ ရှိသော်လည်း နတ်ဆိုးသားရဲဘုရင်များ ရှိနိုင်ချေ မရှိပေ။

ထို့ကြောင့် သင်္ဘောများအတွက် ဘေးကင်းလေသည်။ ထို့ပြင် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဆင့်များကလည်း ပင်လယ်ရေအောက်သို့ မပြတ်စောင့်ကြည့်နေလေရာ နတ်ဆိုးသားရဲ ဘုရင်တစ်ကောင်ကောင် ချည်းကပ်လာသည်နှင့် ချက်ချင်းအချက်ပြပေလိမ့်မည်။ ထို့နောက်တွင် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် လူအုပ်လိုက်သည် ရေထဲဆင်း၍ အနှောင့်အယှက်ကို ရှင်းလင်းပစ်လိမ့်မည်။

ပင်လယ်ပြင်သို့ သွားသော စွန့်စားခရီးသည် ပျော်ပွဲစားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မင်းသား၊ မင်းသမီးများသည် ဧည့်ခံပွဲများ မကြာခဏကျင်းပကြပြီး သူတို့နှင့် ရင်းနှီးသူများ၊ သူတို့သိကျွမ်းလိုကြသော သခင်လေး၊ သခင်မလေးများကို ဖိတ်ကြားကြသည်။

သင်္ဘောစုကြီးသည် မူလက လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။ ကျွန်းစုအချို့အား ရှာဖွေပြီးနောက်တွင် သူတို့သည် ဖြည်းဖြည်းချင်းသာ ရွေ့လျားကြတော့သည်။ သခင်လေး၊ သခင်မလေးများသည် ပင်လယ်ထဲသို့ဆင်း၍ နတ်ဆိုးသားရဲများကို အမဲလိုက်၍လည်းတစ်ဖုံ အစွမ်းပြ နေကြသည်။

ဂိုဏ်းအသီးသီး၏ သူတို့အားစေလွှတ်သည့် ရည်ရွယ်ချက်မှာ စွန့်စားခရီးထွက်ခြင်းဖြင့် လူငယ်မျိုးဆက်များ အချင်းချင်း ရင်းနှီးလာစေရန်နှင့် ကိုယ်စွမ်းကိုယ်စများ တိုးတက်လာစေရန်ဖြစ်သည်။ ထို့ကြောင့် ရတနာရှာဖွေရန် အန္တရာယ်များသော ခရီးစဉ်သည် မင်းသားများ၊ သခင်လေးများအတွက် လူပျိုလှည့်သည့် ခရီးစဉ်ဖြစ်လာခဲ့သည်။ သခင်မလေးများအတွက်လည်း ခရီးစဉ်သည် ခင်ပွန်းလောင်းရှာဖွေရန် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။

သေစမ်း...

အောက်မှ လူများသည် ဖြည်းဖြည်းချင်း ရွေ့လျားနေကြပြီး ပျော်ပွဲရွှင်ပွဲများ ကျင်းပနေကြချိန်တွင် ကီလိုမီတာသုံးဆယ်ကျော်အမြင့်မှ ကျန်းရီသည် ရေသောက်၍ ရိက္ခာခြောက်များကိုသာ စားသောက်နေရသည်။ လေထန်နေမှုနေကြောင့် သူ့မှာ ကောင်းကောင်းပင် အနားမယူနိုင်ပေ။ သုံးရက်ကြာစောင့်ဆိုင်းပြီးနောက် သင်္ဘောစုကြီးမှာ ပို၍ နှေးကွေးလာသည်ကိုသာ တွေ့ရသောအခါ သူသည်းမခံနိုင်တော့ပေ။

"နတ်ဆိုးသားရဲဘုရင်...အရှေ့က ကျွန်းကို သွားကြမယ်"

သူသည် အရှေ့မှ မကြီးမသေး အရွယ်အစားရှိသည့် ကျွန်းတစ်ကျွန်းကို မြင်သည့်အခါ ရုတ်တရက် အကြံရသွားခဲ့သည်။ သူသည် ယာ့ဇီသားရဲအား သင်္ဘောစုကို ရှောင်ကွင်း၍ ကျွန်း၏အခြားဘက်ခြမ်းတွင် ဆင်းသက်စေလိုက်သည်။

သူသည် ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံးကို ထုတ်ယူလိုက်ပြီးနောက် မျက်နှာထားတင်းတင်းနှင့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူသည် ယာ့ဇီသားရဲကို စကြဝဋ္ဌာနန်းတော်အတွင်း ထည့်သိမ်း၍ ကျွန်းပေါ်တွင် ဟိုဟိုသည်သည် လျှောက်သွားနေလိုက်သည်။

ဝှစ်...ဝှစ်...

တစ်နာရီခန့်အကြာတွင် သင်္ဘောစုသည် ထိုကျွန်းတွင် ရပ်တန့်လာကြသည်။ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များသည် သင်္ဘောများပေါ်မှ ဆင်းကာ ကျွန်းအားထောက်လှမ်း၍ အနက်ရောင်နကျယ်ကောင်များကို စတင်ရှာဖွေလာကြသည်။

သို့သော်လည်း သူတို့ အနက်ရောင်နကျယ်ကောင်များကို မတွေ့ဘဲ ကျွန်းပေါ်တွင် လမ်းသလားနေသည့် ကျန်းရီကိုသာ တွေ့ကြရလေသည်။

စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်လေးယောက် နီးကပ်လာသည်ကို တွေ့သောအခါ ကျန်းရီသည် လှုပ်ရှားနေခြင်းကို ရပ်တန့်လိုက်သည်။ သူတို့ သူ့အား သတိပြုမိသွားသည်ကို တွေ့သောအခါ သူသည် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

"အဲ့ဒီမှာ ဘယ်သူတွေလဲ"

ကျန်းရီသည် ထိုလူလေးယောက်မှာ မည်သည့်ဂိုဏ်းကမှန်း မသိသည့်အတွက် ထိတ်လန့်တုန်လှုပ်နေခဲ့ခြင်းဖြစ်သည်။ ထိုအထဲမှ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အဋ္ဌမအဆင့်ရှိ လူသည် ကျန်းရီအား သတိအနေအထားနှင့်ကြည့်ကာ မေးလာခဲ့သည်။

"မင်းက ဘယ်သူလဲ...မင်းကို ငါတို့မမြင်ဖူးသလိုပဲ"

"ဒီလူက နာမည်ရော၊ မျိုးနွယ်ရော ပြောင်းမထားပါဘူး။ ကျုပ်က ချမ်ပါထျန်းပါ"

ကျန်းရီသည် ခေါင်းမော့၍ ထီမထင်သလိုကြည့်ကာ မေးလိုက်သည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ"

"ချမ်ဂိုဏ်းသားတစ်ယောက်ဟုတ်လား"

လူလေးယောက်သည် ကျန်းရီအား မယုံသင်္ကာစွာ ကြည့်လာပြီး လှောင်ပြောင်လာကြသည်။

"ချမ်ဂိုဏ်းသားတစ်ယောက်က ငါတို့ကို မမှတ်မိဘူးတဲ့။ မင်းက သူလျှိုမလား။ မင်းရဲ့ တံဆိပ်ပြားဘယ်မှာလဲ။ ဟားဟား...မင်းမှာ မရှိဘူးဆိုရင် ငါတို့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့"

ချွမ်...ချွမ်

လေးယောက်သားသည် စကားဆုံးသည်နှင့် လက်နက်ကိုယ်စီ ဆွဲထုတ်ကာ ကျန်းရီအား ဝိုင်းလိုက်ကြသည်။ သူတို့အားလုံးသည် အတွင်းအားများ ထုတ်ဖော်လိုက်ကြပြီး တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

ကျန်းရီသည် စိတ်ထဲတွင် ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။ မူလက လူအုပ်ထဲ အလွယ်တကူ ရောဝင်နိုင်မည်ဟု သူထင်ထားခဲ့သည်။ ချမ်ဝမ်ကွမ်ရှိသော သင်္ဘောကို သူရှာနိုင်လျှင် သင်္ဘောစုနှင့်အတူ သက်သက်သာသာ ခရီးထွက်နိုင်လိမ့်မည်။ ထို့နောက် တကယ့်နောက်ဆုံးအချိန်မှာ ထိုသူများ ထိတ်လန့်သွားအောင် သူရှေ့ထွက်လိုက်မည်။

ယခုမူ သူ့သရုပ်မှန်မှာ ပေါ်သွားပေတော့မည်။

သူသည် ဂိုဏ်းကြီးများ၏ အဖွဲ့ဝင်များကို မကြောက်သော်လည်း သူ့သရုပ်မှန်ပေါ်သွား၍ မကောင်းပေ။ အနက်ရောင်နကျယ်ကောင်များကို သူ့ဟာသူရှာရလျှင် သေလောက်အောင် ပင်ပန်းပေလိမ့်မည်။ ထို့ပြင် ပျားရည်ကို ထုတ်ယူရန် မည်သို့ လုပ်ရမည်ကို သူမသိပေ။

ဒီလူလေးယောက်ကို သတ်လိုက်ရမလား...

သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း ထိုအတွေးကို အလျင်အမြန် ပယ်လိုက်သည်။ ဤလူလေးယောက်ကို သတ်လိုက်ပါက ကျန်သူများကို တပ်လှန့်လိုက်သလို ဖြစ်သွားလိမ့်မည်။ သူသည် မျက်လုံးကစားကြည့်လိုက်သော် ထိုသူတို့၏ အဝတ်အစားထောင့်တွင်ရှိသည့် ရင်းနှီးနေသော သင်္ကေတတစ်ခုကို သူတွေ့လိုက်ရလေသည်။ သူသည် အသာရယ်မောလိုက်ပြီး ပြောလိုက်သည်။

"အိုး...ဘယ်ဂိုဏ်းက ဒီလိုထောင်လွှားနေတာလဲလို့ ငါတွေးနေမိတာ...လက်စသတ်တော့ ကျန်းဂိုဏ်းကကိုး။ သခင်လေးရိလျှိုက ကျုပ်တို့ခေါင်းဆောင်ငယ်ကို ဒီခရီးမှာ သတ်ဖို့ကြံနေတာများလား"

ကျန်းရိလျှိုသည် တစ်နှစ်အကျယ်ချုပ် ကျခံရပြီး လွတ်မြောက်လာရုံပင် ရှိသေးသည်။ သူသည် တစ်နှစ်လုံးလုံး ကျင့်ကြံထားရာ အောင်မြင်မှုအနည်းငယ်ရှိခဲ့ပြီး သေလောက်အောင်လည်း ပျင်းနေခဲ့သည်။ သူလွတ်လာပြီးပြီးချင်းတွင် အပျင်းပြေရန် လိုအပ်နေရာ ဤသို့သော အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။

ကျန်းရီသည် ကျန်းရိလျှို၏ သတင်းကို ချမ်ဂိုဏ်း၏ တာဝန်ခံထံမှ ကြားခဲ့ရသည်။ ထို့ကြောင့်  ကျန်းဂိုဏ်း၏ အမှတ်တံဆိပ်ကို မြင်ပြီးနောက်တွင် သူခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

ကျန်းရီ ထိုသို့ပြောလိုက်သည်နှင့် လူလေးယောက်သည် ကျန်းရီအား စိုက်ကြည့်ပြီးနောက် နှာမှုတ်ကာ ထွက်သွားကြသည်။

ကျန်းရီသည် ကျွန်း၏ ကမ်းခြေရှိရာသို့ ပြေးသွားလိုက်သည်။ သူကျွန်းပေါ်တွင် ဆက်စောင့်နေပါလျှင် အကုန်လွဲချော်ကုန်လိမ့်မည်။ ထို့ကြောင့် သင်္ဘောများရှိရာသို့ ပြေးသွားကာ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်ကို ရှာဖွေလိုက်တော့မည်။

ဝှစ်...

မကြာခင်တွင် သူသည် ကမ်းခြေသို့ ရောက်သွားခဲ့ပြီး အနက်ရောင်အတွင်းအားဖြင့် အမြင်အာရုံကို တိုးမြှင့်ကာ ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်း၏ သင်္ဘောများကို ရှာဖွေလိုက်သည်။

"ရွှေရောင်ကျားသစ်အလံ"

သူသည် ချမ်ဂိုဏ်း၏ ရွှေရောင်ကျားသစ်အလံ လွှင့်ထားသော ဘယ်ဘက်ခြမ်းရှိ သင်္ဘောကြီးတစ်စင်းကို အလျင်အမြန် ရှာတွေ့သွားခဲ့သည်။ သူသည် သင်္ဘောကြီးထံ ပြေးသွားလိုက်သည်။ သို့သော် သူအနီးသို့ မရောက်ခင်တွင် သင်္ဘောကုန်းပတ်ပေါ်တွင် စွမ်းအားမြင့် အစောင့်များ ပေါ်ထွက်လာကြသည်။

"ဘယ်သူလဲ...ရပ်လိုက်စမ်း"

"ငါပါ"

ကျန်းရီသည် ပြုံးပြ၍ ပြောလိုက်သည်။ သူသည် မီးဝိဉာဉ်ပုလဲထဲမှ တံဆိပ်ပြားတစ်ခု ထုတ်ယူလိုက်ပြီး ကုန်းပတ်ပေါ်သို့ ပစ်ပေးလိုက်သည်။ ထို့နောက် သူသည် လေထဲသို့ ခုန်တက်လိုက်ပြီး အော်ပြောလိုက်သည်။

"သခင်လေး ဝမ်ကွမ်မရှိဘူးလား။ ငါသူနဲ့ တွေ့ဖို့ ကိစ္စတစ်ခုရှိတယ်"

လူတိုင်းသည် ကျန်းရီ ပျံသန်းလာသည်ကို မြင်သည်နှင့် သတိအနေအထား ဖြစ်သွားကြပြီး အဆင်သင့်တိုက်ခိုက်နိုင်ရန် အတွင်းအားများ ထုတ်ဖော်လိုက်ကြသည်။ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် ထိပ်ဆုံးအဆင့် လူတစ်ယောက်သည် တံဆိပ်ပြားကို ဖမ်းမိပြီးနောက် ချက်ချင်းအော်ဟစ်လိုက်ကြသည်။

"အားလုံး ရပ်လိုက်ကြစမ်း...သူက..."

"ဟားဟား...အဖိုးကြီးလျှို...ငါ့ကောင်ကြီး ငါ့ကို မှတ်မိသေးတယ်ပေါ့"

ကျန်းရီသည် ဒူးများပျော့ခွေသွားပြီး သူ့နာမည်ကို ပြောတော့မည့်သူအား မြင်သောအခါ ချက်ချင်းပြေးသွားလိုက်သည်။ ထို့နောက် သူသည် ထိုအဖိုးကြီးကိုဖက်ကာ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်သည်။ တစ်ချိန်တည်းတွင် သူသည် တီးတိုးကပ်ပြောလိုက်သည်။

"ဒူးမထောက်လိုက်နဲ့။ ငါ့သရုပ်မှန်ကို မဖော်နဲ့ဦး"

ထိုသူသည် ချက်ချင်း လူတိုင်းအား နောက်ဆုတ်ကြရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူသည် ကျန်းရီအား ဝမ်းသာအားရ ပြန်ဖက်ကာ သင်္ဘောခန်းအတွင်းသို့ ခေါ်သွားလိုက်သည်။

ကျန်းရီ ပြေးလာခဲ့စဉ်က ဘေးဘက်သင်္ဘောများမှ သူများ သူ့အား သတိပြုမိသွားကြသည်။ သူ့နာမည်ကို ပြောသည်ဖြစ်စေ၊ တစ်ယောက်ယောက်မှ ဒူးထောက်လိုက်သည်ဖြစ်စေ သူ့သရုပ်မှန် ပေါ်သွားလိမ့်မည်။

"သခင်လေးရီ"

သင်္ဘောခန်းအတွင်း ရောက်သည်နှင့် အဖိုးကြီးသည် ကျန်းရီထံ မျက်နှာမူ၍ ဒူးထောက်ချလိုက်သည်။ ကျန်လူများသည်လည်း မျက်လုံးများ တောက်ပသွားကြပြီး ဒူးထောက်လိုက်ကြသည်။ သူတို့သည် ကျန်းရီလာမည်ဟူသော သတင်းကို ရထားပြီးဖြစ်သော်လည်း ဤမျှ မြန်မြန်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

"ထကြ...ထကြ...ငါတို့က အချင်းချင်းတွေပဲ။ ဘာအတွက် ဒူးထောက်နေကြတာလဲ"

ကျန်းရီသည် ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံးကို ဖယ်ရှားလိုက်ပြီး ပြုံး၍ မေးလိုက်သည်။

"ဝမ်ကွမ်နဲ့ ဝူရွှမ်း ဘယ်မှာလဲ။ သူတို့ ဘယ်သင်္ဘောပေါ် ရောက်နေကြလဲ"

"သခင်လေးရီ..."

အဖိုးကြီးသည် တလေးတစားနှင့် ပြန်ဖြေလာခဲ့သည်။

"ခေါင်းဆောင်ငယ်၊ သခင်လေးဝူရွှမ်းနဲ့ မင်းသမီးယွင်ဖေးတို့ မိန်းကလေးချမ်လော့ရဲ့ စားသောက်ပွဲအခမ်းအနား သွားတက်ကြပါတယ်။ သူတို့ကို ပြန်ခေါ်ဖို့ ကျွန်တော်လူလွှတ်ပေးရမလား"

"မလိုဘူး။ ငါ့အတွက် စားစရာတစ်ချို့သာ ပြင်ပေး။ ငါသေလောက်အောင် ငတ်နေတယ်"

ကျန်းရီသည် လက်ကာပြ၍ အကြောများ ဆန့်လိုက်သည်။ သူသည် ချမ်ဝမ်ကွမ်၏နေရာတွင်နေ၍ နေ့တိုင်းကောင်းကောင်းစားရန် တွေးထားခဲ့သည်။ သူ့တွင် ဘာမှလည်း လုပ်စရာရှိမနေရာ မှော်ကျင့်စဉ်အချို့ကို နားလည်အောင် ကြိုးစားရမည်။ အနက်ရောင်နကျယ်ကောင်များကို တွေ့သည့်အချိန်မှ သူလှုပ်ရှား၍ ပျားရည်ကို လုကာ ပျံသန်းသွားလိုက်မည်။

အဖိုးကြီးသည် ကျန်လူများကို ထွက်ခွာသွားခိုင်းလိုက်ပြီး သူကိုယ်တိုင် စားစရာများ သွားပြင်ဆင်လေ၏။ ကျန်းရီသည် အိပ်ရာပေါ်သို့ လှဲချလိုက်ပြီး ကောင်းကောင်းစားသောက်ပြီးသည်နှင့် အိပ်စက်ရန် ကြံနေလိုက်သည်။

"အား..."

ရွှစ်...ချွမ်

"ဝါး..."

မကြာလိုက်ခင်တွင် စားစရာများ ရောက်မလာသေးသော်လည်း အပြင်မှ ဆူဆူညံညံအသံများ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်၏ ထိတ်လန့်တကြား အော်ဟစ်သံများလည်း ထွက်ပေါ်နေခဲ့သည်။ ကျန်းရီသည် မျက်မှောင်ကျုံ့လိုက်ပြီး မျက်နှာဖုံးတပ်ကာ အပြင်ထွက်သွားလိုက်သည်။ သူအလျင်အမြန် အကဲခတ်လိုက်သောအခါတွင် ချမ်ဂိုဏ်း၏ အစေခံ တစ်ယောက်သည် သွေးများ ရွှဲနေသော လူတစ်ဦးကို တွဲထားကြောင်း တွေ့လိုက်ရသည်။ လူတိုင်း၏ မျက်နှာများတွင် တုန်လှုပ်နေသော အရိပ်အယောင်များ ရှိနေကြသည်။

"ဘာဖြစ်နေကြတာလဲ"

ကျန်းရီသည် တာဝန်ကျနေသည့် အကြီးအကဲအားခေါ်၍ မေးလိုက်သည်။ ထိုသူသည် ကျန်းရီအား ခပ်တိုးတိုး ရှင်းပြလာခဲ့သည်။

"ခေါင်းဆောင်ငယ်ကို ရှောင်ဂိုဏ်းက လှောင်ပြောင်ပြီး အရှက်ခွဲနေကြတယ်။ သူတို့က အရမ်းလွန်လာတော့ ချမ်ကန်းက သည်းမခံနိုင်တော့ဘဲ တိုက်ခိုက်လိုက်တာ...ဒါပေမယ့် အပြင်းအထန် ဒဏ်ရာရလာခဲ့တယ်"

"ရှောင်ဂိုဏ်း...ရှောင်လုံဝမ်ရဲ့ မျိုးဆက်ပေါ့။ ဟမ့်....သူတို့က ငါ့ဖက်တီးကို အနိုင်ကျင့်ရဲရအောင် သတ္တိရှိနေကြတာပဲ။ အရိုက်ခံချင်နေကြပုံ ရတယ်"

ကျန်းရီသည် မျက်လုံးတစ်ဖက်ပင့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။ သူသည် လက်ဟန်ပြရင်း ပြောလိုက်သည်။

"သွားစို့...သွားစို့...စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်  အမြင့်ဆုံးအဆင့်က လူတွေအားလုံး ငါ့နောက်လိုက်ခဲ့ကြ...မင်းတို့ခေါင်းဆောင်ငယ်အတွက် ငါသွားပြီး လက်စားချေပေးမယ်"

*****

All Chapters