ဝူတိုက်ပွဲလား၊ ဝမ်တိုက်ပွဲလား
Vol. 1 Ch. 408
"အားလုံးတစ်ပြိုင်တည်း တိုက်မလား၊ အလှည့်ကျ လာကြမလား ဟုတ်လား"
ရှောင်ထျန်းဟူသည် လှောင်ပြုံးပြုံးရင်း သူ့နောက်လိုက်တစ်ယောက်အား လှည့်ကြည့်ကာ လက်ဟန်ပြလိုက်သည်။
"ရှောင်မုန့်...ချမ်ဂိုဏ်းက သူတို့ရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ချင်နေမှတော့ မင်းသွားပြီး သူတို့နဲ့ကစားလိုက်။ တစ်ယောက်နဲ့ တစ်ယောက်ဆီပဲ တိုက်ကြ...ငါတို့ လူရယ်မခံချင်ဘူး"
သခင်မလေးများသည် မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့သည် ချမ်ဝမ်ကွမ် ရုတ်တရက်ကြီး ရဲရင့်လာရသည့် အကြောင်းအရင်းကိုလည်း စိတ်မဝင်စားကြတော့ပေ။ ပွဲကြည့်သူများ အနေဖြင့် အရာအားလုံး ဇောက်ထိုးပြောင်းပြန် ဖြစ်ကုန်လျှင်တောင် သူတို့စိတ်မဝင်စားပေ။ ဤအမျိုးသားများ ဒဏ်ရာရသည်ဖြစ်စေ၊ အသတ်ခံရသည်ဖြစ်စေ ထိုသူတို့သည် သူတို့လူမဟုတ်ပေ။ သခင်လေးများသည်လည်း ပြုံးနေကြသည်။ သူတို့စိတ်ထဲတွင် ရှောင်ဂိုဏ်းနှင့် ချမ်ဂိုဏ်းအကြား သေခြင်း၊ ရှင်ခြင်းတိုက်ပွဲများ ဖြစ်လာစေရန် ကျိတ်ဆုတောင်းနေကြသည်။
ကျန်းရီသည် သူ့နောက်မှ လူသုံးယောက်ကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။
"မင်းတို့သွားပြီး ကစားချင်ကြလား၊ ငါပဲသွားလိုက်ရမလား"
"ကျွန်တော်စမ်းကြည့်ချင်တယ်"
ချမ်ဂိုဏ်းမှ မီးခိုးရောင်ဆံပင်များနှင့် အကြီးအကဲတစ်ယောက်သည် ရှေ့သို့ ရဲဝံ့စွာတက်သွားခဲ့သည်။ ကျန်းရီ၏နောက်ခံရှိနေရာ ချမ်ဝမ်ကွမ်သည် မည်သည့်အရာကိုမှ ကြောက်နေရန် မလိုပေ။ ချမ်ဂိုဏ်းသားများ၏ တိုက်ပွဲဝင်လိုစိတ်မှာ အဆများစွာ တိုးတက်လာခဲ့သည်။ သူတို့ လက်ရှိနေရာတွင် ရှိနေသော ရှောင်ဂိုဏ်းသားများကို သတ်ပစ်လိုက်လျှင်တောင် ကိစ္စမရှိပေ။ ကျန်းရီသည် ဤနေရာရှိ လူများအားလုံးကို အသာလေးအနိုင်ယူနိုင်သည်။ အဘယ်အရာကို သူတို့ကြောက်နေရမည်နည်း။
"ကောင်းပြီ...ဂရုစိုက်"
ကျန်းရီသည် သူမဖြစ်မနေ တိုက်ရမည် မဟုတ်လျှင် ဝင်ပါမည်မဟုတ်ချေ။ သူသည် ရှေ့တက်သွားသူ၏ ပုခုံးအား ပုတ်လိုက်ပြီး အခြားလူနှစ်ယောက်နှင့်အတူ ချမ်ဝမ်ကွမ်၏အနောက်ဘက်ရှိ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
"ဒီလူ..."
မျက်လုံးပေါင်းများစွာသည် ကျန်းရီ၏ နောက်ကျောထံ ကပ်ပါသွားကြသည်။ အထူးသဖြင့် ရွှေချမ်လော့၊ တုကူးယန်၊ ရှားဖေးယွီနှင့် ကျန်းရိလျှိုတို့အားလုံးသည် ကျန်းရီ၏နောက်ကျောအား သံသယဝင်စွာ လိုက်ကြည့်နေကြသည်။ ကျန်းရီသည် ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံးကိုတပ်၍ အသံကို ပြောင်းလဲထားသော်လည်း သူ၏ခန္ဓာကိုယ် ပုံပန်းသွင်ပြင်ကို မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် သူနှင့် နီးစပ်သူများသည် သူ့အားရင်းနှီးနေသလို ခံစားနေကြရသည်။
ကံကောင်းထောက်မ၍ ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးသည် သူ့အားမဖော်ကြပေ။ သုံးယောက်သားသည် အတော်လေး သရုပ်ဆောင်ကောင်းလေ၏။ သူတို့သည် ကျန်းရီအား တစ်ချက်သာ တည်ငြိမ်စွာ ကြည့်လိုက်ပြီး အကြည့်လွှဲသွားကြသည်။ ချမ်ဝမ်ကွမ်သည် ဤနောက်လိုက်ကြောင့် စိတ်ကျေနပ်သည့်နှယ် ကျန်းရီ၏ပုခုံးကိုပင် အသာပုတ်လိုက်သေးသည်။ ထိုအပြုအမူသည် လူစု၏ သံသယကို ရှင်းလင်းသွားစေသည်။
"ချမ်ရွှယ်...ချမ်ဂိုဏ်း သံမဏိတပ်ဖွဲ့ရဲ့ စစ်သူကြီး"
ချမ်ဂိုဏ်းမှ အကြီးအကဲသည် နေရာအလယ်သို့ လျှောက်သွားလိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ ရှောင်ဂိုဏ်းမှလူသည် လှောင်ပြုံးတစ်ခုနှင့် ခေါင်းငြိမ့်လိုက်ပြီး အမည်ကို ပြောကြားလာလေ၏။
"ရှောင်မုန့်...ရှောင်ဂိုဏ်းရဲ့ လျှို့ဝှက်သက်တော်စောင့်၊ ဒီက ချမ်ဂိုဏ်းသားမိတ်ဆွေ ဝူတိုက်ပွဲလား၊ ဝမ်တိုက်ပွဲလား"
"ဝူတိုက်ပွဲလား၊ ဝမ်တိုက်ပွဲလား"
ကျန်းရီသည် သူ့ဘေးမှ လူနှစ်ယောက်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ သူတို့ထဲမှ တစ်ယောက်သည် လျင်မြန်စွာ ရှင်းပြလာခဲ့သည်။
"တိုက်ပွဲပုံစံ နှစ်မျိုးရှိတယ်။ ဝူတိုက်ပွဲက နှစ်ဖက်လုံးက ရှိသမျှ အစွမ်းကုန်ထုတ်ပြီး တိုက်ကြတာပဲ။ ဝမ်တိုက်ပွဲက အတွင်းအားသုံးတာကို တားမြစ်ထားတယ်။ ဝမ်တိုက်ပွဲဆိုရင် ဒီမှာပဲလုပ်လို့ရပြီး ဝူတိုက်ပွဲဆိုရင် အပြင်ထွက်ရလိမ့်မယ်"
"အိုး.."
ကျန်းရီသည် ချက်ချင်းနားလည်လိုက်သည်။ တိုက်ပွဲပုံစံနှစ်ခုမှာ ကွဲပြားသော်လည်း အမှန်တကယ်ကွာခြားချက်မှာ သိပ်မကြီးမားပေ။ ရှေ့ထွက်လာသူနှစ်ယောက်သည် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် ထိပ်ဆုံးအဆင့်ချည်းသာဖြစ်၍ အတွင်းအား၏ အစွမ်းမှာလည်း အတူတူလောက်ပင်ဖြစ်သည်။ တိုက်ပွဲအား အဆုံးအဖြတ်ပေးမည်မှာ သူတို့၏ တိုက်ပွဲဝင်အတွေ့အကြုံ၊ အသုံးပြုသည့် သိုင်းကွက်နှင့် တာအိုနားလည်သည့် အတိုင်းအတာတို့သာဖြစ်သည်။
"ဝမ်တိုက်ပွဲ"
ထင်ထားသည့်အတိုင်းပင် ချမ်ရွှယ်သည် ဝမ်တိုက်ပွဲကို ရွေးလိုက်သည်။ တကယ်တမ်းတွင် ဝမ်တိုက်ပွဲသည် အနီးကပ်တိုက်ခိုက်သည့်အတွက် အလွန်အန္တရာယ်များလေသည်။ ထိုတိုက်ပွဲမျိုးတွင် ယှဉ်ပြိုင်သူ၏ ခြေလက်များ ဖြတ်တောက်ခံရနိုင်သည်မှာလည်း အထူးအဆန်းမဟုတ်ပေ။ ဥပမာအနေနှင့် ယခုလေးမှ သယ်ထုတ်သွားခံရသည့် ချမ်ကန်းသည် ရင်ဘတ်အား တိုက်ရိုက်ဖောက်ထွင်းခံထားရသည်။ ချမ်ရွှယ်သည် ရှောင်မုန့်အား ဒဏ်ရာအပြင်းအထန်ရအောင်လုပ်၍ ချမ်ဂိုဏ်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးချင်နေသည်မှာ မဆန်းပေ။
ရွှေချမ်လော့၏ သင်္ဘောသည် လုံလောက်အောင် ကြီးမားလေသည်။ ထိုခန်းမသည် မီတာအတော်များများ ကျယ်ဝန်းပြီး နန်းတော်တစ်ခု၏ ခန်းမနှင့်တောင် ယှဉ်၍ရလေသည်။ ယခု စားသောက်ပွဲအတွက် အနက်ရောင်သစ်သားစားပွဲများကို မျက်နှာချင်းဆိုင်၍ နှစ်တန်းချထားခဲ့သည်။ စားပွဲအသီးသီးတွင် ထိုင်နေကြသူများသည် နောက်ဆုတ်ကြပြီး ခန်းမအလယ်တွင် တိုက်ခိုက်ရန်နေရာ လုံလောက်အောင် ဖယ်ပေးလိုက်ကြသည်။
ဝှစ်...
ချမ်ရွှယ်သည် ရှေ့သို့ တိုက်ရိုက်တိုးဝင်သွားခဲ့သည်။ သူသည် မည်သည့်လက်နက်မှ ကိုင်ဆောင်မထားခဲ့ပေ။ သူ့ပုံစံမှာ ရှောင်မုန့်အား လက်ဗလာဖြင့် ဆွဲဖြဲတော့မည့်အလား။
ဝှစ်...ဝှစ်...ဝှစ်...
ဂိုဏ်းအသီးသီးမှ လျှို့ဝှက်သက်တော်စောင့်များသည် သူတို့၏သခင်များနောက်တွင် ချက်ချင်းလာရပ်လိုက်ကြသည်။ သူတို့သည် လူနှစ်ဦးတိုက်ပွဲကြောင့် သူတို့သခင်များ ထိခိုက်သွားမည်ကို ကာကွယ်နေကြခြင်းဖြစ်သည်။
ဟမ့်...
ရှောင်မုန့်သည် ဓားကြီးတစ်လက်ကို ကျောထက်တွင် လွယ်ထားခဲ့သည်။ သူသည် ဓားရိုးအား လက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး ရှေ့သို့ ပြေးတက်သွားခဲ့သည်။ သူ၏မျက်လုံးအေးစက်စက်များမှာ သားရိုင်းကြီးတစ်ကောင်၏ မျက်လုံးများအလားပင်။
သူသည် ချမ်ရွှယ်နှင့် ဆယ်မီတာခန့်အကွာသို့ အရောက်တွင် လေထဲသို့ ခုန်တက်လိုက်ပြီး ဓားကို ပစ်လွှတ်လိုက်လေ၏။ အေးစက်စက်အလင်းတစ်ဖြာ ထွက်ပေါ်လာခဲ့ပြီး ဓားသည် လခြမ်းကွေးတစ်ခုပမာ ချမ်ရွှယ်၏ဦးခေါင်းထံ ပြေးဝင်သွားခဲ့သည်။
ဝှစ်...ဝှစ်...ဝှစ်...
ဓားသည် လေထဲတွင် တဝှီးဝှီးမြည်၍ အရိပ်များအဖြစ် ကွဲထွက်သွားခဲ့သည်။ ဓားအရိပ်များသည် ချမ်ရွှယ်၏ ဦးခေါင်းထံ လှိုင်းများအလား တိုးဝင်လာခဲ့သည်။ မည်သည်မှာ ဓား၊ မည်သည်မှာ ပုံရိပ်မှန်း မကွဲပြားချေ။
"အမ်..."
ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူ့ဘေးမှ ချမ်ဂိုဏ်းသားသည် အလျင်အမြန် ရှင်းပြလာခဲ့သည်။
"အဲ့ဒါက ရေဓာတ်အထူးပြု တာအို၊ ရေလှိုင်းတစ်ထောင်ပဲ။ ဟားဟား...အစ်ကိုရွှယ်က ရေဓာတ်တာအိုကို နိုင်တဲ့ မီးဓာတ်တာအိုကို နားလည်ထားတယ်။ ဒီတစ်ကြိမ် ရှောင်မုန့်တော့ ကံဆိုးပြီ"
ကျန်းရီသည် ခေါင်းငြိမ့်လိုက်ပြီး စကားပြောနေခြင်းကို ရပ်တန့်လိုက်သည်။ သူသည် တိုက်ပွဲအား သေချာကြည့်နေခဲ့သည်။ ချမ်ရွှယ် လက်ကို လှုပ်ရှားလိုက်သည့်ခဏတွင် ဓားမြှောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် ရက်စက်လှသော တိုက်ခိုက်မှုကို မရှောင်တိမ်းခဲ့ပေ။ ချမ်ရွှယ်သည် လက်ထဲမှ ဓားမြှောင်ကိုသုံး၍သာ ကျဆင်းလာသော ဓားကြီးကို ခုခံခဲ့သည်။
"ချွင်...ချွင်...ချွင်"
သတ္ထုချင်း ထိခတ်သံတို့သည် ဆက်တိုက်ထွက်ပေါ်လာနေခဲ့သည်။ ချမ်ရွှယ်၏ ဓားမြှောင်သည် ပြိုင်ဘက်၏ဓားကို ခုခံနိုင်သော်လည်း ဓားချင်းထိခတ်သွားသည့် အချိန်တိုင်းတွင် သူ့ကိုယ်မှာ နောက်ဆုတ်နေရသည်။ ရှောင်မုန့်သည် ဓားချက်များ ဆက်တိုက်ထုတ်လွှတ်နေဆဲပင်။ ရှောင်မုန့်သည် လုံးဝအသာစီးရနေပုံပေါ်ပြီး ချမ်ရွှယ်မှာ ဖိနှိပ်ခံနေရသည်။ အမှားတစ်ခုလုပ်မိသည်နှင့် ချမ်ရွှယ်သည် ဓားနှင့်အခုတ်ခံရပြီး သေသွားပေလိမ့်မည်။
မီးပွားတစ်ခုသည် တောအုပ်တစ်ခုလုံးကိုပင် လောင်ကျွမ်းသွားစေနိုင်သည်။
ချမ်ရွှယ်သည် အသာပြုံး၍ ရှောင်မုန့်၏ဓားချက်များကို ဆက်လက်ခုခံနေခဲ့သည်။ သူသည် အလျင်လိုဟန် လုံးဝမရှိပေ။ သူသည် လက်ထဲမှ ဓားမြှောင်ကိုသာ ပိုမိုလျင်မြန်စွာ လှုပ်ရှားနေခဲ့သည်။ အဆုံးတွင် သူ့လက်ထဲမှဓားအား အလင်းတစ်စအဖြစ်သာ မြင်ရတော့သည်။ အလင်းတန်းလေးသည် ပို၍ မြန်မြန်လှုပ်ရှားနေခဲ့ပြီး ပိုမိုတောက်ပလာနေခဲ့သည်။ ၎င်းသည် တောအုပ်ကြီးတစ်ခုလုံးကို လောင်ကျွမ်းပစ်တော့မည့် မီးပွားလေးအလားပင်။
ရှောင်မုန့်သည် ဆက်လက်တိုက်ခိုက်နေသော်လည်း အနိုင်မရခဲ့သေးပေ။ ချမ်ရွှယ်၏ ဓားချက်များမှာ ပို၍ ငြင်သာသထက် ငြင်သာလာခဲ့သည်။ ရှောင်မုန့်သည် အတွင်းအားမသုံးဘဲ ဓားကြီးဖြင့် ဆက်တိုက် တိုက်ခိုက်နေခဲ့ရသည်။ ဓားချက်တစ်ရာကျော် ထုတ်ဖော်ပြီးနောက်တွင် ရှောင်မုန့်သည် လေထဲတွင် ကိုယ်ကို ထိန်းမထားနိုင်တော့ဘဲ အောက်သို့ သက်ဆင်းလိုက်ရသည်။ သူ၏ပြင်းထန်လှသော အရှိန်အဟုန်မှာ လျော့ကျသွားခဲ့သည်။
သူတိုက်ခိုက်မှုကို ရပ်တန့်လိုက်သောအခါမှ ချမ်ရွှယ်သည် ပြန်လည်တိုက်ခိုက်ခဲ့သည်။ သူ၏ဓားသည် ကောင်းကင်မှကြယ်များပမာ အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရှောင်မုန့်အား ဘက်ပေါင်းစုံမှ တိုက်ခိုက်နေခဲ့သည်။
ဒီကြယ်စင်မီးတောက် တာအိုတိုက်ကွက်က တော်တော်လေး အင်အားကြီးတယ်။ ရှောင်မုန့်တော့ ပွဲသိမ်းပြီ...
ကျန်းရီသည် အသာခေါင်းငြိမ့်လိုက်သည်။ နေနဂါးဆေးပင်သည် သူ့ခန္ဓာကိုယ်၏ ပြင်ပခွန်အားကို တိုးတက်စေခဲ့သည်။ သူ၏အမြင်အာရုံမှာလည်း အလွန်ကောင်းမွန်လာခဲ့သည်။ အနက်ရောင်အတွင်းအားနှင့် ပေါင်းစပ်လိုက်သော် သူ့အမြင်အာရုံမှာ လက်ရှိနေရာမှ လူများအားလုံးထက် သာလေသည်။ ထို့ကြောင့် သူသည် ရှောင်မုန့်ရှုံးနိမ့်တော့မည်မှန်း အလွယ်တကူ ပြောနိုင်လေသည်။
သူထင်ထားသည့်အတိုင်း တစ်ခဏအတွင်းတွင် ရှောင်မုန့်၏ အားနည်းချက်တစ်ခု ပေါ်ထွက်လာသည်နှင့် ချမ်ရွှယ်၏ ဓားမြှောင်သည် သူ့ကိုယ်ထဲ တိုးဝင်သွားခဲ့သည်။ ချမ်ရွှယ်သည် ရှောင်မုန့်၏ ကိုယ်တွင်း နစ်ဝင်နေသည့် ဓားမြှောင်ကို ရက်စက်စွာပင် ဘေးသို့ဆွဲချလိုက်သည်။ ရှောင်မုန့်၏ကိုယ်မှာ ထက်ပိုင်းပြတ်သွားတော့မတတ်ပင်။
ဘန်း...
ချမ်ရွှယ်သည် သတ်ရန် မရည်ရွယ်ခဲ့ပေ။ သူသည် ရှောင်မုန့်အား ခြေထောက်တစ်ဖက်မြှောက်၍ ကန်ထုတ်လိုက်သည်။ သွေးများသည် လေထဲတွင် ပြန့်ကျဲသွားခဲ့ပြီး အောက်မှ ကော်ဇောဖြူဖြူအား စွန်းထင်းသွားခဲ့သည်။ ရှောင်မုန့်သည် ကြမ်းပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားခဲ့ပြီး ပါးစပ်ထဲမှ သွေးများ စီးကျလာကာ မေ့မျောသွားခဲ့သည်။
"အသုံးမကျလိုက်တာ...သူ့ကို သယ်ထုတ်သွားကြ"
ရှောင်ထျန်းဟူ၏ မျက်နှာမှာ အဆုံးစွန်ထိတိုင်အောင် မည်းမှောင်နေလေသည်။ သူသည် သူ့နောက်မှ အရပ်ပုပုနှင့် ခပ်ပိန်ပိန် လူရွယ်အားကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
"ရှောင်မင်...ချမ်ဂိုဏ်းက လူတွေနဲ့ မင်းသွားကစားလိုက်"
"နားလည်ပါပြီ"
ရှောင်မင်ဟု ခေါ်သူ၏ မျက်နှာထက်တွင် နှုတ်ခမ်းထောင့်မှ နားရွက်အထိ ရောက်သည့် အမာရွတ်တစ်ခု ရှိလေသည်။ သူစကားပြောသည့်အခါတိုင်းတွင် အမာရွတ်မှာ ကင်းခြေများ တစ်ကောင်အလား နိမ့်လိုက်မြင့်လိုက်နှင့် ကြည့်ရဆိုးလှသည်။
သူသည် နေရာအလယ်သို့ လျှောက်သွားလိုက်ပြီး ရှောင်ဂိုဏ်းမှလူများ ရှောင်မုန့်ကို သယ်ထုတ်သွားသည်အား စောင့်နေလိုက်သည်။ ထို့နောက် သူသည် အင်္ကျီလက်ထဲမှ သံချိတ်တစ်ခုကို ထုတ်ယူလိုက်ပြီး ချမ်ရွှယ်အား စိုက်ကြည့်ကာ ပြောလိုက်သည်။
"ချမ်ဂိုဏ်းက အဖိုးကြီး...ထွက်သွားစမ်းပါ။ ခင်ဗျားကို အနိုင်ကျင့်တယ်ဆိုပြီး ကျုပ်တို့ရှောင်ဂိုဏ်း အစွပ်စွဲခံရအောင် လုပ်မနေနဲ့။ အလှည့်ကျလာကြမလား ဟုတ်လား။ ကောင်လေး...မင်းက တော်တော်မောက်မာတာပဲ။ မင်းငါနဲ့ ကစားချင်လား"
ရှောင်မင်သည် သူ၏ တောက်ပနေသော သံတံစဉ်ကို ချမ်ဝမ်ကွမ်၏ အနောက်ဘက်မှလူထံ ညွှန်ပြလိုက်သည်။ သူသည် ကျန်းရီနှင့် တိုက်ခိုက်ရန် စိန်ခေါ်နေခြင်းဖြစ်သည်။
*****