← Chapters

အားလုံး တစ်ပြိုင်တည်း တိုက်မလား၊ အလှည့်ကျလာကြမလား

Vol. 1 Ch. 407

အားလုံး တစ်ပြိုင်တည်း တိုက်မလား၊ အလှည့်ကျလာကြမလား

Vol. 1 Ch. 407

ချမ်ဝမ်ကွမ်သည် မသက်မသာ ခံစားနေရသည်။ သူတင်မဟုတ်ချေ၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးမှာလည်း မနေတတ်မထိုင်တတ် ဖြစ်နေခဲ့သည်။ ဧည့်ခံပွဲရှိ လူအများကြားတွင် သူတို့သာလျှင် ကွဲထွက်နေသည်။ အကြောင်းအရင်းမှာ ရိုးရှင်းလှသည်။ သူတို့သည် ကျန်းရီ၏ သူငယ်ချင်းများ ဖြစ်သောကြောင့်ဖြစ်သည်။

ကျန်းရီ၏ နာမည်သည် တစ်နေ့တခြား ကျော်ကြားနေခဲ့သည်။ သူသည် လက်ရှိအခမ်းအနားတွင် ရောက်နေကြသူများနှင့် သက်တူရွယ်တူသာ ဖြစ်သော်လည်း သူ၏ဂုဏ်သတင်းနှင့် အစွမ်းအစမှာ သူတို့၏အဖေများနှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။ အများစု၏ အဖေများထက်ပင် သာသေးသည်ဟု ပြောလျှင်လည်း မမှားချေ။

တစ်နည်းအားဖြင့်ဆိုသော် အခမ်းအနားရှိ မည်သူမှ ကျန်းရီနှင့် ယှဉ်ပြိုင်နိုင်ရန် အရည်အချင်း မမှီပေ။ လူတိုင်း၏ အထက်တွင် ရှိနေသော မင်းသားလင်းဖေး၊ မင်းသမီးလင်းယွဲ့နှင့် ရွှေချမ်လော့တောင် သူ့အား မယှဉ်နိုင်ပေ။

ယခင်က ကျန်းရီ၏ နာမည်သည် သူ့အဖေကြောင့် ကျော်ကြားခဲ့သည်။ လူတိုင်းနီးပါးသည် သူ့အား ကျန်းပိုင်လီ၏ တိတ်တိတ်ပုန်းသားဟုသာ ပြောကြသည်။ ယခု ကျန်းရီသည် သူ့ကိုယ်သူ ကိုယ်စားပြုနိုင်နေပြီဖြစ်ပြီး အခြားသူ၏ ဂုဏ်သတင်းကို မှီခိုနေရန် မလိုတော့ချေ။

သူသည် ရှားနိုင်ငံ၏ ဘုရင်အမည်မခံသည့် ဘုရင်၊ ရှားနိုင်ငံ၏ စစ်သေနာပတိချုပ်၊ စုန်းနတ်ဘုရား၏ ဆက်ခံသူဖြစ်သည်။ သူသည် ယွင်ချင်ထျန်းနှင့် ငွေပန်းပွင့်အဘွားအို သူ့အား ဦးညွှတ်လာအောင် လုပ်နိုင်ခဲ့သူလည်း ဖြစ်သည်။

ရှိနေကြသူ အများစုသည် ကျန်းရီအား မနာလို၍ အငြိုးထားနေကြသည်။ သူတို့သည် ကျန်းရီမှာ နတ်ဆိုးဧကရီ၊ ရွှေယို့လန်၊ ကျူးကော်ချမ်ယွမ်နှင့် အခြားသူများကို မှီခိုနေရသူဖြစ်ကြောင်း ပြောကြသည်။ သို့သော်လည်း သူတို့အားလုံးသည် သူတို့ကိုယ်တိုင်မှာ ကျန်းရီလောက်မတော်ကြောင်း ရင်တွင်းအနက်ရှိုင်းဆုံးနေရာဆီမှ သိနေကြရာ ကျန်းရီအား ပို၍ပင် မလိုမုန်းထား ဖြစ်လာကြသည်။

လင်းဖေးနှင့် လင်းယွဲ့အတွက်မူ ကျန်းရီသည် သူတို့လင်းမျိုးနွယ်၏ ခွေးတစ်ကောင်ဖြစ်ခဲ့သော်လည်း ယခုထိုခွေးသည် သူတို့အား အာခံနေချေပြီ။ ရှားဖေးယွီသည် ကျန်းရီအား ရင်းနှီးရန် လိုလားခဲ့သော်လည်း ကျန်းရီ နိုင်ငံသစ္စာဖောက်မှု ကျူးလွန်ပြီးနောက်တွင် နှစ်လိုမှုမှသည် မုန်းတီးမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျန်းရီ ရှားဝူဟွေ့အား သတ်လိုက်ပြီးနောက်တွင်တော့ သူသည် ရှားမျိုးနွယ်၏ ကမ္ဘာ့ရန်ဖက် ဖြစ်လာခဲ့သည်။

ရွှေချမ်လော့နှင့် ကျန်းရီ၏ အကြားမှ ရန်ငြိုးကိုမူ အထူးတလည် ထည့်ပြောနေစရာ မလိုပေ။ ထို့ပြင် လွန်ခဲ့သော လပိုင်းကမှ ကျန်းရီသည် တုကူးယန်အား အရှက်ခွဲခဲ့သေးသည်။ စားသောက်ပွဲရှိ အဆင့်အတန်းမြင့် မိန်းမလှလေး အများစုသည် ကျန်းရီနှင့် မကျေလည်သော သမိုင်းကြောင်းများ ရှိခဲ့ကြသည်။ ကျင်းရှန်နိုင်ငံ၊ ရှန်ဝူနိုင်ငံ၊ မြောက်ဘက်လျန်နိုင်ငံနှင့် မြောက်ဘက်မန့်နိုင်ငံတို့မှ သခင်လေး၊ သခင်မလေးများသည်လည်း သူတို့၏နိုင်ငံများကြောင့် ကျန်းရီအား မနှစ်မြို့ကြပေ။

ထို့ကြောင့် ကျန်းရီ၏ သူငယ်ချင်းများ စားသောက်ပွဲသို့ တက်ရောက်သောအခါတွင် သူတို့မှာ အလှောင်ခံရတော့သည်။ အဆုံးတွင်တော့ မိန်းမလှလေးများ ကျေနပ်စေရန် အလို့ငှါ သခင်လေးများသည် စိန်ခေါ်ရန် သူတို့လူများကို စေလွှတ်ကြတော့သည်။ ရလဒ်အနေနှင့် ချမ်ကန်းမှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။

"အစ်ကိုဝူရွှမ်း...အလောတကြီး မလုပ်လိုက်နဲ့"

ရွှေချမ်လော့ရှိနေသော အလွန်အင်မတန် ကျယ်ဝန်းသည့် သင်္ဘောခန်းကျယ်ကြီးထဲတွင် ချမ်ဝမ်ကွမ်သည် ဒေါသထွက်နေသော ကျန့်ဝူရွှမ်းအား ဆွဲ၍ စိတ်လျှော့ပါရန် တိတ်တဆိတ် သတိပေးနေခဲ့သည်။ ချမ်ကန်းအား ယခုလေးတင်မှ သယ်ထုတ်သွားရသည်။ သို့သော်လည်း ချမ်ဝမ်ကွမ်၏ မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များ မရှိဘဲ အပြုံးတစ်ခုသာ ရှိခဲ့သည်။ တစ်ဖက်တွင် ကျန့်ဝူရွှမ်း၏ ချောမောသော မျက်နှာသည် ဒေါသကြောင့် နီရဲနေခဲ့သည်။

"ဟားဟားဟား"

မျက်နှာချင်းဆိုင်တွင် ရှိနေသော ခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် ကျန့်ဝူရွှမ်းအား လှောင်ပြုံးဖြင့်ကြည့်ကာ ပြောလာခဲ့သည်။

"ဘာလဲ...သခင်လေးကျန့်က ဒေါသထွက်သွားတာလား။ ကျွန်တော့်လူတွေက နည်းနည်းပါးပါး နောက်ပြောင်နေကြတာပါ။ သခင်လေးကျန့် ဒေါသထွက်ဖို့ မတန်ပါဘူး။ တကယ်လို့ သခင်လေးကျန့် သက်သောင့်သက်သာ မရှိဘူးဆိုရင် သခင်လေးကျန့်ရဲ့လူတွေကို ဘာလို့လာ မကစားခိုင်းတာလဲ"

"ဝူရွှမ်းကောကော...မဆင်မခြင် မလုပ်လိုက်ပါနဲ့"

ဘေးတွင်ထိုင်နေသော ယွင်ဖေးသည်လည်း ကျန့်ဝူရွှမ်းအား တားဆီးလိုက်သည်။ လူတိုင်းသည် သူတို့သုံးယောက်အား ပစ်မှတ်ထားနေကြသည်။ တစ်ခုခု လွဲမှားသွားပါက သူတို့၏ နောက်လိုက်များအားလုံး ချမ်ကန်းကဲ့သို့ သယ်ထုတ်သွားခံရနိုင်သည်။ ထို့ပြင် ဤလူအများကြီးကို ဆန့်ကျင်မိပါလျှင် ကျန့်ဂိုဏ်း၏ အနာဂတ်မှာ တိုးတက်မှုအတွက် မကောင်းနိုင်ချေ။

"ဟမ့်"

ကျန့်ဝူရွှမ်းသည် ဝင့်ကြွားစွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ရှောင်ဂိုဏ်း၏ ပထမ သခင်လေးဖြစ်သော ရှောင်ထျန်းဟူအား တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။

"နောက်လိုက်တွေကို တိုက်ခိုက်ခိုင်းတာက ဘယ်လိုလုပ် ပျော်စရာကောင်းမှာလဲ။ ဘာလို့ မင်းနဲ့ငါ မကစားကြမှာလဲ။ ရှောင်ထျန်းဟူ...မင်းတို့ဂိုဏ်းရဲ့ လက်ရှိမျိုးဆက်မှာ မင်းက အတော်ဆုံးပါရမီရှင်လို့ ပြောကြတယ်။ စစ်သေနာပတိချုပ် ရှောင်လုံဝမ်ကလည်း မင်းကို အတော်လေး သဘောကျတယ်။ ဝူရွှမ်းက မြောက်ဘက်မန့်နိုင်ငံ ပထမသခင်လေးရဲ့ ပြိုင်ဘက်ကင်းစွမ်းအားကို ကိုယ်တွေ့ကြုံဖူးချင်ပါတယ်"

"ဟမ်..."

အရာအားလုံး တိတ်ဆိတ်သွားခဲ့သည်။ အခြေအနေမှာ ပိုပြင်းထန်လာခဲ့လေပြီ။ ဤကဲ့သို့သော စားသောက်ပွဲမျိုးတွင် သခင်လေး၊ သခင်မလေးများအတွက် သူတို့နောက်လိုက်များကို ကိုယ်စားပြုတိုက်ခိုက်ခိုင်းကြသည်မှာ သဘာဝပင် ဖြစ်သည်။ သခင်များသည် ကိုယ်တိုင်ဝင်ရောက်မတိုက်ခိုက်ကြပေ။ မည်သို့ပင်ဖြစ်စေ သူတို့၏ အဆင့်အတန်းမှာ သာမန်မဟုတ်ကြပေ။ တစ်ယောက်ယောက် ထိခိုက်သွားပါလျှင် ကောင်းကောင်းအဆုံးသတ်သွားမည် မဟုတ်ဘဲ ဂိုဏ်းနှစ်ခုပင် ရန်ဖက်များ ဖြစ်သွားနိုင်သည် မဟုတ်ပါလော။

ရှောင်ထျန်းဟူ၏ နှုတ်ခမ်းထက်မှ အပြုံးသည် အေးခဲသွားခဲ့သည်။ သူ့မျက်လုံးများသည် ချက်ချင်း စူးရဲလာခဲ့သည်။ ကျန့်ဂိုဏ်း အင်အားကြီးသည်မှာ သံသယရှိစရာ မလိုပေ။ ကျန့်ဝူရွှမ်း၏ ကျင့်ကြံဆင့်သည် သူ့ထက်နိမ့်သော်လည်း ကျန့်ဂိုဏ်းသည် ထူးခြားသည့် မျိုးနွယ်စုတစ်ခုဖြစ်သည်။ ထို့ကြောင့် ကျန့်ဝူရွှမ်း၏ တိုက်ခိုက်နိုင်စွမ်းသည် သူနှင့်ယှဉ်နိုင်လေသည်။ သူတို့နှစ်ယောက် ရင်ဆိုင်ကြလေ အနိုင်ရသူ ထွက်ပေါ်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။

ပြဿနာမှာ ဂုဏ်သရေရှိ သခင်လေး၊ သခင်မလေးများ စုစည်းနေကြသည့် ဤသို့သော အခမ်းအနားတွင် သူမည်သို့ စိန်ခေါ်မှုကို ငြင်းနိုင်ပါမည်နည်း။ ထို့ကြောင့် သူသည် မောက်မာစွာ ပြုံး၍ ပြောလိုက်သည်။

"သခင်လေးကျန့်...မင်း ကစားချင်တာ သေချာရဲ့လား။ ဒါဆိုရင် ငါ့ဆီက ညှာတာမှုရဖို့ မမျှော်လင့်နဲ့"

ထိုသို့ပြောပြီးသည်နှင့် ရှောင်ထျန်းဟူ၏ လက်မှ လက်စွပ်တစ်ကွင်းသည် တောက်ပလာခဲ့ပြီး ရွှေရောင်ပုဆိန်သွားတပ်လှံရှည်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ပုဆိန်သွားတပ် လှံရှည်သည် ရွှေရောင်အလင်းများ တလက်လက်တောက်ပနေခဲ့သည်။ ၎င်း၏ပုံဆိန် ရွှေရောင်နဂါးတစ်ကောင် ကူးခတ်နေသည့်အလား။ ပုဆိန်သွားတပ်လှံရှည်အတွင်း အတွင်းအားအချို့ ဖြည့်စွက်ခံရပြီးသော် ရွှေရောင်အလင်းတို့မှာ ပို၍ပင် တောက်ပလာခဲ့သည်။

"သူတော်စင်အဆင့်"

ချမ်ဝမ်ကွမ်၏ မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။ ယွင်ဖေးည မျက်လုံးအိမ်များလည်း ကျဉ်းမြောင်းသွားခဲ့ပြီး သူတို့၏ နောက်လိုက်များမှာ တုန်လှုပ်လာကြလေ၏။ ကျန့်ဝူရွှမ်း၏ တိုက်ခိုက်နိုင်စွမ်းသည် ရှောင်ထျန်းဟူနှင့်ယှဉ်နိုင်ကြောင်း သူတို့အားလုံး သိကြသည်။ သို့သော်လည်း ရှောင်ထျန်းဟူတွင် စိတ်ဝိဉာဉ်အမှတ်အသား ပြုပြီးသည့် သူတော်စင်အဆင့် လက်နက်တစ်ခု ရှိနေခဲ့သည်။ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားခဲ့ချေပြီ။ ဤအကြိမ်တွင် ကျန့်ဝူရွှမ်း၏ ခြေလက်များ မသန်မစွမ်း ဖြစ်သွားနိုင်ချေမှာ အတော်များနေလေသည်။ ကံဆိုးပါက အသက်ပင်ဆုံးရှုံးသွားနိုင်သေးသည်။

"ဟားဟား...သူတော်စင်အဆင့် လက်နက်လေး တစ်ခုရှိတာ ဘာများ ရေးကြီးခွင်ကျယ် လုပ်နေတာလဲ။ ငါတို့ ကျန့်ဂိုဏ်းသားတွေက လက်နက်တွေကို ဘယ်တော့မှ မသုံးဘူး။ ငါတို့ ကိုယ့်လက်သီးကိုယ် အသုံးချပြီး နာမည်တစ်ခု ရအောင်လုပ်တယ်။ ရှောင်ထျန်းဟူ..."

ချမ်ဝမ်ကွမ်နှင့် ယွင်ဖေး အကြောက်ဆုံးမှာ ကျန့်ဝူရွှမ်းသည် စိန်ခေါ်မှုကို လက်ခံလိုက်မည်ကိုပင်။ သူတို့ ထင်ထားသည့်အတိုင်းပင် သူသည် လှမ်းပြီးသားခြေလှမ်းကို နောက်ပြန်ဆုတ်မည်မဟုတ်။ သူစိတ်ဆုံးဖြတ်ပြီးပြီဖြစ်ရာ မည်သူမှ သူ့အားတားနိုင်တော့မည် မဟုတ်တော့။

"ဟား...ဟား...ဟား"

ကျန့်ဝူရွှမ်း စကားပင် မဆုံးသေးချေ။ အပြင်ဘက်မှ ရယ်သံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူတို့၏ စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။ လူလေးယောက်သည် သင်္ဘောခန်းမကြီးအတွင်း ဝင်လာခဲ့သည်။ ဦးဆောင်လာသူမှာ အသက်သုံးဆယ်ဝန်းကျင် ဖြစ်ပုံရသော အေးစက်စက် မျက်နှာထားနှင့် လူရွယ်တစ်ယောက် ဖြစ်လေသည်။ သူ၏ အရှိန်အဝါမှာ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် ဖြစ်လေသည်။ သူ့နောက်မှ လိုက်လာကြသည့် လူသုံးယောက်အား သူတို့အားလုံး မြင်ဖူးကြသည်။ ထိုသူတို့မှာ ချမ်ဂိုဏ်း၏ နောက်လိုက်များ ဖြစ်လေသည်။

ရယ်သံပြုလိုက်သောလူမှာ ချမ်ဂိုဏ်း၏ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှေ့ဆုံးမှ လူရွယ်ဖြစ်သည်။ သူဝင်လာလာချင်းတွင် ခန်းမအတွင်း အကြည့်တစ်စုံ ဝေ့ဝဲရောက်ရှိလာခဲ့သည်။ သူ့မျက်လုံးများမှာ အဆိပ်ရှိသည့် မြွေတစ်ကောင်အလား နက်မှောင်စူးရှနေပြီး သခင်မလေးများစွာအား ထိတ်လန့်သွားစေလေသည်။

"သခင်လေးဝူရွှမ်း...ကျွန်တော်တို့က ချမ်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက် သခင်လေးကို တိုက်ခိုက်ခိုင်းလို့ ဘယ်လိုလုပ်ဖြစ်ပါ့မလဲ။ မဟုတ်ရင် ချမ်ဂိုဏ်းမှာ အရည်အချင်း ရှိတဲ့သူ မရှိဘူးဆိုပြီး လူရယ်ခံရမှာပေါ့။ သခင်လေး ထိုင်ပဲနေပါ။ ကျွန်တော်တို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက် ကျွန်တော်တို့ပဲ တိုက်ပါ့မယ်"

"ဟမ်..."

ကျန့်ဝူရွှမ်းသည် အေးစက်စက် မျက်နှာနှင့် လူရွယ်အား လှမ်းကြည့်လိုက်ပြီးနောက် သူတစ်ခါမှ မတွေ့ဖူးသူဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူသည် ထိုလူရွယ်အား မြင်လည်းမမြင်ဖူးသလို သူ့အကြောင်းအား ကြားလည်းမကြားဖူးကြောင်း သိလိုက်သည်။

ယွင်ဖေးသည်လည်း လူရွယ်အား မယုံနိုင်စွာ လှမ်းကြည့်လိုက်သည်။ ချမ်ဂိုဏ်းသားများသည် စီးပွားရေး သမားများ ဖြစ်ကြရာ ဆက်ဆံရေးနှင့် စည်းမျဉ်းစည်းကမ်းများကို အလေးထားသူများ ဖြစ်ကြသည်။ ယခုလေးတင် ချမ်ဝမ်ကွမ်သည် စိတ်လျှော့ထားကာ လူများလွှတ်လိုက်ရန် သတင်းမပို့ခဲ့ပေ။ သို့သော်လည်း ချမ်ဂိုဏ်း၏ ထိုနောက်လိုက်သည် ကိုယ့်သဘောနှင့်ကိုယ် လာရောက်၍ တိုက်ခိုက်ရန် သဘောတူနေသည်။

"ဟားဟားဟား"

ချမ်ဝမ်ကွမ်သည် အကျယ်ကြီး ရယ်ချလိုက်သည်။ သူရယ်နေသည်မှာ သူ့ကိုယ်ပေါ်မှ အဆီများပင် တုန်ခါနေလေသည်။ သူ့မျက်နှာတွင် ရဲရင့်သည့် အရိပ်အယောင်များလည်း အပြည့်ဖြစ်လာခဲ့သည်။ သူသည် ယခုလေးတင် သူရဲဘောကြောင်နေသည့် လူအဖြစ်မှသည် အခြားလူတစ်ယောက်အလား ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

သူသည် စားပွဲအား ရိုက်လိုက်ပြီး ထရပ်ကာ မောက်မာစွာ ပြောလိုက်သည်။

"အမှန်ပဲ...အစ်ကိုဝူရွှမ်း...ကျေးဇူးပြုပြီး ပြန်ထိုင်ပါ။ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ချမ်ဂိုဏ်းသားတွေပဲ ကာကွယ်သင့်တယ်။ ရှောင်ထျန်းဟူ...ငါမင်းနဲ့အတူ ကစားပေးမယ်။ ငါတို့ဂိုဏ်းက လူလေးယောက် လွှတ်ပေးလိုက်တယ်။ မင်းရဲ့ရှောင်ဂိုဏ်းသားတွေအားလုံးကို ငါတို့စိန်ခေါ်တယ်။ အားလုံးတစ်ပြိုင်တည်း လာမလား၊ အလှည့်ကျလာမလားဆိုတာ မင်းသဘောပဲ"

"ဝိုး..."

ပွဲကြည့်နေသူများသည် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ ထိတ်လန့်စရာ အကောင်းဆုံးမှာ ချမ်ဂိုဏ်းသည် ရှောင်ထျန်းဟူ၏ ဆယ်ယောက်မကသော နောက်လိုက်များကို စိန်ခေါ်ရန် ချမ်ဂိုဏ်းမှ လူလေးယောက်သာ စေလွှတ်ပေးလိုက်သည့်အချက် လုံးဝမဟုတ်ပေ။ ထိုသည်မှာ ချမ်ဝမ်ကွမ်၏ သဘောထားသာ ဖြစ်လေသည်။

အမြဲတမ်း ပြုံးနေတတ်သော၊ မည်သူ့ကိုမှ မဆန့်ကျင်ရဲသော၊ ယခုလေးတင် ရှောင်ထျန်းဟူကိုယ်တိုင် သူ့ရှေ့တင်ထိုင်၍ သူ့အားအရှက်ခွဲနေသည်ကို တစ်ခွန်းမှ ပြန်မပြောခဲ့သော ခပ်ဝဝ လူငယ်လေးသည် အဘယ်ကြောင့် အခြားလူတစ်ယောက်အလား ချက်ချင်းပြောင်းလဲသွားပါသနည်း။ ချမ်ဂိုဏ်းသည် လူတိုင်းအား ယဉ်ယဉ်ကျေးကျေး ဆက်ဆံ၍ စီးပွားရှာရန်ဟူသော စည်းမျဉ်းကို အမြဲရှေ့တင်ခဲ့သည်။ ယခုအကြိမ်တွင် သူတို့မယဉ်ကျေးချင် ဖြစ်ကုန်ကြပြီလော။

ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးသည်လည်း မှင်တက်နေကြသည်။

သူတို့သည် ချမ်ဝမ်ကွမ်အား ပထမဆုံးအကြိမ် တွေ့ဖူးသည့်အလား သေချာအကဲခတ်နေခဲ့သည်။ ချမ်ဂိုဏ်း၏ နောက်လိုက်များ အရိပ်အခြေပြသည်ကို မြင်သောအခါမှ သူတို့၏ မျက်လုံးများ တောက်ပသွားကြလေ၏။

နောက်ဆုံးတွင်တော့ ချမ်ဝမ်ကွမ် ချက်ချင်း ရဲရဲတင်းတင်းဖြစ်သွားသည့်အချက်ကို သူတို့ နားလည်သွားပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ အားကိုးရာ နောက်ခံကြီး ရောက်လာပြီဖြစ်သောကြောင့် ဖြစ်လေသည်။ အေးစက်စက်မျက်နှာထားနှင့် လူရွယ်မှာ ကျန်းရီ ဖြစ်နေခဲ့သည်။

*****

All Chapters