အခန်း (၈၂)
Vol. 9 Ch. 82
သူမ ရင်ဆိုင်ခဲ့ရသော ဝိဉာဉ်ဘုရင် သုံးယောက်အနက် တစ်ယောက်မှာ သူမ၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရသည်။ ကျန်ရှိသော နှစ်ယောက်မှာမူ လီကျယ်ရှန်း၏ ဓားသွားအောက်တွင် ဝိဉာဉ်ချုပ်ငြိမ်းခဲ့ရလေပြီ။
လမ်းမကြီး၏ ဘေးတစ်လျှောက်တွင် အလောင်းများမှာ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲလျက်ရှိသည်။ စူးရှသော သွေးညှီနံ့များမှာလည်း မိုင်ပေါင်းများစွာအထိ ပျံ့နှံ့နေတော့သည်။ လေထုထဲတွင် ကျန်ရစ်ခဲ့သော အေးစက်လှသည့် သတ်ဖြတ်လိုစိတ် အငွေ့အသက်များကြောင့် တောအုပ်အတွင်းရှိ ဝိဉာဉ်သားရဲများပင်လျှင် ကြောက်လန့်တကြား ညည်းညူကာ ဆုတ်ခွာသွားကြရသည်။
မြင်းနှစ်ကောင်မှာမူ တိုက်ပွဲ၏ ရိုက်ခတ်မှုများကြောင့် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားခဲ့ရလေပြီ။
လီကျယ်ရှန်းနှင့် ချန်ရန်ရွယ်တို့၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ အလုံးစုံ မပြယ်သေးသဖြင့် နှစ်ဦးသား စကားတစ်ခွန်းမျှ မဆိုကြဘဲ လမ်းမကြီးအတိုင်း တိတ်ဆိတ်စွာ ခရီးနှင်လာခဲ့ကြသည်။
လီကျယ်ရှန်း၏ အကြည့်များမှာ ရေခဲကဲ့သို့ အေးစက်လျက် ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ ချန်ရန်ရွယ်မှာမူ သူ၏ နောက်တွင် ခေါင်းငိုက်စိုက်ချလျက် ငြိမ်သက်စွာ လိုက်ပါလာခဲ့သည်။
“မိုးလင်းမှ ခရီးဆက်ကြတာပေါ့” ဟု လီကျယ်ရှန်းက ဆိုလိုက်သည်။
“ရန်သူတွေ ထပ်ရှိတော့မှာ မဟုတ်ပါဘူး။”
ချန်ရန်ရွယ်သည် တိုးညှင်းစွာ ပြန်လည်ဆိုလိုက်သည်။
နောက်ဆုံးတွင် ထီးတစ်လက်ကဲ့သို့ ကားယားဖြန့်ကျက်ထားသော သစ်ကိုင်းကြီးများရှိသည့် သစ်ပင်ကြီးတစ်ပင်အောက်၌ သူတို့ အနားယူလိုက်ကြသည်။ ချန်ရန်ရွယ်သည် တိတ်ဆိတ်စွာပင် သစ်ကိုင်းခြောက်များကို စုစည်းကာ မီးပုံဖိုလိုက်သည်။ လီကျယ်ရှန်းကမူ သားရဲများ မလာနိုင်ရန် ဒူကူယန် ပေးထားသော သားရဲနှင်ဆေးမှုန့်များကို ပတ်ဝန်းကျင်တွင် ဖြူးလိုက်သည်။
အားလုံးပြီးစီးသွားသောအခါ သူတို့နှစ်ဦးသည် သစ်ပင်ခြေရင်း၌ မှီ၍ အနားယူလိုက်ကြသည်။ မီးပုံမှ ထွက်ပေါ်လာသော နွေးထွေးသည့် အဝါရောင် အလင်းတန်းများမှာ သူတို့၏ မျက်နှာထက်တွင် ကခုန်နေကြသည်။
လီကျယ်ရှန်းသည် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ အမှန်ပင် ပင်ပန်းနေခဲ့ပြီ။ အရိုးထဲထိအောင် ပင်ပန်းနေခြင်း ဖြစ်သည်။ နေ့မနား ညမနား ခရီးနှင်ခဲ့ရသည့် ပင်ပန်းမှုသာမက ခုနကတင် ရင်ဆိုင်ခဲ့ရသည့် သေရေးရှင်ရေး တိုက်ပွဲ၏ အကျိုးဆက်ကြောင့်လည်း ဖြစ်သည်။ ရန်သူများကို နှိမ်နင်းနိုင်ခဲ့သော်လည်း လျှပ်စီးကဲ့သို့ မြန်ဆန်လှသော တိုက်ပွဲ၏ စက္ကန့်တိုင်းမှာ သူ၏ စိတ်စွမ်းအားများကို ကုန်ခမ်းစေခဲ့သည်။
“ချန်ရန်ရွယ်...”
လီကျယ်ရှန်းသည် ချန်ရန်ရွယ် အဆင်ပြေရဲ့လားဟု မေးရန် မျက်လုံးကို ဖွင့်လိုက်သည်။ သို့သော် သူမရှိရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ လီကျယ်ရှန်း၏ အကြည့်တို့မှာ တုန့်ခနဲ ရပ်တန့်သွားသည်။
ချန်ရန်ရွယ် ငိုနေခဲ့သည်။
ကြည်လင်သော မျက်ရည်နှစ်စက်သည် သူမ၏ ဝင်းပသော ပါးပြင်ထက်တွင် လမ်းကြောင်းတစ်ခုသဖွယ် စီးကျနေသည်။
လီကျယ်ရှန်းသည် ခေတ္တမျှ မှင်တက်သွားသည်။ ချန်ရန်ရွယ် အဘယ်ကြောင့် ငိုရသနည်းဆိုသည်ကို သူ ချက်ချင်းပင် နားမလည်နိုင်ခဲ့ပေ။
“ချန်ရန်ရွယ်၊ မင်း...”
မေးခွန်းများမှာ လျှာဖျားသို့ ရောက်ရှိလာသော်လည်း မည်သို့ စတင်ပြောရမည်ကို လီကျယ်ရှန်း မသိခဲ့ပေ။ ချန်ရန်ရွယ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးမှ မျက်နှာကို ဖြည်းညင်းစွာ လှည့်လာသည်။
မျက်ရည်များဖြင့် ဝိုင်းစက်နေသော သူမ၏ စိမ်းပြာရောင် မျက်ဝန်းများဖြင့် လီကျယ်ရှန်းကို ကြည့်ကာ တုန်ရီသော အသံဖြင့် ဆိုလိုက်သည်မှာ။
“ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်...”
“တောင်းပန်ပါတယ်...”
ခုနက ဝိဉာဉ်ဘုရင်၏ “အရှင်မ” ဟူသော ရုတ်တရက် အော်ဟစ်လိုက်သံမှာ သူတို့သည် ဝိဉာဉ်နန်းတော်မှ လာသူများ ဖြစ်ကြောင်း ဖော်ပြနေခဲ့ပြီ။
လက်ရှိ ဝိဉာဉ်နန်းတော်တွင် အုပ်စုကြီး နှစ်စု ရှိသည်။ တစ်စုမှာ ချန်မျိုးရိုးက ဦးဆောင်သော ယဇ်ပူဇော်ခန်းမ ဖြစ်ပြီး လူတိုင်းက သူမကို “သခင်လေး” ဟု ခေါ်ဝေါ်ကြသည်။ ကျန်တစ်စုမှာမူ ပုပ်ရဟန်းမင်းကြီးကို ကြည်ညိုကြသော ဝိဉာဉ်ပလ္လင်နန်းတော် ဖြစ်ပြီး ဤအုပ်စုမှ လူများကသာ သူမကို “ဝိဉာဉ်သမီးတော်” ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။
ထို့ကြောင့်... ထိုမိန်းမက လီကျယ်ရှန်းကို သတ်ရန် လူလွှတ်လိုက်ခြင်းသာ ဖြစ်ရမည်။
ဤအမှန်တရားက ချန်ရန်ရွယ်၏ စိတ်လှုပ်ရှားမှုများကို ပြိုလဲစေခဲ့သည်။ သူမသည် ငယ်စဉ်ကတည်းက နန်းတွင်းထဲတွင် အောင်းနေခဲ့ရသူဖြစ်သည်။ သူမ၏ စိတ်နေစိတ်ထားမှာ ရွယ်တူများထက် များစွာ ပိုမို ရင့်ကျက်တည်ငြိမ်ခဲ့သော်လည်း စိတ်ကူးယဉ် ခံစားချက်များနှင့် ပတ်သက်လာလျှင်တော့ သူမသည် ဘာမျှ မရေးရသေးသော စာရွက်ဖြူတစ်ရွက်ကဲ့သို့ စင်ကြယ်နေဆဲ ဖြစ်သည်။
ချန်ရန်ရွယ်သည် လီကျယ်ရှန်းအပေါ် မည်သို့ ကောင်းအောင် လုပ်ရမည်ကို မသိခဲ့ပေ။ သူမ သိသည်မှာ သူ၏ ဝိုင်ဖိုးများကို ရှင်းပေးခြင်း၊ သူနှင့်အတူ တိတ်ဆိတ်စွာ ငါးမျှားခြင်း၊ လအောက်တွင် အတူတူ ဝိုင်သောက်ရင်း ဓားရေးလေ့ကျင့်ခြင်း စသည့် ရိုးရှင်းသော အရာများသာ ဖြစ်သည်။
အာဏာလုပွဲများ၏ လေးလံသော ဝန်ထုပ်ဝန်ပိုးများမှာ သူမ၏ ပုခုံးပေါ်တွင် ရှိနေခဲ့ပြီး ပင်ပန်းနွမ်းနယ်သော ခန္ဓာကိုယ်ဖြင့် အိပ်ရာပေါ်သို့ လဲလျောင်းလိုက်တိုင်း လီကျယ်ရှန်း၏ အကြည့်များကို ပြန်လည် မြင်ယောင်ရုံမျှဖြင့် သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးများ ပေါ်လာကာ အေးချမ်းစွာ အိပ်ပျော်နိုင်ခဲ့သည်။
ထိုအရာသည် ချန်ရန်ရွယ်၏ တစ်ခုတည်းသော စိတ်သက်သာရာရမှု ဖြစ်သည်။ မြင့်မြတ်သော နတ်မိမယ်ဝိဉာဉ်ထက်ပင် သူမအတွက် အမှောင်ထုကို ပိုမို ဖယ်ရှားပေးနိုင်သည်။ သို့သော် လီကျယ်ရှန်းကဲ့သို့သော လူကောင်းတစ်ယောက်မှာ သူမကြောင့် ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ဤအချက်က ချန်ရန်ရွယ်ကို နာကျင်စေပြီး သူမသည် လီကျယ်ရှန်းအတွက် ကံဆိုးမှုများကို ယူဆောင်လာပေးသူဟု ခံစားရစေသည်။ သူမသည် မည်သူထက်မဆို လီကျယ်ရှန်းကို ဘေးကင်းပျော်ရွှင်စေချင်သူ ဖြစ်သည်။
သို့သော်လည်း လီကျယ်ရှန်းသည် သူမကြောင့် သွေးစွန်းခဲ့ရလေပြီ။ ခုနက ခရီးတစ်လျှောက် တိတ်ဆိတ်နေခဲ့သည်ကို ပြန်လည် စဉ်းစားမိသောအခါ လီကျယ်ရှန်းက သူမကို မုန်းတီးသွားမှာကို ချန်ရန်ရွယ် ပို၍ပင် ကြောက်လန့်မိသည်။
“ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်...”
ထိုသို့ တွေးမိသည်နှင့် ထိန်းထားခဲ့သော မျက်ရည်များမှာ တစ်ဖန် ပြန်လည် လျှံကျလာပြန်သည်။ အေးစက်သော လအလင်းနှင့် နွေးထွေးသော မီးပုံအလင်းတို့မှာ ချန်ရန်ရွယ်အပေါ်တွင် ရောယှက်ကျရောက်နေသည်။ သူမသည် မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် လီကျယ်ရှန်းကို ကြည့်နေပြီး တစ်ကိုယ်လုံးမှာ အားကိုးရာမဲ့သည့် ပုံစံမျိုး ပေါက်နေတော့သည်။
ထို “တောင်းပန်ပါတယ်” ဟူသော တိုးညှင်းသည့် စကားသံများက သူမ ဘာကြောင့် ငိုနေသည်ကို လီကျယ်ရှန်း နားလည်သွားစေသည်။
ငါ့အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့ သူမ ခံစားနေရတာလား။
“ဟင်း...”
လီကျယ်ရှန်းသည် သက်ပြင်းတိုးတိုးကို ချလိုက်သည်။ စိုးရိမ်တကြီးဖြင့် အကဲခတ်နေသော သူမ၏ မျက်ဝန်းများကို ကြည့်ရင်း သူ၏ စိတ်နှလုံးမှာလည်း မသိမသာ တုန်လှုပ်သွားရသည်။
လီကျယ်ရှန်းသည် သူမအနားသို့ အနည်းငယ် တိုးကပ်လိုက်သည်။ သူမ လက်ထဲရှိ မီးမွှေးသည့် သစ်သားချောင်းကို ယူကာ မီးပုံကို မွှေနှောက်လိုက်သည်။ အောက်တွင် ဖိမိနေသော မလောင်ကျွမ်းသေးသည့် သစ်စများကို အပေါ်သို့ ဆွဲထုတ်လိုက်သည်။
မီးပွားအချို့မှာ ရုတ်တရက် လွင့်စင်ထွက်လာသည်။ ချန်ရန်ရွယ်သည် ဝမ်းနည်းပူဆွေးနေသော်လည်း အလိုအလျောက်ပင် သူမ၏ သွယ်လျသော လက်ကလေးဖြင့် ကာကွယ်ပေးလိုက်သည်။ မီးပွားများ လီကျယ်ရှန်းကို ထိမှာစိုး၍ ဖြစ်သည်။ လီကျယ်ရှန်း၏ မျက်နှာထက်တွင် နူးညံ့နွေးထွေးသော အပြုံးတစ်ခု ပေါ်လာသည်။
“ချန်ရန်ရွယ်...”
“ငါက ဘယ်လိုလူလဲဆိုတာ မင်း ခုထိ မသိသေးဘူးလား”
သူသည် ခေါင်းကို လှည့်လိုက်သည်။ သူ၏ အနားတွင် အစစအရာရာ သတိထားနေရသော အလွန်လှပသည့် အမျိုးသမီးငယ်လေးကို ကြည့်လျက်။
“ငါ လီကျယ်ရှန်းက မိတ်ဆွေဖွဲ့ရင် အဆင့်အတန်းနဲ့ နောက်ခံကို ဘယ်တော့မှ မကြည့်ဘူး။”
“သူတို့က မင်းညီမင်းသားတွေပဲ ဖြစ်ဖြစ်၊ နာမည်ကြီး ဂိုဏ်းဝင်တွေပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။”
“လမ်းဘေးက ပုံပြောသူ တစ်ယောက်က ငါ့ရင်ထဲရောက်အောင် ပြောနိုင်ရင်တောင် ငါက သူ့ကို ရွှေဒင်္ဂါးတစ်ပြား ပေးပြီး ခေါက်ဆွဲတစ်ပွဲ အတူတူ စားချင်စားမှာ။”
“မင်းက တစ်လောကလုံးရဲ့ မျက်စိထဲမှာ အရက်စက်ဆုံး လူသတ်သမား ဖြစ်နေပါစေဦးတော့... ငါ့အပေါ်မှာ စစ်မှန်တဲ့ စိတ်ထားရှိသရွေ့ ငါ မင်းကို ဘယ်တော့မှ ပစ်ပယ်မှာ မဟုတ်ဘူး။”
“အဲဒီလိုပဲ... တစ်လောကလုံးက မင်းကို သူတော်စင်ကြီးပါလို့ ချီးကျူးနေရင်တောင် မင်းက ငါ့အပေါ် မကောင်းရင်တော့ အဲဒါကလည်း မဖြစ်သေးဘူးလေ။”
ချန်ရန်ရွယ်၏ မျက်ရည်များမှာ တုန့်ခနဲ ရပ်သွားသည်။ လီကျယ်ရှန်းက လေးနက်စွာ ပြောလိုက်သည်မှာ။
“လေဓားဂိုဏ်းကနေ ခရီးတစ်လျှောက်လုံး မင်း ငါ့အပေါ် ထားခဲ့တဲ့ စေတနာတွေကို ငါ အကုန်မှတ်ထားပါတယ်။”
“တချို့ကိစ္စတွေက မင်းနဲ့ ဘာမှမဆိုင်ဘူး၊ အဲဒါတွေကို မင်းခေါင်းထဲ ထည့်မထားပါနဲ့။”
“ချန်ရန်ရွယ်၊ ငါ့ကို သတ်ချင်ခဲ့တာ မင်းမှ မဟုတ်တာ။”
နောက်ဆုံး စကားတစ်ခွန်းကြောင့် ချန်ရန်ရွယ်သည် အလျင်အမြန် ခေါင်းခါလိုက်သည်။ သူမသည် အလောတကြီးဖြင့် လီကျယ်ရှန်း၏ လက်မောင်းကို ဆွဲကိုင်ကာ ပြောလိုက်သည်မှာ။
“လုံးဝ မဟုတ်ပါဘူး။ ကျွန်မက ရှင့်ကို ဘယ်လိုလုပ် အန္တရာယ်ပြုချင်ရမှာလဲ”
“ဒါဆိုရင် ပြီးတာပဲလေ။”
လီကျယ်ရှန်းက သက်ပြင်းချကာ မတတ်သာသည့် အမူအရာဖြင့် ဆိုသည်။
“ဒါဆို မင်း ဘာလို့ စိတ်ညစ်နေတာလဲ။ ဒါက မင်းနဲ့ လုံးဝ မဆိုင်တဲ့ ကိစ္စပဲ။”
စကားဆုံးသည်နှင့် သူသည် မီးပုံထဲကို သစ်သားချောင်းဖြင့် ထိုးဆွလိုက်သည်။ ချန်ရန်ရွယ်၏ အံ့ဩနေသော မျက်ဝန်းများရှေ့တွင်ပင် လီကျယ်ရှန်းသည် မီးပုံထဲမှ မည်းတူးနေသော အရာနှစ်ခုကို တူးထုတ်လိုက်လေသည်။
“ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား”
လီကျယ်ရှန်းသည် တစ်ခုကို ကောက်ယူလိုက်သည်။ သူသည် ရေခဲနှင့် မီးတောက်ကို ခံနိုင်ရည်ရှိသော ဝိဉာဉ်သွေးကြော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သဖြင့် မီးပူမှာကို မကြောက်ပေ။ လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွ ညှစ်လိုက်သောအခါ မည်းတူးနေသော အခွံမှာ ကွဲထွက်သွားသည်။ ချိုမြိန်သော အနံ့တစ်ခုမှာ ချက်ချင်း ပျံ့နှံ့လာပြီး ရွှေဝါရောင်သန်းကာ အငွေ့တထောင်းထောင်းထနေသည့် အတွင်းသားလေးမှာ ပေါ်လာတော့သည်။
“ရော့၊ မြည်းကြည့်ဦး။”
ချန်ရန်ရွယ်သည် ထိုအရာကို ယူလိုက်ရင်း မသိမသာ တံတွေးမြိုချမိသွားသည်။
“ဒါ... ဒါက ဘာလဲဟင်”
“တောကန်စွန်းဥ တစ်မျိုးပေါ့။ ဒီနေရာမှာ တွေ့လိမ့်မယ်လို့ ငါ မထင်ထားဘူး။”
လီကျယ်ရှန်းသည်လည်း တစ်ဖဲ့ဖဲ့ကာ မြည်းကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“အင်း... အရမ်းချိုတာပဲ။ မြန်မြန်စားကြည့်။”
ချန်ရန်ရွယ်သည် အသာအယာ ကိုက်ကြည့်လိုက်သည်။ နွေးထွေးကာ ချိုမြိန်သော အရသာမှာ လျှာပေါ်တွင် ချက်ချင်း ပျော်ဝင်သွားပြီး ထူးကဲသော အရသာကြောင့် သူမ၏ မျက်ဝန်းအစုံမှာ ဝိုင်းစက်သွားရသည်။ ခုနက ဝမ်းနည်းမှုများပင် အနည်းငယ် ပြယ်လွင့်သွားသလို ခံစားရသည်။
“အရသာရှိလိုက်တာ...”
သူမက တိုးညှင်းစွာ ဆိုသည်။ သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်သော မျက်နှာထက်တွင် မီးခိုးများ ပေကျံနေပြီး သူမ၏ နှုတ်ခမ်းနီနီထက်တွင် ပြာမှုန့်အမည်းလေး တစ်စက် ကပ်နေသည်ကို မြင်သောအခါ လီကျယ်ရှန်း၏ မျက်ဝန်းထဲမှ အပြုံးများမှာ ပိုမို နက်ရှိုင်းလာသည်။
“မင်း ပြုံးနေတာက ပိုကြည့်ကောင်းတယ်”
ချန်ရန်ရွယ်၏ ဝါးနေသော အရှိန်မှာ ခေတ္တမျှ ရပ်သွားသည်။ သူမ၏ ပါးပြင်ထက်တွင် ရှက်သွေးများ ဖြတ်ပြေးသွားသည်။ သူမသည် ကန်စွန်းဥဖုတ်ကို တစ်လုပ်ချင်း စားရင်း တိုးညှင်းသော အသံလေးဖြင့် ဆိုလိုက်သည်မှာ။
“ဒါဆိုရင် နောက်ပိုင်းမှာ ရှင်နဲ့တွေ့တိုင်း ကျွန်မ ခဏခဏ ပြုံးပြပါ့မယ်...”