← Chapters

သူ ဘယ်တုန်းက သတ္တိကြောင်သူ ဖြစ်ဖူးလို့လဲ

Vol. 1 Ch. 409

သူ ဘယ်တုန်းက သတ္တိကြောင်သူ ဖြစ်ဖူးလို့လဲ

Vol. 1 Ch. 409

"ငါလား"

လူအားလုံး သူ့ကို ကြည့်နေကြသည်အား သူမြင်သောအခါ ကျန်းရီသည် မျက်ခုံးများ ပင့်လိုက်ပြီး တစ်ခဏ စဉ်းစားနေလိုက်သည်။ မကြာခင်တွင် သူသည် ခေါင်းမော့၍ အထက်စီးဆန်ဆန် ပြောလိုက်သည်။

"ငါ့ကို စိန်ခေါ်ချင်တာလား။ မင်းက မတန်သေးဘူး။ အစ်ကို မင်းသွားကစားပေးလိုက်"

"ဖြီး..."

သခင်မလေးများသည် လှောင်ရယ်လိုက်ကြသည်။ အချို့ဆိုလျှင် ကျန်းရီအား လှည့်၍ပင် မကြည့်ကြတော့ပေ။ သူသည် ယခုလေးတင် မောက်မာနေသော်လည်း တစ်စုံတစ်ယောက်မှ ပေါ်တင်စိန်ခေါ်သည့်အခါ လက်မခံရဲပေ။ ထို့ကြောင့် လူတိုင်းသည် သူ့အား ချက်ချင်းအထင်သေး ကုန်ကြသည်။

မတန်ဘူးဟု ပြောလိုက်သည်လော။ ချမ်ဂိုဏ်း၏ နောက်လိုက်တစ်ယောက်က သူ့ကိုယ်သူ မည်သူဟု ထင်နေသနည်း။ သူ့အပြုအမူသည် လူတိုင်းအား ရွံရှာလာစေသည်။

မကြာခင်တွင် ရွှေချမ်လော့၊ တုကူးယန်၊ ရှားဖေးယွီနှင့် ကျန်းရိလျှိုတို့သည် လှောင်ပြုံးကိုယ်စီ ပြုံးလိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲမှ သံသယများလည်း ကွယ်ပျောက်သွားကြသည်။ ဝိဉာဉ်သားရဲသင်တန်းကျောင်းမှ ဒုကျောင်းအုပ်လျှိုသည်လည်း လူရွယ်ထံမှ အကြည့်လွှဲလိုက်သည်။ သူသည် ကျန်းရီမဖြစ်နိုင်ချေ၊ ကျန်းရီနှင့် ပုံပန်းသွင်ပြင် တူနေခြင်းသာ ဖြစ်လောက်သည်။ ကျန်းရီသည် စိတ်ထင်ရာလုပ်တတ်ပြီး တိုက်ပွဲတစ်ခုအား မရှောင်လွှဲတတ်ပေ။ ထိုအချက်အား နယ်မြေတစ်ခုလုံးက သိကြသည်။ သူသည် ဤသို့ အခြေအနေမျိုးတွင် သတ္တိကြောင်နေမည်မဟုတ်။

"ကောင်းပြီ...ချမ်ထျဲက မင်းနဲ့တိုက်ပေးမယ်"

စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်ရှိသူ တစ်ယောက်သည် ထရပ်ကာ ပြောလာခဲ့သည်။ ကျန်းရီသည် နောက်ဆုတ်လိုက်ပြီး ချမ်ဝမ်ကွမ်၏ နောက်ဘက်တွင် ကွယ်နေလိုက်သည်။ သူသည် သူထံသို့ အာရုံစိုက်မှုများ လျော့နည်းသွားသည်ကို ခံစားမိမှသာ တိတ်တဆိတ် ခေါင်းငြိမ့်လိုက်သည်။

ထိုသည်မှာ သူလိုချင်သော ရလဒ်ဖြစ်သည်။ လူများစွာသည် သူ့အား သံသယဝင်နေကြသည်။ သူသာ ယခု စိန်ခေါ်မှုကို လက်ခံလိုက်လျှင် သူ့ကိုယ်သူ ဖော်ထုတ်လိုက်သလို ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် လက်ရှိအချိန်တွင် အခြားသူများ သတိထားနေခြင်း လျော့ကျသွားစေရန် သူကြောက်ချင်ယောင်ဆောင်နေလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် သူသည် ဝူတိုက်ပွဲ၊ ဝမ်တိုက်ပွဲတို့နှင့် စိမ်းသက်နေသေးသည်။ သူ ဝူတိုက်ပွဲကို တိုက်ခိုက်လိုက်လျှင် သူ့အကြီးကြီး လှုပ်ရှားမိလိုက်သည်နှင့် သူ့သရုပ်မှန် ပေါ်ပေါက်သွားလိမ့်မည်။ ထို့ကြောင့် သူသည် အခြားသူများကို အရင်စူးစမ်းပြီးမှ ဝမ်တိုက်ပွဲကို စမ်းသပ်ကြည့်ရမည်။

ကျန့်ဝူရွှမ်းနှင့် ကျန်နှစ်ယောက်သည် အများကြီး တွေးမနေကြပေ။ ကျန်းရီသည် သူတို့၏ နောက်ခံဖြစ်ရာ သူ့စိတ်ကြိုက် လုပ်ချင်ရာ လုပ်နိုင်သည်။ သူတို့သည် ပွဲကြည့်ပရိသတ်သာ လုပ်တော့မည်။ သိသာစွာပင် သူတို့သည် ကျန်းရီအား သတ္တိကြောင်သူတစ်ယောက်အဖြစ် ပုံဖော်ကြည့်၍တောင် မရပေ။ ဤသို့သော် တိုက်ပွဲမျိုးသည် ကျန်းရီအတွက် အိမ်ဆောက်တမ်းကစားနေသလောက်သာ ရှိသည်။ သူမကြုံဖူးသောအရာ ရှိပါ၏လော။

သူ မည်သည့်အချိန်က သတ္တိကြောင်ဖူးခဲ့ပါသနည်း။

ချမ်ထျဲသည် အသက်လေးဆယ်ခန့်အရွယ်ဖြစ်ပြီး စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်တွင် ရှိသည်။ သူသည် ဓားပျော့တစ်ချောင်းကို ထုတ်လိုက်သည့ယ်။ ကျန်းရီရှိနေရာ ချမ်ဂိုဏ်းသားများအားလုံး စိတ်အေးနေကြသည်။ သူတို့အားလုံးသည် အစွမ်းကုန် စိတ်ချလက်ချ တိုက်ခိုက်နိုင်သည်။

ထို့ကြောင့် ချမ်ထျဲသည် ရှေ့ထွက်ကာ ရှောင်မင်ဘက်လှည့်၍ ပြောလိုက်သည်။

"ငါမင်းနဲ့ ကစားရင်ရော...ဘယ်လိုလဲ"

"မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့။ လာစမ်းပါ"

ရှောင်မင်သည် နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရာ သူ့နှုတ်ခမ်းထောင့်မှ အမာရွတ်သည် ထပ်မံလှုပ်ရှာသွားခဲ့ပြီး သခင်မလေးများအား ကြောက်လန့်သွားစေသည်။ သူသည် ဝံ့ကြွားစွာ ရပ်နေခဲ့သည်။ သူသည် မတိုက်ခိုက်ပဲ ချမ်ထျဲစတိုက်မည်အား စောင့်နေခြင်းဖြစ်သည်။

"ကောင်းပြီ"

ချမ်ထျဲသည် ကြမ်းပြင်ပေါ်တွင် ခြေတစ်ဖက်ထောက်လိုက်ပြီး ရှေ့သို့ ခုန်သွားလိုက်သည်။ သူသည် လေပြည်တစ်ခုအလား ရှေ့တက်သွားလေ၏။ သူ့လှုပ်ရှားမှုများမှာ ချမ်ရွှယ်ထက် ပိုမြန်လေ၏။ သူ့ကိုယ်သည် မှုန်ဝါးသွားခဲ့ပြီး သူရွေ့လျားမှုများအား မှန်းဆ၍ မရတော့ပေ။ လှုပ်ရှားမှုနည်းလမ်းမှာ အလွန်ထူးဆန်းလေသည်။

"အဲ့ဒါ ညီအစ်ကိုထျဲရဲ့ လေဓာတ်အထူးပြု လေအရိပ်တာအိုပဲ"

ယခု ချမ်ရွှယ်သည် ကျန်းရီအား တစ်လှည့်ရှင်းပြနေခဲ့သည်။ ကျန်းရီသည် ကြယ်တံခွန်ကျွန်းမှ စာကြည့်တိုက်ထဲတွင် တာအိုများအကြောင်း အကျဉ်းချုပ်ကို ဖတ်ခဲ့ဖူးသည့်အတွက် ခေါင်းသာ အသာငြိမ့်လိုက်သည်။ အဆင့်နိမ့် လေဓာတ်အထူးပြုတာအို ကိုးခုတွင် လေအရိပ်တာအိုမှာ တစ်ခု အပါအဝင်ဖြစ်သည်။

သို့သော်လည်း ချမ်ထျဲသည် တာအိုတိုက်ကွက်၏ သဘာဝလွန်အဆင့်ကို ရောက်သေးပုံ မရပေ။ သူဖတ်ထားသည့် စာအုပ်များအရဆိုလျှင် လူတစ်ယောက်သည် သဘာဝလွန်အဆင့်သို့ ရောက်သွားသည်နှင့် လေ၏ အရိပ်ပမာ ဖြစ်သွားသည်ဟု ဆိုကြသည်။ သူနှင့်အဆင့်တူအတွင်းရှိသူများသည် ထိုသူ၏ လှုပ်ရှားမှုများကို မြင်နိုင်မည်ပင် မဟုတ်တော့ပေ။

"ဟီးဟီး"

ရှောင်မင်သည် ထိတ်လန့်ဟန် လုံးဝမရှိပေ။ သူသည် တည်တည်ငြိမ်ငြိမ်သာ ရပ်နေခဲ့သည်။ သူသည် ချမ်ထျဲရှိရာသို့ လှည့်၍ပင် မကြည့်ပေ။ သူ့နားရွက်များသာ မသိမသာ လှုပ်ရှားသွားခဲ့လေသည်။ သူသည် လေသံကို နားထောင်၍ လှုပ်ရှားမှုများကို အာရုံခံနေခြင်းဖြစ်သည်။

ကျန်းရီသည် တိတ်တဆိတ် ချီးကျူးလိုက်မိသည်။ ဤသို့သော အခြေအနေမျိုးတွင် ထိုတုံ့ပြန်ပုံမှာ အသင့်တော်ဆုံးဖြစ်သည်။ ရှောင်မင်သည် အမြင်အာရုံကိုသာ အားကိုးနေပါလျှင် သေချာပေါက် အသတ်ခံရလိမ့်မည်။ ချမ်ထျဲ မည်သို့လှုပ်ရှားသည်ဖြစ်စေ အသံတစ်ခုတော့ ထွက်လာမည်သာ။ ရှောင်မင်သည် ထိုအသံလာရာအရပ်ကို အကဲဖြတ်နိုင်သည်နှင့် ချမ်ထျဲအစစ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်။

ချမ်ထျဲသည် စတင်၍ ဓားပျော့ဖြင့် ရှောင်မင်ရှိရာသို့ ထိုးချလိုက်သည်။ ဓားပျော့သည် မြွေတစ်ကောင်အလား ကွေ့ဝိုက်၍ တိုးဝင်သွားခဲ့သည်။ မည်သူမှ ဓားဦးတည်ရာအရပ်ကို သေချာမခန့်မှန်းနိုင်ကြပေ။

ထို့ပြင် ဓားပျော့သည် တုန်ခါနေရာ အလွန်စူးရှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သာမန်ကျင့်ကြံဆင့်သာရှိကြသော သခင်မလေးများမှာ နားများကိုပင် အုပ်ထားကြရသည်။ သို့သော်လည်း ထိုအသံသည် လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်နေဆဲပင်။ အချို့ဆိုလျှင် သွေးအန်မိလုနီးပါးပင် စိတ်အနှောင့်အယှက် ဖြစ်ကုန်ကြသည်။

"ဒါက လေရဲ့တီးတိုး စကားသံပဲ။ ညီနောင်ထျဲက ဒီတာအိုတိုက်ကွက်မှာ သဘာဝလွန်အဆင့်ကိုတောင် ရောက်သွားပြီ။ ဒါ တကယ်စွမ်းအားကြီးတာပဲ"

ကျန်းရီသည်လည်း မသက်မသာ ဖြစ်နေခဲ့သည်။ ချမ်ရွှယ်၏ ရှင်းပြချက်ကို နားထောင်အပြီးတွင် သူ၏စူးစမ်းလိုစိတ်သည် သူ့နားထဲမှ မခံမရပ်နိုင်ဖြစ်မှုကို အနိုင်ရသွားခဲ့သည်။

ယနေ့သည် အမှန်တကယ် မျက်စိပွင့်နားပွင့်သောနေ့ ဖြစ်သည်။ ဤသည်မှာ တာအိုတစ်ခု၏ တကယ့်စွမ်းအားအစစ်အမှန်ဖြစ်သည်။ ရှောင်မင်သည် သူတို့ထက် အဆတစ်ရာခန့် ပိုခံစားနေရလောက်သည်။ သူသည် ပြန်တိုက်ခိုက်ချင်မှတောင် တိုက်ခိုက်နိုင်လိမ့်မည်။

သို့သော်လည်း လူတိုင်းမမျှော်ထားကြသည်မှာ ဓားပျော့သည် ရှောင်မင်၏ကိုယ်အား မထိတွေ့ခင် သူ့ကိုယ်သည် ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။ သူ့လက်ထဲမှ သံချိတ်သည် ရုတ်တရက် ပြင်းပြင်းထန်ထန် လည်လာခဲ့သည်။ သံချိတ်၏ လှုပ်ရှားမှုမှာ ထူးခြားမှု သိပ်မရှိပေ။ ၎င်းသည် ရှောင်မင်အား ချမ်ထျဲ၏ ဓားပျော့ထံမှ ကာကွယ်ပေးထားသည့်အလား။

ချမ်ထျဲသည် ဓားပျော့အား ဆက်လက်ထိုးသွင်းလိုက်သည်။ သူ့မျက်လုံးများတွင် လူသတ်ရိပ်များ ဖုံးလွှမ်းနေသည်။ သူ့ပုံစံမှာ တိုက်ပွဲကို အနိုင်ရရန် ယုံကြည်ချက်ရှိပုံ ပေါ်နေသည်။ သူ၏ဓားပျော့ထံမှ ရှောင်တိမ်းရန် အခွင့်အရေး ရှိနိုင်မည်မဟုတ်ချေ။

ချွမ်...ချွမ်...

သတ္ထုချင်းထိခတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထင်ထားသည့်အတိုင်း ဓားပျော့သည် အဝေးသို့ လမ်းလွဲမသွားခဲ့ပေ။ ၎င်းသည် တစ်ပတ်လည်သွားခဲ့ပြီး ရှောင်မင်၏ ဘယ်ဘက်ပုခုံးထံ တိုးဝင်သွားခဲ့သည်။ ဓားပျော့သည် လျင်မြန်လွန်း၍ ရှောင်မင်မှာ ရှောင်တိမ်းရန် အချိန်မရနိုင်ပေ။ သူသည် လက်တစ်ဖက် ဆုံးရှုံးရန် အနည်းငယ်သာ လိုတော့သည်။

ထိုခဏတွင် မမျှော်လင့်ထားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သံချိတ်ထံမှ အဖြူရောင်အလင်း ဖြာထွက်လာခဲ့သည်။ ၎င်းသည် မြွေဖြူတစ်ကောင်ပမာ ဓားပျော့ထက်မှ ဖြတ်သန်းသွားခဲ့ပြီး ချမ်ထျဲ၏ ကိုယ်တွင်း ဝင်ရောက်သွားခဲ့သည်။

"အား..."

ချမ်ထျဲ၏ ဓားပျော့သည် ရှောင်မင်၏ လက်မောင်းအား ဖြတ်တောက်နိုင်ရန် တစ်လက်မခန့်သာ လိုတော့သည်။ သို့သော် ချမ်ထျဲသည် သူ့တိုက်ခိုက်မှုကို ရှေ့ဆက်မတိုးနိုင်ခဲ့ပေ။ အဖြူရောင်မြွေ ချမ်ထျဲ၏ ကိုယ်တွင်းဝင်ရောက်သွားခဲ့ပြီးနောက် သူ့ကိုယ်မှာ အဆတ်မပြတ် တုန်ခါလာခဲ့သည်။ သူ၏အနက်ရောင်ဆံပင်များမှာ ထောင်ထလာခဲ့ပြီး သူ့မျက်လုံးများသည် မျက်ဖြူလန်သွားခဲ့သည်။ သူ့နှာခေါင်း၊ ပါးစပ်နှင့် ဝတ်ရုံတို့မှ မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့ပြီး သူ့ကိုယ်မှ ညှော်နံ့တစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။

"ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုတွေထဲက မိုးကြိုးတာအို...ချမ်ထျဲတော့သွားပြီ"

ကျန်းရီ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့ပြီး ထိတ်လန့်စွာ တီးတိုးရေရွတ်လိုက်မိသည်။ ချမ်ထျဲသည် မိုးကြိုးထိမှန်သွားသည်မှာ ထင်ရှားနေသည်။ အဖြူရောင်မြွေမှာ မိုးကြိုးတစ်စသာ ဖြစ်လေသည်။ ထိုရှောင်မင်သည် ကောင်းကင်နှင့်မြေကြီး၏ တာအိုများထဲမှ တစ်ခုကို နားလည်ထားခဲ့ပြီး ထိုသည်မှာလည်း မိုးကြိုးတာအိုဖြစ်နေသည်။

မိုးကြိုးထိခတ်ခံရပြီးနောက် ချမ်ထျဲ၏ကိုယ်မှာ မရပ်မနားတုန်ယင်နေခဲ့သည်။ ရှောင်မင်သည် ထိုသို့သော အခွင့်အရေးမျိုးကို မည်သို့လက်လွှတ်ခံပါမည်နည်း။ သူ သံချိတ်ကို ကိုင်ထားသည်မှာ သေမင်းတစ်ပါးက တံစဉ်ကို ကိုင်ဆောင်ထားသည့်အလား။ သံချိတ်၏ ချိတ်ကောက်သည် ချမ်ထျဲ၏ ဝမ်းဗိုက်အတွင်း ဝင်ရောက်သွားခဲ့သည်။ ထို့နောက် ချိတ်အား အားနှင့် ဆောင့်ဆွဲလိုက်သည်။

"အား..."

သခင်မလေးများသည် စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ်လာကြသည်။ သူတို့သည် ပျို့အန်ချင်လာသလိုမျိုး ခံစားနေကြရသည်။ သခင်လေးများသည်ပင် အကြည့်လွှဲလိုက်မိကြသည်။ ချမ်ဂိုဏ်းသားများ၊ ကျန့်ဂိုဏ်းသားများနှင့် ယွင်ဂိုဏ်းသားများမှာ ချက်ချင်းလူသတ်ငွေ့များ ဖြာထွက်လာကြသည်။ အဘယ့်ကြောင့်ဆိုသော် ချမ်ထျဲ၏ ကိုယ်တွင်းအင်္ဂါများ အားလုံးနီးပါးမှာ ရှောင်မင်၏ ဆွဲထုတ်ခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။ ချမ်ထျဲ၏ အူများမှာ ကြမ်းပြင်ပေါ်တွင် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေလေသည်။ မြင်ကွင်းမှာ အလွန်ခြောက်ခြားစရာ ကောင်းလေသည်။

"ပြန်ထိုင်ကြ...ချမ်ရွှယ်...ချမ်ထျဲကို ဆေးကုဖို့ ပြန်ခေါ်သွား"

ချမ်ဝမ်ကွမ်သည် စိတ်ကို အတော်ထိန်းထားနိုင်လေသည်။ သူသည် စားပွဲအား ရိုက်ချလိုက်ပြီး ချမ်ဂိုဏ်းသားများအား ရပ်တန့်စေလိုက်သည်။ ချမ်ရွှယ်သည် ချက်ချင်းပြေးထွက်သွားခဲ့ပြီး သေလုမျောပါးဖြစ်နေသော ချမ်ထျဲကို သယ်ဆောင်၍ သင်္ဘောခန်းထဲမှ ပြန်ထွက်သွားခဲ့သည်။

"ဟီးဟီး"

ရှောင်မင်သည် လှောင်ရယ်လိုက်သည်။ သူ၏ ကင်းခြေများပုံ အမာရွတ်ကြီးမှာ ထပ်မံရှုံ့တွသွားခဲ့ပြီး ကြောက်စရာကောင်းသည့်ပုံ ဖြစ်ပေါ်လာခဲ့ပြန်သည်။ သူသည် ချမ်ဂိုဏ်းသားများ ရှိရာသို့ သံချိတ်ဖြင့် ညွှန်ပြကာ ပြောလိုက်သည်။

"သူ့အတွက် လက်စားချေပေးချင်တဲ့သူရှိရင် ရှေ့ထွက်လာခဲ့"

ချမ်ဂိုဏ်းသားများသည် အားလုံးတွေဝေကုန်ကြသည်။ မည်သူမှ ရှောင်မင်ကို အနိုင်ယူရန် ယုံကြည်ချက် မရှိကြပေ။ ထိုကောင်းကင်နှင့်မြေကြီး၏ တာအိုတိုက်ကွက်မှာ အလွန်စွမ်းအားကြီးလှသည်။ မိုးကြိုးဖြင့် ထိတွေ့သွားသည်နှင့် သူတို့အားလုံး ချမ်ထျဲနည်းတူ ဖြစ်ကုန်ကြလိမ့်မည်။

"ဟားဟား..."

ထိုခဏတွင် ကျန်းရီသည် မတ်တပ်ရပ်လိုက်သည်။ သူသည် နားအတွင်းသို့ လက်ညှိုးတစ်ချောင်းဖြင့် လှည့်ရင်း ရှေ့ထွက်သွားလိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည်။

"ငါမင်းနဲ့ ကစားပေးမယ်"

"..."

"ဝိုး..."

အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားပြီးနောက် အခန်းထဲတွင် အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။ ရှောင်မင်၏ မိုးကြိုးတာအိုသည် အလွန်စွမ်းအားကြီးသည်။ သင်္ဘောခန်းအတွင်းရှိ မည်သူမှ ရှောင်မင်အား အနိုင်ယူနိုင်မည်ဟု တစ်ရာရာခိုင်နှုန်း မပြောရဲကြပေ။ အဘယ်ကြောင့် ဤငကြောက်သည် ရုတ်တရက်ကြီး စိတ်ပါလက်ပါ လုပ်အားဝင်ပေးနေသနည်း။

*****

All Chapters